ပြန်လည်ဆောင်ကြဉ်းနိုင်ခဲ့တဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာ ထာဝရထွန်းလင်းတောက်ပစေဖို့ ….
နေမင်းသျှင်
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံတော်ကြီး အဆင့်အတန်းတစ်ခုဆီ တိုးတက်မြင့်မားသွားခဲ့တာကို သတိထားမိသူတွေ ရှိပါလိမ့်မယ်။ တချို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဘာမှမပြောင်းလဲသွားတာကြောင့် မထူးပါဘူးကွာလို့ပဲ ရှုမြင်မိကြမှာပါ။
ဒါတင်မက ဘာတွေတိုးတက်၊ ဘာတွေမြင့်မားသွားတာလဲလို့ ပြန်ပြီးမေးခွန်းထုတ်ချင်ကြမှာပါ။ ဒီအတွက်အဖြေကို ရှင်းရှင်း လင်းလင်းသိရအောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ ကျော်လောက်ကစပြီး ဒီကနေ့အချိန်အထိ ကမ္ဘာနဲ့ မြန်မာအကြောင်းကို နောက်ကြောင်းပြန် အကျဉ်းချုံးကြည့်ဖို့ လိုမယ်ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဟာ အတိတ်မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်ယှက်နွှယ်နေတာဖြစ်တဲ့အတွက် အတိတ်ကိုသိမှသာ ပစ္စုပ္ပန်ကို မှန်မှန်ကန်ကန် နားလည်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း “သမိုင်းကိုသင်တာ မအ အောင်လို့” ဆိုတဲ့ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ အဆိုအမိန့်ဟာ ထင်ရှားခဲ့တာပဲ မဟုတ်လား။
ကျွန်တော်တို့ အသက်အရွယ်တွေ ဖြတ်သန်းခဲ့ကြရတဲ့ ၂၀ ရာစုထဲမှာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်ခဲ့ဖူးတာ အားလုံးအသိပါ။ ကမ္ဘာ့ဒေသအနှံ့အပြား မြေပြင်၊ ရေပြင်၊ ဝေဟင်အားလုံးမှာ အရင်းအမြစ်အားလုံး ပုံအောသုံးစွဲပြီး မီးကုန်ယမ်းကုန်တိုက်ခိုက်ခဲ့ကြတဲ့ အဲဒီစစ်ပွဲကြီး နှစ်ကြိမ်စလုံးမှာ လူသားသန်းပေါင်းများစွာ သေကျေ၊ နောက်ထပ်သန်းပေါင်းများစွာ လူဖြစ်ရှုံးလောက်အောင် ဒဏ်ရာရ၊ နောက်ထပ်သန်းပေါင်းများစွာ မိသားစုဘဝတွေ ပျက်စီးခဲ့ကြရပါတယ်။ မြို့တွေ၊ ရွာတွေ၊ သမိုင်းဝင်အဆောက်အအုံတွေ၊ လူသားတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စစ်ပွဲကြီးတွေအတွင်းမှာ လူတွေဟာ တိရစ္ဆာန်တွေထက် ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ၊ လူ့ဂုဏ်သိက္ခာကင်းမဲ့စေတဲ့ လုပ်ရပ် တွေကို အံ့ဩထိတ်လန့်ဖွယ်ရာကောင်းလောက်အောင် အလွန်အကျွံ လုပ်ခဲ့ကြတာကိုလည်း တွေ့ခဲ့ကြရပါတယ်။
အရင်းစစ်တော့ အမြစ်မြေကဆိုသလို ကမ္ဘာနဲ့ချီပြီးဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ကြိမ်စလုံးဟာ အရင်းရှင်နယ်ချဲ့စနစ်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး စစ်မီးစတောက်ခဲ့တာကလည်း အနောက်ဥရောပနိုင်ငံတွေ မှာဖြစ်ပါတယ်။ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်ပြီးတဲ့နောက်မှာတော့ အရင်းရှင်စနစ်ဟာ ဈေးကွက်စီးပွားရေးစနစ်အဖြစ် အသွင်ပြောင်းသွား ခဲ့သလို ကမ္ဘာစစ်ကြီးတွေကို ဖန်တီးခဲ့ကြတဲ့ လက်သည်နိုင်ငံတွေကလည်း ဒီမိုကရေစီနဲ့ လစ်ဘရယ်ဝတ်ရုံကိုခြုံပြီး တစ်ချိန်က သူတို့ သံဖနောင့်အောက်မှာ နင်းပြားဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်တို့လို နိုင်ငံလေးတွေကို လူ့အခွင့်အရေးသင်ခန်းစာတွေ တစ်ခုပြီးတစ်ခု ပေးတဲ့သူတွေ ဖြစ်လာခဲ့ကြပါတယ်။
သူတို့လို အသားအရောင် ဖြူစပ်စပ်၊ နီစုပ်စုပ်မဟုတ်တဲ့ လူညို၊ လူဝါ၊ လူမည်းတွေကို လူဖြူတွေရဲ့ ဒုက္ခအိုး (Whiteman Burdan) လို့ ဆိုခဲ့တဲ့သူတွေက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလက်ချာတွေ ပေးခဲ့ကြသလို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု စတာတွေနဲ့လည်း ဟိုနိုင်ငံလက်ညှိုးထိုး၊ ဒီနိုင်ငံလက်ညှိုးထိုး လုပ်ခဲ့ကြပါတယ်။ အဲဒီလို စွပ်စွဲရုံမျှမကဘဲ အကျပ်ကိုင်တာ၊ ဖိနှိပ်တာ၊ ပိတ်ဆို့တာတွေကို အုံနဲ့ ကျင်းနဲ့ ဝိုင်းလုပ်ခဲ့ကြပါတယ်။
တကယ်တော့ အဲဒီလိုစွပ်စွဲတဲ့အမှုမျိုးတွေကို ပြီးခဲ့တဲ့ကမ္ဘာစစ်နဲ့ စစ်အေးကာလက ဒေသဆိုင်ရာစစ်ပွဲတွေမှာ သူတို့ နိုင်ငံတွေကိုယ်တိုင် က ကျူးလွန်ခဲ့ကြတာ အထင်အရှားပါ။ သူတို့ရဲ့ အတိတ်ကိုဖုံးကွယ်ဖို့၊ မှိန်ဖျောက်ဖို့အတွက် ပစ္စုပ္ပန်မှာ တရားခံရှာနေကြပုံမျိုးပါ၊ ဒါပေမဲ့လည်း သူတို့နဲ့ ဘက်တစ်ဖက်တည်းမှာရှိတဲ့နိုင်ငံမျိုး၊ တစ်နည်းအားဖြင့် သူ့လူတွေက ကျူးလွန်တဲ့ကိစ္စမျိုးတွေမှာတော့ မသိချင်ယောင်ဆောင် လွှတ်ပေးထားတဲ့အပြင် အကာအကွယ်ပါပေးတတ်တာကြောင့် သူတို့ဟာ မူတစ်ခုကို စံနှစ်မျိုးကျင့်သုံးသူတွေဖြစ်လာပြီး သူတို့ဦးဆောင်တဲ့ကမ္ဘာ့အစီအစဉ် (World Order) ကြီးကလည်း တစ်ဖက်စောင်းနင်း ဖြစ်လာပါတယ်။
နိုင်ငံကြီးငယ်ခွဲခြားမှုတွေရှိနေ
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် နယ်ချဲ့အင်ပါယာတွေ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတွေ အမြောက်အမြားပေါ်ထွက်လာတဲ့ ကမ္ဘာ့အခင်းအကျင်းကို စစ်နိုင် မဟာမိတ်နိုင်ငံတွေက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အချိန်မှာ ၂၀ ရာစု ထက်ဝက်ကျိုးပြီဖြစ်သလို နည်းပညာတိုးတက်မှုအရှိန်အဟုန် မြန်ဆန်လာတာနဲ့အမျှ နောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပျက်မယ့်အခြေအနေမျိုး ဖြစ်လာမှာကို စိုးရိမ်ကြတာကြောင့် ကမ္ဘာစစ်မဖြစ်အောင်တားဆီးရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံတကာပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ကြပါတယ်၊၊
ဘယ်လိုပဲကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့ကြစေကာမူ အဖွဲ့အစည်းယန္တရားကြီး လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေကို အများဆုံးစိုက်ထုတ်ပေးနိုင်တဲ့နိုင်ငံ၊ ကမကထလုပ်ပေးနိုင်တဲ့နိုင်ငံက အဖွဲ့ထဲမှာ ဦးဆောင်တဲ့နေရာကို ရခဲ့တာပါပဲ၊၊ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွှေတိဂုံဘုရားအလယ်ပစ္စယံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ “နိုင်ငံပေါင်းစုံ ကုလသမဂ္ဂ သည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစားခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြပေပြီ”လို့ ပါတာကို တွေ့ရတဲ့အတွက် ကုလသမဂ္ဂမှာ အဲဒီအချိန်ကတည်းက ခွဲခြားမှုတွေရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ဒွိဝင်ရိုးနဲ့ ဧကဝင်ရိုးကမ္ဘာ
