Skip to main content

နိုင်ငံ့စားရေရိက္ခာ ဖူလုံပိုလျှံဖို့ စပါးစိုက်ယာမြေများကို လယ်မြေအဖြစ်သို့ ပြောင်းလဲစို့

မောင်ကြေးမြေ

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကာ ဆန်စပါးသည် နိုင်ငံသားများ၏ အဓိကစားသုံးသီးနှံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အဝန်း ၁၆၇၁၈၅၈၂၄ ဧက ရှိသည့်အနက် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီကုန်၌ စိုက်ပျိုးမြေဧရိယာတည်ရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရန် ဆောင်ရွက်

စပါးစိုက်ပျိုးသည့် လယ်ယာမြေများ လျော့ပါးပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ နိုင်ငံအတွင်းရှိ စပါးစိုက်လယ်မြေအပါအဝင် စိုက်ပျိုးမြေများ လျော့နည်းပျက်စီးဆုံးရှုံးမှုမရှိစေရန်အတွက် ခေတ်အဆက်ဆက်အစိုးရများက ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရက လယ်ယာစိုက်ပျိုးမြေများ အထူးသဖြင့် စပါးစိုက်လယ်မြေများ လျော့နည်းပျက်စီးမှုမရှိစေရေးအတွက် အထူးအလေးထား စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်လာစေရေးအတွက် စပါးအပါအဝင် အဓိကသီးနှံ ၁၃ မျိုးကို ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းများသတ်မှတ်၍ နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ခေတ်ကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များပျက်စီးယိုယွင်းလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ရေ၊ မြေ သဘာဝအနေအထား ပြောင်းလဲယိုယွင်းပျက်စီးမှုများ၊ သဘာဝဘေးဒဏ်ကျရောက်ခြင်းများကြောင့် စိုက်ပျိုးမြေထိခိုက်လျော့နည်း ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးအတွင်းမှ နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အဆိုပါဖြစ်စဉ်များကို နှစ်စဉ်နှစ်တိုင်းအနည်းနှင့်အများ တွေ့ကြုံခံစားနေရလျက်ရှိပါသည်။

ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝဘေးဒဏ်များကြောင့် လယ်ယာမြေများ ထိခိုက်ပျက်စီးပြီး နိုင်ငံ၏ စားရေရိက္ခာဖူလုံမှုကို ထိခိုက်လာနိုင်သည့်အတွက် နိုင်ငံ၏ စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရန်အတွက် စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးနှင့် စပါးစိုက်လယ်ယာမြေများ တိုးပွားများပြားလာစေရေးကို ကြံဆကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တစ်ချိန်က ရေလိုအပ်ချက်နည်းသည့် ယာသီးနှံနှင့် ယာစပါးတို့သာ စိုက်ပျိုးနိုင်သည့် ယာမြေဧရိယာများတွင် နိုင်ငံတော်မှဆည်မြောင်း၊ တာတမံများ တည်ဆောက်ပေးခြင်း၊ မြေအောက်ရေတူးဖော်၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြစ်ချောင်းများမှရေတင်၍ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကြောင့် စပါးစိုက်ပျိုးရန် အခြေအနေပေးလာသဖြင့် စပါးစိုက်ပျိုးလုပ်ကိုင်မှုများရှိနေ၍ အဆိုပါယာမြေများသည် လယ်မြေအဖြစ် ပြောင်းလဲနိုင်သည့်အခြေအနေများရှိနေသည်ကို တွေ့ရှိရပါသည်။

