Skip to main content

အဖျက်သမားစိတ် အဖျက်သမားလုပ်ရပ် …

ကိုငြိမ်း

ဩဂုတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါထင်ရှားတဲ့ ဂုတ်ထိပ်တံတားကြီးကို TNLA အဖွဲ့က မိုင်းထောင်ဖောက်ခွဲလိုက်တယ်ဆိုတဲ့သတင်းကြောင့် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ကျွန်တော်အလွန်ပဲစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဂုတ်ထိပ်တံတားကြီးဆိုတာက နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိတဲ့ တံတားကြီးတစ်စင်းပါ။ ဒီတံတားကြီးတည်ဆောက်ချိန်၊ စတင်အသုံးချချိန်တွေကို သိမီလိုက်တဲ့သူတွေ အခုဆိုမရှိကြတော့ပါဘူး။

တံတားကြီးဟာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိရုံသာမကပါဘူး၊ ပေ ၃၀၀ ကျော် မတ်စောက်တဲ့ လျှိုကြီးနှစ်ခုကို ဖြတ်ကျော်တည်ဆောက်ထားလို့ အဲဒီအချိန်က ကမ္ဘာမှာအမြင့်ဆုံး တံတားဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယနေ့ထက်တိုင် ကမ္ဘာလှည့်ခရီးသွားတွေ တကူးတကသွားရောက်လည်ပတ်ရတဲ့ တံတားကြီးအဖြစ်ရှိနေတာပါ။ ဂုတ်ထိပ်တံတားကြီးအတွက် ဂုဏ်ယူစရာပါပဲ။ ဂုတ်ထိပ်တံတားကြီးဟာ မြန်မာနိုင်ငံသားတွေအတွက်သာမကပါဘူး နိုင်ငံအတွက်လည်း သမိုင်းတန်ဖိုးကြီးမားတဲ့ တံတားကြီးဖြစ်တာမို့ TNLA က မိုင်းထောင်ဖောက်ခွဲလိုက်ခြင်းဟာ စစ်ရေးရည်မှန်းချက်တစ်ခုအတွက် တိုက်ခိုက်တယ်လို့ မဆိုနိုင်တော့ပါဘူး။ နိုင်ငံ့ရှေးဟောင်းအမွေအနှစ်တစ်ခုကို တိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းသာဖြစ်ပါတယ်။

လျှိုကြီးနှစ်ဖက်ကိုဖြတ်ပြီး တည်ဆောက်ထား

ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-လားရှိုး ရထားလမ်းပေါ်မှာတည်ရှိ ပါတယ်။ နောင်ချိုဘူတာအလွန်ခုနစ်မိုင်အကွာ၊ ကျောက်မဲမြို့နဲ့ ၁၄ မိုင်အကွာ မီးရထားမိုင်တိုင် အမှတ် ၄၆၃/ဝ-၉ မှာရှိပါတယ်။ မန္တလေးမြို့ကနေဆို အရှေ့မြောက် မိုင် ၆၀ ခန့်အကွာအဝေးမှာ ရှိပါတယ်။ ပေ ၃၀၀ ကျော်မတ်စောက်တဲ့ လျှိုကြီးနှစ်ဖက်ကို ဖြတ်ပြီး တည်ဆောက်ထားတာပါ။ ဂုတ်ထိပ်တံတားကြီးကို မန္တလေး-လားရှိုးကားလမ်းပေါ်က ကြည့်ရင်မြင်ရပါတယ်။ ရင်သပ်ရှုမောကြည့်ရတဲ့ တံတားကြီးပါ။ တောတောင်တွေကြားမှာ လျှိုကြီးအစွန်းနှစ်ဖက်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့အတွက် အံ့မခန်းတံတားကြီးဖြစ်ပါတယ်။ ဂုတ်ထိပ်တံတားကြီးနဲ့ပတ်သက်လို့ Paul Theroux က သူ့ရဲ့ကျော်ကြားတဲ့ The Great RailwayBazaar ခရီးသွားစာအုပ်မှာ “မညီမညာကျောက်တုံးတွေနဲ့ တောတောင်တွေကြားမှာ ငွေရောင်ဧရာမအကောင်ကြီး တစ်ကောင်ရှိနေတာဟာ လွန်စွာထူးဆန်းအံ့ဩဖွယ်တစ်ခုဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

Paul Theroux ဟာ အမေရိကန်နိုင်ငံသား ဝတ္ထုရေးဆရာ၊ ခရီးသွားစာရေးဆရာ၊ ဝတ္ထုတို စာရေးဆရာနဲ့ စာပေဝေဖန်ရေးဆရာတစ်ဦးဖြစ်ပြီး The Great Railway Bazaar ခရီးသွားစာအုပ်ကို ၁၉၇၅ ခုနှစ်မှာ ထုတ်ဝေခဲ့သူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား Paul Theroux ဟာ အဲဒီအချိန်က ခက်ခက်ခဲခဲနဲ့ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို သွားရောက်ကြည့်ရှုမှတ်တမ်းတင်ခဲ့တဲ့အချိန်ကာလပင် အခုဆိုနှစ်ပေါင်း ၅၀ ရှိပြီ ဖြစ်ပါတယ်။ ဒါဟာ သမိုင်းတန်ဖိုးတစ်ခုဖြစ်ပါတယ်။ အခြားနိုင်ငံကသူတွေက ကိုယ့်နိုင်ငံထဲမှာရှိတဲ့ သမိုင်းဝင် အဆောက်အအုံ၊ ရှေးဟောင်းယဉ်ကျေးမှုနေရာတွေကို တန်ဖိုးထားပြီး တကူးတကလာရောက်လေ့လာနေချိန်မှာ ကိုယ့်နိုင်ငံသားတွေက ပိုလို့တန်ဖိုးထား ထိန်းသိမ်းကြရမှာပါ။ ဒါဟာတန်ဖိုးသိတဲ့သူအတွက်သာ တန်ဖိုးရှိတယ်ဆိုတဲ့ စကားလိုပါပဲ။

 အစိတ်အပိုင်းတွေကို လပေါင်းများစွာကြာအောင် သင်္ဘောနဲ့ သယ်ယူခဲ့

ဂုတ်ထိပ်တံတားကြီး စတင်တည်ဆောက်တဲ့အခါလန်ဒန်မှာ ဒီဇိုင်းထုတ်ခဲ့ပြီး တံတားအစိတ်အပိုင်းတွေကို ပင်ဆယ်ဗေးနီးယားစတီးလ်ကုမ္ပဏီက ထုတ်လုပ်ခဲ့တာပါ။ တံတားအစိတ်အပိုင်းတွေကို အမေရိကန်နိုင်ငံမှာတည်ဆောက်ခဲ့ပြီး အဲဒီအစိတ်အပိုင်းတွေကို နယူးယောက်ကနေ လပေါင်းများစွာကြာအောင် သင်္ဘောနဲ့သယ်ယူခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအစိတ်အပိုင်းတွေရောက်လာပြီး တပ်ဆင်ခဲ့တာ တစ်နှစ်အတွင်းမှာ ပြီးခဲ့ပါတယ်။

