နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်ခွင့်
ကိုလှ (နပတ)
ယနေ့ရာသီဥတုက မိုးစွေနေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ မိုးလေဝသသတင်းများကလည်း ခပ်စိပ်စိပ်လာနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။
မိုးနှင့်အတူ အတွေးများဝေဝါးနေစဉ်အတွင်း မိတ်ဆွေကြီး ကိုသောင်းရောက်ရှိလာပါသည်။ ဘိသိက်ပြိုင်ထဲက ဆားတောင် သောင်းမဟုတ်ပါ။ လယ်ဝေးသား ကိုသောင်းပင်ဖြစ်ပါသည်။ သူက လည်း စာတော်တော်ဖတ်သူဖြစ်ပါသည်။ ဝင်ဝင်ချင်း “သူငယ်ချင်း စာဖတ်နေလား ... ငါမင်းကို တစ်ခုမေးချင်လို့ လာခဲ့တာပါ။ အဲဒါကတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရပ်တည်ခွင့် ရှိ၊ မရှိ၊ ဘယ်လိုပါတီမျိုးကသာ ရပ်တည်ခွင့်ရှိသလဲ။ အပြင်မှာ ပြောနေတာတွေ အများကြီးပေါ့။ နာမည်မပြောလိုတော့ဘူး။ မင်းကတော့ ဥပဒေတွေ ဖတ်တာဆိုတော့ မင်းရှင်းပြရင် ရှင်းသွားမယ်ထင်ပါတယ် အဲဒါလေးပါပဲ”
အခန်းတွင်းဝင်ဝင်ချင်းပင် မရပ်မနားပြောသွားသော ကိုသောင်း၏မေးခွန်းများကို ပြန်လည်စဉ်းစားလိုက်မိပါသည်။ တစ်အချက်ကတော့ နိုင်ငံရေးပါတီတစ်ခုအဖြစ် ရပ်တည်ခွင့် ရှိ မရှိ၊ နှစ်အချက်က ဘယ်လိုပါတီမျိုးက ရပ်တည်ခွင့်ရှိသလဲဆိုတာပါပဲ။ စဉ်းစားနေဆဲမှာ ပင် ကိုသောင်းက သူငယ်ချင်း... ဘာစဉ်းစားနေလဲ... လင်းစမ်းပါဦးဟု သတိပေးလာခဲ့ပါသည်။
Mother Law မူရင်းဥပဒေနဲ့မဆန့်ကျင်ဘဲ ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာ
“ အေးပါ ။ မင်းမေးတာ ငါဖြေပါမယ်။ ဥပဒေကြောင်းအရပဲပေါ့ကွာ။ ရွေးကောက်ပွဲရှိတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေ တည်ထောင်တာ၊ ရွေးကောက်ပွဲဝင်တာတွေက သူတို့နိုင်ငံတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖွဲ့စည်းပုံစည်းမျဉ်း၊ အဲဒီကတစ်ဆင့် သူတို့နိုင်ငံတွေရဲ့ ရွေးကောက်ပွဲကော်မရှင်တွေက ထုတ်ပြန်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို နိုင်ငံအသီးသီးရဲ့ Mother Law မူရင်းဥပဒေနဲ့မဆန့်ကျင်ဘဲ ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာရတာပေါ့ကွာ။ ဆိုလိုတာက ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတို့အတိုင်း လိုက်နာဆောင်ရွက်မှသာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရမှာဖြစ်တာပေါ့။ မလိုက်နာရင်တော့ နိုင်ငံရေးပါတီအဖြစ်က ရပ်စဲခံရမှာပေါ့ကွာ။ ဒါက ဥပဒေအရပဲပေါ့။”
“တကယ်တော့ကွာ၊ နိုင်ငံရေးပါတီဆိုတာက နည်းတဲ့အဆင့်မဟုတ်ဘူး သူငယ်ချင်း။ တိုင်းပြည်ရဲ့၊ တစ်တိုင်းပြည်လုံးရဲ့၊ ပြည်သူ တွေရဲ့ ကံကြမ္မာဆိုး/ ကောင်းကို ဖန်တီးမယ့် ဖန်တီးရှင်တွေပဲ၊ ပြည်သူ တွေလည်း ဒါကိုသိသင့်ပါတယ်။ ဒါ့ကြောင့် တိုင်းပြည်တိုင်းမှာ အစိုးရတိုင်းက ရွေးကောက်ပွဲကော်မရှင်ကို စနစ်တကျဖွဲ့စည်း၊ ဥပဒေနဲ့ အကာအကွယ်ပေး၊ နိုင်ငံရေးပါတီတွေ အရည်အသွေး၊ အရည်အချင်းမြင့်အောင် ဥပဒေတွေထုတ်ပြန်ပြီး နိုင်ငံတော်ရဲ့အာဏာပါဝါကို အဲဒီ ဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ နိုင်ငံရေးပါတီကို ပေးရတာလေ၊ ကဲ မင်းစဉ်းစားကြည့်ပါ။ မင်းတို့ ငါတို့က ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ ခံစားချက်နဲ့ဖြစ်စေ ပါတီတစ်ခုခုဟာ ဘာပဲဖြစ်နေဖြစ်နေ၊ ဘာကိုမှမကြည့်၊ ဒါဟာဒါပဲဆိုပြီး မျက်စိမှိတ်ရွေးခဲ့ရင် အဲဒီဒဏ် ဘယ်သူခံရမလဲ သူငယ်ချင်း။ မင်းတို့ငါတို့ ပြည်သူတွေပဲခံရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပြန်အုပ်ချုပ်မှာလေ။ ဒါကြောင့်မို့ နိုင်ငံရေးပါတီကောင်း၊ နိုင်ငံရေးသမားအရည်အချင်းပြည့်ဝမှု၊ ဆင်ခြင်တုံတရားရှိမှု၊ သမာသမတ်ကျမှုရှိမှ တိုင်းပြည်ကောင်းမှာပေါ့ ကွာ။”
