Skip to main content

ပြိုင်တယ်ဆို နိုင်မှကြိုက်ကြတာမို့

သာထူး

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ကျင်းပမယ့်ရက်က တစ်စထက်တစ်စ နီးကပ်လာနေပါပြီ။ အခုလလက်ကျန်ရက်တွေကို ဖယ်လိုက်ရင် ကြားမှာလေးလသာ ကျန်ပါတော့တယ်။ ဒါကြောင့် အချို့အားကစားအဖွဲ့ချုပ်တွေက အပြီးသတ်လူရွေးချယ်တာ၊ အားကစားသမားတွေရဲ့ အရည်အသွေးတွေကို ဆန်းစစ်တာတွေလုပ်နေကြတာ တွေ့ရပါတယ်။ အားကစားအဖွဲ့ချုပ်အလိုက် လူရွေးချယ်တဲ့အလုပ်ကို ဒီလ(ဇူလိုင်လ)ကုန်မှာ အပြီးလုပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အချိန်မီတင်ပြကြရမှာဖြစ်သလို ဝန်ကြီးဌာနကလည်း အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ အမည်စာရင်းတွေ အချိန်မီပေးပို့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Game) ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အားကစားနည်းပေါင်း ၅၃ နည်းကို ဘန်ကောက်၊ ချွန်ဘူရီနဲ့ ဆောင်ခလာ မြို့သုံးမြို့မှာနေရာခွဲပြီး ကျင်းပသွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ အားကစားနည်းပေါင်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့အတွက် စခန်းသွင်းပြင်ဆင်လေ့ကျင့်နေကြတယ်လို့ သိရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ နှလုံးသွင်းထားကြရမှာက ပြိုင်ပွဲဝင်နိုင်ငံတိုင်း၊ အားကစားသမားတိုင်း၊ အားကစားအသင်းအဖွဲ့တိုင်းက မိမိတို့အနိုင်ယူအောင်ပွဲခံနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြင်ဆင် လေ့ကျင့်နေကြတာဖြစ်လို့ ပြိုင်ပွဲက မကြေညာထားဘဲ အခုချိန်ကတည်းက စတင်ယှဉ်ပြိုင်နေကြပြီ ဆိုတာပါပဲ။ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့တာ၊ လေ့ကျင့်တာ၊ စီမံချက်ရေးဆွဲတာ၊ နည်းဗျူဟာ ချမှတ်တာစသဖြင့် စနစ်တကျ၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ၊ ပံ့ပိုးမှုကောင်းကောင်း၊ အားပေးမှုကောင်းကောင်း ဆောင်ရွက်ကြခြင်းဖြင့် အခြေခံအကြောင်းတရားတွေ ပေါင်းစုံတဲ့အခါ အကောင်းဆုံးသော ရလဒ်၊ အမြင့်ဆုံးသော အောင်ပွဲတွေ ဆွတ်ခူးနိုင်ကြမှာဖြစ်ပါတယ်။

