Skip to main content

ရွေးကောက်ပွဲနှင့် နိုင်ငံသားတစ်ဦးရဲ့တာဝန်

မောင်ကမ္ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များကို ဩဂုတ်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ယခုတစ်ကြိမ်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ ယခင်မူလမဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)အပြင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂၆ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၄၂ နယ်တို့မှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ထည့်သွင်းကျင်းပထားခြင်းဖြစ်ပါတယ်။

မဲပေးရာမှာ မှန်ကန်လွယ်ကူမဲမသမာမှုများမဖြစ်

ဒါ့အပြင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေမဲပေးရာမှာ မှန်ကန်လွယ်ကူစေဖို့နဲ့ မဲမသမာမှုများမဖြစ်ပွားစေဖို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုမဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးခြင်းဖြင့် မဲရုံပိတ်သိမ်းချိန်မှာ အရင်ကလိုမဲလက်မှတ်တွေကို ထုတ်ယူရေတွက်မှုမျိုးမဟုတ်ဘဲ မဲပေးသူအရေအတွက်နဲ့ ပါတီအလိုက်မဲရလဒ်အရေအတွက်ပါတဲ့ မဲရလဒ်စာရွက်ကို မဲပေးစက်ကနေ ပရင့်ထုတ်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းထွက်လာမှာဖြစ်တဲ့အတွက် အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျတဲ့မဲရလဒ်များရရှိနိုင်ခြင်းစတဲ့ အားသာချက်တွေရှိတယ်လို့ သိရပါတယ်။

MEVM မဲပေးစက်နဲ့မဲပေးပြီး ပရင့်ထုတ်လိုက်တာနဲ့ မဲရလဒ်က တန်းထွက်လာမှာဖြစ်ပြီး ပါတီအလိုက် မဲရလဒ်၊ ပရင့်ထုတ်တဲ့အချိန် နာရီအတိအကျအပြင် မဲပေးစက်၊ မဲပုံး၊ ထိန်းချုပ်စက်တွေမှာပါတဲ့ စက်နံပါတ်တွေအတိအကျနဲ့ မဲရလဒ်စာရွက်က ထွက်လာမှာဖြစ်ပါတယ်။ မဲလက်မှတ်တွေကို မဲရလဒ်အပေါ် ကန့်ကွက်လွှာတင်လာတဲ့ အချိန်မျိုးမှအပ အရင်ကလိုမဲလက်မှတ်တွေကို ဖွင့်ဖောက်ရေတွက်စရာမလိုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၄ ရက်က ကျင်းပတဲ့ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ပတ်သက်ပြီး သတင်းမီဒီယာများကို ရှင်းလင်းပြသခြင်းနဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားမှာ ပြောကြားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာအသုံးပြု

E-Voting စနစ်ကို အာဂျင်တီးနား၊ ဘရာဇီး၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဗင်နီဇွဲလားစတဲ့နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှာအသုံးပြုလျက်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီနိုင်ငံတွေမှာ အသုံးပြုလျက်ရှိတဲ့ အီလက်ထရောနစ်မဲပေးစက်တွေကိုလေ့လာပြီး မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ စာတတ်မြောက်မှုနှုန်း၊ နားလည်မှုအခြေအနေတို့နဲ့ အကိုက်ညီဆုံးဖြစ်တဲ့ဒီဇိုင်းကို တီထွင်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

MEVM မဲပေးစက်နဲ့ မဲပေးတဲ့အခါမှာ မဲပေးမယ့် မဲဆန္ဒရှင်ဟာ လျှို့ဝှက်မဲပေးစနစ်နဲ့သာ မဲပေးရမှာဖြစ်ပြီး အရင်မဲလက်မှတ်တွေလို ပယ်မဲမရှိနိုင်ကြောင်း သိရပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုပဲလို

မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကတော့ စနစ်တကျခြေလှမ်းမှန်မှန်နဲ့ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်နေတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ မြန်မာ့မြေမှာ ဒီမိုကရေစီစနစ်ခိုင်မြဲရေးအတွက် အရွေ့တစ်ခုဖြစ်တဲ့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ပြီးမြောက်အောင်မြင်နိုင်ဖို့ ဒီမိုကရေစီစနစ်ကိုမြတ်နိုးတဲ့၊ လိုလားတဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့ အရေးပါလှတဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုပဲ လိုပါတော့တယ်။

