အတိတ်သင်ခန်းစာများယူ၊ လွတ်လပ်၍ တရားမျှတ၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်အောင် အားလုံးဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်
မောင်ငြိမ်းအေး
ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုသမိုင်းကြောင်းကို ပြန်ပြောင်းစေ့ငုကြည့်လျှင် ၂၀ ရာစုနှစ်အစက ဒီမိုကရေစီနိုင်ငံဟူ၍ လက်တစ်ဆုပ်စာသာရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးသောအခါ ဒီမိုကရေစီနိုင်ငံ အရေအတွက်တိုးလာသည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ ထိုထက်ပိုများလာသည်။ စစ်အေးကာလပြီးသောအခါ ပို၍ပို၍များလာသည်။ ၂၁ ရာစုအစပိုင်းသို့ ရောက်သောအခါ ဒီမိုကရေစီနိုင်ငံဟု ခေါ်ဆိုလောက်သည့် နိုင်ငံပေါင်း ၉၀ ခန့်ရှိလာသည်။ The Econo- mist Intelligence Unit (EIU)၏ ၂၀၂၀ စာရင်းအရ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၀ ရှိသည်ဟု သိရသည်။
အဆိုပါစာရင်းတွင် ဒီမိုကရေစီပြည့်ဝသောနိုင်ငံ၊ တစ်ဝက်တစ်ပျက်ရှိသောနိုင်ငံနှင့် ချို့ယွင်းပျက်ကွက်သော နိုင်ငံများလည်းပါဝင်သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာ့နိုင်ငံအများစုသည် ဒီမိုကရေစီကျင့်သုံးသောနိုင်ငံများဖြစ်ကြသည်။ ထိုကဲ့သို့ကာလအပိုင်းအခြား အလျောက် ဒီမိုကရေစီနိုင်ငံများ ပိုမိုများပြားလာသည်ဆိုသော်လည်း ဒီမိုကရေစီနိုင်ငံအဆင့်မှ ပြန်လည်လျှောကျသွားသော နိုင်ငံများလည်းရှိသည်။ သို့သော် သိသိသာသာ လျော့ကျသွားခြင်းတော့ မဟုတ်ပေ။ ဒီမိုကရေစီ၏ကျင့်ဝတ်စံနှုန်းများအရ၊ ဒီမိုကရေစီ၏ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်များအရ ပြည်သူအများစုက နှစ်သက်လက်ခံကြသည်မှာတော့ အမှန်ဖြစ်သည်။
ဥပဒေလေးစားလိုက်နာ
နိုင်ငံတကာက အသိအမှတ်ပြုလက်ခံထားသော ဒီမိုကရေစီစံနှုန်းများမှာ (၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်။ (၂) သာတူညီမျှရှိစေရမည်။ (၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ်ထားရှိရမည်။ (၄) တာဝန်ယူမှုရှိရမည်။ (၅) ရိုးသားပွင့်လင်းမှုနှင့် ထင်သာမြင်သာရှိစေရမည်။ (၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့် ရှိရမည်။ (၇) စီးပွားရေးလွတ်လပ်ခွင့်ရှိရမည်။ (၈) အာဏာအလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည်။ (၉) လူ့အခွင့် အရေးကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည်။ (၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထား သောရလဒ်များအား လက်ခံနိုင်ရမည်။ (၁၁) လူ့အခွင့် အရေးထိန်းသိမ်းရမည်။ (၁၂) ပါတီစုံစနစ်ကျင့်သုံးရမည်။ (၁၃) ဥပဒေကို လေးစားလိုက်နာကြရမည် တို့ဖြစ်သည်။
ဒီမိုကရေစီစနစ်သည် လူထုကိုအခြေခံခြင်း၊ လွတ်လပ်ခွင့်နှင့် တရားမျှတမှုတို့ကို ဖော်ဆောင်နိုင်ခြင်း၊ အပြန်အလှန်ထိန်းကျောင်းနိုင်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများရှိသဖြင့် နိုင်ငံအများစုက ကျင့်သုံးကြသည်ကို တွေ့ရသည်။ ယင်းစနစ်သည် လူထုကိုအခြေခံသော အုပ်ချုပ်ရေးစနစ်ဖြစ်၍ ပြည်သူလူထုပါဝင်ဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ အလေ့အထများသည် ဒီမိုကရေစီစနစ်၏ အခြေခံအစိတ်အပိုင်းများဖြစ်သည်။ ပြည်သူလူထုအတွင်း ဒီမိုကရေစီယဉ်ကျေးမှု ခိုင်မာလာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာခြင်းနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုများရရှိရန် လူတစ်ဦးချင်းစီတွင် ကောင်းမြတ်သည့်စိတ်ထား၊ ကျင့်ဝတ်များကို လိုက်နာကြရန်လိုပါသည်။ ကိုယ်စီလိုက်နာကျင့်ကြံကြမှသာ ဒီမိုကရေစီအကျိုးရလဒ်များကို ခံစားနိုင်မည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာဘုရင်လက်ထက်က လွှတ်တော် အခင်းအကျင်းရှိသော်လည်း ပဒေသရာဇ်စနစ်သာ ဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်စဉ်အခါကလည်း မြန်မာပြည်အုပ်ချုပ်ရေးကို လွှတ်တော်ပုံစံဖြင့် သွားခဲ့သော်လည်း ကိုလိုနီစနစ်သာဖြစ်သည်။ ကိုလိုနီခေတ်လွှတ်တော်စနစ်ဖြင့် သွားခဲ့သောကြောင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးခါနီး၌ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါလီမန်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ရေးဆွဲခဲ့သည်။ ၁၉၄၈ ခုနှစ်မှစတင်၍ ပါလီမန်ဒီမိုကရေစီခေတ်ကို ဖ.ဆ.ပ.လ အများစု အနိုင်ရပါတီမှဦးဆောင်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာကို ရယူခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကာ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။
ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ဖြင့် ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး အခြေခံသဘောတရားအားနည်းမှု၊ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းမှု၊ တံခါးပိတ်စီးပွားရေးဝါဒ ကျင့်သုံးမှုတို့ကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေကာ စားဝတ်နေရေး ကျပ်တည်းမှုမှတစ်ဆင့် အထွေထွေမကျေနပ်မှုများ ဖြစ်ပေါ်ပြီး ၁၉၈၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပျက်သုဉ်းခဲ့သည်။ တပ်မတော်က ယိုယွင်းပျက်ပြားနေသောနိုင်ငံတော်ကို ထိန်းသိမ်းရန်အာဏာလွှဲယူခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ပြည်သူများဆန္ဒပြင်းပြခဲ့သဖြင့် ၁၉၉၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲထားသဖြင့် ခရီးမပေါက်ခဲ့ပေ။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့သည်။ ဥပဒေရေးဆွဲရန်လိုအပ်ချက် သုံးလဖြစ်သော်လည်း အနိုင်ရပါတီ နုတ်ထွက်သည့် ကာလအပါအဝင် စုစုပေါင်း ၁၅ နှစ်ကြာခဲ့သည်။
တပ်မတော်နှင့် လက်တွဲ
၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ တပ်မတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန်အတွက် အခြေခံအုတ်မြစ်ချပေးခြင်း၊ ဒီမိုကရေစီ စနစ်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် အသားကျနိုင်ရေးလိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့် လက်တွဲညီစွာ ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှစတင်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆောင်ရွက်ခဲ့သည်။ အမှန်တကယ်ငြိမ်းချမ်းရေးရရှိနိုင်ရန် အစိုးရနှင့်တပ်မတော် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သင်ခန်းစာဖော်ထုတ်
မြန်မာနိုင်ငံသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အစဉ်အဆက်အတူပေါင်းစည်း နေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီ ပထမအစိုးရအနေဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီသက်တမ်း ကာလနုနယ်သေးခြင်း၊ ဒီမိုကရေစီစနစ်နှင့်အသား ကျမှုမရှိသေးခြင်း၊ အဖွဲ့အစည်းအသီးသီးက အတိတ်ဖြစ်ရပ်များအပေါ်အခြေခံ၍ သွေးထိုးလှုံ့ဆော်မှုများရှိခြင်း၊ ဆိုရှယ်လစ်စနစ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်း စသည်တို့ကို သင်ခန်းစာ ဖော်ထုတ်ရရှိသည်။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒီမိုကရေစီဒုတိယအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုက များစွာမျှော်လင့် ထားသော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံ အားနည်းမှုများ၊ ယခင်အစိုးရ၏ လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်။ စတင်တာဝန်ယူသည့် ၂၀၁၅-၂၀၁၆ ကာလတွင် ပြည်ပအကူအညီများစွာရရှိပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်နေခြင်း၊ ပြည်တွင်းစီးပွားရေးကို အားပေး မှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိခြင်း၊ နိုင်ငံ၏ ပကတိအခြေအနေနှင့်မကိုက်ညီဘဲ နိုင်ငံခြားသား အကြံပေးများ၏ အကြံဉာဏ်အတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းလာခဲ့သည်။ အနိုင်ရပါတီ ကိုယ်စားလှယ်များမှာလည်း ဒီမိုကရေစီစံနှုန်းများနှင့်မညီခြင်း၊ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိခြင်း၊ လွှတ်တော်များအတွင်း ကမောက်ကမဖြစ်စေခြင်းစသည့် အားနည်းချက်များရှိခဲ့သည်။
စိုးရိမ်ဖွယ်ရာများစွာရှိ
