Skip to main content

ပြည်ထောင်စု အိမ်ခြံမြေပွဲတော်ဆီသို့ . . .

လူဟန် (အိမ်ခြံမြေ)

ကျွန်တော်တို့နိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီမှ မြန်မာမင်းများတည်ဆောက်အစပြုခဲ့သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး အေးအတူပူအမျှ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ ရှေးပဝေသဏီကတည်းက အတူတကွနေထိုင်ခဲ့ကြသော နိုင်ငံလည်းဖြစ်ပါသည်။ တိုင်းရင်းသားတစ်ဦးနှင့်တစ်ဦး ယုံကြည်စွာကူးလူးဆက်ဆံခြင်း၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲမထားရှိဘဲ ငြိမ်းချမ်းစွာအတူတကွနေထိုင်ခြင်း၊ ချစ်စရာကောင်းသည့် အမူအကျင့်များဖြင့် ပေါင်းစည်းခြင်း စသည်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ ဥမကွဲသိုက်မပျက်တင့်တယ်စွာ နေထိုင်လျက်ရှိပါသည်။

ထိုသို့သောအခြေအနေတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) သည် ၂၀၁၂ခုနှစ် ဇွန်လ ၂၈ ရက်နေ့က စတင်သန္ဓေတည်၍ ပြည်ထောင်စုတိုင်းရင်းသားများ စိတ်တူကိုယ်တူပေါင်းစည်းပြီး အတူလက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုဆိုလျှင် ၁၃ နှစ်ကြာပြီဖြစ်သော NGO အဖွဲ့အစည်းတစ်ခုအဖြစ်တည်ရှိနေပါသည်။

အထွေထွေညီလာခံကျင်းပမည်

နှစ်စဉ် တစ်နှစ်တစ်ခါကျင်းပသော အထွေထွေညီလာခံ (2025-AGM) ကို ဥက္ကဋ္ဌ ဒေါ်မို့မို့အောင် ဦးဆောင်သော မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ပူးပေါင်းပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ ညီလာခံသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ အသင်းသား အသင်းသူ ၁၀၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါညီလာခံတွင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ ဆောက်လုပ်ထားသော အိမ်ရာများ၊ ကွန်ဒိုများ၊ တိုက်ခန်းများ၊ အာမခံလုပ်ငန်းများကို ပြခန်းများဖွင့်လှစ်ပြသမည်ဖြစ်ပါသည်။

ထိုညီလာခံသို့ ပြင်သစ်နိုင်ငံ၌ အခြေစိုက်ထားသည့် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ (FIABCI) အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ Asia Pacific Convention မှ တာဝန်ရှိသူများ၊ အရှေ့တောင်အာရှ အိမ်ခြံမြေ(အာဆီယံ)မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေညီလာခံ(2025-AGM)သို့ တက်ရောက်အားပေးမည်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ စင်ကာပူနိုင်ငံ One People Singapore ခန်းမ ၌ကျင်းပသော Asia Pacific Convention Programme Timetable သို့ စင်ကာပူနိုင်ငံ Real Network Conter ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ FIABCI ဥက္ကဋ္ဌ Mr.Clayton ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါ်မို့မို့အောင်၊ ကရင်ပြည်နယ်အသင်းဥက္ကဋ္ဌ ဒေါ်ဆုခက်ခက်လင်း၊ နေပြည်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇော်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးနန္ဒဟိန်း ဦးဆောင်ပါဝင်သော အသင်းသား အသင်းသူများ ၃၄ ဦး ပါဝင်တက်ရောက်ခဲ့ပြီး Asia Pacific Convention ကို Singapore နှင့် Myanmar က Founder နိုင်ငံများအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

ထိုအခမ်းအနားတွင် Asia Pacific နိုင်ငံ ၁၂နိုင်ငံမှ ဧည့်သည်တော်စုစုပေါင်း ၁၁၀ ခန့် တက်ရောက်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ရန်ကုန်မြို့၌ လက်ခံကျင်းပရန်နှင့် ၂၀၂၇ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပရန် သဘောတူခဲ့ကြပါသည်။ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့က မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ထားပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန်အတွက် အလံတော်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