တံတားကြီးကို စတီးလ်၊ သံမဏိနဲ့ သံတွေ အသုံးပြုပြီး တည်ဆောက်ထား

ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉ဝဝ ပြည့်နှစ်မှာပြီးစီးခဲ့ပါတယ်။ ဒါပေမယ့်တံတားကို ၁၉ဝ၃ ခုနှစ်မှ စတင်အသုံးပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တံတားကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၂၆ဝ မှာရှိပြီး တံတားကိုထောက်ထားတဲ့ သံတိုင်တွေမှာ အမြင့်ဆုံးတိုင်က ပေ ၃၂ဝ မြင့်ပြီး အနိမ့်ဆုံးတိုင်က ၄၅ ပေခန့်ရှိပါတယ်။ တံတားသံတိုင်ပေါင်း ၁၆ ခု ရှိပြီးတံတားက အရှည်ပေ ၂၂၆ဝ ရှိပါတယ်။တံတားကြီးက တံတားအောက်ဖြတ်စီးနေတဲ့ ရေမျက်နှာပြင် အထက် ၈၂၅ ပေရှိပြီး အမြင့်ဆုံး ဒေါက်တိုင်ပေါ်မှာရှိတဲ့ သံလမ်းက မြေပြင်အထက် ၃၃၅ ပေ မြင့်ပါတယ်။ တံတားကြီးကို စတီးလ်၊ သံမဏိနဲ့သံတွေအသုံးပြုပြီး တည်ဆောက်ထားတာပါ။ ဒါကြောင့်လည်း တံတားကြီး တည်ဆောက်ပြီးတဲ့အချိန်က the largest railway trestle in the world ဖြစ်ခဲ့ပါတယ်။ တံတားကြီး တည်ဆောက်ခဲ့တဲ့ နည်းပညာအဆင့်မြင့်မှုနှင့် ပတ်ဝန်းကျင်ကသဘာဝအခြေအနေကြောင့် ကမ္ဘာ့စံချိန်စံညွှန်း လက်ရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဂုတ်ထိပ်တံတားကြီးဟာ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ကြီးတွေကိုဖြတ်သန်းပြီး ယနေ့ထက်တိုင် တည်ရှိနေတာဟာ ရှေးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့သာပါ။ ဒုတိယကမ္ဘာစစ် အတွင်းမှာအင်္ဂလိပ်တွေရဲ့ ဖျက်ဆီးမှုကြောင့်သံတိုင်အမှတ် ၂ နဲ့ ၅ တို့ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဂျပန် တွေ မြန်မာနိုင်ငံကနေ ပြန်ဆုတ်တဲ့အချိန်မှာ ဂုတ်ထိပ်တံတားကို ဖျက်ဆီးခဲ့လို့ သံတိုင်အမှတ် ၉၊ ၁၀၊ ၁၁ နဲ့ ၁၂ တို့ ပျက်စီးခဲ့ပါတယ်။ အဲဒီတိုင်ပေါ်မှာရှိတဲ့ ပေါင်းကူးသံပေါင် လေးခုမြေသို့ကျခဲ့ပါ တယ်။ ဒါပေမယ့်လည်း ပြန်လည်ပြုပြင်ပြီးတံတားကြီးကို ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်။ ဒီလိုကမ္ဘာ့အဆင့်မီ ရှေးဟောင်းတံတားကြီးတစ်ခုကို သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် အစဉ်အဆက်ထိန်းသိမ်းကြမှသာ နိုင်ငံ့ရဲ့သမိုင်းဝင်အမွေအနှစ်တွေ မပျောက်မပျက်ရှိနေပါလိမ့်မယ်။

နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်ခြင်းသာဖြစ်

ဒါပေမယ့်လည်း ဩဂုတ်လ ၂၄ ရက်နေ့က TNLA အဖွဲ့ကတံတားကြီးကို မိုင်းထောင်ဖောက်ခွဲ လိုက်ခြင်းဟာ အသိတရား၊ ဆင်ခြင်တုံတရားနည်းလွန်းတဲ့လုပ်ရပ်လို့ ဆိုရမှာပါ။ အဲဒီလို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှုကြောင့် ကျောက်မဲမြို့ဘက်အခြမ်း တံတားတိုင်အမှတ်(P - 16) နဲ့ ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနဲ့ တံတားရဲ့ ကမ်းကပ်ခုံ(AB - 2) တို့ ပျက်စီးခဲ့ပါတယ်။ တံတားကြီးဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ TNLA အဖွဲ့ကလည်း သူလုပ်တာမဟုတ်ဘူးဆိုပြီး ငြင်းဆိုချင်ပါသေးတယ်။ အခုဖောက်ခွဲခံခဲ့ရတဲ့ ကျောက်မဲအခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီဘက်အခြမ်းက TNLA အဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။ နောက်ပြီး တံတားဖောက်ခွဲဖျက်ဆီးခံထားရတဲ့ အနေအထားကိုကြည့်ရင် သာမန်ဗုံးတစ်လုံးကြောင့် ပျက်စီးတဲ့အနေအထားမဟုတ်ပါဘူး။ ဒီလောက်ကြီးမားတဲ့ သံထည်တွေကို ဖျက်ဆီးဖို့ဆိုရင် ကြီးမားတဲ့ယမ်းအားနဲ့ စနစ်တကျဖောက်ခွဲမှဖြစ်နိုင်တာပါ။ နယ်မြေအခြေအနေအရ လတ်တလောအခြေအနေမှာလည်း တံတားကြီးပေါ် ဖြတ်သန်းပြီး ရထားပြေးဆွဲနိုင်မှုမရှိပါဘူး။ ရထားပြေးဆွဲမှုမရှိတဲ့တံတားကြီးကို ဖောက်ခွဲခြင်းဟာ စစ်ရေးရည်မှန်းချက်အတွက်မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်ခြင်းသာဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇ၀တ်တရားရုံးရဲ့ ရောမဥပဒေ (ICC၊ 1998၊ Art. 8(2)(b)(ix)) အရ စစ်ရေးအရ မလိုအပ်ဘဲ သမိုင်းဝင်နေရာတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဟာ စစ်ရာဇဝတ်မှု (war crimes)မြောက်ပါတယ်။ Geneva Conventions (1949) နဲ့ ၎င်းတို့ရဲ့နောက်ထပ် Protocols (1977) တို့အရလည်း ယဉ်ကျေးမှုအမွေအနှစ်များကို အကာအကွယ်ပေးထားပါတယ် (ICRC, 2016)။ TNLA ရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေအရပဲကြည့်ကြည့်၊ နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအရပဲကြည့်ကြည့် အကြမ်းဖက်မှုတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

