Skip to main content

နိုင်ငံတော်ရွှေသီးဖို့အရေး . . . . .

ဆုလတ်မေ

မိမိတို့နိုင်ငံသည် သဘာဝအရင်းအမြစ်ကြွယ်ဝပြီး စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရန် အထူးလိုအပ်ပါသည်။ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆိုသည့် ဆောင်ပုဒ်သည် ပြည်တွင်းထုတ်လုပ်မှုများကိုမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကိုအထောက်အကူပြုစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

နိုင်ငံ့စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော် မှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးသည် အရေးကြီးဆုံးအချက်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးမှာအဓိကကျသည့်အချက်ဖြစ်ပါသည်။ စီးပွားရေးအားကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးတို့အတွက် ပြည်သူအားလုံးက အမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် မြေ၊ ရေ သယံဇာတပေါကြွယ်သည့် နိုင်ငံဖြစ်သည့်အတွက် အလုပ်လုပ်လျှင် လုပ်နိုင်သလောက် အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးရန်လိုအပ်ပါသည်။

နိုင်ငံတော်တိုးတက်ရေး ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေး

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန်ဖွံ့ဖြိုးရေးအတွက် လယ်ယာ၊ စက်မှုလက်မှုနှင့် အခြားကုန်ထုတ်လုပ်ငန်းများကိုတိုးချဲ့ပြီး ပြည်တွင်းသုံးပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရပါမည်။ ပြည်ပမှတင်သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချကာ ပြည်တွင်းထုတ်ပစ္စည်းများကို အသုံးပြုရန်လိုအပ်ပါသည်။ နိုင်ငံသားတိုင်းက မိမိတို့နိုင်ငံ၏ ထုတ်ကုန်များကို ဦးစားပေးဝယ်ယူသုံးစွဲခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ပြည်ပကုန်ပစ္စည်းများထက် ပြည်တွင်းထုတ်ပစ္စည်းများကို ပိုမိုရွေးချယ်ဝယ်ယူခြင်းဖြင့် ဒေသခံလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုကို အားပေးရာရောက်ပါသည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုအားမြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရပါမည်။ အစိုးရက စက်မှုဇုန်များတည်ထောင်ပေးခြင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ပေးခြင်း၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားမှုများ ကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူပြုလျက်ရှိပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု

မြန်မာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည် အဓိကအခန်းကဏ္ဍမှပါဝင်ပါသည်။ ဤကဏ္ဍများသည် နိုင်ငံ၏စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန်တိုးတက်ရေးတို့အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်က ကျေးလက်ဒေသများတွင် နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပါသည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်သည့် ဆီထွက်သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် နေကြာကို ယခုထက်ပိုမိုတိုးတက်အောင်စိုက်ပျိုးရန် တိုက်တွန်းအားပေးလျက်ရှိပါသည်။

အလားတူ မွေးမြူရေးလုပ်ငန်းသည်လည်း ကျေးလက်ဒေသများတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ကျယ်ပြန့်စွာလုပ်ကိုင်ကြပြီး နိုင်ငံအတွက်လိုအပ်သည့် အသားနှင့် နို့ထွက်ပစ္စည်းများ ဖူလုံရေးအတွက် အရေးပါလျက်ရှိပါသည်။ မွေးမြူရေးလုပ်ငန်းများတွင် အဓိကအဖြစ် နွား၊ ကြက်၊ ဝက်ကိုလည်းကောင်း၊ ရေချိုနှင့် ရေငန်ငါးများကို စီးပွားဖြစ်လည်းကောင်း မွေးမြူကြပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ စိန်ခေါ်မှုများအဖြစ် မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့် ရာသီဥတုပြောင်းလဲခြင်း၊ ဈေးကွက်ဝင်ရောက်နိုင်မှုအနေဖြင့် ကျေးလက်ဒေသများတွင် ထုတ်ကုန်များဈေးကွက်သို့ရောက်ရှိရန် အခက်အခဲရှိခြင်း၊ တောင်သူများအတွက် ခေတ်မီနည်းပညာနှင့် ငွေကြေးအထောက်အပံ့များလိုအပ်ခြင်း စသည်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။

သို့ဖြစ်ရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးလမ်းညွှန်အဖြစ် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အရည်အသွေးမြှင့်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်း၊ အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်းများကို နည်းပညာ၊ ငွေကြေးနှင့်ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုမှသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားရေးတည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။

MSME ကဏ္ဍ၏ အရေးပါမှု

MSME ဆိုသည်မှာ အနည်းငယ်သော အရင်းအနှီးဖြင့် စတင်လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းငယ်များဖြစ်ပြီး နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်သဖွယ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်းများက အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးကိုအထောက်အကူပြုခြင်းနှင့် ပြည်တွင်းထုတ်ကုန်များ တိုးတက်စေခြင်းတို့အတွက် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပါသည်။ MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ယနေ့ခေတ် ကမ္ဘာကြီးသည် အရာရာတွင်တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိပါသည်။ လူသားတို့၏ တီထွင်ကြံဆမှုကြောင့် အသစ်အသစ်တို့သည် အဆက်မပြတ်ဖြစ်ပေါ်နေရာ စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာသစ်များဖြင့် တိုးတက်လျက်ရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးက အရေးပါသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။ မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး တွန်းအားပေးထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများ၏ မတူညီသည့်အတွေးအခေါ်များ၊ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေးမြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိပါသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေများဖြစ်သည့် ပြည်ပတင်ပို့မှု၊ တင်သွင်းမှုမျှတမှုများက နိုင်ငံ၏စီးပွားရေးအပေါ် များစွာမူတည်ပါသည်။ တင်ပို့မှု၊ တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည် ပို့ကုန်ထက်များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade Deficit အနုတ်လက္ခဏာကိုသာ မြင်ရမည်ဖြစ်ပါသည်။ ကျေးလက်ဒေသနေထုတ်လုပ်မှုအင်အားစုက ၇၀ ရာခိုင်နှုန်းခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သစ်တောသယံဇာတပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏ များပြားနေပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏ ၉၉ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွားရေးယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပါသည်။

ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်နေပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)များက များစွာအထောက်အကူပြုသည်ကို တွေ့ရမည်ဖြစ်ပါသည်။ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံးစီးပွားရေး လုပ်ငန်းလည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ၏စီးပွားရေးအားကောင်းလာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ရန် လိုအပ်ပါသည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတုစသော အခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကို ကောင်းစွာပြုပြင်ပြီးလိုအပ်သည့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများ အပြည့်အဝအသုံးပြုခြင်း၊ စိုက်ပျိုးရေကို သီးနှံ၏ လိုအပ်ချက်နှင့်အညီပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား ခေတ်မီနည်းပညာများကို အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုးလာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးလာကြမည်ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေသည်လည်း တိုးတက်လာကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများတိုးတက်လာစေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါသည်။ ပြည်တွင်းထုတ်ကုန်များ ပိုမိုကောင်းမွန်လာပါက နိုင်ငံတော်၏ စီးပွားရေးသည် ပိုမိုတည်ငြိမ်ခိုင်မာကောင်းမွန်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုများ မြင့်တက်လာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။