Skip to main content

လူတိုင်းအတွက် အရည်အသွေးပြည့်စာရင်းအင်း (Quality Statistics for Everyone)

ချိုချိုဝင်း(စာရင်းအင်းပညာ)

စာရင်းအင်းအချက်အလက်များသည် နိုင်ငံနှင့် ပြည်သူအားလုံး၏ အကျိုးအတွက် အဓိကအခန်း ကဏ္ဍမှ အထောက်အပံ့ပေးနေခြင်းကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့က ပထမဆုံး ကမ္ဘာ့စာရင်းအင်းနေ့ကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ ကမ္ဘာ့စာရင်းအင်းနေ့ကို ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပရန် သတ်မှတ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ အခမ်းအနားများ ကျင်းပခဲ့ကြပါသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့သည် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့စာရင်းအင်းနေ့ဖြစ်ပြီး ကမ္ဘာ့စာရင်းအင်းနေ့၏ ဆောင်ပုဒ်မှာ လူသားတိုင်း အရည်အသွေးပြည့် စာရင်းအင်းအချက်အလက်များ ရယူသုံးစွဲနိုင်သည့် အခွင့်အရေးရရှိစေရန် ရည်ရွယ်ချက်ဖြင့် လူတိုင်းအတွက် အရည်အသွေးပြည့် စာရင်းအင်းနှင့် အချက်အလက်များ (Quality Statistics and Data for Everyone) ဟု ဖော်ပြထားပါသည်။

အရည်အသွေးပြည့် စာရင်းအင်း

ယနေ့ခေတ်တွင် သတင်းအချက်အလက် (Information) နှင့် ဒေတာ (Data) တို့သည် အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် စီးပွားရေးအဖွဲ့အစည်းများ၊ သုတေသနပညာရှင်များနှင့် ပြည်သူပြည်သားများအတွက် အလွန်အရေးကြီးသည့် အရင်းအမြစ်တစ်ခု ဖြစ်လာပါသည်။ စာရင်း အင်းမရှိလျှင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိကျမှန်ကန်စွာ တိုင်းတာနိုင်ခြင်းမရှိသကဲ့သို့ အရည်အသွေးမပြည့်မီသည့် စာရင်းအင်းများကလည်း မှားယွင်းသည့် ဆုံးဖြတ်ချက်များ ချမှတ်စေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအဆင့်တွင် အကျိုးဆက်များ ကြီးမားစွာ ဖြစ်ပေါ်စေနိုင်ပါသည်။

ဒေတာများကို စနစ်တကျစုဆောင်းခြင်း၊ အဓိကအချက်အလက်များကို ခွဲခြားဖော်ထုတ်ခြင်းနှင့် အမှန်တကယ်အသုံးချနိုင်စေရန် လေ့လာဆန်းစစ်ခြင်းတို့သည် အရည်အသွေးပြည့်စာရင်းအင်း (Quality Statistics) အဖြစ် အသိအမှတ်ပြုခံရပါသည်။ စာရင်းအင်း၏ အရည်အသွေးကို တိကျမှန်ကန်မှု၊ ယုံကြည်စိတ်ချရမှု၊ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်မှု၊ သုံးစွဲသူလိုအပ်ချက်နှင့်ကိုက်ညီမှု၊ နှိုင်းယှဉ် နိုင်မှု၊ ရယူနိုင်မှု စသည်တို့ဖြင့် တိုင်းတာနိုင်သည်။

အရည်အသွေးပြည့် စာရင်းအင်း၏ အဓိကအချက်များ

(က)    တိကျမှန်ကန်မှု (Accuracy)

အချက်အလက်များသည် လက်တွေ့ အခြေအနေ (မြေပြင်အခြေအနေ)နှင့် အနီးစပ်ဆုံးတူညီစေရမည်။

အချက်အလက် ကောက်ယူ၊ စုစည်း၊ တွက်ချက်၊ ထုတ်ပြန်ဆောင်ရွက်သည့် အဆင့်တိုင်းတွင် ဖြစ်နိုင်ခြေရှိသည့် အမှားများကို အနည်းဆုံး ဖြစ်စေရမည်။

( ခ ) ယုံကြည်စိတ်ချရမှု (Reliability)

