မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအလွန် - စိန်ခေါ်မှုများကို ကျော်လွှားပြီး တည်ငြိမ်အေးချမ်းမှုဆီသို့ (၄)
ကောင်းပြည့်
ထိုမျှမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာရင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေချမှတ်ပြီး ပြည်သူလူထုဘဝလုံခြုံရေးကို အလေးထားဆောင်ရွက်ပေးခဲ့ပါတယ်။
မဟာဗျူဟာမြောက် မဏ္ဍိုင်ကြီးသုံးရပ်ကို ချမှတ်ဆောင်ရွက်
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် သေဆုံးခဲ့ရသူ ၄၄၀ ကျော်အတွက် ငွေကျပ် ၄၄၇ ဒသမ ၁ သန်း၊ လူနေအိမ်ပျက်စီးမှုအတွက် ငွေကျပ် ၂၁ ဒသမ ၂ ဘီလီယံကျော်နဲ့ အခြားထောက်ပံ့ခြင်းတွေအဖြစ် ငွေကျပ် ၃၈ ဒသမ ၉ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လအတွင်းဖြစ်ပေါ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့နဲ့ အားကောင်းလာစေဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပေးမှုများနဲ့ လူမှုကာကွယ်ရေး (Humanitarian relief and social protection)၊ အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးပြန်လည်ရှင်သန်ခြင်း (Infrastructure reconstruction and economic revival) နဲ့ ကြံ့ကြံ့ခံပြီးခြုံငုံမှုရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ (Reform anchored in resilience and inclusivity) ဆိုတဲ့ မဟာဗျူဟာမြောက်မဏ္ဍိုင်ကြီးသုံးရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။
ဒီမဟာဗျူဟာတွေ ချမှတ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေက ငလျင်ဘေးအလွန်ကာလမှာ ဖြစ်ပေါ်လာမယ့် ပြည်တွင်း၊ ပြည်ပဈေးကွက်စီးပွားရေး အသစ်တွေ၊ နိုင်ငံ့စီးပွားရေး ပိုမိုကောင်းမွန်စေမယ့် အခွင့်အလမ်းတွေနဲ့ ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများကိုသိရှိနိုင်စေဖို့၊ မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေး အခင်းအကျင်းနဲ့ ပထဝီစီးပွားရေးအခွင့်အလမ်းတွေကို သိရှိအသုံးချပြီး ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို ဈေးကွက်ချဲ့ထွင်နိုင်ရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်းပေါင်းစည်းမြှင့်တင်နိုင်ဖို့တို့ ဖြစ်ပါတယ်။
နိုင်ငံတကာအဆင့် ညီလာခံတွေအောင်မြင်စွာကျင်းပနိုင်ခဲ့
မန္တလေးငလျင်ကြီးအတွက် ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ စုစုပေါင်းသုံးစွဲပြီးစီးငွေပမာဏက ငွေကျပ် ၂၆၄ ဒသမ ၆၅၆ ဘီလီယံဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှုကြောင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကလည်း သဘာဝဘေးအန္တရာယ်သတ်မှတ်ချက်မှာ အကျုံးဝင်တဲ့အတွက် နိုင်ငံတော်အနေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို တစ်ဦးငွေကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့ပါတယ်။
အုပ်ချုပ်ရေးယန္တရားချောမွေ့စေဖို့ ဗဟိုအစိုးရအဖွဲ့အစည်းတွေ၊ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ချောမွေ့စွာလည်ပတ်နိုင်ဖို့ ကြီးကြပ်ကွပ်ကဲခြင်း၊ နိုင်ငံ့ဝန်ထမ်းတွေ စနစ်တကျလုပ်ငန်းဆောင်ရွက်နိုင်ဖို့ ကြီးကြပ်ခြင်းနဲ့ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေးရထားလမ်း၊ လေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ပြီး စနစ်တကျလည်ပတ်စေခြင်းအပြင် ဆက်သွယ်ရေးကဏ္ဍ (အင်တာနက်၊ ဖုန်း) တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းနဲ့ ကွန်ရက်ချဲ့ထွင်ခြင်းတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ဝေဖန်မှုနဲ့ဖိအား ပေးမှုတွေကြားကပဲ နိုင်ငံတကာဆက်ဆံရေးကို အတိုင်းအတာတစ်ခုအထိ ကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေခြင်းနဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးရပ်လို ဆုံးဖြတ်ချက်အချို့ကို အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေးနဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားပေးဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့ပါဝင်ကာ နိုင်ငံရဲ့ရပ်တည်ချက်ကို ချပြနိုင်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအဆင့် ညီလာခံတွေကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့
နိုင်ငံတော်အကြီးအကဲအနေနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းရေးရာတွေအပြင် နိုင်ငံတကာဆက်ဆံရေးကိုလည်း အထူးအလေးထားဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ခြင်းဟာ နိုင်ငံရဲ့ နိုင်ငံတကာအဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ ၂၀၂၅ ခုနှစ် မတ်လက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်ဟာ ဒီဆက်ဆံရေးရဲ့ အထင်ရှားဆုံးသာဓကတစ်ခုဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ ရုရှားနိုင်ငံသမ္မတ H.E Vladimir Vladimirovich Putin အပါအဝင် ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E Mikhail Vladimirovich Mishustim ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu ၊ ရုရှား-အာဆီယံ စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်တဲ့အဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich တို့နဲ့ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာနဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက်ဆွေးနွေးနိုင်ခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ပညာရေးအရည်အချင်း