ယာမြေများကို လယ်မြေအဖြစ် ပြောင်းလဲ

စားရေရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် စပါးစိုက်လယ်မြေများ တိုးပွားများပြားလာရေးဆောင်ရွက်ရာတွင် မြေမျက်နှာပြင် အနေအထားအရလည်းကောင်း၊ စိုက်ပျိုးရေရရှိနိုင်သည့် အနေအထားအရလည်းကောင်း လယ်မြေအဖြစ် ဖော်ထုတ်ဆောင်ရွက်သွားနိုင်သည့် ယာမြေများရှိနေသဖြင့် အဆိုပါယာမြေများကို လယ်မြေအဖြစ် ဦးစားပေးပြောင်းလဲဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအား တောင်သူများမှ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအရ “လယ်မြေဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ ဖန်တီးသောနည်းလမ်းအရသော်လည်းကောင်း စိုက်ပျိုးရေရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိကစိုက်ပျိုးသောမြေကိုဆိုသည် ဟု ပြဋ္ဌာန်းထားပါသည်။

လယ်မြေအဖြစ် ပြောင်းလဲမှုပြုနိုင်သည့် ယာမြေများကို အောက်ပါအတိုင်း အပိုင်းသုံးပိုင်းဖြင့် စိစစ်တွေ့ရှိရပါသည်-

(က) မြေမျက်နှာပြင် ညီညာပြန့်ပြူးပြီး ဆည်/တာတမံရေသောက်၊ မြစ်ရေ တင်/ မြေအောက် ရေသောက် ဧရိယာများအတွင်းရှိ စပါးစိုက်ပျိုးမှုပြုနိုင်သည့် မည်သို့မျှ ပြုပြင်ဆောင်ရွက်ရန် မလိုအပ်သော ယာမြေများနှင့် မြေမျက်နှာပြင် ညီညာပြန့်ပြူးပြီး မိုးရေဖြင့်ပင် မိုးစပါးကောင်းမွန်စွာစိုက်ပျိုးနိုင်သည့် မည်သို့မျှပြုပြင်ဆောင်ရွက်ရန် မလိုအပ်သောယာမြေများ၊

(ခ) ကန်သင်းများ အခိုင်အမာဖြစ်အောင် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ လယ်ကြားမြောင်း၊ ရေရယူသည့်မြောင်းများ ဖော်ထုတ်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာငွေကြေး အနည်းငယ် အကုန်အကျခံဆောင်ရွက်ရုံဖြင့် လယ်မြေအဖြစ် ပြောင်းလဲနိုင်သော မြေမျက်နှာပြင် ညီညာပြန့်ပြူးမှုရှိပြီး ဆည်/တာတမံရေသောက်၊ မြစ်ရေတင်/ မြေအောက်ရေသောက်ဧရိယာအတွင်းရှိ ယာမြေများနှင့် မိုးရေဖြင့်ပင် စပါးကောင်းစွာ စိုက်ပျိုးနိုင်သည့် ယာမြေများ၊

(ဂ) မြေမျက်နှာပြင် ညီညာပြန့်ပြူးစေရန်နှင့် နိမ့်မြင့် (Level) ညီစေရန် မြေညှိပေးခြင်းနှင့် အစဉ်အမြဲ ကန်သင်းများအဖြစ် အခိုင်အမာတည်ရှိအောင် ဖော်ဆောင်ပေးခြင်း၊ ရေသွင်းမြောင်း၊ ရေယူမြောင်းများ ဖော်ထုတ်ပေးခြင်းတို့ကို ထိုက်သင့်သည့် ဘဏ္ဍာငွေကြေး ကျခံဆောင်ရွက်ပေးရုံဖြင့် လယ်မြေအဖြစ်သို့ ပြောင်းလဲနိုင်သော မြေမျက်နှာပြင် အနိမ့်အမြင့် ၂၀ ဒီဂရီနှင့် အောက်ရှိယာမြေများ။

အကျိုးကျေးဇူးများ ရရှိနိုင်

 အထက်ဖော်ပြပါ ယာမြေများကို လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်-