“ကဲ…ပထမဆုံး တို့နိုင်ငံရဲ့ Mother Law မူလဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကြည့်ရအောင်။ အဲဒီထဲမှာ ပုဒ်မ ၃၉၈ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပြီး မည်သို့ဖွဲ့ရမည် အတိအကျပြဋ္ဌာန်းထားသလို ပုဒ်မ ၃၉၉ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်များကို အသေးစိတ်ပြဋ္ဌာန်းထားတယ်လေ။ အထူးသဖြင့် အပိုဒ်(စ)၊ အပိုဒ်(ဆ)၊ အပိုဒ် (ဇ) တို့မှာ ဒီလို ပြောထားတယ်-
အပိုဒ် (စ) ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာနည်းဥပဒေများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်စသည်များကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊
အပိုဒ် (ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
အပိုဒ် (ဇ) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။
“အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်တွေဟာ ဥပဒေအရ တို့နိုင်ငံရဲ့ Mother Law ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ဆောင်ရွက်ရတာမို့ ဥပဒေကြောင်းအရ ညီညွတ်တယ်။ ဘယ်နိုင်ငံမှ စွက်ဖက်ခွင့်မရှိဘူး သူငယ်ချင်း။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေပုဒ်မ ၄၀၇၊ ၄၀၈ မှာလည်း ဒီလိုပြဋ္ဌာန်းထားခဲ့တယ် သူငယ်ချင်း...
ပုဒ်မ ၄၀၇ - နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ-
(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
( ခ ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
( ဂ ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။
ပုဒ်မ ၄၀၈ - နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။
“အဲဒီလောက်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ မင်းရှင်းပါလိမ့်မယ်။ ဥပဒေကြောင်းအရ ဘယ်လိုပါတီမျိုးက နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံရမယ်ဆိုတာကိုပေါ့ကွာ”
“အေး... ရှင်းပါတယ် သူငယ်ချင်း၊ လက်ရှိထုတ်ပြန်တဲ့ နိုင်ငံတော်အစိုးရရဲ့ ပြန်လည်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ကော်မရှင် ဆောင်ရွက်ခဲ့တာလေးရှိရင် လင်းစမ်းပါဦးကွာ”
“အေးပါကွာ။ ဒီလိုကွ သူငယ်ချင်းရ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၂၆ -၁-၂၀၂၃)ရက်နေ့မှာ ဥပဒေအမှတ် (၁၅/၂၀၂၃) နဲ့ အသစ်ပြဋ္ဌာန်းထားတဲ့ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၅)၊ ပုဒ်မ ၂၅ မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ [နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂/၂၀၁၀] အရ တည်ရှိနေသောပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ ဤဥပဒေနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဖြစ်သည်ဟု ပြဋ္ဌာန်းထားတယ်။”
“အဲဒီလိုပဲ ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) နဲ့ ထုတ်ပြန်ခဲ့မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) နဲ့ ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် တုန်းက ရွေးကောက်ပွဲဝင်ခဲ့တဲ့၊ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအားလုံးဟာ ဥပဒေအရ ပြန်ပြီးသတ်မှတ်ကာလအတွင်း မှတ်ပုံတင်ရမှာပေါ့ကွာ၊ သတ်မှတ်ကာလကျော်လွန်သွားရင် အလိုအလျောက် ပျက်ပြယ်သွားမှာပေါ့။”
“အဲဒီတော့ ဘာဖြစ်သေးလဲ ဆက်ပြောပါဦး”
“ဘာဖြစ်ရမှာလဲကွာ သတ်မှတ်ထားတဲ့ ကန့်သတ်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ကြတာပေါ့။ တင်တာလည်းရှိသလို မတင်တာလည်း ရှိရင်ရှိမှာပေါ့။ ရက်ပေါင်း ၆၀ ပြည့်သွားတဲ့အခါကျတော့ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အမှတ် (၅/၂၀၂၃) ထွက်ရှိလာတယ်လေ။ အဲဒီကြေညာ ချက် အပိုဒ် (၂) မှာက ဒီလိုကွ - “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်”။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ အကျုံးဝင်သည့် တည်ဆဲနိုင်ငံရေးပါတီ (၉၀) ပါတီအနက် သတ်မှတ်ကာလ ရက်ပေါင်း (၆၀) ပြည့်မြောက်သည့် (၂၈ - ၃ - ၂၀၂၃) ရက်နေ့အထိ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ကို နိုင်ငံရေးပါတီ (၅၀) ပါတီက လျှောက်ထားခဲ့သည်။
စာပိုဒ် (၃) မှာ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ (၄၀) ပါတီတို့သည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သဖြင့် ယင်းပါတီများကို (၂၉-၃-၂၀၂၃) ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းလိုက်သည်ဟု ကြေညာထားတယ်လေ။
“ဒါကိုပဲ ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) နဲ့ ထုတ်ပြန်ခဲ့တယ်။ သူငယ်ချင်း မင်းရှင်းလောက်ပြီထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀၇ အရ ငြိစွန်းခဲ့ရင်ဖြစ်ဖြစ် ဒါမှမဟုတ် စောစောကရှင်းပြခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂ဝ၂၃) ထုတ်ပြန်ချက်အရ သတ်မှတ်ကာလအတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်မတင်ခဲ့ရင် အဲဒီနိုင်ငံရေး ပါတီတွေကတော့ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးပေါ့ကွာ။”
“ဒါဆိုရင် မင်းနောက်အသစ်ဖွဲ့ချင်ရင်ရော ဘယ်လိုလုပ်ရမလဲ သူငယ်ချင်း”
ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်ခင် ရက်ပေါင်း ၉၀ အတွင်း ပြည့်ဝအောင်၊ ပြည့်စုံအောင်ဆောင်ရွက်ဖို့ ခွင့်ပြုပေးခဲ့
“နောက်အသစ်ဖွဲ့ချင်ရင် နိုင်ငံတော်အစိုးရက အများကြီးပြန်ကြည့်ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲလုပ်မယ်လို့လည်း ကတိကဝတ်ပြုပြီးထားပြီလေ။ ဒါတောင် ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ အထိ အသစ်ဖွဲ့လိုတာတွေလည်း မှတ်ပုံတင်ဖို့ခွင့်ပြုထားတယ်။ ဒါ့အပြင် တင်ထားပြီးသား နိုင်ငံရေးပါတီတွေနဲ့ လိုအပ်ချက်တွေကို အတိအကျပြဋ္ဌာန်းပြီး ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်ခင် ရက်ပေါင်း ၉၀ အတွင်း ပြည့်ဝအောင်၊ ပြည့်စုံအောင်ဆောင်ရွက်ဖို့ ခွင့်ပြုပေးခဲ့တယ်လေ။ တို့တွေတောင်စဉ်းစားတယ်။ ဒီလောက်အထိ နိုင်ငံတော်အစိုးရအနေနဲ့ လိုက်လျောတာ၊ အမှန်ဆိုရင် ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ မလွယ်ဘူးလေ။ ဒီကြားထဲ နိုင်ငံရေးပါတီတွေ တင်ပြချက်အပေါ် မှန် /မမှန်စိစစ်ရမှာ အချိန်ရှိရဲ့လားပေါ့။ ဒါပေမဲ့ လူကြီးတွေ အမြင်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရဲ့ နောက်ဆုံးနံပါတ် (၅) မှာ ဖော်ပြထားတဲ့ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုတာက အဓိကပေါ့ကွာ။ နိုင်ငံတော်အပေါ်၊ တိုင်းရင်းသားတွေအပေါ်၊ နိုင်ငံသားတွေအပေါ်၊ ပြည်ထောင်စုတစ်ခုလုံးအပေါ်ထားတဲ့ စေတနာပေါ့ကွာ။ အချို့တိုင်းရင်းသားလက်နက်ကိုင်တွေတောင် အမြင်မှန်ရ၊ ကိုယ့်နယ်မြေတိုးတက်စေချင်ရင် ကိုယ်တိုင်လက်နက်စွန့်ပြီး ရွေးကောက်ပွဲဝင်၊ ပြည်သူရွေးတဲ့ ပြည်နယ်အစိုးရလုပ်၊ ပြည်နယ်ခေါင်းဆောင်လုပ်ပေါ့ကွာ၊ ဒါတွေများ သူတို့တွေးတတ်ခဲ့ရင် အစိုးရကို ကျေးဇူးတင်ရမှာပါ”
“အေးပါ သူငယ်ချင်း။ မင်းရှင်းပြတာ အတော်ရှင်းပါပြီ။ အနှစ်ချုပ်လေး ပြန်ရှင်းပါဦးကွာ”
“ဒါကကွာ…. ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀၇ မှာပါတဲ့အချက်တွေရယ်၊ နိုင်ငံတော်အစိုးရရဲ့ (၂၆- ၁ - ၂၀၂၃) ဥပဒေ အမှတ် ၁၅/၂၀၂၃ အရရယ်၊ ကော်မရှင်က ထပ်မံထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်ထုတ် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) အရ ၂၀၂၀ မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉ဝ အနက် ပါတီ ၅၀ က ပြန်တင်တယ်။ ကျန်တဲ့ပါတီ ၄၀ က မတင်ဘူး။ အဲဒီတော့ အဲဒီပါတီ ၄၀ က အလိုလိုပျက်ပြယ်ပြီးဖြစ်တာပေါ့ကွာ။ ပြီးတော့ အသစ်ပြန်လျှောက်ချင်တဲ့ ပါတီတွေကိုလည်း ၂ဝ၂၅ ခုနှစ် မေလ ၉ ရက်အထိ ခွင့်ပြုခဲ့တယ်လေ။ တင်ခဲ့ရင် ကိုက်ညီခဲ့ရင်ရမှာပေါ့၊ မကိုက်ညီရင်တော့ မရဘူးပေါ့ကွာ။ မင်း.... ရှင်းလင်းပြီထင်ပါတယ် သူငယ်ချင်း။ ကျန်တာတော့ မှတ်ပုံတင်ရင် ဘာတွေလိုတယ်၊ နိုင်ငံတစ်ဝန်းဆိုရင် အင်အား၊ ငွေ၊ ရုံး၊ ပြည်နယ် / တိုင်းဒေသကြီးဆိုရင် အင်အား၊ ငွေ၊ ရုံး ဆိုတာတွေတော့ စာရှည်မှာမို့လို့ မရှင်းပြတော့ဘူးကွာ။ မင်းလည်းစာဖတ်တာဆိုတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃၊ ၄၊ ၅ တို့မှာသာ ဖတ်ကြည့်တော့ သူငယ်ချင်းရေ”
“အေးပါကွာ.... ကျေးဇူးပါ။ မင်းအာခေါင်တော်တော်ခြောက်သွားပြီထင်တယ်၊ ကဲ... စကားလည်းကောင်းတယ်၊ ငါပြန်ဦးမယ်” ဆိုပြီး ပြန်သွားပါလေရော။
ကျွန်တော့်မှာတော့ အတွေးပင်လယ်ထဲတွင် ကျန်နေခဲ့ပေတော့သည်။ အမှန်တကယ် တိုင်းပြည်ကောင်းအောင် စေတနာဖြင့် ဆောင်ရွက်ပေးသော အစိုးရ၏ အားလုံးပါဝင်နိုင်စေချင်သည့်ဆန္ဒကို ပြည်သူများအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပြီး တစ်နိုင်ငံလုံးကို ဦးဆောင်နိုင်မည့် အရည်အချင်းပြည့်ဝခြင်း၊ ဉာဏ်ရည်မြင့်မားခြင်း၊ ခိုင်မာသော အခြေခံ ဖွဲ့စည်းပုံ၊ စည်းမျဉ်း၊ စည်းကမ်း၊ စိတ်ဓာတ်၊ မျိုးချစ်စိတ်ရှိသောပါတီမျိုးကိုသာ ရွေးချယ်ပေးခဲ့မည်ဆိုပါလျှင် ယနေ့မြန်မာပြည်သည် မကြာခင်ကမ္ဘာ့အလယ်တွင် ပဒုမ္မာရွှေကြာပန်းလို ပွင့်လန်းလာမည့် ပန်းကောင်းတစ်ပွင့်ဖြစ်လာတော့မည်ဟုသာ ရေးသားတင်ပြလိုက်ရပါသည်။ ။