လယ်ယာမြေ ရွှေဝါဝင်းလျက် နိုင်ငံတော်ကြီး ရွှေသီးလာမည်
နွေကံ့ကော်(မြို့လှ)
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် တိုင်းပြည်အကျိုးသယ်ပိုးကြသော ကျေးလက်နေ တောင်သူလယ်သမားဦးကြီးများ၏ဘဝကို ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေသမားများစွာက အနုပညာလက်ရာ စုံလင်စွာတင်ပြခဲ့ကြသည်။ တင်ပြလျက်လည်းရှိသည်။ ရှေးခေတ်စာဆိုများအနက် ကျွန်တော်နှစ်သက်သည့် အင်းဝ ခေတ်စာဆိုတော် ဝန်ကြီးပဒေသရာဇာသည်လည်း တောသူ တောင်သားတို့၏ဘဝကို စေ့စေ့စပ်စပ်ရှာဖွေဖော်ထုတ်တင်ပြခဲ့သည်။ ဝန်ကြီးပဒေသရာဇာ၏ ကဗျာလက်ရာများက နားထဲစွဲ၊ မျက်စိထဲမြင်ယောင်စေသည်ဟု ခံစားမိသည်။
“လယ်ယာမြေ ရွှေဝါဝင်း ဝင်းမှည့်ကာနေ
ရှုမျှော်လို့မဆုံး တို့ပြည်လုံး စားသုံးမကုန်နိုင်ပေ။
မြေကြီးမှ ရွှေသီးတဲ့ပြည် တို့ပြည် တို့မြေ
ထွန်တစ်လက်အားမှ စက်ယန္တရားများသို့လေ
ရိတ်ကြဟေ သိမ်းကြဟေ ရိတ်ကြဟေ့ သိမ်းကြဟေ့
မောင်မယ်လက်တွဲ အတူနွှဲကြလို့ အမြဲ ပျော်ရွှင်နေ...”
“ မြေကြီးမှ ရွှေသီးတဲ့ပြည်”။ လှပသောတင်စားချက်တစ်ခု။ ကျေးလက်မြို့ပြမခွဲ စုပေါင်းအားဖြင့် တိုင်းပြည်တည်ဆောက်ကြမည်။ စိုက်ပျိုးရေးသမားများက စိုက်ကြပျိုးကြမည်။ ဌာနဆိုင်ရာဝန်ထမ်းများက နိုင်ငံ့တာဝန်အသီးသီးကို ကျရာကဏ္ဍမှ ကိုယ်စီထမ်းကြမည်။ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာဆီကူးသည့်တိုင်အောင် ကျေးလက်နေတောင်သူလယ်သမားဦးကြီးများ၏ အခန်းကဏ္ဍက မှေးမှိန်မသွား၊ အရေးပါနေဆဲ။
ကမ္ဘာ့မြေပုံထက် လှပစွာတည်ရှိနေသော မြန်မာနိုင်ငံသည် အခြားသော နိုင်ငံများနှင့်ယှဉ်သော် သိသိသာသာကွဲပြားနေပါသည်။ လေးထောင့်မကျ၊ စက်ဝိုင်းကဲ့သို့လည်းမဟုတ် ငှက်ကလေးတစ်ကောင် ပျံနေသည့်အလား ကြည့်ရသည်မှာ ဆွဲဆောင်မှုရှိလှသည်။ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသများရှိသော်လည်း အခြားသောနိုင်ငံများကဲ့သို့ သဲကန္တာရများမရှိ။ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းဟူသည့် အဓိကမြစ်ကြီးလေးသွယ်အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် လက်ယှက်ထိုးစီးဆင်းနေသည့် မြစ်ချောင်းအင်းအိုင် အသွယ်သွယ်၊ ထိုမြစ်ချောင်းအင်းအိုင်များကို ဝန်းရံထားသည့် သဘာဝပေါက်ပင်များ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမ၊ အနောက်ရိုးမ၊ ချင်းတောင်တန်းစသည့် တောင်စဉ်တောင်တန်းများစွာတို့သည် ဝေဟင်မှကြည့်လျှင် ရင်ကိုအေးမြစေသည့် အလှတရားများသာဖြစ်ကြလေသည်။
သဘာဝပေးမြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုကောင်းတို့ကို ပိုင်ဆိုင်ထား
မြစ်ချောင်းအင်းအိုင်တို့သည် ရင်သပ်ရှုမောဖွယ် စက္ခုပသာဒကို ဖန်တီးပေးရုံမျှက ရေထွက်သယံဇာတများနှင့် သားငါးစားရေရိက္ခာကိုပါ ဖန်တီးပေးထားသည့်အတွက် ကျေးဇူးကြီးလှပါဘိ။ တောတောင်တို့သည် သဘာဝအတားအဆီးများသဖွယ် ရှိနေကြသည့်အပြင် သစ်တောကိုအမှီပြုလျက် ဆေးဖက်ဝင်ကြိမ်နွယ်များ၊ ပျားရည်များ၊ လူသုံးကုန်များ ထိုမှတစ်ဖန် အိမ်တစ်လုံးတည်ဆောက်ရန်အတွက် အင်ဖက်သက်ငယ်မှသည် သစ်ဝါးတို့ကို ဖန်တီးပေးထားပြန်ပါသည်။ လူသားတစ်ဦး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန်အတွက် သဘာဝပေး မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတုကောင်းတို့ကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားသည်ဟုဆိုရလျှင် လွန်အံ့မထင်။
အစေ့ကြဲချရုံဖြင့် အလိုအလျောက်ပေါက်သော ချဉ်ပေါင်ရွက် သို့မဟုတ် နောက်ဖေးရေကန်ဘေး ကြဲပက်လိုက်သောအစေ့များမှ အပင်ပေါက်လေ့ရှိသည့် မြေအမျိုးအစားကို ကျွန်တော်တို့နိုင်ငံက ပိုင်ဆိုင်ထားသည်။ တကူးတကစိုက်ပျိုးရန်မလို။ အစေ့ခြောက်မှ မြေသို့ကျကာ မြေကြီး၊ ရေတို့နှင့် အလိုလိုပေါင်းစပ်လျက် ရှင်သန် ကြီးထွားကြသော သီးပင်စားပင်တို့သည် မိသားစုတစ်စုစာအတွက် လုံလောက်မှုကိုဖြစ်ပေါ်စေသည်။ စီးပွားဖြစ်စိုက်မည်ဆိုပါက စိုက်ပျိုးနိုင်သည့် အခြေအနေမျိုးတွင်လည်းရှိ၏။
ရုရှားနိုင်ငံတွင် သုံးနှစ်တာနီးပါးပညာသင်ခဲ့စဉ် ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်နှင့် ခရမ်းချဉ်သီးတို့ကို စိတ်တိုင်းကျမစားနိုင်ခဲ့။ ဈေးကြီးသောကြောင့်ဖြစ်ပါသည်။ သရက်သီး၊ သင်္ဘောသီး၊ ဖရဲသီး စသည်တို့လည်း ဈေးကြီးလှပါ၏။ မော်စကိုမြို့ပေါ်တွင် မြေလွတ်ရှားပါးမှုနှင့် အေးလွန်းလှသောကြောင့် ကျွန်တော်တို့စိုက်လိုသော ငရုတ်၊ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း ဘာမျှစိုက်၍မရ။ သူတို့လူမျိုးများအတွက် သူတို့စားသည့် ဂျုံနှင့်ဆက်စပ်အစာများက အဆင်ပြေသော်လည်း ချဉ်ပေါင်၊ ငါးပိ၊ ငရုတ်၊ ပဲမျိုးစုံနှင့် ခံတွင်းလိုက်လာသည့် ကျွန်တော်တို့အတွက် တော့ ခက်ခဲခဲ့ပါသည်။ ထိုအခါမှ အမိနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ကိုင်းကျွန်းလယ်ယာဥယျာဉ်ခြံမြေများမှ ကောက်ပဲသီးနှံ အပင်မျိုးစုံကိုသတိရကာ တန်ဖိုးရှိလှပါလားဟူသော အသိတစ်ခု ရရှိခဲ့ဖူးပါသည်။
မြေကြီးမှရွှေသီးသည့်တိုင်းပြည်တွင် နေထိုင်ခွင့်ရ
ရာသီအလိုက် ထိုအသီးအနှံများကို စိတ်တိုင်းကျစားသုံးနိုင်သော နိုင်ငံတွင်နေရသည့်အတွက် ကျွန်တော်တို့ကံကောင်းကြပါ၏။ မြစ်ချောင်းအင်းအိုင်များကြောင့် ငါး၊ ဖား၊ ပုစွန်များ စားကြရ၏။ နိုင်ငံတစ်ဝန်းပေါများသော စားကျက်မြေများသည် ဆိတ်၊ ဝက်၊ ကျွဲ၊ နွား အစရှိသည့် တိရစ္ဆာန်များအတွက် အာဟာရကိုဖြစ်ပေါ်စေကာ ဆက်စပ်လျက်ရှိသော လူသားတို့အတွက်လည်း အသားဓာတ်ကို သွယ်ဝိုက်ဖန်တီးပေးနေပါသည်။ ဆိုရသော် ကျွန်တော်တို့သည် အမှန်တကယ်ပင် မြေကြီးမှရွှေသီးသည့်တိုင်းပြည်တွင် နေထိုင်ခွင့်ရနေကြခြင်းဖြစ်ပေသည်။