(က) မြေအစိုဓာတ်နှင့် ရေထိန်းသိမ်းနိုင် စွမ်းအားကောင်းမွန်လာခြင်း၊

(ခ) သွင်းအားစုဖြစ်သည့် မြေဩဇာကျွေးသည့်အခါတွင်လည်း စပါးပင်မှ ထိရောက်စွာစုပ်ယူနိုင်ခြင်း၊ မြေဩဇာအလေအလွင့်ဖြစ်မှုလျော့နည်းစေခြင်း၊

(ဂ) ရေလုံလောက်စွာရရှိခြင်းနှင့် အာဟာရဓာတ် လုံလောက်စွာရရှိသည့်အတွက် အထွက်နှုန်း ပိုမိုမြင့်မားလာစေခြင်း၊

(ဃ) လယ်ကွက်များ၌ ကန်သင်းဖော်ထားခြင်းနှင့် တမန်းညှိထားခြင်းကြောင့် မြေဆီလွှာတိုက်စားမှု လျော့နည်းစေခြင်း၊

(င) ပေါင်းမြက်နှိမ်နင်းရန် လွယ်ကူခြင်း၊ ရေလှောင်နိုင်ခြင်းကြောင့် အချို့သောပေါင်းများအား ရေလှောင်၍ နှိမ်နင်းနိုင်ခြင်း၊

(စ) မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ ကောင်းမွန်စေခြင်းနှင့် သဘာဝမြေဩဇာများ ထည့်သွင်းရာတွင် ပိုမိုထိရောက်စေခြင်း၊

(ဆ) စပါးပင်ကြီးထွားမှု အဆင့်ဆင့်၌လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများကို ဆောင်ရွက်နိုင်သောကြောင့် သီးနှံဖြစ်ထွန်းမှုကောင်းမွန်ခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊

(ဇ) စပါးအောင်ရေထုတ်၍ စပါးသီးနှံရိတ်သိမ်းပြီးပါက ကုလားပဲ၊ မတ်ပဲစသည့် သီးနှံများကို သီးထပ်စနစ်ဖြင့် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် သီးထပ်စိုက်စွမ်းအားမြင့်တက်လာနိုင်ခြင်း၊

(ဈ) ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာအသုံးပြုစိုက်ပျိုးနိုင်ခြင်းကြောင့် ကောက်ကွက်ပြည့်ရရှိနိုင်ခြင်း၊

(ည) မိမိစိုက်ပျိုးလိုသော သီးနှံပုံစံအလိုက်သင့်လျော်သည့် စပါးမျိုးများကို သုံးစွဲစိုက်ပျိုးနိုင်ခြင်း (မြေပြန့်ယာစပါး)၊

(ဋ) တစ်ဧကအထွက်နှုန်း ပိုမိုလာနိုင်ခြင်းနှင့် သီးထပ်စွမ်းအားတိုးတက်စေခြင်းတို့ကြောင့် တောင်သူများဝင်ငွေတိုးတက်မြင့်မားလာစေခြင်း၊

(ဌ) ယာမြေမှ လယ်မြေအဖြစ်ပြောင်းလဲခြင်းကြောင့် နိုင်ငံတော်အတွက် အခွန်အခများ တိုးမြှင့်ရရှိလာနိုင်ခြင်း၊

(ဍ) ယာမြေမှ လယ်မြေအဖြစ်ပြောင်းလဲ ဆောင်ရွက်ခြင်းကြောင့် ဒေသတွင်း ဝမ်းစာဖူလုံမှုကို အထောက်အကူပြုစေနိုင်သည့်အပြင် နိုင်ငံတော်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မြင့်မားလာစေခြင်း၊

(ဎ) အရည်အသွေးပြည့်မီသော ဆန်စပါးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေရရှိနိုင်ခြင်း၊

(ဏ) တောင်သူလယ်သမားများအနေဖြင့် စပါးသီးနှံစိုက်ပျိုးရာတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဖြင့် စနစ်တကျအသုံးပြုလာနိုင်ခြင်း၊

(တ) တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်အစိုးရမှ စပါးသီးနှံအတွက် ထောက်ပံ့သော သွင်းအားစုများနှင့် ဝန်ဆောင်မှုများဖြစ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ ရေသုံးစွဲနည်းများ၊ မြေဆီလွှာထိန်းသိမ်းသည့် နည်းလမ်းများနှင့် ပိုးသတ်ဆေးသုံးစွဲသည့် နည်းလမ်းများကို ရယူသုံးစွဲနိုင်ခြင်း။

ယာမြေများအား လယ်မြေအဖြစ်သို့ပြောင်းလဲခြင်းဖြင့် အထက်ပါအကျိုးကျေးဇူးများရရှိနိုင်သော်လည်း အခြားတစ်ဖက်တွင် အောက်ဖော်ပြပါ အားနည်းချက်များနှင့် အပြစ်များလည်းရှိနိုင်ပါသည်-

(က) မြေပြုပြင်ခြင်းနှင့် စိုက်ပျိုးရာ၌ လုပ်အားပိုမိုသုံးစွဲရခြင်း၊

(ခ) လယ်ကွက်ဖော်ရာတွင် အသုံးပြုသည့် စက်ကိရိယာများအတွက် လောင်စာဆီကုန်ကျစရိတ်ကျခံ သုံးစွဲရခြင်း၊

(ဂ) မြေကွက်အတွင်း၌ အနိမ့်အမြင့်ကွာခြားမှုမြင့်မားပါက လယ်ကွက်ဖော်ရန် အခက်အခဲများရှိနိုင်ခြင်း၊

(ဃ) လယ်ကန်သင်းပြုလုပ်ခြင်းအတွက် အသားတင်စိုက်ဧရိယာ အနည်းငယ်လျော့ကျခြင်း၊

(င) ဆည်ရေသောက်ဧရိယာပြင်ပဖြစ်ပါက စိုက်ပျိုးရေ/အောင်ရေရရှိမှုခက်ခဲပြီး စပါးဖြစ်ထွန်းမှု အားနည်းခြင်း၊

(စ) မိုးခေါင်မှုနှင့်ကြုံတွေ့ပါကလည်းကောင်း၊ ကန်သင်းများကောင်းမွန်ခြင်းမရှိပါက လည်းကောင်းစပါးအထွက်ထိခိုက်နိုင်ခြင်း၊

(ဆ) တောင်သူများအနေဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးရန် လတ်တလော အခက်အခဲများ ကြုံတွေ့နိုင်ခြင်း၊

(ဇ) လယ်မြေအတွင်း ကြဲခင်းအဖြစ် စိုက်ပျိုးပါက ပိုးမွှားရောဂါကျရောက်မှု ပိုမိုများပြားခြင်း၊

(ဈ) စပါးသီးနှံသို့ ပြောင်းလဲစိုက်ပျိုးခြင်းအားဖြင့် အခြားသီးနှံများထုတ်လုပ်မှု လျော့နည်းသွားနိုင်ပြီး သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းစေခြင်း။

အထက်ဖော်ပြပါ အားနည်းချက်နှင့် အပြစ်များအနက် လူတို့ဖန်တီးနိုင်ခြင်းမရှိသည့် ရာသီဥတုကြောင့် ဖြစ်ပေါ်သော အားနည်းချက်များမှလွဲ၍ ကျန်အားနည်းချက်များသည် လုပ်ကိုင်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်ပေါ်တွင် မူတည်လျက်ရှိသဖြင့် အားနည်းချက်များနှင့် အပြစ်များအား နည်းနိုင်သမျှနည်းအောင် ပြုပြင်ဆောင်ရွက်နိုင်ပါသည်။ ယာမြေမှ လယ်မြေအဖြစ်သို့ ပြောင်းလဲဆောင်ရွက်ရာတွင် အားနည်းချက်နှင့် အပြစ်များထက် ပိုမိုအကျိုးကျေးဇူးရရှိနိုင်မှုကိုလည်း ရှုမြင်ရပါမည်။

“မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဆောင်ရွက်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် ပါရှိသည့် “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ဟူသော ဦးတည်ချက်တွင်ပါဝင်ပြီး နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော စပါးတစ်ဧက ပန်းတိုင်အထွက်နှုန်းပြည့်မီရေးဆောင်ရွက်ရမည့် နည်းလမ်းလေးသွယ်ဖြစ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဆောင်ရွက်ပါက စပါးအထူးအထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းအထိ ရရှိလာနိုင်မည်ဖြစ်ခြင်း၊ မြေဆီဩဇာပိုမိုကောင်းမွန်လာနိုင်ခြင်းနှင့် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်ခြင်းတို့ကြောင့် တောင်သူများ၏ အကျိုးစီးပွားတိုးတက်ဖြစ်ထွန်းစေနိုင်သည့်အပြင် ၎င်းတို့ နေထိုင်ရာနယ်မြေဒေသအကျိုးစီးပွားလည်း တိုးတက်ကောင်းမွန်လာစေနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်တွင် တောင်သူများ၏ဝင်ငွေတိုးရန်နှင့် စားရေရိက္ခာဖူလုံစေရန်အတွက် စုစုပေါင်းစိုက်ပျိုးမြေ၏ ၃၁ ဒသမ ၇၀ ရာခိုင်နှုန်းရှိသော ယာမြေအနက်မှ စပါးစိုက်ယာမြေများကို စပါးစိုက်လယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် တောင်သူများအနေဖြင့်လည်း နိုင်ငံတော်၏ စားရေ ရိက္ခာဖူလုံရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အစားထိုးနိုင်ရန်အတွက် စပါးစိုက်ယာမြေကို လယ်မြေအဖြစ်သို့ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် တောင်သူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဒေသအလိုက် စပါးစိုက်ယာမြေမှ လယ်မြေသို့ ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာတောင်သူများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေသခံတောင်သူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားပြီး အောက်ပါအချက်များကို စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-

(က) လက်ရှိမြေအခြေအနေ (ယာမြေဟုတ်/မဟုတ်)

(ခ) လယ်မြေအဖြစ် ပြောင်းလဲရန်သင့်လျော်ခြင်း ရှိ/မရှိ

(ဂ) ဆည်ရေ သို့မဟုတ် ရေအရင်းအမြစ် အလုံအလောက် ရနိုင်ခြင်း ရှိ/မရှိ

(ဃ) ပတ်ဝန်းကျင်နှင့် ဂေဟစနစ်အပေါ် သက်ရောက်နိုင်မှု ရှိ/မရှိ

(င) မြေခွန်နှုန်းထား ပြင်ဆင်ပြောင်းလဲရမည့်အခြေအနေ

ယာမြေမှ လယ်မြေအဖြစ်သို့ ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လယ်မြေအဖြစ်သို့ ပြောင်းလဲမည့် ကာယကံရှင်တောင်သူများ၏ အကျိုးစီးပွား ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ရုံသာမက စပါးစိုက်ဧရိယာများ တိုးပွားများပြားလာမည်ဖြစ်ခြင်းကြောင့် ဆန်စပါးထွက်နှုန်းများလည်း ပိုမိုမြင့်မားလာမည်ဖြစ်၍ နိုင်ငံ့စားရေရိက္ခာ ဖူလုံပိုလျှံလာမည့်အပြင် ဒေသတွင်းနိုင်ငံများနှင့် အခြားသောကမ္ဘာ့နိုင်ငံများ၏ စားရေရိက္ခာလိုအပ်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သောကြောင့် စပါးစိုက်ပျိုးနိုင်သော ယာမြေများအား လယ်မြေအဖြစ်သို့ ဆောလျင်စွာ ပြောင်းလဲကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။