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ပါလီမန်(လွှတ်တော်)ရှိရပါမယ်။ လွှတ်တော်မှာပြည်သူတွေက ပြည်သူ့ဆန္ဒနဲ့ရွေးကောက်တင်မြှောက်လိုက်တဲ့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေရှိရပါမယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်နိုင်မယ့်ရွေးကောက်ပွဲတွေရှိရပါမယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေရှိရပါမယ်။ ပါတီကိုယ်စားပြုနိုင်ငံရေးသမားနဲ့ တစ်သီးပုဂ္ဂလနိုင်ငံရေးသမားတွေက ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေးခံကြရပါမယ်။

ဒါမှသာ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ယူခြင်း၊ လွှတ်တော်ကို စနစ်တကျလွှဲပြောင်းခြင်းနဲ့ လွှတ်တော်အသစ်က လွှတ်တော်အစည်းအဝေးကျင်းပပြီး အနိုင်ရပါတီက နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ယင်းမှတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ခြင်း၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ဆက်လက်ဖွဲ့စည်းခြင်းတွေကို အစီအစဉ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းလမ်းပိုကျ

ဒါကြောင့်မို့ ဒီမိုကရေစီစနစ်မှာ တိုင်းရေးပြည်မှုတွေကို စီမံခန့်ခွဲမယ့်ပြည်သူ့ကိုယ်စားလှယ်တွေကို အသည်းကြားမှမဲပြားကိုထုတ်ပြီး ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ကြမယ့် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါလှပါတယ်။

မဲဆန္ဒရှင်တွေရဲ့အခန်းကဏ္ဍက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးရုံနဲ့တာဝန်ကျေပြီ၊ ပြီးဆုံးပြီလို့လည်း ဆိုလိုမရပါဘူး။ နိုင်ငံတော်ရဲ့ ရှေ့အနာဂတ်အတွက် လူတော်လူကောင်း၊ လူကောင်းလူမွန် လူရည်ချွန်များကို သေချာစိစစ်ရွေးချယ် တာဝန်ပေးအပ်နိုင်မှသာ မဲဆန္ဒရှင်တစ်ဦးရဲ့ တာဝန်ပြီးမြောက်မှာဖြစ်ပါတယ်။

ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေရဲ့အခန်းကဏ္ဍကို မျက်ကွယ်ပြုထားလို့မရပါဘူး။ တိုင်းပြည်ရဲ့အကောင်းအဆိုး၊ အနိမ့်အမြင့်၊ အတက်အကျဟာ မိမိရွေးကောက်တင်မြှောက်လိုက်တဲ့ နိုင်ငံရေးသမားတွေရဲ့လက်ထဲမှာ တည်ရှိနေလို့ပဲဖြစ်ပါတယ်။

ဒီမိုကရေစီ သက်တမ်းရင့်နိုင်ငံကြီးတွေက မဲဆန္ဒရှင်အများစုကတော့ တိုင်းပြည်ပြည်ပြု၊ တိုင်းရေးပြည်မှုလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုပြီး စီမံခန့်ခွဲကြမယ့်ပုဂ္ဂိုလ်တွေဟာ သာမန်လူအဆင့်ထက်ပိုပြီး ကိုယ်ရည်ကိုယ်သွေးပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အကျင့်စရိုက်ပိုင်းမှာ ကောင်းမွန်သူဖြစ်ရမယ်ဆိုတဲ့ စံနှုန်းတွေသတ်မှတ်လေ့ရှိပါတယ်။

သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်းအိန္ဒိယသမ္မတနိုင်ငံမှ မြို့နေမဲဆန္ဒရှင်အချို့ကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ခန့်ကကောက်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံရေး လောကအရည်အသွေးမြှင့်တင်ရေးနဲ့ပတ်သက်တဲ့ စစ်တမ်းတစ်ခုမှာ ၎င်းတို့ဆန္ဒမဲပေးသူကိုယ်စားလှယ်ဟာ သန့်ရှင်းတဲ့ပုံရိပ်ရှိရမယ်၊ ပညာတတ်ဖြစ်ရမယ်၊ ရာဇဝတ်ပြစ်မှုနောက်ကြောင်းမရှိသူဖြစ်ရမယ်လို့ သဘောထားမှတ်ချက်ပြုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံမှ မဲဆန္ဒရှင်အချို့ကတော့ နိုင်ငံရေးပါတီတစ်ခုကိုကြိုက်ခြင်း၊ မကြိုက်ခြင်းအပေါ် မဲဆန္ဒပေးခြင်းထက် မဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်းကိုကြိုက်ခြင်း၊ မကြိုက်ခြင်းက ပိုပြီးအဓိကကျတယ်လို့ ယူဆလေ့ရှိကြတယ်။ နိုင်ငံရေးပါတီ မူဝါဒထက်အမတ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီးဆုံးဖြတ်ခြင်းက ဒီမိုကရေစီနည်းလမ်းပိုကျတယ်လို့ ယုံကြည်ကြတယ်။