အနီးဆုံးပြိုင်ပွဲကို ပြန်ကြည့်ရင် ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာအားကစားနည်း ၃၆ နည်း ထည့်သွင်း ကျင်းပခဲ့တဲ့အနက် မြန်မာနိုင်ငံက အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အားကစားသမားပေါင်း ၃၄၁ ဦး၊ အုပ်ချုပ်နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြရမှာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခုနဲ့ ကြေး ၆၈ ခု ဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့တာမို့ ၁၉၈၁ ခုနှစ် နောက်ပိုင်း(နှစ်ပေါင်း ၄၀ ကျော်အတွင်း) အခြားနိုင်ငံတွေမှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့တွေ ရွှေ၊ ငွေ၊ ကြေး အများဆုံးရယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ (၃၂)ကြိမ်မြောက် ဆီးဂိမ်းမှာ နိုင်ငံအလိုက်ဝင်ရောက်ယှဉ်ပြိုင်နိုင်သူဦးရေကို ပြန်ကြည့်ရင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံက ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၆၂၁၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းတို့က ပြိုင်ပွဲဝင်သူ ၈၀၀ ကျော်စီ၊ ဗီယက်နမ်က ၇၀၀ ကျော်၊ မလေးရှားက ၆၀၀ ကျော်၊ အင်ဒိုနီးရှား၊ လာအို၊ စင်ကာပူတို့က ၅၀၀ ကျော်စီနဲ့ မြန်မာက ၃၄၁ ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားအရေအတွက်နဲ့ ဆုတံဆိပ်ရရှိမှု ရာခိုင်နှုန်းတွက်ချက်မှုအရ ပြီးခဲ့တဲ့(၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းမှာ ၃၃ ဒသမ ၄၃ ရာခိုင်နှုန်းရရှိခဲ့ပြီး (၂၇)ကြိမ်မြောက် ဆီးဂိမ်းနောက်ပိုင်း အမြင့်ဆုံးသောအောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးနှစ်သင်းစလုံး အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းဆိုရင် အာဆီယံရဲ့အင်အားကြီးဖြစ်တဲ့ ထိုင်းနိုင်ငံအမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး အရှုံးနဲ့ နောက်ကလိုက်ကစားပြီးပွဲအပြီးမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာကိုလည်း အမှတ်ရနေကြဦးမှာပါ။ ဗိုလ်လုပွဲမှာတော့ ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ငွေဆုနဲ့နှစ်သိမ့်ခဲ့ရတာမို့ လက်ရှိမှာတော့ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အာဆီယံရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိမှုဟာအား ကစားနည်းအလိုက် ပြိုင်ပွဲဝင်နိုင်တဲ့အရေအတွက်နဲ့ အားကစားသမားတွေရဲ့ အရည်အသွေးတို့အပေါ်မှာ မူတည်နေတာမို့ အားကစားအမျိုးအစားတိုင်းမှာ ဝင်ပြိုင်နိုင်မယ်၊ ကိုယ့်ရဲ့အားကစားသမားတွေ အားလုံးအရည်အသွေးမြင့်မားကြမယ်၊ စံချိန်ကောင်းကြမယ်ဆိုရင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေလည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဆီးဂိမ်းရဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတန်းစီဇယားမှာ ထိပ်ဆုံးပိုင်းကို ရောက်ရှိဖို့ဆိုရင် အားကစားသမားကောင်းတွေ ပိုမိုပြုစုပျိုးထောင်ဖို့၊ ပြိုင်ပွဲအားလုံးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့နဲ့ ပြိုင်ပွဲတိုင်း ဆုတံဆိပ်တွေဆွတ်ခူးနိုင်ဖို့ ရေရှည်မျှော်မှန်းချက်နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

အခုလာမယ့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းအတွက် မြန်မာနိုင်ငံရဲ့ကြိုတင်ပြင်ဆင်မှုဟာ ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ တခမ်းတနားကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကျင်းပခဲ့တဲ့ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးမှာ အားကစားသမားပေါင်း ၁၂၀၀၀ လောက်နဲ့ အားကစားနည်း ၂၃ မျိုး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဂေါက်သီး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်၊ အလေးမ၊ ရေကူး၊ ကြက်တောင်၊ ဘိလိယက်စနူကာ၊ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု၊ ဂျူဒို၊ ကရာတေး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ မြန်မာ့သိုင်း၊ လက်ဝှေ့စတဲ့ အားကစားနည်းတွေပါဝင်ပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီးက လက်ရွေးစင်အဆင့်မီ အားကစားသမားတွေပေါ်ထွက်လာပြီး စံချိန်သစ်တင်နိုင်ခဲ့တဲ့ အားကစားနည်းတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပခဲ့တဲ့ အမျိုးသားအားကစားပွဲတော်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမယ့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းကို အဓိကဦးတည်ချက်ထားခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်တိတိကွာပါတယ်။ အမျိုးသား အားကစားပွဲတော်ကထွက်ပေါ်လာတဲ့ စံချိန်ရှင်တွေ၊ လက်ရွေးစင်အားကစားသမားတွေကို ဆက်လက်လေ့ကျင့်ပေးပြီး (၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြင်ဆင်မှုကောင်းမွန်ပြီး ရလဒ်ကောင်းတွေ ပိုမိုပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကိုယ့်စိတ်အလိုကျဆိုရရင် မြန်မာအားကစားသမားတွေပြိုင်ပွဲတိုင်းမှာ ရွှေဆုကိုသာမလွဲမသွေ ရယူကြလိမ့်မယ်လို့ ရဲရဲတင်းတင်း ပြောလိုက်ချင်တာပါ။

အားကစားဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်မှုတွေနဲ့ အစွမ်းကုန်မြှင့်တင်ပြီး ယှဉ်ပြိုင်ကြရတဲ့ ဖျော်ဖြေမှုတစ်ရပ်လို့ ယေဘုယျအဓိပ္ပာယ် ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အားကစားပွဲတွေကို နိုင်ငံအလိုက်၊ နိုင်ငံ့ကိုယ်စားပြုစသဖြင့် ယှဉ်ပြိုင်ကြတဲ့အခါ အနက်အဓိပ္ပာယ်နဲ့ အကျိုးသက်ရောက်မှုဟာ ဒီထက်များစွာပိုပြီး နက်ရှိုင်းကျယ်ဝန်းသွားပါတယ်။ အားကစားယှဉ်ပြိုင်မှုတွေက စစ်ပွဲတွေပမာဖြစ်သွားပါတယ်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေကို အခြေခံရတာ၊ နည်းလမ်းပေါင်းစုံနဲ့ အနိုင်ရအောင် တိုက်ရတာချင်းတူပေမယ့် ကျန်တာတွေကတော့ ဆန့်ကျင်ဘက်ပါ။ အားကစားသည်အပြု၊ စစ်သည်အဖျက်။ အားကစားသည် ချစ်ကြည်ရင်းနှီးမှု၊ စစ်သည်မုန်းတီးနာကြည်းမှု၊ အားကစားသည်ငြိမ်းချမ်းရေး၊ စစ်သည်ပျက်သုဉ်းရေး၊ အားကစားသည် အပေါင်းလက္ခဏာသဘော၊ စစ်သည် အနုတ်လက္ခဏာသဘော စသည်ဖြင့် ဆန့်ကျင်ခြားနားပါတယ်။

အားကစားမှာယှဉ်ပြိုင်ခြင်းသည် အဓိကဆိုပေမယ့် ဒါကကျင့်ဝတ်သဘောသာ ပြောခြင်းဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပြိုင်ပွဲဝင်အားကစားသမားတွေရော၊ အားပေးကြတဲ့ ပရိသတ်တွေပါ အောင်ပွဲကိုပဲ လိုချင်ကြတာပါ။ အနိုင်ရမှ အားရကြတာပါ။ အနိုင်ယူနိုင်မှ အားပေးကြတာလည်း သဘာဝပါ။ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ်စတဲ့ အားကစားတွေမှာ မြန်မာအားကစားသမားတွေ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်စသဖြင့် အောင်မြင်မှုတွေရခဲ့တဲ့အချိန်တုန်းက မြန်မာတွေအားကစားကို အားပေးခဲ့ကြပါတယ်။ မြန်မာ့အားကစားအတွက် မြန်မာတွေဂုဏ်ယူခဲ့ကြရပါတယ်။ မြန်မာ့ဂုဏ်ဆောင်အားကစားသမားတွေဟာလည်း မြန်မာတို့အဖို့ ဟီးရိုးတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာ့အားကစားရွှေခေတ်ဟာ ရာစုနှစ်ဝက်လောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။ အားကစားပရိသတ်တွေအဖို့လည်း ကြားကာလနှစ်တွေမှာ တစ်ခါတစ်ခါရတတ်တဲ့ အောင်ပွဲ တချို့တလေနဲ့ပဲ နှစ်သိမ့်နေခဲ့ကြရတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ဘောလုံးအားကစားနည်းမှာ မြန်မာအမျိုးသား၊ အမျိုးသမီးအသင်းတွေကို အရှေ့တောင် အာရှရဲ့ထိပ်ဆုံးနေရာတွေမှာ တွေ့ချင်၊ မြင်ချင်ကြတဲ့ အာသီသဟာ ကြီးမားပါတယ်။

(၃၃)ကြိမ်မြောက် ဆီးဂိမ်းမှာမြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်းတွေဟာ (၃၂) ကြိမ်မြောက် ဆီးဂိမ်းထက်နှစ်ဆကျော်ပိုမို များပြားလာသလို အားကစားသမားတွေနဲ့ အုပ်ချုပ်သူ နည်းပြများလည်း ပိုမိုများပြားလာမှာဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ပိုမိုများပြားတဲ့နည်းတူ အရည်အသွေးမြင့်မားတဲ့ အားကစားသမားတွေဖြစ်အောင်၊ ပြိုင်ပွဲတိုင်းမှာ အောင်ပွဲခံနိုင်အောင် အဘက်ဘက်က ကြိုတင်ပြင်ဆင်ဖြည့်ဆည်းကြပြီး အောင်စိတ်ကိုအမြင့်ဆုံးမှာ မြှင့်တင်ထားကြရမှာလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အဘက်ဘက်က ဖြည့်ဆည်းစီမံဆောင်ရွက်ပေးမှု၊ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ အမြင့်မားဆုံးသော အားပေးမှုတွေနဲ့အတူ (၃၃) ကြိမ်မြောက် ဆီးဂိမ်းမှာ သမိုင်းတစ်ခုရေးထိုးနိုင်ကြရအောင် အချိန်ရှိခိုက် လုံ့လဝီရိယစိုက်ကြပါစို့ရဲ့ဗျား။ ။