စနစ်သစ်နှင့် ရွေးကောက်ပွဲဆီသို့ (၃)
မဲဆန္ဒရှင်တစ်ဦး
နိဒါန်း
ရွေးကောက်ပွဲများတွင် ဥပဒေနှင့်အညီမဲပေးခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့်အခွင့်အရေးဖြစ်သလို ဒီမိုကရေစီအခြေခံအခွင့်အရေးလည်းဖြစ်ပါသည်။ ဤအခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က)၊ ပုဒ်မ ၃၆၉ (က) နှင့် ပုဒ်မ ၃၉၅ တို့တွင် ပြဋ္ဌာန်းပေးထားပါသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်အလိုက် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။
စနစ်သစ်နှင့်ရွေးကောက်ပွဲ
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ပြည်သူ့လွှတ်တော်အတွက်ယခင်အတိုင်း FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက် FPTP စနစ်နှင့် PR စနစ်ကို ပေါင်းစပ်ထားသည့် MMP စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ MMP စနစ်ဆိုသည်မှာ ရောနှောထားသည့်စနစ်များအုပ်စုတွင်ပါဝင်သည့် ရွေးကောက်ပွဲစနစ်တစ်မျိုးဖြစ်ပါသည်။ မတူညီသော ရွေးကောက်ပွဲစနစ်နှစ်မျိုးကို ကျင့်သုံးခြင်းဖြစ်သည်။ သာမန်အားဖြင့် ဗဟုအများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြစ်သည်။ အဓိကအားဖြင့် FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ပြီးမဲဆန္ဒနယ်နှင့် ရွေးကောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ခွဲခြား၍ ကျင့်သုံးခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲစနစ်နှစ်မျိုး ပေါင်းစပ်ကျင့်သုံးမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းခြင်း လုပ်ငန်းစဉ်လည်း အနည်းငယ်ကွဲပြားသွားမည် ဖြစ်ပါသည်။
လွှတ်တော်မဲဆန္ဒနယ်များ
ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် FPTP မဲဆန္ဒနယ် ၃၃၀ နယ်မှ ကိုယ်စားလှယ် ၃၃၀၊ အမျိုးသားလွှတ်တော်အတွက် FPTP မဲဆန္ဒနယ် ၈၄ နယ်မှ ကိုယ်စားလှယ် ၈၄ ဦးနှင့် PR မဲဆန္ဒနယ် ၂၄ နယ်မှ ကိုယ်စားလှယ် ၈၄ ဦး၊ တိုင်းဒေသကြီး လွှတ်တော်/ ပြည်နယ်လွှတ်တော်များအတွက် FPTP မဲဆန္ဒနယ် ၃၂၂ နယ်မှ ကိုယ်စားလှယ် ၃၂၂ ဦး၊ PR မဲဆန္ဒနယ် ၄၂ နယ်မှ ကိုယ်စားလှယ် ၃၂၂ ဦးနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်မှ ကိုယ်စားလှယ် ၂၉ ဦး စုစုပေါင်းမဲဆန္ဒနယ် ၈၃၃ နယ်မှ ကိုယ်စားလှယ် ၁၁၇၁ ဦး ရွေးကောက်တင်မြှောက်မည်ဖြစ်ပါသည်။ (တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မဲဆန္ဒနယ်စာရင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်စာရင်းကို ဇယားဖြင့် ဖော်ပြထားပါသည်။)
လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းကိုက်ညီရန်လို
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၅ တွင် ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်းပျက်ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၆၉ တို့နှင့် ယင်းပုဒ်မများကဆင်းသက်သည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ ပါ အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ နှင့် ယင်းပုဒ်မက ဆင်းသက်သည့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းသူမဖြစ်ရန်လည်း လိုအပ်သည်။ ထို့အပြင် လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသည့် အရည်အချင်းပျက်ယွင်းသူ မဖြစ်ရန်လည်းအရေးကြီးသည်။ မတရားအသင်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ သောင်းကျန်းသူအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များနှင့် အဆက်အသွယ်ရှိနေသူများမပါစေရန် သတိပြုစိစစ်ရပါမည်။
သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် အမည်ပါဝင်ရန်လို
လွှတ်တော်ရွေးကောက်ပွဲဥပဒေများကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ ပြဋ္ဌာန်းချက် ပုဒ်မ ၈ တွင် အချက် ၃ ချက် ထပ်မံဖြည့်စွက်ထားကြောင်း သတိပြုရပါမည်။
ပုဒ်မ ၈(က) (၃) အရ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မိမိရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်၏ မဲစာရင်းတွင်အမည်ပါဝင်ရန် လိုအပ်သည်။ ရည်ရွယ်ချက်နှင့် အနှစ်သာရမှာ မဲဆန္ဒနယ်တွင် နေထိုင်သူဖြစ်ပြီး ဒေသအကျိုးကို နီးနီးကပ်ကပ်ဆောင်ရွက်ပေးနိုင်ရန်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မိမိမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များနှင့်အတူတကွ မဲပေးနိုင်မည့်အခွင့်အရေးလည်းဖြစ်သည်။
MMP စနစ်အရ လွှတ်တော်အလိုက် မဲဆန္ဒနယ်အမျိုးအစားနှစ်မျိုးရှိသည်။ ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရမည့် FPTP မဲဆန္ဒနယ်များနှင့် တစ်ဦးထက်ပိုသော ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရမည့် PR မဲဆန္ဒနယ်များဖြစ်သည်။ မဲဆန္ဒနယ်များ၏ ပုံသဏ္ဌာန်သုံးမျိုးရှိသည်။ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်သတ်မှတ်သည့်ပုံစံ၊ တစ်ဆက်တစ်စပ်တည်းရှိသော မြို့နယ်များကိုစုစည်း၍ မဲဆန္ဒနယ်တစ်နယ် သတ်မှတ်သည့်ပုံစံ၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ် သတ်မှတ်သည့်ပုံစံတို့ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ယခင်ကတည်းက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ဖြင့် မဲဆန္ဒနယ်အတွင်းရှိ မြို့နယ်တစ်ခုခုတွင် နေထိုင်သူဖြစ်ပါက မူလကတည်းက မဲစာရင်းတွင် ပါဝင်ပြီးဖြစ်ပါမည်။ မဲဆန္ဒနယ်ပြင်ပ အခြားမြို့နယ်မှ ပုဂ္ဂိုလ်ဖြစ်ပါက လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းမတင်သွင်းမီ လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံစံ (၆၆/၆) ပြောင်းရွှေ့ပြီး မဲစာရင်းတွင် ပါဝင်အောင် အချိန်မီဆောင်ရွက်သွားရန် လိုအပ်သည်။ မဲစာရင်းတွင်ပါဝင်ကြောင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၏ ထောက်ခံချက်ကို အမည်စာရင်းတင်သွင်းလွှာပုံစံ(၆)တွင် ရယူထား ရန်လည်းလိုအပ်သည်။
အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူဖြစ်ရမည်
ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဂ)အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် အနိမ့်ဆုံးပညာအရည်အချင်း အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူဖြစ်ရပါမည်။ ရှင်းလင်းချက်- အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်သူဆိုသည်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခြင်း မရှိသော်လည်း အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်အားလုံးကို သင်ယူပြီးမြောက်ခဲ့သူကို ဆိုပါသည်။ ဤပြဋ္ဌာန်းချက်နှင့် တိုက်ဆိုင်နေသူဖြစ်ပါက သက်ဆိုင်ရာ ကျောင်း/ဌာန၏ ထောက်ခံချက် သို့မဟုတ် အခြေခံပညာအထက်တန်းဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်တင်ပြရန်လိုအပ်သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ တက္ကသိုလ်အတန်းတစ်ခုခုတွင် တက်ရောက် နေသူများ/ တက်ရောက်ဖူးသူများ၊ အစိုးရအသိအမှတ်ပြု တက္ကသိုလ်/ကောလိပ်မှဘွဲ့ရသူများအတွက် မိမိ၏ပညာအရည်အချင်း လက်မှတ်တစ်ခုခုတင်ပြရန် လိုအပ်ပါသည်။
နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ
ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ)အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့်ပေးရန်တာဝန်များ ကင်းရှင်းသူဖြစ်ရန်လိုပါသည်။ အထူးသတိပြုရန် လိုအပ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်လောင်းကိုယ်တိုင်က နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံချက် ပူးတွဲတင်ပြရပါမည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစိစစ်ချိန်တွင် ဤပုဒ်မနှင့် ငြိစွန်းကြောင်း ကန့်ကွက်ခံရပြီး မှန်ကန်ပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းသွားမည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးမှ ဤပုဒ်မနှင့် ငြိစွန်းကြောင်း တိုင်ကြားခံရလျှင်လည်း ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် စစ်ဆေးချိန်တွင် မှန်ကန်ကြောင်း ပေါ်ပေါက်ပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်ရှိမည် မဟုတ်ကြောင်း သတိချပ်စေလိုပါသည်။
အမည်စာရင်းတင်သွင်းရမည့် သတ်မှတ်နေ့ရက်
မဲဆန္ဒနယ်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင်တင်သွင်းနိုင်သည့်ရက်မှာ ၈-၉-၂၀၂၅ ရက်နေ့ဖြစ်ပြီး နောက်ဆုံးတင်သွင်းရမည့်နေ့ရက်မှာ ၁၇-၉-၂၀၂၅ ရက်နေ့ အထိ ၁၀ ရက်ဖြစ်ပါသည်။ အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့်နောက်ဆုံးနေ့ရက်မှာ ၁၂-၉-၂၀၂၅ ရက်နေ့ဖြစ်ပါသည်။ PR မဲဆန္ဒနယ်များအတွက် အမည်စာရင်းရုပ်သိမ်းပါက ပြန်လည်အစားထိုးတင်သွင်းရမည့်ရက်မှာ ၁၃-၉-၂၀၂၅ ရက်နေ့မှ ၁၇-၉-၂၀၂၅ ရက်နေ့အထိ ဖြစ်ပါသည်။
ကော်မရှင်က သတ်မှတ်ကြေညာလိုက်သည့်ရက်အတွင်း ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းအတွက် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် တရားရုံးများကို ရုံးပိတ်ရက်တွင်ပါ ဖွင့်လှစ်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အမည်စာရင်းတင်သွင်းရမည့် ကော်မရှင်အဖွဲ့ခွဲများ
ပြည်သူ့လွှတ်တော် FPTP မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် မဲဆန္ဒနယ်နှင့်သက်ဆိုင်သည့် ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းရမည်။
အမျိုးသားလွှတ်တော် FPTP နှင့် PR မဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းရပါမည်။ အထူးသတိပြုရန်မှာ FPTP မဲဆန္ဒနယ်တွင် ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများသည် ယင်း FPTP မဲဆန္ဒနယ်အကျုံးဝင်သည့် PR မဲဆန္ဒနယ်အတွက်လည်း ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်အရေအတွက်အတိုင်း တစ်ဆက်တည်း အမည်စာရင်းတင်သွင်းရပါမည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတစ်ခုစီအတွက် FPTP မဲဆန္ဒနယ်တစ်နယ်စီ သီးခြားပါဝင်ပြီး ယင်း FPTP မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသရရှိထားသည့် တိုင်းရင်းသားလူမျိုးများဖြစ်သင့်ပါသည်။
တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် FPTP နှင့် PR မဲဆန္ဒနယ်များအတွက် ကော်မရှင်က သတ်မှတ်ပေးသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင် အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းရပါမည်။ အမျိုးသားလွှတ်တော်နည်းတူ FPTP မဲဆန္ဒနယ်နှင့် PR မဲဆန္ဒနယ်များအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အမည်စာရင်းတင်သွင်းရပါသည်။ တိုင်းရင်းသားလူမျိုး FPTP မဲဆန္ဒနယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲတွင် အမည်စာရင်းတင်သွင်းရပါမည်။
ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ ခရိုင်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းအရ မူလခရိုင်များအပြင် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသည့် ခရိုင်အသစ်များလည်း ပေါ်ပေါက်လာပါသည်။ ခရိုင်များတိုးချဲ့ဖွဲ့စည်း လိုက်သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများ သတ်မှတ်ချက်အားကော်မရှင်က ၂၆-၈-၂၀၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများသို့ အသိပေးအကြောင်းကြားစာပေးပို့ခဲ့ပါသည်။ ကော်မရှင်က သတ်မှတ်သည့်ခရိုင်များတွင် ကိုယ်စားလှယ်လောင်းအမည်စာရင်းများ တင်သွင်းရမည်ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် ကော်မရှင်က သတ်မှတ်ကြေညာလိုက်သည့် မဲဆန္ဒနယ်အားလုံးအတွက် တင်သွင်းနိုင်မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်ခြင်းမှာ ဆန္ဒမဲပေးရမည့်ရက်ကိုသာ ခွဲခြားသတ်မှတ်ခြင်းဖြစ်ပြီး အပိုင်း(၁) ရွေးကောက်ပွဲရက်မတိုင်မီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စုံလင်အောင် ဆောင်ရွက်ထားရခြင်းဖြစ်ပါသည်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းသည် အမည်စာရင်းတင်သွင်းလွှာပုံစံ (၆) မူရင်းနှစ်စောင်နှင့်အတူ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) မိတ္တူတစ်စောင်၊ ကော်မရှင်က သတ်မှတ်သည့် ကိုယ်ရေးမှတ်တမ်း မူရင်းနှစ်စောင်၊ ရွေးကောက်ပွဲဝင်ခွင့်အတွက် ပေးသွင်းငွေငါးသိန်းပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းမူရင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်တစ်ဦး ခန့်အပ်ခြင်းအတွက် ကိုယ်တိုင်ဆောင်ရွက်ပါက ခန့်စာပုံစံ (၇) နှစ်စောင် သို့မဟုတ် အခြားသူတစ်ဦးဦးအား ခန့်အပ်ပါကပုံစံ (၇-က) နှစ်စောင်၊ ပညာအရည်အချင်းအတွက် ထောက်ခံချက်/လက်မှတ်၊ အခွန်ကင်းရှင်းကြောင်း သက်ဆိုင်ရာအခွန်ဦးစီးမှူးရုံး ထောက်ခံချက်၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း ပါတီဌာနချုပ်၏ ထောက်ခံချက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဖြစ်ပါက မိမိအသုံးပြုမည့် သင်္ကေတအမှတ်အသား Hard Copy နှင့် Soft Copy တို့ကို ပူးတွဲတင်ပြရပါမည်။
လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀ (က) အရ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် အခြားသူတစ်ဦးဦးကို ခန့်အပ်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းများနှင့် ပြည့်စုံသူကိုသာ ခန့်အပ်ရန်သတိပြုရပါမည်။ အမည် စာရင်းတင်သွင်းလွှာ စိစစ်ချိန်တွင် ရွေးကောက်ပွဲကိုယ်စားလှယ်ကန့်ကွက်ခံရပါက ဖြေရှင်းနိုင်ရန်နှင့် အငြင်းမပွားရစေရန် ရွေးကောက်ပွဲကိုယ်စားလှယ်အတွက်လည်း အထောက်အထား၊ စာရွက်စာတမ်းများ ရယူထားရန်လိုပါသည်။
အမည်စာရင်းတင်သွင်းလွှာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မြို့နယ်တရားသူကြီး အဆင့်ထက်မနိမ့်သော တရားသူကြီးတစ်ဦးဦး ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြောင်း တရားသူကြီးက ထပ်ဆင့်လက်မှတ်ရေးထိုး၍ ရုံးတံဆိပ်ရိုက်နှိပ်ပေးရမည်။ အမည်စာရင်းတင်သွင်းလွှာနှင့် ကိုယ်ရေးမှတ်တမ်းတွင် လိမ်လည်ဖြည့်သွင်းထားကြောင်း သို့မဟုတ် ပူးတွဲပါရှိရမည့် စာရွက်စာတမ်းများကို အတုပြုလုပ်၍ တင်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပါက ပုဒ်မ ၈၈-က အရ တရားစွဲဆို ခံရနိုင်ပါသည်။
MMP စနစ်အရ PR မဲဆန္ဒနယ်အတွက် အမည်စာရင်းတင်သွင်းခြင်း
လွှတ်တော် ၃ ရပ် FPTP မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရာတွင် ကိုယ်စားလှယ်လောင်းကိုယ်တိုင်ဖြစ်စေ၊ ယင်း၏ကိုယ်စားဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ သတ်မှတ်ထားသည့် ကော်မရှင်အဖွဲ့ခွဲတွင် တင်သွင်းရပါမည်။
အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် PR မဲဆန္ဒနယ်အတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းကို ပါတီကဖြစ်စေ၊ ပါတီကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးကဖြစ်စေ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွင် တင်သွင်းရပါမည်။ ဤနေရာတွင် MMP စနစ်အရ FPTP နှင့် PR စနစ်ကို ချိတ်ဆက်ထားခြင်းဖြစ်သဖြင့် FPTP မဲဆန္ဒနယ် (အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ FPTP မဲဆန္ဒနယ် ခြောက်နယ်မပါ) တွင် ပါတီကိုယ်စားပြု ကိုယ်စား လှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပါတီများက ယင်း FPTP မဲဆန္ဒနယ်အကျုံးဝင်သည့် PR မဲဆန္ဒနယ်အတွက်လည်း ရွေးကောက်ရမည့် ကိုယ်စားလှယ်အရေအတွက်အတိုင်း တစ်ဆက်တည်း အမည်စာရင်းတင်သွင်းရန်ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်းအရေအတွက် လျော့ပေါ့တင်သွင်း၍မရပါ။ MMP စနစ်အတွက် အဓိကအချက်ဖြစ်ပါသည်။ PR မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း နှင့်အတူ ပါတီဌာနချုပ်က PR မဲဆန္ဒနယ် တစ်နယ်စီအတွက် ကိုယ်စားလှယ်လောင်း ဦးစားပေးအစဉ်လိုက် အမည်စာရင်းကို ကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ Closed List PR စနစ်အရ တင်ပြရပါမည်။
FPTP မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းကရရှိသည့် ဆန္ဒမဲကို PR မဲဆန္ဒနယ်အတွက် ပါတီကရရှိသည့် ဆန္ဒမဲအဖြစ် စုစည်းတွက်ချက်သွားမည်ဖြစ်ပါသည်။ PR မဲဆန္ဒနယ်အတွက် ပါတီအသီးသီးက စုစည်းရရှိသည့် ဆန္ဒမဲများအပေါ် မူတည်ပြီး ပါတီအများသိပြီးဖြစ်သော ရိုးရှင်းလွယ်ကူသည့် Closed List PR စနစ်၊ အနည်းဆုံးရရှိရမည့်အခြေခံမဲ Hare Quota တွက်နည်း၊ ကြွင်းကျန်မဲအများဆုံးနည်းလမ်း (The Largest Remainder Method) တို့ဖြင့် ပါတီအချိုးကျ PR ကိုယ်စားလှယ်များကို ဥပဒေအတိုင်း တွက်ချက်သွားမည်ဖြစ်ပါသည်။