တံတားကြီးကို ဘယ်လိုအသိဉာဏ်ပညာနဲ့ ဖျက်ဆီးလိုက်တယ်ဆိုတာ စဉ်းစားလို့မရ

ကုလသမဂ္ဂအပါအဝင် နိုင်ငံတိုင်းက ကိုယ့်နိုင်ငံရဲ့ tangible heritage၊ intangible heritage တွေကို အသိတရားရှိရှိ ထိန်းသိမ်းကာကွယ်နေကြပါတယ်။ ဒီလို ကာကွယ်ထိန်းသိမ်းခြင်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်သလို နိုင်ငံရဲ့ခရီးသွားလုပ်ငန်းအတွက်လည်း အကျိုးရှိစေပါတယ်။ အခုလို နှစ်ပေါင်း ၁၂၅ နှစ်ရှိပြီဖြစ်တဲ့ တံတားကြီးကို ဘယ်လိုအသိဉာဏ်ပညာနဲ့ ဖျက်ဆီးလိုက်တယ်ဆိုတာ စဉ်းစားလို့မရပါဘူး။ ရှေးဟောင်းအမွေအနှစ်တစ်ခုပျက်စီးသွားရင် ပြန်ပြင်လို့ရနိုင်ပေမယ့် ဒီလိုပြန်ပြင်လိုက်ခြင်းဟာ အသစ်ပဲဖြစ်သွားလိမ့်မယ်။ ရှေးဟောင်းအမွေအနှစ်မဟုတ်တော့ပါဘူး။ ဒါကြောင့် ရှေးဟောင်းအမွေအနှစ်ကို မူလအတိုင်းမပျက်စီးအောင် ကာကွယ်ထိန်းသိမ်းထားမှသာ ရှေးဟောင်းအမွေအနှစ်တန်ဖိုး ဖြစ်မှာပါ။

ဂုတ်ထိပ်တံတားကြီးဟာ အင်္ဂလိပ်တို့တည်ဆောက်ခဲ့ပေမယ့် တည်ရှိတာကမြန်မာနိုင်ငံမှာပါ။ ပိုင်ဆိုင်တာက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ ဒါကြောင့် အစဉ်အဆက်ထိန်းသိမ်းကာကွယ်ကြ ရမှာက မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဒီတံတားကြီးရဲ့ အသုံးဝင်မှု၊ တည်ဆောက်စဉ်ကာလက နည်းပညာအဆင့်အတန်းမြင့်မားမှု၊ ကမ္ဘာ့အဆင့်အတန်းမီမှု၊ ရှားပါးမှု၊ နိုင်ငံရဲ့ အမှတ်သရုပ်ဖြစ်မှု စတဲ့ တန်ဖိုးတွေဟာ ငွေကြေးတန်ဖိုးနဲ့တိုင်းတာလို့မရနိုင်ပါဘူး။

ဒါကြောင့်လည်း သမိုင်းဝင်အမွေအနှစ်တွေကို သမိုင်းရဲ့သက်ရှိစာသင်ခန်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ သမိုင်းဝင်အမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းခြင်းဟာ မတူကွဲပြားမှုနဲ့ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုတွေအပေါ် ပိုမိုလေးစားမှုရှိစေတယ်လို့ ယူနက်စကိုက ဆိုပါတယ်။ ဒီလိုတန်ဖိုးရှိလို့လည်း နိုင်ငံခြားခရီးသွားတွေတခုတ်တရ လာရောက်လည်ပတ်နေကြတာဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သမိုင်းဝင်နေရာတွေကို ဂရုတစိုက်ထိန်းသိမ်းပြီး နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နေကြလို့ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ဝင်နေကြပါတယ်။