ဝင်စတန်ချာချီကတော့ “နိုင်ငံရေးသမားဆိုတာ မနက်ဖြန်ဘာဖြစ်မလဲ၊ နောက်အပတ်၊ နောက်လ ဘာဖြစ်မလဲ၊ နောင်နှစ်ဘာဖြစ်မလဲ ကြိုတင်ပြောနိုင်စွမ်းရှိရတယ်။ ဒါ့အပြင် နောက်ပိုင်းမှာလည်း ဘာကြောင့်သူပြောခဲ့တာတွေ ဖြစ်မလာတာလဲဆိုတာကိုလည်း ရှင်းလင်းနိုင်စွမ်းရှိရတယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးပညာရှင်တစ်ဦးကတော့ “လူထုနဲ့ဆက်ဆံရာမှာ နိုင်ငံရေးသမားဟာ ရိုးသားမှုရှိဖို့လိုတယ်။ အခက်အခဲတွေကို စောစောစီးစီးကြိုပြောထားရမယ်။ အခက်အခဲတွေကို ကျော်လွှားဖို့ ဘယ်လောက်ကြာကြာ အချိန်ယူရနိုင်တယ်ဆိုတာကိုလည်း ကြိုတင်အစီရင်ခံထားရမယ်”လို့ ဆိုပါတယ်။

လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်တင်မြှောက်ဖို့လို

ဒါကြောင့်မို့ ဒီမိုကရေစီသက်တမ်းရင့် နိုင်ငံကြီးတွေက နိုင်ငံရေးသမားအများစုဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးနဲ့ဆက်စပ် တဲ့ပညာရပ်များကို စာတွေ့ကိုယ်တွေ့ တစိုက်မတ်မတ်လေ့လာဆည်းပူးကြတယ်။ မဲဆန္ဒရှင်ပြည်သူတွေ ယုံကြည်ကိုးစားလောက်တဲ့ အရည်အချင်းတွေ၊ စံနှုန်းတွေ မိမိမှာအထိုက်အလျောက်ရှိပြီလို့ စိတ်ချယုံကြည်ရတော့မှ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြပါတယ်။

ဒီမိုကရေစီသက်တမ်းနုနယ်သေးတဲ့ နိုင်ငံအချို့က မဲဆန္ဒရှင်တွေကတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲအလမ်းတွေနဲ့ ရွေးကောက်ပွဲကို ချဉ်းကပ်ရွေးချယ်လေ့ရှိပါတယ်။ မိမိတို့နေထိုင်ရာ မဲဆန္ဒနယ်မှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ပဲစွမ်းဆောင်နိုင်သည်ဖြစ်စေ၊ သင့်တော်သည်ဖြစ်စေ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေနဲ့ ဥပေက္ခာပြုမေ့လျော့နေတတ်ပါတယ်။

တစ်ချိန်က ဂျပန်နိုင်ငံမှာဆိုရင် ဂျပန်ဒိုင်းယက်လွှတ်တော်မှာ အနားယူသွားခဲ့တဲ့ အမတ်ဟောင်းကြီးတွေရဲ့ သားသမီးမျိုးဆက်အမတ်တွေ၊ ဝန်ကြီးချုပ်တွေနေရာရလာခဲ့လို့ ဂျပန်မှာ အမွေခံနိုင်ငံရေးသမားတွေ ကြီးစိုးနေတယ်လို့ သတင်းစာဆရာတစ်ဦးက ဝေဖန်ရေးသားခဲ့ဖူးပါတယ်။

သို့ဖြင့် လာမယ့်ဒီဇင်ဘာမှာကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ် တောင့်တင်းခိုင်မာရေးအတွက် မပျက်မကွက် ပါဝင်မဲဆန္ဒပေးဖို့လိုအပ်ရုံမက အရည်အချင်းပြည့်ဝတဲ့ လူကောင်းလူမွန် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း ဆန္ဒာဂတိ၊ ဘယာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိဆိုတဲ့ အဂတိတရား လေးပါးကင်းရှင်းစွာနဲ့ လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်တင်မြှောက်ဖို့လိုအပ်ပါတယ်။ သို့မှသာ နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ။