မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအလွန် - စိန်ခေါ်မှုများကို ကျော်လွှားပြီး တည်ငြိမ်အေးချမ်းမှုဆီသို့ (၃)
ကောင်းပြည့်
နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဦးတည်ဆောင်ရွက်ကာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ကြိုတင်သတ်မှတ်ချက်မထားဘဲ လွတ်လပ်စွာ ပြောဆိုဆွေးနွေးကြဖို့ ဖိတ်ခေါ်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။
နိုင်ငံတော်အကြီးအကဲအနေနဲ့ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီဆိုတဲ့ ကော်မတီ သုံးရပ်ကိုဖွဲ့စည်းပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက် မှာ မူဝါဒငါးခု ချမှတ်ဆောင်ရွက်ခဲ့တာကို လေ့လာ တွေ့ရှိရပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေနဲ့ စတင်ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ခုနစ်ဖွဲ့၊ လက်မှတ်ရေးထိုး ထားခြင်းမရှိတဲ့အဖွဲ့သုံးဖွဲ့တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း ၁၁၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီတွေနဲ့ ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုအရ လာမယ့်လွှတ်တော်ကာလတွေမှာ အချို့ကိစ္စရပ်တွေကို လွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့အတွက် သဘောတူညီမှုဆွေးနွေးချက်တွေ ရရှိပြီးဖြစ်ကြောင်း သိရှိရပါတယ်။ အထွေထွေရွေးကောက်ပွဲကြီးပြီးဆုံးလို့ လွှတ်တော်ပေါ်ပေါက်လာတဲ့အခါ ဆက်လက်ဆောင်ရွက်ဖို့သာ လိုအပ်ပါတယ်။
ကနဦးကာလ ဘာတွေရင်ဆိုင်ခဲ့ရသလဲ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီကျင့်စဉ်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တပ်မတော်သားများ၊ အရပ်သားများ (တိုင်းရင်းသားလူမျိုးစုံအပါအဝင်) နဲ့ မျှတစွာ ဖွဲ့စည်းခဲ့ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်ကနေ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းရာမှာလည်း အရပ်ဘက်ပုဂ္ဂိုလ်တွေကိုသာ ဦးစီးလုပ်ဆောင်စေခဲ့ပါတယ်။
တာဝန်စယူစဉ်ကာလမှာ နိုင်ငံရေးထိုးနှက်မှုတွေနဲ့အတူ စီးပွားရေးခလောက်ဆန်မှုတွေကြောင့် ဘဏ်လုပ်ငန်းတွေ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ငွေထုတ်ယူမှု ကန့်သတ်ချက်တွေ၊ ATM တွေမှာ ငွေပြတ်လပ်မှုတွေ၊ အွန်လိုင်းဘဏ်စနစ်တွေ၊ မတည်မငြိမ်ဖြစ်မှုတွေကြောင့် ပြည်သူတွေ ငွေကြေးသုံးစွဲရာမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းတာ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းတာ၊ ကုန်သွယ်ရေး ထိခိုက် တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကလည်း စီးပွားရေးအခြေအနေကို ထိခိုက်နစ်နာစေခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ရရှိဖို့နဲ့ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတစ်ဝန်း ဆူပူအကြမ်းဖက်မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ အစိုးရအဆောက်အအုံတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ အများပြည်သူပိုင်ပစ္စည်းတွေကို ပြန်လည်ပြုပြင်ခြင်း၊ လုံခြုံရေးတိုးမြှင့်ခြင်းတွေ ဆောင်ရွက်ခဲ့ရပါတယ်။
ဒါ့အပြင် ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့၊ ငွေကြေးလည်ပတ်မှု ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးတာ၊ ငွေကြေးမူဝါဒတွေကို ပြန်လည်ထိန်းညှိတာ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ လိုအပ်မှုတွေ ပံ့ပိုးပေးတာတွေကို ဆောင်ရွက်ခဲ့ရပါတယ်။ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ဖို့၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဖိတ်ခေါ်ဖို့တို့ကိုလည်း အားထုတ် ဆောင်ရွက်ခဲ့ရပါတယ်။
ပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာ အကြီးအကျယ်ထိခိုက်ခဲ့ရမှုအပေါ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပညာရေးစနစ် ပုံမှန်လည်ပတ်နိုင်ရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြည်သူတွေ အလွယ်တကူရရှိနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရပါတယ်။ Disloyal Civil Servant (DCS) လှုပ်ရှားမှု ကြောင့် ရပ်ဆိုင်းခဲ့တဲ့ ဝန်ဆောင်မှုတွေကို ပြန်လည်စတင်နိုင်ဖို့ ဝန်ထမ်းအင်အားဖြည့်တင်းခြင်းနဲ့ လိုအပ်တဲ့အထောက်အပံ့ပေးခြင်းတွေ လုပ်ဆောင်ခဲ့ရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်သွယ်ရေးပြတ်တောက်မှုနဲ့ အခြေခံအဆောက်အအုံပျက်စီးခဲ့မှုအပေါ် ဆက် သွယ်ရေးလိုင်းတွေ ပြန်လည်ပြုပြင်ခြင်း၊ အင်တာနက်ဝန်ဆောင်မှုတွေ ပြန်လည်ကောင်းမွန်စေဖို့ ဆောင်ရွက်ခြင်းနဲ့ လမ်းပန်းဆက်သွယ်ရေးကွန်ရက်တွေ ပြန်လည်တည်ဆောက်ခြင်းတွေကို လုပ်ဆောင်ခဲ့ရပါတယ်။ အထူးသဖြင့် ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အဲဒီကာလအခြေအနေကို နိုင်ငံတကာရဲ့ နားလည်မှုရယူနိုင်ဖို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတကာဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဖို့အတွက်လည်း သံတမန်ရေးရာဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ရပါတယ်။ ဒေသတွင်းနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းတွေထားရှိပြီး နိုင်ငံတော်ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ရပါတယ်။
ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေလုပ်ခဲ့သလဲ
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပြီး လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ပါတယ်။ လူဦးရေ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်က လယ်ယာ၊ သားငါး၊ သစ်တောနဲ့ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ကြတာကို လေ့လာတွေ့ရှိရပါတယ်။ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ပညာရေးအသင့်အတင့်သာရှိတာမို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို နည်းစနစ်တကျလုပ်ဆောင်ဖို့ ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံ့စီးပွားတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ဖို့အတွက် နယ်ပယ်အသီးသီးမှ လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရတယ်ဆိုတာ မြင်နိုင်ပါတယ်။
ဒါ့အပြင် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်နဲ့ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးတို့ကို အဓိကထား အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီရည်မှန်းချက်တွေဟာ နိုင်ငံရေရှည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ စက်မှုကဏ္ဍနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်ရာကော်မရှင်တွေကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒါတွေက စိုက်ပျိုးရေးနဲ့မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်တို့ ဖြစ်ပါတယ်။
စားရေရိက္ခာဖူလုံရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို အထူးအလေး ထားလျက်ရှိပါတယ်။ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးရာသီအတွင်း မိုးစပါးဧက ၁၄ ဒသမ ၈ သန်းကျော်၊ နွေစပါး ဧက ၂ ဒသမ ၀၉ သန်းကျော်၊ ပြောင်းမျိုးစုံ ဧက ၂ ဒသမ ၁ သန်းကျော်၊ ဆီထွက်သီးနှံ ၃ ဒသမ ၂ သန်းကျော်နဲ့ ပဲမျိုးစုံ သုံးသန်းကျော် စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ပြည်ပကနေ စားသုံးဆီ နှစ်စဉ် ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး တင်သွင်းနေရတာကို ၂၀၂၆ ခုနှစ်မှာ လျှော့ချဖို့ စီမံဆောင်ရွက်နေပါတယ်။ ဆီထွက်နှုန်းကောင်းတဲ့ နှမ်းနဲ့နေကြာ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းဆီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ မွေးမြူရေးနဲ့ပတ်သက်လို့လည်း ဒေသထွက်ကုန်ကြမ်းတွေကို အသုံးပြုပြီး အောင်မြင်တဲ့ မွေးမြူရေးလုပ်ငန်းတွေဖြစ်အောင် ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှစလို့ ကုန်သွယ်မှုမြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအထိ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ MSME လုပ်ငန်းတွေကို ၂၀၂၂ ခုနှစ်မှစလို့ နိုင်ငံအနှံ့ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ကုန်ကြမ်းရရှိရေး၊ တန်ဖိုးမြင့်ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ပြည်ပတင်ပို့ရေး၊ သွင်းအားစုနဲ့ဘဏ္ဍာငွေအကူအညီပေးရေး၊ လူသားအရင်းအမြစ်များ ရရှိရေးတို့ကို အားပေးခဲ့ပါတယ်။ ဆက်လက်ပြီးလည်း အားပေးလျက်ရှိပါတယ်။
ပြည်တွင်းပြည်ပ ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် မူဝါဒတွေချမှတ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ ကြိုးပမ်းခြင်း၊ စီးပွားရေးဇုန်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ကုန်သွယ်မှုလိုငွေကို လျှော့ချဖို့ ကြိုးပမ်းခြင်းနဲ့ ဒေသတွင်းကုန်သွယ်မှုကွန်ရက်များ ချဲ့ထွင်ခြင်း တွေကိုလည်း အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ခြင်းနဲ့ ငွေကြေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းတို့ကိုလည်း ဗဟိုဘဏ်ရဲ့ မူဝါဒတွေကို ကြီးကြပ်ခြင်းဖြင့် ဆောင်ရွက်ခဲ့ပါတယ်။
GDP တိုးတက်မှုနှုန်းကို ကြည့်မယ်ဆိုရင် ၂၀၂၀-၂၀၂၁ ခုနှစ်မှာ (-) ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လတာကာလမှာ (+) ၂ ဒသမ ၄ ရာခိုင်နှုန်းကို တက်လာခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ၃ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေး တိုးတက်မှုရရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။
ဒါတွေသာမက ပြည်သူလူထု လူမှုဘဝမြှင့်တင်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးစီမံခန့်ခွဲမှုနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်ကောင်းမွန်ရေးတွေကိုလည်း အလေးထားဆောင်ရွက်ပေးခဲ့ပါတယ်။ ပညာရေးကဏ္ဍမှာ နိုင်ငံတစ်ဝန်းရှိ ပညာရေးစနစ်ကို စီမံခန့်ခွဲခြင်း၊ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခြင်း၊ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ခြင်း၊ ဆရာ ဆရာမ ခန့်အပ်ခြင်းနဲ့ ပညာရေးအရည်အသွေးမြှင့်တင်ဖို့ ကြိုးပမ်းခြင်းတို့အပြင် နည်းပညာနဲ့ သက်မွေးပညာကဏ္ဍကို အားပေးခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ခွင့်ရရှိရေးနဲ့ ပညာရေးဆုံးခန်းတိုင်စေရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအနေနဲ့ ဆေးရုံ၊ ဆေးခန်းများ လည်ပတ်ရေး ကြီးကြပ်ခြင်း၊ ကပ်ရောဂါများ (ဥပမာ- ကိုဗစ် - ၁၉) ထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် ဆောင်ရွက်ခြင်းတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ လုပ်ငန်းခွင်တည်ငြိမ်ရေးတို့ကို အဓိကဆောင်ရွက်နေပါတယ်။ ‘‘ဆေးရုံရှိရင် ဆရာဝန်ရှိရမယ်’’ဆိုတဲ့ မူဝါဒနဲ့ ဆေးရုံတွေ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံအားလုံးမှာ ဆရာဝန်ရှိစေရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ ။