Skip to main content

ခေတ်ရေစီးကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် မြန်မာ့လယ်ယာအနာဂတ်

မိုးကေနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ဟာပင်းမြို့ကို အလုပ်သဘော ခရီးရောက်ရှိခဲ့သည့် နိုင်ငံတော်အကြီးအကဲနှင့်အဖွဲ့သည် ထိုမြို့တွင်တည်ရှိသော Beidahaung Smart Agriculture Exhabition Center ၌ ပြသသည့် ခေတ်မီဒစ်ဂျစ်တယ် လူမဲ့နည်းပညာ AI ဉာဏ်ရည်တုစနစ်အသုံးပြု စိုက်ပျိုးရေးပြုပြင်ပြောင်းလဲနေမှုများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခွင့်ရခဲ့ခြင်းက မိမိနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အလွန်တန်ဖိုးရှိလှပါသည်။

စွမ်းဆောင်ရည်နှင့် တိကျသေချာသည့် တရုတ်နိုင်ငံ ခေတ်မီလယ်ယာစနစ်ပြုပြင် ပြောင်းလဲမှု

AI အသုံးပြု ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များက ကမ္ဘာတွင် အလျင်အမြန်တိုးတက်လာနေသည်။ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး စားရေရိက္ခာဖူလုံရေးမှသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ခေတ်မီသော စိုက်ပျိုးမွေးမြူရေးမှသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအထိ စဉ်းစားတွေးခေါ်ပြီး AI ကို ထိထိရောက်ရောက် အသုံးပြုလာကြသည် ကို တွေ့ရသည်။ AI နှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်သည့်နိုင်ငံများတွင် တရုတ်နိုင်ငံက ရှေ့ဆုံးမှပါဝင်နေသည်။

အကြောင်းမှာ တရုတ်နိုင်ငံ၏တိုးလာမည့် လူဦးရေနှင့်ပါးစပ်ပေါက်များအတွက် Food security ဖြစ်ရန်နှင့် အကန့်အသတ်ရှိလာသော အနာဂတ်လယ်မြေအနေအထားများကို ကြိုတင်မျှော်မှန်း၍ဖြစ်သည်။ ကမ္ဘာတွင်လည်း ထို့အတူ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေက ၉ ဒသမ ၇ ဘီလီယံကို ကျော်သွားမည်ဟု သိရသည်။ ယခုကဲ့သို့ တိုးပွားလာမည့်လူများ၏ စားရေရိက္ခာဖူလုံရေးအတွက် မည်သို့စဉ်းစားကြမလဲ၊ စိုက်ပျိုးမြေတိုးချဲ့ခြင်းကို စဉ်းစားရမည့်အပြင် ရှိပြီးသားစိုက်ပျိုးမြေများကို စွမ်းဆောင်ရည်ရှိရှိ မည်ကဲ့သို့အသုံးချပြီး မည်သို့တိုးတက်အောင်ထုတ်လုပ်ကြမလဲ။ Efficiency of Land ဖြစ်မှသာလျှင် ထိရောက်အောင်မြင်မည်ဟူသော ယူဆချက်ကပို၍ခိုင်မာလာသည်။ ဤတွင် Smart agriculture ခေါ် Digital agriculture ဟူ၍ဖြစ်လာပြီး ဒစ်ဂျစ်တယ်နည်း ပညာအသုံးပြုစိုက်ပျိုးရေးနည်းနာများကြောင့် တိကျသေချာပြီး ထိရောက်မှုရှိသော စိုက်ပျိုးထုတ်လုပ်မှု Precision farming အသွင် စိုက်ပျိုးရေး ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်သို့ ပြောင်းလဲတိုးတက်လာသည်ကို တွေ့ရသည်။