ခရီးသွားလုပ်ငန်း တိုးတက်လာတာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြပါတယ်။ အခုတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသမှာ သမိုင်းဝင်အမွေအနှစ်တွေရှိပါလျက် ဒီအခွင့်အရေးကို အသုံးပြုရမယ့်အစား ပြန်အစားထိုးလို့မရတဲ့ အမွေအနှစ်တွေကို ဖျက်ဆီးနေကြတာဟာ တိုင်းပြည်၊ လူမျိုး၊ ဒေသအကျိုးအတွက် မဟုတ်ပါဘူး။

နိမ့်ပါးတဲ့ အသိပညာနဲ့အတွေးအခေါ်အပေါ်အခြေခံတဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်ရေး လုပ်နေတာဟာ ဘာရည်ရွယ်ချက်လဲလို့ မေးရမလိုပါပဲ။ လက်နက်ကိုင်တိုက်ခိုက်မှုတိုင်းက တော်လှန်ရေးလို့ ပြောလို့မရပါဘူး။ တော်လှန်ရေးနဲ့ အကြမ်းဖက်မှုဟာ ရည်ရွယ်ချက်မတူဘူး၊ လုပ်ဆောင်ချက်မတူဘူး။ ဒါကြောင့် ထွက်လာတဲ့ရလဒ်ကလည်းမတူနိုင်ပါဘူး။ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်နဲ့လုပ်တာဟာ အကြမ်းဖက်မှုပါပဲ။ ဂုတ်ထိပ်တံတားကြီးဟာ ကမ္ဘာသိတဲ့ နိုင်ငံ့အမွေ အနှစ်တစ်ခုဖြစ်သလို ရှမ်းပြည်နယ်(မြောက်ပိုင်း) သယ်ယူပို့ဆောင်ရေးအတွက်လည်း အားထားရတဲ့ ရထားလမ်းတစ်ခုအဖြစ်အကျိုးပြုနေတာပါ။ ဒေသအတွက်၊ ဒေသခံတိုင်းရင်းသားတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ တံတားကြီးရဲ့ နှစ်ပေါင်း ၁၂၅ နှစ်အတွင်း ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နဲ့ ဂျပန်တို့ ဖျက်ဆီးခံရတာကလွဲရင် ဒီတံတားကြီးကို ဘယ်သူမှမဖျက်ဆီးခဲ့ပါဘူး။

အဖျက်သမားဆိုတာက ဖျက်ဆီးဖို့ သက်သက်သာကိုပဲ သိတဲ့သူ

TNLA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း သီပေါမြို့ရဲ့ အဝင်ဆိုင်းဘုတ်မုခ်ဦးကို ပြောင်းလဲပစ် ခဲ့ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် တိုင်းရင်းသားလူမျိုးတွေအကြား မလိုလားအပ်တဲ့ စိတ်ဝမ်းကွဲ မှုဖြစ်နိုင်တာကို TNLA မစဉ်းစားခဲ့ပါဘူး။ အမြင်ကျဉ်းမြောင်းမှုနဲ့ အသိတရားနည်းပါးမှုလို့ပဲ ဆိုရမှာပါ။ အခုတစ်ခါထပ်ပြီး နိုင်ငံရဲ့ရှေးဟောင်းအမွေအနှစ်တစ်ခုကို ဆင်ခြင်တုံတရားမရှိ ဖျက်ဆီးပြန်ပါပြီ။ ဒါကြောင့် အဖျက်သမားဆိုတာက ဖျက်ဆီးဖို့ သက်သက်သာကိုပဲ သိတဲ့သူပါ။ ဖြစ်လာမယ့်အကျိုးဆက်တွေကို မသိနားမလည်သလို ဂရုလည်းမစိုက်ကြပါဘူး။

အဖျက်သမားတွေရဲ့ အဖျက်စိတ်နဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် သူတို့အပေါ် ယုံကြည်ဖို့ခက်ခဲပါတယ်။ ဒီကနေ့ တိုင်းရင်းသားအားလုံးနဲ့ ပြည်သူတစ်ရပ်လုံးကလိုလားနေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးလုပ်ဖို့ဆိုရင် အပြုသဘောစိတ်၊ အပြုသဘောလုပ်ရပ်ရှိမှသာ ယုံကြည်မှုတည်ဆောက်နိုင်ပါလိမ့်မယ်။ ။