စိုက်ပျိုးမြေအတွက် အဓိကကျသော ရေအတွက်လည်း ပူစရာမလိုပေ။ သောက်သုံးရေချိုအတွက်လည်း မစိုးရိမ်ရ။ ရေအသုံးချမှုနှင့် ပတ်သက်၍ အချို့ကမ္ဘာ့နိုင်ငံများကဲ့သို့ ရေလုပြဿနာမျိုးလည်းမရှိ။ ကမ္ဘာ့ရေချိုပိုင်ဆိုင်မှုတွင် မြန်မာနိုင်ငံသည် အမှတ်စဉ် (၁၄) နေရာတွင် ရှိနေကြောင်းသိရသည်။ ထိုရေနှင့် ဥတုသုံးလီ သမမျှတစွာ ထွန်ယက်စိုက်ပျိုးနိုင်သော မြေဆီမြေကောင်းတို့ကို ပိုင်ဆိုင်ထားခြင်းကြောင့် ကျွန်တော်တို့နိုင်ငံကို မြေကြီးမှ ရွှေသီးတဲ့ပြည်ဟု ရှေးလူကြီးသူမများက ညွှန်းဆိုခဲ့ကြခြင်းဖြစ်ပါလိမ့်မည်။
အာဖရိကနိုင်ငံအများစုတွင် ကျွန်တော်တို့နိုင်ငံကဲ့သို့ သဘာဝပတ်ဝန်းကျင် အခွင့်အရေးကောင်းများမရှိကြ။ အီဂျစ်နိုင်ငံတွင် နိုင်ငံ၏ ၉၇ ရာခိုင်နှုန်းမှာ သဲကန္တာရဖုံးလွှမ်းထားသည်။ သုံးရာခိုင်နှုန်းခန့်သာရှိသော မြေဧရိယာပေါ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နိုင်သည်။ အီဂျစ်နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်အပေါ် အခြေခံရပ်တည် သည်ဟုဆိုလျှင် ယုံရန်ခက်ခဲပါလိမ့်မည်။ ချည်မျှင်ရှည်ဝါ၊ ပြောင်း၊ ဆန်၊ ဂျုံ၊ ပဲ၊ အာလူး၊ ခရမ်းချဉ်နှင့်ကြံတို့ကို အဓိကစိုက်ပျိုးပြီး အများစုမှာ ပြည်ပပို့ကုန်ဖြစ်ကြောင်း မှတ်သားရဖူးသည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်းမြစ်ကိုအားကိုးရ သည်ဟုဆို၏။
ထိုနည်းတူ အစ္စရေးသည်လည်း နိုင်ငံတောင်ပိုင်းတွင် သဲကန္တာရကြီးကို ပိုင်ဆိုင်ထားရ၏။ အဆိုပါသဲကန္တာရတွင် တစ်နှစ်လျှင် ၃၅၅ ရက် နေပူသည်ဟု သိရသည်။ နေ့အပူချိန် အလွန်မြင့်မားပြီး ညပိုင်းတွင် ရေခဲမတတ်အေးသည်။ ရာသီဥတုကြောင့် စားရေရိက္ခာလုံလောက်စေရေး အခြေအနေမပေးသလို ရေချိုအခက်အခဲလည်း ရှိနေပြန်သည်။ နိုင်ငံ၏ပထဝီအနေအထားအရလည်း လုံခြုံမှုခြိမ်းခြောက်ခံနေရသည့် အနေအထားတွင်ဖြစ်သည်။ ထိုသို့သောအခြေအနေများကြားမှ အစ္စရေးတို့၏ ပညာရေးမြင့်မားမှု၊ သုတေသနလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မှု၊ လုံ့လဝီရိယစိုက်ထုတ်မှု၊ ခေါင်းဆောင်နှင့် ပြည်သူများ၏ညီညွတ်မှုတို့ကြောင့် စားရေရိက္ခာဖူလုံစေရန် ဆောင်ရွက် နိုင်ခဲ့သကဲ့သို့ လူတိုင်းအတွက် ရေချိုလုံလောက်မှုရှိအောင်လည်း ဖန်တီးပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ရာသီဥတုနှင့်မြေမျက်နှာ သွင်ပြင်အနေအထား မျှတခြင်းမရှိသည့် အဆိုပါအစ္စရေးနိုင်ငံသို့ မိမိတို့မြန်မာနိုင်ငံအပါအဝင် အခြားသောနိုင်ငံများမှသွားရောက်၍ စိုက်ပျိုးရေးအတတ်ပညာများ ဆည်းပူးသင်ယူနေကြရသည်မှာ မျက်မှောက်ကာလတိုင်ပင်ဖြစ်ပေသည်။
အမှန်တကယ် လုံ့လစိုက်ထုတ်ကြမည်ဆိုပါလျှင်