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ၁၉၄၇ ခုနှစ်လောက်ကနေ ဘာလင်တံတိုင်းကြီးကို ဖြိုချလိုက်တဲ့ ၁၉၈၉ ခုနှစ်အထိ နှစ်ပေါင်း ၄၀ ကျော်လောက်ဟာ အရှေ့အုပ်စုနဲ့ အနောက်အုပ်စုတို့အကြား ဝါဒချင်းယှဉ်ပြိုင်၊ လက်နက်အပြိုင်တပ်ဆင်ခဲ့ကြတဲ့ စစ်အေးတိုက်ပွဲ ကာလပါ။ အဲဒီကာလ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ မဟာအင်အားကြီးနိုင်ငံ နှစ်နိုင်ငံဦးဆောင်တဲ့ အုပ်စုနှစ်စု အပြိုင်တည်ရှိနေတာဖြစ်တဲ့အတွက် ဒွိဝင်ရိုးကမ္ဘာလို့ ခေါ်ဆိုတာဖြစ်ပါတယ်၊၊ နိုင်ငံရေး၊ စီးပွား ရေးခေတ်နောက်ကျမှုနဲ့ လေးလံနှေးကွေးမှုတို့ကြောင့် စစ်အေးတိုက်ပွဲမှာ အရှေ့အုပ်စုနိုင်ငံတွေ အရေးနိမ့်ပြိုကွဲသွားခဲ့ကြပေမယ့် ၁၉၇၉ ခုနှစ်လောက်ကတည်းက အိုင်ဒီ ယော်လဂျီအပြောင်းအလဲလုပ်ပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့ ကွန်မြူနစ်သဘောတရားကို အောင်အောင်မြင်မြင် ပေါင်းစပ်ကျင့်သုံးနိုင်ခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အရှိန်အဟုန်မှန်မှန် ဖွံ့ဖြိုးတိုးတက်နေခဲ့ပါတယ်။
စစ်အေးတိုက်ပွဲအပြီး ကမ္ဘာမှာ တစ်ခုတည်းသော အင်အားကြီးနိုင်ငံက ဧကဝင်ရိုးကမ္ဘာအခင်းအကျင်းကို ဦးဆောင်နေချိန်မှာ အဲဒီအင်အားကြီးနိုင်ငံနဲ့ နောက်လိုက်နိုင်ငံတွေက ကမ္ဘာကြီးကို စိတ်ကြိုက်လိုသလိုပုံသွင်းဖို့ ကြိုးစားခဲ့ကြပါတယ်၊၊ ကုလသမဂ္ဂမှာလည်း အဖွဲ့ဝင်နိုင်ငံတွေကြား တန်းတူရည်တူရှိမှု၊ အချုပ်အခြာအာဏာကို အလေးထားမှုတွေ လျော့ပါးလာတာ၊ စံနှုန်းနှစ်မျိုးကျင့်သုံးလာတာ၊ ခွဲခြားဆက်ဆံတာ၊ အကျပ်ကိုင်ဖိအားပေးတာတွေ ထွန်းကားလာပြီး မူလအခြေခံတန်ဖိုးတွေ ပျောက်ဆုံးလာပါတယ်၊၊
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့မှာကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation-SCO summit 2025 Plus) ကို ပါဝင်တက်ရောက်ဆွေးနွေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆွေးနွေးပြောကြားချက်မှာပါတဲ့ “ယခုအခါ အင်အားကြီးနိုင်ငံအချို့သည် အခြားနိုင်ငံများ၏ ၎င်းတို့နှင့် လိုက်လျောညီထွေဖြစ်သည့် ဒီမိုကရေစီ နှင့်အညီ ရပ်တည်ဆောင်ရွက်နေမှု၊ ၎င်းတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့်အခြေအနေများကို ဥပေက္ခာပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စစ်ရေးဖိအားပေးမှုမျိုးစုံဖြင့် အနိုင်ကျင့်နေကြပါကြောင်း” ဆိုတဲ့အချက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ ကမ္ဘာ့အခြေအနေတွေကို ထင်ဟပ်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့အချက်အချာရွေ့လျားမှု