စာရင်းအင်းများကို တရားဝင်ထုတ်ပြန်ခွင့်ရှိသော အဖွဲ့အစည်းကသာ ထုတ်ပြန်ရမည်။

စာရင်းအင်းအသုံးပြုသူများအနေဖြင့် အခိုင်အမာ အားကိုးနိုင်ရန်နှင့် ယုံကြည်စွာ သုံးစွဲနိုင်ရန် တရားဝင်စာရင်းအင်းများကို စနစ်တကျ ထုတ်ပြန်ပေးရမည်။

( ဂ ) အချိန်မီရရှိနိုင်မှု (Timeliness)

စာရင်းအင်း၏ အရည်အသွေးနှင့် တန်ဖိုးသည် ထုတ်ပြန်ပေးသည့် အချိန်ကာလအပေါ် များစွာမူတည်နေသည့်အတွက် အချိန်မီထုတ်ပြန်ပေးရမည်။

အချက်အလက်များကို အသုံးပြုသူများ လိုအပ်သည့်အချိန်တွင် ထုတ်ပြန်‌ပေး နိုင်ခြင်းသည် စာရင်းအင်းအရည်အသွေး ၏ အခြေခံလိုအပ်ချက်ဖြစ်သည်။

(ဃ) သုံးစွဲသူလိုအပ်ချက်နှင့် ကိုက်ညီမှု (Relevance)

စာရင်းအင်းသည် သုံးစွဲသူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ပေးနိုင်မှသာ ဆုံးဖြတ်ချက်ချခြင်း၊ မူဝါဒချမှတ်ခြင်းတို့ ဆောင်ရွက်နိုင်မည်။

(င) နှိုင်းယှဉ်နိုင်မှု (Comparability & Consistency)

စာရင်းအင်းများကို နည်းပညာအသုံးပြု၍ ထုတ်လုပ်ပေးပြီး အချိန်ကာလအလိုက်၊ နေရာဒေသအလိုက် နှိုင်းယှဉ်အသုံးပြု နိုင်ရန် ဆောင်ရွက်ရမည်။

(စ) ရယူနိုင်မှု (Accessibility)

စာရင်းအင်း သုံးစွဲသူများအတွက် လွယ်ကူစွာရယူနိုင်ပြီး အချက်အလက်များ၏ ခိုင်မာမှုကို  Meta  Data ဖြင့်  ဖော်ပြပေးရမည်။

အရည်အသွေးပြည့် စာရင်းအင်း၏ အရေးပါမှု

(က) နိုင်ငံတော်အပေါ် သက်ရောက်မှု

အရည်အသွေးပြည့် စာရင်းအင်းသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိကျမှန်ကန်စွာ ဆုံးဖြတ်နိုင်ရန် အဓိက အားထားရမည့် အချက်အလက်ဖြစ်သည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ မူဝါဒရေးဆွဲခြင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်း (M&E) ဆောင်ရွက်ခြင်းတို့တွင် အရည်အသွေးပြည့်စာရင်းအင်းက များစွာအထောက်အပံ့ပြုလျက်ရှိပါ သည်။

(ခ) စီးပွားရေးအပေါ် သက်ရောက်မှု

စီးပွားရေးလုပ်ငန်းများ၏ အောင်မြင်မှုအခြေအနေသိရှိရန်နှင့် ထိရောက်သော စီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အရည်အသွေးပြည့် စာရင်းအင်းက လမ်းညွှန်ပေးလျက်ရှိပါသည်။

(ဂ) လူမှုရေးအပေါ် သက်ရောက်မှု

တိကျမှန်ကန်သော လူဦးရေစာရင်း၊ ကျန်းမာရေးအချက်အလက်များနှင့် ပညာရေးအချက်အလက်များကို အသုံးပြု၍ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် လူမှုဘဝသာယာဝပြောရေးအတွက် အစိုးရမှ ဆုံးဖြတ်ချက်နှင့် မူဝါဒများ ချမှတ်နိုင်သည်။

(ဃ) ပညာရေးနှင့် သုတေသနအပေါ် သက်ရောက်မှု

သုတေသနပြုလုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းအင်းမှန်ကန်မှုမရှိပါက မှားယွင်းသောရလဒ်ကို ဖြစ်ပေါ်စေနိုင်သည်။

အရည်အသွေးပြည့် စာရင်းအင်းဖြင့်သာ ကျွမ်းကျင်ပညာရှင်များက တိကျသော သုတေသနရလဒ်များ ထုတ်ပြန်နိုင်မည်။

အရည်အသွေးပြည့် စာရင်းအင်းထုတ်လုပ်ရန် လိုအပ်သည့် အခြေခံအချက်များ

(က) စာရင်းများကို စနစ်တကျ စုစည်းခြင်း (Systematic Data Collection)