ထိုသို့သော အားနည်းချက်အမျိုးမျိုးတို့ကြောင့် ပြည်သူလူထုအတွင်းတွင် ၎င်းတို့အပေါ် ယုံကြည်မှု အားနည်းလာခဲ့ရာ အာဏာရပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရလိုမှုနှင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့၍ မဲမသမာမှု များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့သည်ဟု သုံးသပ်မိပါသည်။ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် သတ်မှတ်စံနှုန်းများအား တစ်စုံတစ်ယောက်၊ တစ်ဖွဲ့က လွှဲပြောင်းပေးခြင်း၊ လက်ခံ ရယူခြင်းမဟုတ်ပေ။ ဒီမိုကရေစီကို တည်ဆောက်ရယူခြင်းဖြစ်သည်။ စင်စစ်စစ်မှန်သောဒီမိုကရေစီကို မလိုလားသော ပြည်ပအင်အားစုများ၏ စွက်ဖက်မှုနှင့် ဩဇာသက်ရောက်ခံရသော လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီအပင်မပေါက်နိုင်ဟု ဆိုထားသည်။ ပထမဒီမိုကရေစီသက်တမ်း၌ ဤအချက်များကို စိုးရိမ်ရန်မလိုသော်လည်း ဒုတိယဒီမိုကရေစီ သက်တမ်းတွင် စိုးရိမ်ဖွယ်ရာများ များစွာရှိခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကြောင်းတွင် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့သည့် မဲမသမာမှုများဖြစ်ခဲ့ခြင်းကို အကြောင်းပြု၍ နိုင်ငံရေးအချိုးအကွေ့ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်နိုင် သည့်စာရင်း ၁၁၃၀၅၃၉၀ (တစ်ဆယ့်တစ်သန်း သုံးသိန်းကျော်)ကို တာဝန်ရှိသူအဆင့်ဆင့်တို့က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀(ဂ) နှင့် ပုဒ်မ ၄၁၇ တို့တွင်ပါရှိသည့် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော် ၏ ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး ပုဒ်မ ၄၁၈(က)အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ပေးသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။
ဖွဲ့စည်းတာဝန်ပေးအပ်
ယခုအခါ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့စဉ်က ပါရှိခဲ့သည့် ကိစ္စရပ်များကို ပြီးပြတ် အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ခြင်း၊ ပြည်သူတို့၏ဆန္ဒဖြစ်သည့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်အား မဖြစ်မနေ ကျင်းပပေးရန် လိုအပ်ခြင်းတို့ကြောင့် နိုင်ငံတော်ကို အရေးပေါ်ကြေညာထားခြင်းအား ရုပ်သိမ်းပေးရန်နှင့် အစိုးရအပေါ် ပေးအပ်ထားသည့်တာဝန်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြန်လည်အပ်နှံပေးခဲ့သည်။ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီက နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက်လိုအပ်သည့် လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော် ခေါ်ယူ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရေး ပင်ဖြစ်သည်။ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မဲစာရင်းမှန်ကန်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးခဲ့သလို မဲဆန္ဒနယ်များအလိုက် အချက်အလက်များ ကောက်ယူ ခြင်းနှင့် နယ်မြေများအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ ရယူခြင်းများကို ဆောင်ရွက်ခဲ့သည်။ ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မြေများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
ရွေးကောက်ပွဲအောင်မြင်ရေး
ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် ဒီမိုကရေစီအခင်းအကျင်းသစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ လွှတ်တော်မှနေ၍ သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတမှတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အရေးကြီးသည်။ ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးမည့်သူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်သည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပေ။ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည်ကို လေ့လာတွေ့ရှိရသည်။ နိုင်ငံတကာရွေးကောက်ပွဲများတွင် ၅၀ ရာခိုင်နှုန်းအောက် မဲပေးခဲ့သည့်နိုင်ငံများလည်းရှိသည်။ ၅၀ ရာခိုင်နှုန်းနှင့်အထက် ဆန္ဒမဲပေးနိုင်မည်ဆိုပါက လူအများစုဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်သည်။
သို့ဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည်ပြီးခဲ့သည့် ဒီမိုကရေစီသက်တမ်း ကာလများက ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ဖြစ်ပေါ်ခဲ့သည်များကို သင်ခန်းစာယူပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ ကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့်ရွေးကောက်ပွဲ ဖြစ်စေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။