တကယ်တော့ ၂၁ ရာစုအဝင် ဂလိုဗယ်လိုက်ဇေးရှင်းဆိုတဲ့ ကမ္ဘာပြုမှု ဖြစ်စဉ်ကြီးနဲ့အတူ နောက်ထပ်အင်အားအသစ်တွေ ပေါ်လာတာ၊ ကမ္ဘာ့အချက်အချာ ရွေ့လျားသွားတာတွေဟာ ဧကဝင်ရိုးကမ္ဘာအခင်းအကျင်းကို ဈာန်လျှောသွားစေခဲ့တာပါ၊၊ အတုယူစရာကောင်းတာက ဂလိုဗယ်လိုက်ဇေးရှင်းဖြစ်စဉ်ကြီးကို အခွင့်အရေးတစ်ရပ်အဖြစ် အမိအရဖမ်းယူဆုပ်ကိုင်နိုင်ခဲ့တဲ့ နိုင်ငံတွေကတော့ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းမိတ်ဆွေရင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ ကျွန်တော်တို့နိုင်ငံထက် တစ်နှစ်နောက်ကျပြီး တရုတ်ပြည်သစ်ကိုတည်ထောင်ခဲ့ကြတဲ့ တရုတ်ခေါင်းဆောင်မျိုးဆက်တွေဟာ တရုတ်ပြည်ဟောင်းရဲ့ ကောင်းမွေ ဆိုးမွေတွေကိုဆက်ခံပြီး နိုင်ငံကို ပြန်လည်တည်ဆောက်ခဲ့ကြတာ ပါ။ တရုတ်ပြည်သစ်ရဲ့ သမိုင်းအစမှာ အတွေးအခေါ် အယူအဆ မှားယွင်းမှုတွေ၊ လုပ်နည်းလုပ်ဟန် မှားယွင်းမှုတွေ၊ တိမ်းပါးချွတ်ချော်မှု တွေရှိခဲ့ပေမယ့် တစ်ဆက်ပြီးတစ်ဆက် ဆက်ခံလာကြတဲ့ခေါင်းဆောင် မျိုးဆက်တွေက ဒီအပေါ်မှာ အပြစ်ပုံချတာမျိုး၊ နောက်ကြောင်းပြန်တာ မျိုးမလုပ်ဘဲ ဒါဟာ မလွဲမသွေကြုံတွေ့ရမယ့် ဖြစ်စဉ်၊ မှားယွင်းတတ်တဲ့ သဘာဝအဖြစ် ရှုမြင်ကြပြီး နောက်ထပ်မမှားအောင် သင်ခန်းစာယူကြ ပြုပြင်ခဲ့ကြပါတယ်။
နိုင်ငံနဲ့လူမျိုးအတွက် ထာဝရကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးတွေအဖြစ် မျိုးဆက်သစ် ခေါင်းဆောင်အဆက်ဆက်က နောက်လူတွေကို သင်ကြားပေးခဲ့ကြပြီး နိုင်ငံကို ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်လာအောင် အားထုတ်ကြိုးပမ်းအလုပ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အပြုသဘော စိတ်ဓာတ်တွေကိုသာ မွေးမြူပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပြည်သူတွေ တညီတညွတ်တည်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာအောင်၊ ဆယ်စုနှစ်တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် မြင့်လာအောင် တည်ဆောက် အောင်မြင်ခဲ့ကြတာဟာ ကျွန်တော်တို့ အားကျအတုယူစရာပါ။
ပါဝါရွှေ့ပြောင်းပြီ
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation- SCO SUMMIT 2025 Plus) ဟာ ကမ္ဘာကအလေးထားကြည့်ရှုခဲ့ကြရတဲ့ ထိပ်သီးအစည်းအဝေးတစ်ခုဖြစ်ပါတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဟာ သက်တမ်းအားဖြင့် ၂၅ နှစ်ရှိပြီဖြစ်ပြီး မူလအဖွဲ့ဝင် ၆ နိုင်ငံကနေ ၁၀ နိုင်ငံ၊ လေ့လာသူ ၂ နိုင်ငံနဲ့ ဆွေးနွေးဖက် ၁၅ နိုင်ငံ စုစုပေါင်း အသိုက်အဝန်းတစ်ခုလုံးအနေနဲ့ ၂၇ နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တာဖြစ်ပြီး တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာအောင် အဆိုပြု ထားသလို အဖွဲ့ဝင်နိုင်ငံတွေကလည်း လိုလားစွာ ထောက်ခံထားကြပါတယ်။
SCO SUMMIT 2025 Plus ဟာ ကျင်းပခဲ့ပြီးသမျှ ထိပ်သီးအစည်း အဝေးတွေထဲမှာ အကြီးမားဆုံး ထိပ်သီးအစည်းအဝေးဖြစ်ပြီး ဗဟုဝင်ရိုးကမ္ဘာရဲ့ အားအင်ပြည့်ဝတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် အနောက်အုပ်စုလွှမ်းမိုးချုပ်ကိုင်ခဲ့တဲ့ ဂလိုဘယ်ပါဝါရဲ့ရွှေ့ပြောင်းမှုကို ထင်ထင်ရှားရှားပြလိုက်တဲ့ အချက်ပြမှုဖြစ်တယ်လို့လည်း ပထဝီနိုင်ငံရေး လေ့လာသုံးသပ်သူတွေက ကျယ်ကျယ် ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းများ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းအဆိုပြုချက် ၅ ခု၊ Global Governance Initiative ၅ ချက်ကို တင်သွင်းခဲ့ကြောင်း -
ပထမအချက်မှာ နိုင်ငံတိုင်းသည် တန်းတူအခွင့်အရေးရှိကြောင်းကို အခြေခံ၍ ကမ္ဘာ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်သင့်သည်။
ဒုတိယအချက်မှာ ကမ္ဘာ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ၌ နိုင်ငံတကာဥပဒေသည် နိုင်ငံအားလုံးအပေါ်တွင် အညီအမျှစိုးမိုးရမည် ဟူသော အချက်ပေါ်တွင် အခြေခံသည်။
တတိယအချက်မှာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်သည် နိုင်ငံအများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှုအပေါ်တွင် အခြေခံ ထားသည်။
စတုတ္ထအချက်မှာ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်တွင် ပြည်သူကို ဗဟိုပြုချဉ်းကပ်သော နည်းလမ်းများအပေါ်တွင်အခြေခံထားသင့်သည်။
ပဉ္စမအချက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်သည် စစ်မှန်သောရလဒ်များပေါ်တွင်သာ အခြေခံထားသင့်သည်ဟု ပါရှိကြောင်း စက်တင်ဘာ ၁၂ ရက်က ကျင်းပတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တို့ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဆွေးနွေးချက် ၅ ချက်ဟာ မိမိတို့နဲ့ သဘောထားချင်း နီးစပ်ကိုက်ညီတဲ့အတွက် မိမိအနေဖြင့် ထောက်ခံဆွေးနွေးခဲ့ကြောင်း၊ ၎င်းအချက် ၅ ချက်ဟာ ကမ္ဘာမှာ လက်ရှိဖြစ်ပျက်နေတဲ့ဖြစ်စဉ်များနဲ့လည်း ကိုက်ညီမှုရှိကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့ပါတယ်။
တရုတ်သမ္မတက အဆိုပြုခဲ့တဲ့ GGI ၅ ချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြိုဆိုခဲ့တဲ့အကြောင်း ၎င်းရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်း ဒူဂျာရိခ်က စက်တင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း CGTN သတင်းတစ်ပုဒ်မှာ ဖတ်ရှုလိုက်ရပါတယ်။ ၂၁ ရာစုမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရမှာဖြစ်ကြောင်းနဲ့ အမြဲတမ်းပြည်သူကို ပထမထားရှိရမှာဖြစ်ကြောင်း ကိုလည်း ကုလသမဂ္ဂအကြီးအကဲက ပြောကြားခဲ့ကြောင်း အဲဒီသတင်း မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ပြန်လည်ရရှိခဲ့တဲ့ဂုဏ်သိက္ခာ
ဒီဆောင်းပါးရဲ့အစကို ပြန်ကောက်ရရင် SCO ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံ ဘာတွေရခဲ့သလဲဆိုတာ ပြောရမှာဖြစ်ပါတယ်။ SCO ထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံရရှိခဲ့တဲ့ အဖိုးတန်ဆုံးအရာကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို နိုင်ငံတကာက အသိအမှတ်ပြုလေးစားမှုဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ ဧကဝင်ရိုးကမ္ဘာအခင်းအကျင်းမှာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ပြည်သူတွေ ဆုံးရှုံးခဲ့ရတဲ့ အဖိုးတန်အရာတွေဖြစ်ပါတယ်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ လူတစ်ယောက်မှာ ဂုဏ်သိက္ခာအရေးကြီးသလို နိုင်ငံတစ်နိုင်ငံမှာလည်း နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာက အရေးကြီးပါတယ်။
နိုင်ငံတကာအလယ်မှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို မြောင်းထဲရောက် အောင်ပို့ခဲ့ကြသူတွေဟာ အပြင်ကလူတွေမဟုတ်ဘဲ အတွင်းက ထွက်သွားတဲ့လူတွေပါ။ အဓိကအားဖြင့် မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီး၊ မြန်မာနိုင်ငံမှာ ပညာသင်ခဲ့ကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံကို လိုရာပုံသွင်းလိုတဲ့ နိုင်ငံကြီးတွေ၊ မြန်မာ့မြေ၊ မြန်မာ့ပိုင်နက်ကို ထိပါးလိုတဲ့ နိုင်ငံတွေရဲ့လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံဖျက်ဆီးရေးအတွက် နောက်ကွယ် ကပေးတဲ့ အထောက်အပံ့တွေကိုယူ၊ အနောက်အုပ်စုက ပါလီမန်အမတ်တွေ၊ ကုလသမဂ္ဂယန္တရားထဲက လူပုဂ္ဂိုလ်တွေရဲ့ ဘောင်းဘီစ၊ စကတ်စကို နောက်က တကောက်ကောက်လိုက်ဆွဲပြီး အမိနိုင်ငံကို အိုးမဲသုတ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံကို ချောက်ထဲရောက်အောင် တွန်းချပြီး အောင်ပွဲခံလိုကြတဲ့အထိ အတ္တရော မိုက်လုံးပါ ကြီးကြသူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် ဧကဝင်ရိုးကမ္ဘာကို ခြယ်လှယ်နေကြသူတွေအကြိုက် အနောက်တိုင်း တီးလုံးနဲ့ လိုက်ကနေသူတွေလည်းဖြစ်ပါတယ်။
ရလဒ်အနေနဲ့ အနောက်အုပ်စုဦးဆောင်တဲ့ ဧကဝင်ရိုးကမ္ဘာအခင်းအကျင်းမှာ မြန်မာနိုင်ငံဟာ ဂုဏ်သိက္ခာပျောက်ဆုံးခဲ့ရပါတယ်။ ပျောက်ဆုံးတယ်ဆိုတာထက် ဆွဲယူလွှင့်ပစ်ခံခဲ့ရတာပါ။ နိုင်ငံတစ်နိုင်ငံအနေနဲ့ တန်းတူရည်တူ ဆက်ဆံခြင်းမခံရသလို အချုပ်အခြာအာဏာအပေါ် လေးစားမှုလည်း လျစ်လျူရှုခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိပြည်တွင်းရေး အခြေအနေမှန်တွေကို မျက်ကွယ်ပြုပြီး ဖိအား ပေးစေခိုင်းမှုတွေ၊ အရေးယူပိတ်ဆို့မှုတွေကို တခြားဘယ်နိုင်ငံတွေနဲ့မှ မတူအောင် ပြုမူလုပ်ဆောင်ခဲ့ကြပါတယ်။ ခြေတံလက်တံရှည်လှတဲ့ ဧကဝင်ရိုးကမ္ဘာရဲ့ အင်အားစုတွေဟာ ကုလသမဂ္ဂယန္တရားကို အသုံးချရုံမျှမက အာဆီယံလို ဒေသဆိုင်ရာ နိုင်ငံအဖွဲ့အစည်းအထိ သွေးခွဲစည်းရုံးပြီး မြန်မာနိုင်ငံကို ဘေးဖယ်ထားဖို့ သူတို့ ဩဇာမကင်းတဲ့နိုင်ငံတွေကတစ်ဆင့် လုပ်ခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်နိုင်ဖို့အတွက် အခက်အခဲအကျပ်အတည်းတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီး သူများထက် ပိုရုန်း ကန်ခဲ့ရပါတယ်။
မြန်မာနိုင်ငံကို ဝိုင်းပြီးဖိနှိပ်ခဲ့ကြတဲ့ထဲက မမေ့နိုင်စရာတစ်ခုကို ပြန်ပြောရရင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုလှိုင်း အမြင့်ဆုံးကာလကို ဝမ်းနည်းစရာအဖြစ် ပြန်ပြောရမှာပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစီအစဉ်နဲ့ တစ်ကမ္ဘာလုံးကို ဖြန့်ဝေခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာနိုင်ငံကို မပေးခဲ့ပါဘူး။ အကြိမ်ကြိမ်တောင်းခံပါလျက်နဲ့ မပေးခဲ့တာဟာ အံ့ဩဖွယ်ကောင်းလောက်အောင် ကျင့်ဝတ် ချိုးဖောက်မှု၊ ရက်စက်မှုဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပထမဦးဆုံးကူညီခဲ့တာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ ခံယူထားတဲ့ နိုင်ငံတော် အစိုးရအနေနဲ့ လိုအပ်တဲ့ကာကွယ်ဆေးတွေဝယ်ယူတာ၊ ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်းထုတ်လုပ်တာတွေကို ခွန်အားစိုက်ထုတ် လုပ်ဆောင်ခဲ့ပါတယ်။
ကျွန်တော်တို့တစ်နိုင်ငံလုံး ထိုးခဲ့ကြတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ ဒီကနေ့ SCO ထိပ်သီးနိုင်ငံကြီးတွေဖြစ်တဲ့၊ RIC လို့ အတိုကောက်ခေါ်ကြတဲ့ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့က ထုတ်လုပ်ပေးခဲ့ကြတဲ့ဆေးတွေဖြစ်ပါတယ်။ မှတ်မိသလောက်ပြောရရင် နိုင်ငံတော် အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (dose) ပေါင်း ၄၅ သန်းလောက်ဝယ်ယူပြီး နိုင်ငံသားတွေကို ကိုဗစ်-၁၉ ကူးစက်မှုကနေ ကာကွယ်ပေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အချိန် နောက်ကျပြီးမှ ကာကွယ်ဆေးနှစ်သန်းလောက်ကို သူတို့မပေးဘူးလို့ မဖြစ်ရအောင် ဝတ်ကျေတန်းကျေပေးခဲ့ပါတယ်။
ပိုမိုကောင်းမွန်ပြည့်စုံတဲ့ မြှင့်တင်မှု
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက် ခဲ့မှုအတွင်း SCO ထိပ်သီးအစည်းအဝေးနဲ့ တရုတ်ပြည်သူတွေရဲ့ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနား တက်ရောက်ခဲ့တာ၊ အခြားနိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် တရုတ်၊ အိန္ဒိယ၊ လာအိုနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကနေ မိမိတို့ရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးဖြစ်ထွန်းစေခဲ့တာနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ သတင်းမီဒီယာတွေနဲ့ ဖြေကြားချက်မှာ “မြန်မာနိုင်ငံအနေနဲ့က နိုင်ငံတကာမှာ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ၊ မြန်မာနိုင်ငံထဲမှာရှိတဲ့ စည်းလုံးညီညွတ်မှုမရှိတဲ့သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေအရ နိုင်ငံရေးအရ မြန်မာနိုင်ငံဟာ နိုင်ငံတကာရေးရာမှာ နည်းနည်း နောက်ကျနေတဲ့အခြေအနေမျိုးရှိတယ်။ ဒါယခင်ကတည်းကတိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ယခင်ရုရှားခရီးစဉ်တွေ၊ တရုတ်သမ္မတကြီးနဲ့ခရီးစဉ်မှာ မြှင့်တင်ပေးပါတယ်။ ခုဟာက ပိုပြီးတော့ကောင်းတဲ့မြှင့်တင်မှု၊ ပိုပြီးတော့ပြည့်စုံတဲ့မြှင့်တင်မှုလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည် ပြီး သိက္ခာရှိရှိရပ်တည်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်” လို့ ပါရှိခဲ့ ပါတယ်။
တစ်ချိန်တစ်ခါက ကမ္ဘာ့အစီအစဉ်ဟောင်းတစ်ခုမှာ မိမိတို့နိုင်ငံတော်နဲ့ နိုင်ငံသားတို့ ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံ့ဂုဏ်သိက္ခာဟာ ကမ္ဘာ့အစီအစဉ်သစ်မှာ နိုင်ငံ့အကြီးအကဲရဲ့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မိမိတို့ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။ သည့်ထက်ပိုပြီးလည်း နိုင်ငံနဲ့ပြည်သူတို့အတွက် မျှော်လင့်ချက်တွေ၊ အခွင့်အလမ်းတွေပါ အမြောက်အမြား သယ်ပိုးပါရှိခဲ့တာဖြစ်ပါတယ်။ မိမိတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာ ပြန်လည်တောက်ပလာစေဖို့၊ နိုင်ငံနဲ့ ပြည်သူတို့ရဲ့ မျှော်လင့်ချက်တွေ လက်တွေ့ဘဝမှာ အခိုင်အမာ ဖြစ်တည်အကောင်အထည်ပေါ်လာစေဖို့၊ အခွင့်အလမ်းတွေကို အကျိုးကျေးဇူးတွေဖြစ်လာအောင် ပြောင်းလဲဖို့ရာမှာ အစိုးရနဲ့ပြည်သူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့လိုသလို နိုင်ငံတစ်ဝန်းလုံးမှာ စည်းလုံးညီညွတ်ကြဖို့လိုပါတယ်။
ငါတို့အားလုံး မြန်မာဆိုတဲ့စိတ်ဓာတ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ တစ်ခုတည်းသောဦးတည်ချက်ကို တညီတညွတ်တည်း ဇွဲလုံ့လ ဝီရိယထက်သန်တက်ကြွစွာ အကောင်အထည်ဖော်ကြဖို့ လိုပါတယ်။ နိုင်ငံနဲ့လူမျိုး ပျက်သုဉ်းစေတဲ့အထိ အန္တရာယ်ရှိတဲ့ ပဋိပက္ခတွေ၊ ဝိရောဓိတွေ၊ ဆန့်ကျင်မှုတွေ၊ အဖျက်စိတ်ဓာတ်နဲ့ အဖျက်လုပ်ရပ် တွေကို စည်းလုံးမှု၊ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်မှု၊ အပြုသဘော ဆောင်တဲ့စိတ်ဓာတ်နဲ့ အပြုသဘောဆောင်ရွက်မှုတွေနဲ့ အစားထိုး နိုင်ကြရမှာလည်း ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပပြီး ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရနဲ့ ဒီမိုကရေစီရှေ့ခရီးကို ဆက်ကြရမှာဖြစ်လို့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းဖို့ နိုင်ငံသူ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်၊ အစိုးရအဖွဲ့တွေနဲ့ ပြည်သူတို့စုပေါင်းအားနဲ့ နိုင်ငံကို အင်အားခိုင်မာတောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ဝိုင်းဝန်းတည်ဆောက်ကြရမှာလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့အင်အားဟာ နိုင်ငံ့စီးပွားပေါ်မှာ အခြေစိုက်တာဖြစ်တဲ့အတွက် နိုင်ငံ့စီးပွားမြင့်မားအောင် အစိုးရရဲ့ ဦးဆောင်စီမံခန့်ခွဲမှု၊ ပြည်သူတွေရဲ့ ကာယ၊ ဉာဏ၊ လုံ့လ စိုက်ထုတ်မှုတွေနဲ့ ဦးလည်မသုန် ကြိုးပမ်းကြဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်၊၊ နိုင်ငံသားအားလုံး စည်းလုံး ညီညွတ်မယ်၊ နိုင်ငံသားတစ်ဦးချင်းစီတိုင်း စည်းကမ်းရှိကြမယ်၊ နိုင်ငံ့စီးပွား မြင့်မားအောင်စွမ်းဆောင်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့အားလုံး ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ကော့နိုင်ပြီလို့ ဆိုရမှာဖြစ်ကြောင်းပါ။ ။