AI ကိုအသုံးချရန် အချိန်ရောက်ပြီလား

AI စနစ်ဆိုသည်မှာ ခေတ်မီဒစ်ဂျစ်တယ် လူမဲ့ဉာဏ်ရည်တု နည်းပညာတစ်မျိုးပင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် ထိုနည်းပညာဖြင့် ဖန်တီးထားသော AI စက်ယန္တရားများက ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းမှုများကို ကောင်းစွာအထောက်အကူပြုနေကြောင်း လေ့လာသိရှိရသည်။ AI ဒရုန်းများဖြင့် မျိုးကြဲပက်ရာတွင်လည်းကောင်း၊ ပိုးသတ်ဆေးဖျန်းရာတွင်လည်းကောင်း အလွန်တွင်ကျယ်နေသကဲ့သို့ လယ်ယာသုံးAI စက်ရုပ်များအကူအညီဖြင့် ပိုးမွှားအန္တရာယ်နှင့် မြေဆီလွှာအခြေအနေများကို စုံစမ်း ဖော်ထုတ်ခွင့်ရရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံ၌လည်း ယခင်လက စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနအဆင့်ပညာရှင်များ ဆွေးနွေးကြသည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ သမားရိုးကျစိုက်ပျိုး မွေးမြူရေးမှသည် နည်းပညာအသုံးပြု Agricultural Transformation သို့ ကူးပြောင်းမည့် အစီအစဉ်များသည် မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေး AI ခေတ်တစ်ခေတ်ဆီ ရောက်ရှိရန် အဆင်သင့်ဖြစ်စေမည့် တပ်လှန့်နှိုးဆော်သံအလား ယူဆမိပါသည်။ သီးနှံ ၁၀ မျိုးတွင် ပထမဆုံး စပါး၊ ထို့နောက် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ မွေးမြူရေးကဏ္ဍတွင်လည်း ကူးစက်တတ်သည့် ရောဂါပိုးမွှားများနှင့် ကုသရေးအပိုင်း၊ ထိုအပိုင်းတွေကို AI နှင့် စတင်မိတ်ဆက်မည့် အစီအမံတချို့ကို ခန့်မှန်းမိသည်။ ထို့ပြင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် AI စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အပတ်စဉ်ဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်ကြကြောင်းလည်း သိရှိရသည်။

ပြည်တွင်း၌ ထိုကဲ့သို့ အစပျိုးအစီအစဉ်များနှင့်အတူ တရုတ်နိုင်ငံတွင် AI အသုံးပြု၍ စိုက်ပျိုးမွေးမြူရေး တိုးတက်ဖွံ့ဖြိုးမှုများကို နိုင်ငံတော်အကြီးအကဲနှင့် အဖွဲ့၏လေ့လာမှုရလဒ်များမှ နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် အလားအလာကောင်းများအဖြစ်မြင်မိပါသည်။ အမှန်တကယ်လည်း နည်းလမ်းသစ်များကို ရှာဖွေရမည့်အခြေအနေဖြစ်သည်။ စတုတ္ထစက်မှု AI တော်လှန်ရေးကို အမီလိုက်ပြီး နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးမှာ AI ကို အဓိက မောင်းနှင်အားအဖြစ် အသုံးချရန် အချိန်ရောက်ပြီဟု မြင်ပါသည်။

အခြေခံအချက်များကို ဖြည့်ဆည်းနိုင်မည့် AI

မိမိတို့နိုင်ငံကဲ့သို့ စိုက်ပျိုးရေးကို အဓိကအားထားနေရသည့် နိုင်ငံတစ်နိုင်ငံအတွက်ကော မည်သို့အကဲဖြတ်၍ မည်သို့စဉ်းစားချက်များ ရှိနိုင်ပါမည်နည်း။ ဆင်းရဲသည့် ဘဝ၊ ဖွံ့ဖြိုးဆဲအနေအထားများမှ ရုန်းကန်တိုးထွက်ပြီးဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အင်အားကြီးအဆင့်တက်လှမ်းနေသည့် အိမ်နီးချင်းတရုတ်နိုင်ငံကြီး၏ ဥပမာက မြန်မာနိုင်ငံအတွက် လေးစားအတုယူစရာဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း မတည်ငြိမ်မှုအခြေအနေများကြားမှ ကဏ္ဍစုံတွင် ကြိုးစားဖြေရှင်းနေရသည့် အခြေအနေဖြစ်သည်။