ထိုသို့ တွက်ချက်ရာတွင် PR မဲဆန္ဒနယ်များသည် ပါတီအချိုးကျကိုယ်စားလှယ်များအတွက် သတ်မှတ်ခြင်းဖြစ်သဖြင့် FPTP မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလများရရှိသော ခိုင်လုံမဲများကို PR မဲဆန္ဒနယ်တွင် ထည့်သွင်းတွက်ချက်ခြင်းမပြုကြောင်း သိရှိထားရန်လိုပါသည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်သုံးရပ်စလုံးအတွက် FPTP မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးရှိမည်ဖြစ်ပါသည်။
ကိုယ်စားလှယ်လောင်း ဦးစားပေး အစဉ်လိုက်အမည်စာရင်းဆိုသည်မှာ
PR မဲဆန္ဒနယ် တစ်နယ်ချင်းစီအတွက် ပါတီဌာနချုပ်က ကိုယ်စားလှယ်လောင်းဦးစားပေး အစဉ်လိုက် အမည်စာရင်းကို ကော်မရှင်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ နည်းဥပဒေ ၁၈ အရ ပုံစံ (၆-၁) မူရင်းဖြင့်တင်ပြရပါမည်။ Closed List PR စနစ်အရ ဖြစ်ပါသည်။ ထိုအမည်စာရင်းသည် ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမည့် လွှတ်တော်သက်တမ်းအတွင်း အသက်ဝင်နေမည်ဖြစ်သည်။ PR မဲဆန္ဒနယ်တွင် ပါတီတစ်ခုမှ ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ် အကြောင်းတစ်စုံတစ်ရာကြောင့် လစ်လပ်ပါက ထိုအမည်စာရင်းပါ ဦးစားပေးအစီအစဉ်အတိုင်း အစဉ်လိုက် အစားထိုးဖြည့်စွက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာပေးရမည့် လုပ်ထုံးလုပ်နည်းအရ ဖြစ်ပါသည်။ အထူးသတိပြုရန်မှာ ထိုအမည်စာရင်းတွင် ကျန်ရှိနေသော လွှတ်တော်ကိုယ်စား လှယ်လောင်းများသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်း မပျက်ယွင်းရန် လိုအပ်ပါသည်။
အမည်စာရင်းတင်သွင်းလွှာရုပ်သိမ်းခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာရုပ်သိမ်းလိုပါက FPTP မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းက ပုံစံ (၉) ဖြင့်လည်းကောင်း၊ PR မဲဆန္ဒနယ်အတွက် သက်ဆိုင်ရာပါတီက ပုံစံ (၉-က) ဖြင့်လည်းကောင်း အမည်စာရင်းတင်သွင်းခဲ့သည့် ကော်မရှင်အဖွဲ့ခွဲသို့ ၁၂-၉-၂၀၂၅ ရက်နေ့အတွင်း တင်ပြရပါမည်။ ထိုနေ့ကျော်လွန်ပါက ရုပ်သိမ်းခွင့်မရှိတော့ပါ။ PR မဲဆန္ဒနယ်အတွက် အမည်စာရင်းတင်သွင်းလွှာ ရုပ်သိမ်းခြင်းဖြစ်ပါက သက်ဆိုင်ရာပါတီက အစားထိုးပြန်လည်တင်သွင်းခြင်းကို ၁၃-၉-၂၀၂၅ ရက် နေ့မှ ၁၈-၉-၂၀၂၅ ရက်နေ့အတွင်း ဆောင်ရွက်ရပါမည်။
အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်း
သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းကို ၁၈-၉-၂၀၂၅ ရက်နေ့မှ ၄-၁၀-၂၀၂၅ ရက်နေ့အတွင်းဆောင်ရွက်ပါမည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိမိ၏အမည်စာရင်းတင်သွင်းလွှာ စိစစ်မည့်နေ့ရက်ကို အမည်စာရင်းတင်သွင်းခဲ့သည့် ကော်မရှင်အဖွဲ့ခွဲတွင် စုံစမ်းထားရန် လိုအပ်ပါသည်။ ကော်မရှင်အဖွဲ့ခွဲကလည်း အသိပေးကြေညာထားမည်ဖြစ်ပါသည်။ စိစစ်ရန်သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်နှင့်နေရာသို့ အောက်ပါပုဂ္ဂိုလ်များ လာရောက်ခွင့်ရှိပါသည်-
(က) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊
(ခ) သက်ဆိုင်ရာ ရွေးကောက်ပွဲကိုယ်စား လှယ်များ၊
(ဂ) လွှတ်တော် ကိုယ်စားလှယ်လောင်း အသီးသီးက ဤကိစ္စအလို့ငှာစာဖြင့် တာဝန်လွှဲအပ်ထားသူ၊
(ဃ) ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲကို ကူညီရန်အတွက် ယင်းအဖွဲ့ခွဲက တာဝန်ပေးအပ်ခြင်းခံရသူများ၊
(င) သက်ဆိုင်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ။
အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ချိန်တွင် ကော်မရှင်အဖွဲ့ခွဲက စိစစ်တွေ့ရှိ၍ဖြစ်စေ၊ ယှဉ်ပြိုင်အရွေးခံသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးကဖြစ်စေ၊ လုံလောက်သော အထောက်အထားတင်ပြ၍ ကန့်ကွက်ပါက ကန့်ကွက်ချက်ကို စုံစမ်းစစ်ဆေးရသည်။ မှန်ကန်ကြောင်း ခိုင်လုံသောအထောက်အထား စစ်ဆေးတွေ့ရှိရပါက အမည်စာရင်းတင်သွင်းလွှာ အပယ်ခံရနိုင်ပါသည်။
ကော်မရှင်အဖွဲ့ခွဲသည် သတ်မှတ်ထားသောနေ့တွင် အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်ရပါသည်။ ကန့်ကွက်ချက်ရှိလျှင် ထိုကန့်ကွက်ချက်အပေါ် စုံစမ်းစစ်ဆေးခြင်းနှင့် အမိန့်ချမှတ်ခြင်းကို ခုနစ်ရက်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရသည်။
အယူခံဝင်ခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ခွဲ၏ အမိန့်ကို မကျေနပ်လျှင် အမိန့်ချမှတ်သည့်ရက်မှစ၍ ခုနစ်ရက်အတွင်း အယူခံနိုင်သည်။ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအတွက်ဖြစ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသို့ အယူခံတင်သွင်းရပါမည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက်ဖြစ်ပါက ကော်မရှင်သို့ အယူခံတင်သွင်းရပါမည်။ အယူခံလွှာများကို လိုအပ်သလိုစိစစ်ပြီး အယူခံလွှာရရှိသည့်ရက်မှ ခုနစ်ရက်အတွင်းသင့်လျော်သောအမိန့်ကို ချမှတ်ရမည်ဖြစ်ပါသည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာခြင်း
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများစိစစ်ပြီးပါက ကော်မရှင်က သတ်မှတ်သည့်နေ့ရက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာချက်ကို FPTP မဲဆန္ဒနယ်များအတွက် ပုံစံ (၁၀)တွင် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို အက္ခရာစဉ်အလိုက်ပြုစု၍လည်းကောင်း၊ PR မဲဆန္ဒနယ်များအတွက် ပုံစံ (၁၀-က) တွင် ပါတီအမည်နှင့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း အမည်တို့ကို အက္ခရာစဉ်အလိုက်ပြုစု၍လည်းကောင်း ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကြေညာပေးသွားမည် ဖြစ်ပါသည်။ FPTP ကိုယ်စားလှယ် လောင်းကိုသာ မဲပေးရသည့်စနစ်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာချက်ပုံစံ (၁၀) တွင် ပါရှိသည့်အစီအစဉ်အတိုင်း ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် အီလက်ထရောနစ်မဲပေးစက်၏ ဆန္ဒပြုစက် (Ballot Unit)တွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းဖြစ်စေ၊ မဲရုံတွင် အီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဖြစ်စေ မဲဆန္ဒရှင်က နှစ်သက်ရာကိုယ်စားလှယ်လောင်းကို တစ်ကြိမ်သာ ဆန္ဒပြုမဲပေးရမည်ဖြစ်ပါသည်။
နိဂုံး
သို့ဖြစ်ပါ၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံရမည့်အပြင် အရည်အချင်းပျက်ယွင်းသူမဖြစ်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ဥပဒေအရဆောင်ရွက်ရမည့် တာဝန်များရှိသလို ဥပဒေကပေးအပ်ထားသည့် အခွင့်အရေးများလည်း ရှိပါသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းခြင်း လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို သိရှိနားလည်ထားရန်လည်း လိုအပ်ပါသည်။ ရွေးကောက်ပွဲကြီး အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထောက်အကူပြုနိုင်ရန် လေ့လာမိသမျှ ရေးသားတင်ပြလိုက်ရပါသည်။ ။