သတ်မှတ်ချက်နဲ့ ပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများအပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်ခွန်ဆိုင်ရာကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနဲ့အားကစားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ခြင်းစာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာမှာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ငြိမ်းချမ်းသောရည်ရွယ်ချက်နဲ့ ပြင်ပအာကာသစူးစမ်းလေ့လာရေးနဲ့ အသုံးပြုမှုနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း)အပေါ် ဆွေးနွေးညှိနှိုင်းမှု အောင်မြင်စွာပြီးမြောက်ခြင်းနဲ့ စပ်လျဉ်းပြီး ပူးတွဲကြေညာချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်အပြီး တစ်ဆက်တည်းမှာ နိုင်ငံတော်အကြီးအကဲက ဘယ်လာရုစ်သမ္မတနိုင်ငံကိုလည်း သွားရောက်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချွန်လွှာများ၊ အားကစားကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနဲ့ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီလက်မှတ်ရေးထိုးမှုတွေဟာ မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။
နိုင်ငံရဲ့အကျိုးစီးပွားကို အစွမ်းကုန်မြှင့်တင်ဖို့ ရည်ရွယ်ထား
နိုင်ငံတော်အကြီးအကဲက ပြည်တွင်းတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားလုပ်ဆောင်နေသလို နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ရပ်တည်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ချဲ့ထွင်ဖို့အားထုတ်ခဲ့တယ်လို့ မြင်မိပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ နိုင်ငံရဲ့အနာဂတ်အတွက် အခြေခံကောင်းတွေဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲက နိုင်ငံရဲ့အကျိုးစီးပွားကို အစွမ်းကုန်မြှင့်တင်ဖို့ ရည်ရွယ်ထားပုံ ထင်ရှားလှပါတယ်။
ဒီလို လုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အခြေခံကောင်းတွေ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကဏ္ဍကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေသလို နိုင်ငံ့စီးပွားရေးနဲ့လူမှုရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့လို့ တိုးတက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ခြင်းတွေကို အဓိကလုပ်ငန်းစဉ်ကြီးအဖြစ် ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အောင်မြင် စေဖို့အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းတာနဲ့ တစ်ပြိုင်နက်လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးဖို့ ထပ်ကာတလဲလဲကြေညာထားပြီးဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ နိုင်ငံ့တာဝန်ကို စတင်တာဝန်ယူချိန်ကတည်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာဖြစ်ပေါ်ခဲ့တဲ့ မဲမသမာမှုများကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ်တွေက မဲစာရင်းတွေကို အသေးစိတ်စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိတဲ့ မဲမသမာမှု ဆိုင်ရာတွေ့ရှိချက်တွေကို ထုတ်ပြန်ကာတာဝန်ရှိသူများကိုလည်း ဥပဒေအတိုင်းအရေးယူခဲ့ကြောင်း သိရပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပျက်ယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်ရေးကြိုးပမ်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီလမ်းကြောင်း ပျက်ယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်ဟောင်းတွေကို ဖျက်သိမ်းပြီး အဖွဲ့ဝင်အသစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမဲစာရင်းတွေကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ် (ID) နဲ့ အိမ်ထောင်စုစာရင်းတွေကိုအခြေခံပြီး မဲဆန္ဒရှင်စာရင်းအသစ်ပြုစုခြင်းလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဥပဒေများပြင်ဆင်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းကာ ပါတီတွေအတွက် သတ်မှတ်စည်းကမ်းချက်တွေကို ချမှတ်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့အတွက် ဒေသအလိုက် ရွေးကောက်ပွဲကော်မတီငယ်တွေ ဖွဲ့စည်းခြင်းနဲ့ လေ့ကျင့်ပေးခြင်းလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
အချိုးကျကိုယ်စားပြုစနစ်ထည့်သွင်းကျင့်သုံးပါတီတွေနဲ့ သဘောထားချင်းဖလှယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည်မှတ်ပုံတင်ထားတဲ့ သို့မဟုတ် အသစ်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုတွေမှာ ရွေးကောက်ပွဲစနစ်၊ လုံခြုံရေးအခြေအနေနဲ့ နိုင်ငံရေးအနာဂတ်တို့နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး အချိုးကျကိုယ်စားပြုစနစ် (Proportional Representation, PR)ကိုလည်း ထည့်သွင်းကျင့်သုံးဖို့ စဉ်းစားနေမှုနဲ့ပတ်သက်လို့ ပါတီတွေနဲ့ သဘောထားချင်းဖလှယ်ခဲ့ကြပါတယ်။
အစောပိုင်းက ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့စီစဉ်ခဲ့ပေမယ့် နိုင်ငံရဲ့လက်ရှိလုံခြုံရေးအခြေအနေနဲ့ ပဋိပက္ခတွေကြောင့် အရေးပေါ်အခြေအနေကို ဆက်လက်သက်တမ်းတိုးခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်းလုံခြုံရေးအခြေအနေ တည်ငြိမ်မှုရှိတဲ့ဒေသတွေကို ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ကာလကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကျင်းပမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။