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပြည်ပရောက်သူများမပါ လူဦးရေ ၅၁ သန်းကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။ အများစုသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပါ၏။ ကျေးလက်နေတောင်သူလယ်သမားဦးကြီးများသည် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးခဲ့ကြသူများဖြစ်သည်။ မိုးလေဝသကိုကြည့်ရှုတွက်ချက်ကာ မိမိတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လှေကြီးထိုးရိုးရိုးစိုက်ပျိုးခဲ့ကြသောကြောင့် သီးနှံထွက်နှုန်းများ ထွက်သင့်သလောက် မထွက်ခဲ့ပေ။
ခေတ်အဆက်ဆက် တိုးမြင့်လာသော ကုန်ဈေးနှုန်းများနှင့် နည်းပညာတိုးတက်မှုနောက်ကို အမီမလိုက်နိုင်မှုတို့သည် တောင်သူဦးကြီးများ၏ လူမှုစီးပွားဘဝတိုးတက်မှုအတွက် အဟန့်အတားများ ဖြစ်ခဲ့ကြသည်။ မည်သည့်နေရာတွင် နေထိုင်ကြသည်ဖြစ်စေ “လိုလျှင် ကြံဆနည်းလမ်းရ” ဟူသည့်အတိုင်း အမှန်တကယ်လုံ့လ စိုက်ထုတ် ကြမည်ဆိုပါလျှင် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ပန်းတိုင်အထွက်နှုန်းများ ပြည့်ဝလာနိုင်မည်ဖြစ်သည်။
ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲသင့်လျှင် ပြောင်းလဲရပေမည်။ ထို့အတွက် လိုအပ်သည့်ကုန်ကြမ်းသီးနှံများကို စိုက်ပျိုးရန်လိုအပ်သည်။ ထိုသို့ စိုက်ပျိုးရန် ကျွန်တော်တို့နိုင်ငံတွင် မြေနှင့်ရေအသင့်ရှိပြီးဖြစ်လေသည်။ အဖိုးတန်သစ်တောများမှသည် ဂျုံ၊ ဝါ၊ ပြောင်း၊ စပါး၊ ပဲအမျိုးမျိုး၊ ရော်ဘာအစရှိသည်တို့သည် စိုက်နည်းမှန်မှန်နှင့် စိုက်ပါက စိုက်သမျှဖြစ်သော အဖိုးတန်ရတနာများပင်ဖြစ်ပါ၏။ ထိုသို့သော မြေပေါ်မြေအောက် သယံဇာတမျိုးစုံကြွယ်ဝမှုကြောင့်ပင် အတိတ်သမိုင်းမှသည် မျက်မှောက်ကာလအထိ မြန်မာနိုင်ငံကို ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစားရှိနေကြခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အလျင်အမြန်တိုးတက်လာမည်
အစိုးရ၏ဦးဆောင်မှု၊ ပညာရှင်များ၏ နည်းမှန်လမ်းမှန်ပြသမှု၊ စီးပွားရေးသမားများ၏ ကိုယ်ကျိုးစီးပွားရှေ့တန်းမတင်လွန်းမှု၊ တောင်သူဦးကြီးများ၏ မှန်ကန်သည့်စိုက်ပျိုးမှုအားလုံး တစုတစည်း တည်းဖြစ်မည်ဆိုပါက နိုင်ငံတော်၏ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အလျင်အမြန်တိုးတက်လာမည်ဟု ယုံကြည်မိပါသည်။ တောတောင် မြစ်ချောင်းအင်းအိုင်၊ အဖိုးတန်မြေဆီလွှာ၊ ရေချိုစသည်တို့ ဘက်စုံထောင့်စုံမှ ပြည့်စုံထားပြီးဖြစ်သည့် ကျွန်တော်တို့နိုင်ငံအနေဖြင့် ရှိထားပြီးသား အရင်းအမြစ်ကောင်းများကို မှန်ကန်စွာအသုံးချကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိနေပါသည်။
ပန်းတိုင်အထွက်နှုန်းပြည့်ဝသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဟူသည့်အတိုင်း လိုက်နာဆောင်ရွက်ကြမည်ဆိုပါလျှင် လယ်ယာမြေရွှေဝါဝင်းလျက် နိုင်ငံတော်ကြီး အမြန်ဆုံးရွှေသီးလာမည်မှာ မြေကြီးလက်ခတ် မလွဲပါပင်ဖြစ်ပါကြောင်း။ ။