စိုက်ပျိုးထုတ်လုပ်မှုမှသည် GDP တိုးတက်ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှုနှင့် စီးပွားရေးကို အထောက်အကူပြုသည့် ပြည်ပတင်ပို့မှုအထိရည်မှန်း၍ ကြိုးစားဆောင်ရွက်နေမှု (Economic Contribution)၊ လုံလုံလောက်လောက် စိုက်ပျိုးထုတ်လုပ်ပြီး အာဟာရပြည့်ဝမှုနှင့် ပြည်တွင်းစားရေရိက္ခာဖူလုံမှု (Food security)၊ ကျေးလက်အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ပြီး တောင်သူများ အသက်မွေးဝမ်းကျောင်းအဆင်ပြေလာနိုင်မှု (Rural development) ၊ စိုက်ပျိုးမြေကို အသုံးချရာတွင် ဂေဟစနစ်ကို မထိခိုက်စေဘဲ သဘာဝပတ်ဝန်းကျင်ကိုပါ စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် (Environmental mana-gement)များအထိ ရည်မှန်းချက်များထားရှိပါသည်။ တရုတ်နိုင်ငံက စိုက်ပျိုးမွေးမြူရေးကို တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ထိုအချက်များတွင် အောင်မြင်မှုများရှိနေကြောင်း လေ့လာသိရှိရသည်။ ယခုလိုဆောင်ရွက်ရာ၌ AI စနစ်များ၊ သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများက ကောင်းစွာအထောက်အကူပြုနေကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ၌လည်း ရာသီဥတုများပြောင်းလဲလာမှု၊ ရေလိုအပ်ချက် များပြားလာမှု စသည့် အကြောင်းကြောင်းများကြောင့် လယ်ယာလုပ်ငန်းခွင်ကိုစွန့်ခွာပြီး လယ်ယာလုပ်သားရှားပါးလာ မှုပြဿနာများကို ကြိုးစားဖြေရှင်းနေရသည်။ လယ်ယာလုပ်သားရှားပါးမှုနှင့်ပတ်သက်၍ အဓိကအကြောင်းရင်းက မိမိလယ်ယာမြေကို စွန့်ခွာမှုက အဓိကအကြောင်းရင်းဖြစ်နေသည်။ မည်သည့် အတွက်ကြောင့် စွန့်ခွာကြသလဲ၊ မြို့ပြ/ နိုင်ငံရပ်ခြားသို့ အခြားအလုပ်အကိုင်များ ပြောင်းရွှေ့လုပ်ကိုင်ကြခြင်း၊ လယ်ယာခွင်အပေါ် စိတ်ဝင်စားမှုနည်းလာခြင်း၊ စိုက်ပျိုးရေရရှိမှုနှင့် စိုက်ပျိုးမြေအနေအထားများ ပြောင်းလဲလာခြင်း၊ ကျေးလက်အခြေခံအဆောက်အအုံများ လိုအပ်ချက်၊ ကျန်းမာရေး၊ ပညာရေးမှအစ အကျိုးအမြတ်အထိ အကြောင်းရင်းအမျိုးမျိုးရှိကြသည်။ ထို့ကြောင့် စက်မှုလယ်ယာကဏ္ဍမှ ခေတ်မီနည်းစနစ်များအထိ မည်ကဲ့သို့သွားသင့်သလဲ စသည့်အခြေအနေများကို ပြီးခဲ့သည့်နှစ်က ဖွံ့ဖြိုးမှုမဟာဘာသာရပ်သင်တန်းတက်ရောက်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ သုတေသနစာတမ်းတစ်ခုတွင် ဖော်ထုတ်ချက်များအရလည်း တစ်စိတ်တစ်ပိုင်း အကဲဖြတ်နိုင်ခဲ့သည်။

စွမ်းဆောင်ရည်နှင့် တိကျသေချာမှု အပိုင်းမှာ

ထိုအခြေအနေများအရနှင့် ကမ္ဘာ့တိုးတက်ပြောင်းလဲမှုများနှင့်အညီ AI ကို မြန်မာ့အနာဂတ်စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အားထားရန်သင့်သည့်အပြင် နည်းသစ်များကိုလည်း ဆက်လက်ရှာဖွေနေရမည်ဟုမြင်ပါသည်။ ရေတိုတွင် အခက်အခဲနှင့် စိန်ခေါ်မှုများရှိမှာ သေချာသော်လည်း ကျော်လွှားနိုင်သမျှကျော်လွှားကာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်ကြိုးစားပြီး ရေရှည်တွင် ဘက်စုံအကျိုးအမြတ်များအထိကြည့်၍ ထိရောက်အောင်ဆောင်ရွက်သင့်ပါသည်။ သွင်းအားစုများဖြစ်သည့် ရေ၊ မျိုးစေ့၊ မြေသြဇာကို အပိုအလိုမရှိ နည်းနိုင်သမျှနည်းအောင် AI အကူအညီဖြင့် စီမံခြင်းဖြင့် စွမ်းဆောင်ရည်ပိုကောင်းအောင်၊ ပို၍ တိကျသေချာစေအောင် ဆောင်ရွက်နိုင်သွားမည်လား စဉ်းစားရပါမည်။

စိုက်မြေစိုထိုင်းဆ၊ အာဟာရနှင့်ရာသီဥတုအခြေအနေကို AI က ခွဲခြမ်းစိတ်ဖြာပေးနိုင်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင် AI ကြောင့် စိုက်ပျိုးရေးသွင်းအားစုများကို လျှော့ချပေးပြီး သီးနှံအထွက်နှုန်းကို မြှင့်တင်ပေးနိုင်မလား၊ စိုက်ခင်း၌ မည်သည့် ပိုးမွှားများကျရောက်ပြီး မည်သည့်ရောဂါများဖြစ်နေသလဲ၊ ပိုးမွှားနှင့် သီးနှံရောဂါများအတွက် ကြိုတင်ကာကွယ်နိုင်မလား၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလည်း လျှော့ချပေးနိုင်မလား၊ မြန်မာတောင်သူများ၏ သမားရိုးကျ အတွေ့အကြုံများနှင့် ခေတ်မီနည်းစနစ်များကို ပေါင်းစပ်၍ စဉ်းစားဆောင်ရွက်နိုင်ကြလျှင် ပိုပြီးအောင်မြင်မှုရှိမည်ဟုလည်း ယူဆပါသည်။

ခေတ်ရေစီးကြောင်းအတိုင်း AI Application ထည့်သွင်းထားသည့် စမတ်ဖုန်းများဖြစ်လာကြသည်။ တရုတ်တောင်သူများက AI စမတ်ဖုန်းများဖြင့် စိုက်ခင်းသီးနှံပုံရိပ်များ ရိုက်ကူးပြီးရရှိလာသည့် သီးနှံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အကောင်းဆုံးအသုံးချကာ အကျိုးဖြစ်ထွန်း အောင်ဆောင်ရွက်ရာတွင် ထိပ်တန်းရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။ AI မှ ရရှိသည့် စိုက်ပျိုးရေးဆိုင်ရာ၊ ရာသီဥတုဆိုင်ရာအချက်အလက်များကြောင့် သီးနှံအထွက်နှုန်းကို ခန့်မှန်းလာနိုင်ကြသည့်အပြင် ရောင်းလိုအား၊ ဝယ်လိုအားစျေးကွက်အနေအထားမှအစ AI က တွက်ချက်ပေးနိုင်သည်ဟု သိရှိရသည်။ ရလဒ်ကစိုက်ပျိုးရေးလယ်ယာခွင်မှသည် စျေးကွက်နှင့် ထောက်ပံ့ရေးကွင်းဆက် (Supply chain ) ပိုမိုကောင်းမွန်အောင် ချိတ်ဆက်လာနိုင်ခြင်းပင်ဖြစ်သည်။

ရာသီဥတု သတင်းအချက်အလက်များကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်သည့် သီးနှံအမျိုးအစားကိုပင် ပြောင်းလဲစိုက်ပျိုးနိုင်ကြသည်။ တရုတ်စိုက်ပျိုးရေးကုမ္ပဏီများ၊ လယ်သမားအစုအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်လုပ်ငန်းရှင်များက AI အပြင် စိုက်ပျိုးရေးသုံးစက်ရုပ်၊ ဒရုန်းများမှရရှိသည့် ကိန်းဂဏန်း သတင်းအချက်အလက်များကိုပါ ပေါင်းစပ်သုံးစွဲနေကြကြောင်း လေ့လာသိရှိရပါသည်။ နောက်တစ်ချက်က တရုတ်နိုင်ငံ၏ ခေတ်မီလယ်ယာတော်လှန်ရေးမော်ဒယ်တွင် မပါမဖြစ်ပါရှိသည့်စနစ်တစ်ခုက Smart Irrigation ဟု ခေါ်သည့် ခေတ်မီရေသွင်းရေလောင်းစနစ်ဖြစ်သည်။ ဤစနစ်တွင် အလိုအလျောက်ရေကို စီမံခန့်ခွဲပြီးရေဖျန်းခြင်း၊ ရေသွင်းခြင်းအပြင် မြေထုစိုထိုင်းဆနှင့်ပါဝင်သည့် အာဟာရကို တိုင်းတာတွက်ချက်နိုင်သည့် စနစ်များပါဝင်သည်ဟု ဆိုပါသည်။

AI အသုံးပြု စိုက်ပျိုးရေးနယ်ပယ်၌ အထူးသဖြင့် မြန်မာ့လယ်ယာကဏ္ဍတွင် အခက်အခဲများ၊ စိန်ခေါ်မှုများက မလွဲမသွေရှိမည်မှာ သေချာပါသည်။ လျှပ်စစ်မီးနှင့် အင်တာနက်ရရှိမှုအနေအထား၊ တောင်သူအများစု ကြုံတွေ့ရမည့် ဒစ်ဂျစ်တယ်နှင့် AI နည်းပညာနှင့် အသစ်အဆန်း( Digital AI Literacy)၊ ရင်းနှီး မြှုပ်နှံမည့် ကုန်ကျစရိတ်ပမာဏ၊ ထိန်းသိမ်းစောင့်ရှောက်ရမှုစသည့် နယ်ပယ်များတွင်ဖြစ်သည်။ ထို့ပြင် AI တွင် ထည့်သွင်းထားသည့် Data များ မှန်ကန်မှုမရှိကထွက်လာသည့် အချက်အလက်များလည်း မှားယွင်းနိုင်သည်။

မည်သို့ဆိုစေ အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားရမည်သာဖြစ်သည်။ သို့သော် လက်ရှိ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်များအရနှင့် ရေရှည်အကျိုးဖြစ်ထွန်းမှု အလားအလာ၊ စဉ်ဆက်မပြတ် တည်တံ့ပြီး အနာဂတ်အလားအလာများအရ ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ရမည်ဟုသာ မြင်ပါသည်။ လယ်ယာလုပ်သားရှားပါးသည့် အခြေအနေတွင် အလုပ်သမားကုန်ကျစရိတ်နှင့် လုပ်အားခလျှော့ချလာနိုင်မည့်၊ စိုက်ပျိုးရေရှားပါးသည့် အခြေအနေ၌ ရေကိုချွေတာနိုင်မည့် အားသာချက်များကိုမြင်ရပါသည်။ မြေဆီလွှာပါဝင်မှုနှင့် အာဟာရကိုတွက်ချက်နိုင်ခြင်း၊ ရာသီဥတုကို ခန့်မှန်းနိုင်ခြင်းများကြောင့် သွင်းအားစုအရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် ပိုမိုအားကောင်းသွားစေမည်။

ထို့အပြင် မိမိတို့လက်ရှိနေထိုင်သည့် ကမ္ဘာမြေကြီးကိုလည်းပို၍ ကျန်းမာသန်စွမ်းသွားစေမည်။ စောင့်ကြည့်နှင့် ထိန်းချုပ်စနစ်အားသာချက်များကြောင့်လည်း သီးနှံဆုံးရှုံးမှုကို လျော့နည်းစေပြီး အထွက်နှုန်းတိုးစေသည့် မက်လုံးက လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့်အချက်များပင်ဖြစ်သည်။ သို့သော် AI စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သုတေသနများကိုမူ ဆက်လက်ပြုလုပ်ရမည်ဖြစ်သည်။ အချို့နေရာများတွင် Pilot project များဖြင့် အစပျိုးထားသင့်သည်။ တောင်သူများကို နည်းပညာကျွမ်းကျင်မှုသင်တန်းများ ပြုလုပ်ပေးရမည်။

နောက်ဆုံးဖြစ်သော်လည်း အရေးကြီးသော အချက်တစ်ခုကရှိပါသေးသည်။ ပြုပြင်ပြောင်းလဲမှု အသစ်အသစ်တိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် လိုအပ်သည်ဆိုသောအချက်ပင်။ အားလုံး၏ လိုလိုလားလား စိတ်ဝင်တစားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အောင်မြင်မှုတိုင်း၏ အဓိကအချက်တစ်ခုအဖြစ် ပါဝင်နေသောကြောင့်ဖြစ်ပါသည်။ ။