လူသားတစ်ဦးဖြစ်လာခဲ့လျှင် မွေးစက ဗလာနတ္ထိဖြင့် မွေးဖွားလာသော်လည်း လောကကြီးတွင် လူတစ်ဦး၏ “စားဝတ်နေရေး” ဆိုသည့် အရေးသုံးပါးကို မဖြစ်မနေရင်ဆိုင်ကြရမည်ဖြစ်ပါသည်။ အဆိုပါလောကသုံးပါးထဲမှ “နေရေး”ဆိုသည့် လောကတစ်ပါးနှင့် မည်သူမဆိုရင်ဆိုင်ရမည်ဖြစ်ပါသည်။ အရွယ်ရောက်လာ၍ အိမ်ထောင်ပြုသည်နှင့် ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ကြရမည်ဖြစ်ပါသည်။ ထိုအခါ တိုက်ခန်း(သို့) အိမ်ရာတစ်ခုကို ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကို မလွဲမသွေရင်ဆိုင်ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းသည် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်တွင် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက မြေရာအုပ်ချုပ်ရေးသမိုင်းများ၊ အသုံးချမြေရာဥပဒေများ၊ မြေအမျိုးအစားများ၊ မြို့များနှင့် ကျေးရွာမြေများ စီမံခန့်ခွဲမှုဆိုင်ရာများ၊ ခရိုင်ကော်လိတ္တော်အရာရှိတာဝန်များစသော ကျယ်ပြန့်သည့် မြေရာကိစ္စများ ရှင်းလင်းခြင်း၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် ကြီးကြပ်ရေးအာဏာပိုင်များ ဖွဲ့စည်းထားရှိခြင်း၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်လျှောက်ထားရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း ငွေကြေးခဝါချ တိုက်ဖျက်ရေးကိစ္စရပ်များ (AML/CFT) ကိုလည်းကောင်း၊ ဥပဒေပညာရှင်များက အိမ်ခြံမြေရောင်းဝယ်ငှား လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ နည်းဥပဒေများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက မြို့ပြအိမ်ရာဆိုင်ရာ လိုက်နာကျင့်သုံးရမည့်အချက်များ၊ တက္ကသိုလ်ပါမောက္ခ (အငြိမ်းစား)များ ပါဝင်သော ဆရာများက စိတ်ပိုင်းဆိုင်ရာ ပြုပြင်လိုက်နာရမည့်အချက်များ၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူများက အိမ်ခြံမြေအသင်းသား အသင်းသူများ လိုက်နာရမည့်စည်းကမ်းများ၊ ကျင့်ဝတ်သိက္ခာများ၊ ရောင်းမှားဝယ်မှားမရှိစေရန် စိစစ်စစ်ဆေးရမည့် အချက်များ၊ အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း သင်တန်းကာလနှစ်ရက်တာ ကာလအတွင်းသင်ကြားမည့် ၂၄ နာရီအား အချိန်ကာလပိုင်းခြား၍ ပြည်သူများ အိမ်ခြံမြေ အသိပညာပေးခြင်းများကို လစဉ်ပို့ချပေးလျက်ရှိပါသည်။

ယခုဆိုလျှင် တစ်နိုင်ငံလုံးအနေဖြင့် သင်တန်းသားပေါင်း တစ်သောင်းကျော် အပတ်စဉ်(၄၈/၂၀၂၅)အထိနှင့် နောက်ဆုံးသင်တန်းတက်ရောက်ခဲ့သည့် အသင်းသားနံပါတ် (၁၅၅၁၅) အထိ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

အိမ်ခြံမြေ အသိပညာပေးသင်တန်းသို့ နယ်ဘက်မှ အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစားတပ်မတော်အရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိများ၊ အငြိမ်းစားတက္ကသိုလ်ပါမောက္ခများ၊ တိုင်းဥပဒေအရာရှိများ၊ အငြိမ်းစား အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ သင်္ဘောကပ္ပတိန်များ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင်များ၊ လူထုလူတန်းစားအလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်လေ့လာကြပါသည်။

အတွေ့အကြုံရှိသောပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထား

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ကိုယ်ကျင့်တရားကောင်းမွန်သော အိမ်ခြံမြေ လုပ်ငန်းအတွေ့အကြုံရှိသည့် ဌာနဆိုင်ရာများ၊ အတွေ့အကြုံရှိသောပုဂ္ဂိုလ်များနှင့် စုစည်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်နှင့် အပေါင်းလက္ခဏာဆောင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်း ယုံကြည်စွာလိုက်နာ၍ ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

အိမ်ခြံမြေလုပ်ငန်းသည် လူတိုင်းနှင့်သက်ဆိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အချို့ဝန်ထမ်းများသည် အိမ်ခြံမြေလုပ်ငန်းကို မသိနားမလည်၍ မိမိတစ်သက်တာ စုဆောင်းထားသော ငွေကြေးဖြင့် တစ်အိုးတစ်အိမ်ထူထောင်ရန် ဝယ်ယူသည့်အခါ ရောင်းမှားဝယ်မှားဖြစ်ပြီး ငွေကြေးဆုံးရှုံးမှုများ ကြုံတွေ့သည့်ဖြစ်စဉ်များကို စိတ်မကောင်းစွာကြားသိနေရပါသည်။

မြန်မာနိုင်ငံတွင် ကြီးပွားချမ်းသာသူ ၁၀ဝ ကို စနစ်တကျစိစစ်၍ လေ့လာကြည့်ရှုပါက ချမ်းသာသောပုဂ္ဂိုလ်များ၏ ၆၅ ရာခိုင်နှုန်းသည် မြေကြောင့် ကြီးပွားချမ်းသာကြောင်း တွေ့ရှိရပါသည်။အိမ်ခြံမြေလုပ်ငန်းသည် လူတိုင်းစိတ်ဝင်စားသော လုပ်ငန်းဖြစ်ပါသည်။ စနစ်တကျစိစစ်၍ ဝယ်ယူရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။ မည်မျှအထိ အရေးပါသည်ဆိုသည်ကို ပြဆိုရမည်ဆိုလျှင် နိုင်ငံပိုင်သတင်းစာများတွင် အိမ်ခြံမြေလုပ်ငန်းကြော်ငြာများစွာကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ထို့ကြောင့် အိမ်ခြံမြေလုပ်ငန်းသည် လူတိုင်းနှင့်သက်ဆိုင်သလို လွန်စွာအရေးပါသော လုပ်ငန်းဖြစ်ပါသည်။ ပြည်သူများက မိမိပိုင်ဆိုင်သော ငွေကြေးပမာဏဖြင့် တစ်ပိုင်တစ်နိုင်မြေဝယ်ထားပါက ဆယ်စုနှစ်တစ်စုဆိုလျှင် တန်ဖိုးရှိလာသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံ၏ အချို့ဒေသများတွင် မငြိမ်မသက်ဖြစ်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်မှုကို ထိခိုက်လျက်ရှိသည်ကို တွေ့ကြရပါမည်။ ထိုဒေသရှိ ပြည်သူအချို့က ဒေသကိုစွန့်ခွာပြီး အေးချမ်းသောဒေသသို့ ပြောင်းရွှေ့အခြေချလာသည်ကိုလည်း သတိပြုမိကြမည်ဖြစ်ပါသည်။ ထိုအခါတည်ငြိမ်အေးချမ်းသော ဒေသများ၌ အိမ်ခြံမြေလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာပါသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းပြီး မိမိတို့၏ ကျရာအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားလျက်ရှိပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ မြို့ရွာအိုးအိမ်များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်လာလျှင် ဆောက်လုပ်ရေး၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကန်ထရိုက်ဆောက်လုပ်သူများ၊ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများ ရင်းနှီးမြှုပ်နှံလာပြီး စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

စီးပွားတိုးတက်လာသည်နှင့်အမျှ ၎င်းတို့နှင့် ဆက်နွှယ်သော အုတ်သဲကျောက်လုပ်ငန်းလုပ်ကိုင် သူ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ဆက်စပ်သော လုပ်ငန်းလုပ်ကိုင်သူ၊ ဘိလပ်မြေ၊ သံမဏိလုပ်ငန်း၊ လျှပ်စစ်နှင့် စက်ပစ္စည်းလုပ်ငန်း၊ စက်ယန္တရားလုပ်ငန်း၊ စက်သုံးဆီရောင်းဝယ်သည့်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများက ဆက်စပ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

အလားတူ လုပ်ငန်းများကောင်းမွန်လာသည်နှင့်အမျှ ဘဏ်များတွင် ငွေသွင်းငွေထုတ်များပြားလာပြီး ငွေစီးဆင်းမှု မှန်ကန်လာသည်နှင့်အမျှ ငွေကြေးတည်ငြိမ်တန်ဖိုးရှိလာမည် ဖြစ်ပါသည်။ ထိုအခါ ပို့ကုန်လုပ်ငန်းများ၊ သွင်းကုန်လုပ်ငန်းများမျှတလာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းထားများသည်လည်း တည်ငြိမ်လာမည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာမည်

လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်လာလျှင် နိုင်ငံတော်အတွင်း ပြည်သူများ စီးပွားရေးကောင်းမွန်လာကာ မြန်မာပြည်အနှံ့ လည်ပတ်ခရီးစဉ်များ ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ထိုအခါ ဟိုတယ်လုပ်ငန်းသည်လည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပါသည်။ ထို့အတူ စားသောက်ဆိုင်လုပ်ငန်းများလည်း ပိုမိုကောင်းမွန်လာပြီး အခြေခံစားကုန်များဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လာမည်ဖြစ်ပါသည်။

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဖြစ်ရာ စီးပွားရေးကောင်းလာလျှင် ပြည်သူများလည်း အလုပ်အကိုင်ပေါများလာမည်၊ ဒုစရိုက်မှုခင်းများ ကျဆင်းလာမည်။ ပြည်သူများစားဝတ်နေရေး ပြေလည်လာလျှင် စိတ်ဓာတ်များလန်းဆန်းလာပြီး စိတ်ထားများကောင်းလာမည်ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြသည်နှင့်အမျှ မေတ္တာတရားတို့ ပိုမိုထွန်းကားလာမည်ဖြစ်ပါသည်။

ယခုကျင်းပမည့်ညီလာခံတွင် ခရုသင်းမှုတ်၍ ဖွင့်ပွဲပြုလုပ်ပြီး အိုးစည်သူငယ်တော်အက၊ အာဆီယံမြန်မာသီချင်း၊ ထာဝရမြန်မာသီချင်း၊ ယဉ်ကျေးမှုအက၊ နောင်အင်းလေး၊ ကိန္နရီကိန္နရာ၊ ရိုးရာယိမ်းအက စသည့်သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ရာ အသင်းသား အသင်းသူများ တက်ရောက်ကြဖို့ ဖိတ်ခေါ်ရင်း ပြည်ထောင်စုအိမ်ခြံမြေပွဲတော်ဆီသို့ တက်ရောက်ကြပါစို့ဟု ရေးသားတင်ပြလိုက်ရပါသည်။ ။