စာရင်းကောက်ယူရန် အသုံးပြုသည့် စနစ်၊ နည်းလမ်းများကို တိကျစွာ သတ်မှတ်ထားပြီး လိုက်နာကျင့်သုံးရမည်။

(ခ) နည်းပညာအသုံးပြုခြင်း (Use of Technology)

အမှားများ လျော့နည်းစေသည့် ဒစ်ဂျစ်တယ်စနစ်များ၊ အလိုအလျောက် ဒေတာ ထည့်သွင်းစနစ်များကို အသုံးပြုရမည်။

(ဂ) အဖွဲ့အစည်းအဆင့် အားကောင်းစေခြင်း (Institutional Strength)

တရားဝင်စာရင်းအင်းထုတ်လုပ်သည့် အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများသည် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့်လည်းကောင်း၊ ပူးပေါင်းချိတ်ဆက်မှု အားကောင်းစေခြင်းဖြင့်လည်းကောင်း ဆောင်ရွက်မှသာ အရည်အသွေးပြည့် စာရင်းအင်းရရှိနိုင်မည်။

(ဃ) စွမ်းရည်တည်ဆောက်ခြင်း (Capacity Building)

စာရင်းအင်းဆိုင်ရာ ပညာရပ်များ သင်ကြားပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်း တို့ဖြင့် တိကျမှန်ကန်သော စာရင်းအင်း များကို ထုတ်လုပ်နိုင်မည်။

(င) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု (International Cooperation)

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စာရင်းအင်းအရည်အသွေး တိုးတက်စေရန် စနစ်တကျဆောင်ရွက်ရမည်။

စိန်ခေါ်မှုများ

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော စာရင်းအင်းစနစ်မှာ ဗဟိုချုပ်ကိုင်မှုလျှော့ချသော စာရင်းအင်းစနစ် (Decentralize Statistical System) ဖြစ်သောကြောင့် စာရင်းအင်းများကို သက်ဆိုင်ရာ ဌာနအလိုက် ပြုစုဆောင်ရွက်ကြရသည်။ အချို့သော စာရင်းအင်းအညွှန်းကိန်းများသည် ဌာနတစ်ခုတည်၏  ဆောင်ရွက်မှုဖြင့် ပြည့်စုံမှုမရှိသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းကောင်းဖြင့် ဆောင်ရွက်ကြရမည်။ အချက်အလက်များကို ထုတ်လုပ်ရာတွင်လည်း တူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်၊ တွက်ချက်မှုနည်းလမ်း၊ အသုံးပြုသည့် ယူနစ်စသည်တို့ တူညီ စေရေး ညှိနှိုင်းဆောင်ရွက်နေရမည်ဖြစ်ပါသည်။

ခေတ်နှင့်လိုက်လျောညီထွေမှုရှိသည့် အချက်အလက်အသစ်များ ထုတ်လုပ်နိုင်ရန်၊ အချက်အလက်များ ပြည့်စုံလာစေရန်၊ ခေတ်မီနည်းပညာနှင့် စာရင်းအင်းဆိုင်ရာ Software များ အသုံးပြုစေရန်၊ စာရင်းအင်းပညာကျွမ်းကျင်သူများ ဖြစ်လာစေရန်နှင့် လူထုမှ အချက်အလက်အပေါ် ယုံကြည်စိတ်ချမှု ရှိလာစေရန် စသည့်စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။

အခိုင်အမာ အားကိုးရာ

အရည်အသွေးပြည့် စာရင်းအင်းသည် နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးစီမံခန့်ခွဲမှု၊ သုတေသနဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျကျ ပံ့ပိုးပေးနိုင်သည့်အတွက် အခိုင်အမာအားကိုးရာဖြစ်ပါသည်။ ထို့ကြောင့် စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းများ၊ စာရင်းအင်းဌာနများနှင့် ပြည်သူအားလုံးတို့သည် အရည်အသွေးပြည့် စာရင်းအင်းများကို ဖန်တီးထုတ်လုပ်ရန်၊ ထိန်းသိမ်းရန် အမြဲကြိုးပမ်းရမည်။ အရည်အသွေးပြည့်စာရင်းအင်းဖြင့် လူမှုဘဝသာယာဝပြောရေးအတွက် ယုံကြည်စိတ်ချရသော ဆုံးဖြတ်ချက်များ၊ မူဝါဒများ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။