အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်
ဘုန်းသန့်စင်
အမှိုက်ဆိုတာ
အမှိုက်ဆိုသည်မှာ လူတို့ကအသုံးမလို၍ စွန့်လိုက်သောအစအန၊ အညစ်အကြေးများပင်ဖြစ်သည်။ ပတ်ဝန်းကျင်တွင် တွေ့မြင်နေရသော အမှိုက်သရိုက်အများစုတွင် ပလတ်စတစ်ပစ္စည်းအမျိုးမျိုး၊ ကြွပ်ကြွပ်အိတ်များ၊ လူ့အသုံးအဆောင်ပစ္စည်းအဟောင်းများကများသည်။ ထိုပစ္စည်းတို့သည် တစ်ချိန်က လူတို့၏လက်အတွင်း သို့မဟုတ် အိမ်အတွင်း သို့မဟုတ် မီးဖိုချောင်အတွင်း၌ လှပစွာနေရာယူခဲ့သည့်အရာများဖြစ်သည်။ အသုံးလိုစဉ် ဝယ်ယူအသုံးပြုခဲ့ကြပြီး အသုံးမလိုသည့်အချိန်တွင် အမှိုက်အဖြစ် သတ်မှတ်ကာ စွန့်ပစ်လိုက်ခြင်းခံရသည့် အရာများပင်ဖြစ်သည်။ ကြုံသလိုဖြစ်နေသည့် အမှိုက်များက ရေမြောင်းများအတွင်းရောက်ရှိကာ ရေမြောင်းများ ပိတ်ဆို့စေခြင်း၊ မြစ်များ၊ ချောင်းများ၊ သမုဒ္ဒရာများအတွင်းရောက်ရှိကာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း စသည့်ဆိုးကျိုးများကို ဖြစ်စေသည်။
လူနေအိမ်ခြေများသည့် ရပ်ကွက်များအတွင်းရှိ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့သည့်အခါ ရေစီးရေလာကောင်းမွန်မှုမရှိဘဲ ခြင်၊ ယင်များ အလွယ်တကူ ပေါက်ပွားရာနေရာ ဖြစ်လာလေသည်။ အမှိုက်များဖြင့် မသန့်ရှင်းသောရေဆိုးရေညစ်များက ရေမြောင်းများအတွင်း ရှိနေသည့်အချိန်တွင် ရပ်ကွက်အတွင်းနေသူတို့ကို ရောဂါဘယများဖြစ်ပွားစေသည်။ လူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ပျော်သလောက်ဒုက္ခပေးပြီးသော ထိုအမှိုက်တို့သည် ရေစီးနှင့်အတူ မြစ်များ၊ ချောင်းများ၊ ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ရောက်ရှိ သွားသည့်အခါတွင်လည်း ရေနေသတ္တဝါများ၏ ဇီဝကမ္မဖြစ်စဉ်များကို ထိခိုက်စေပြီး ရေသယံဇာတများကိုပါ ပျက်စီးစေသည်။ သဘာဝပတ်ဝန်းကျင်ညစ်နွမ်းသွားပြီး ရေသယံဇာတများ ဆုံးရှုံးသွားမည်ဆိုပါက လူသားတို့အတွက် မတွေးဝံ့စရာပင်။ မိမိတို့အသုံးမလိုသည့် အရာများကို ကြုံသလိုစွန့်ပစ်လိုက်ခြင်းဖြင့် ထိုပစ္စည်းများက မိမိတို့ကို တန်ပြန်ဒဏ်ခတ်ကာ လူမှုပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်သည်ကို သတိပြုမိဖို့လိုသည်။
မဖြစ်မနေ ပစ်နေကြသည်ဆိုရာတွင်
အမှိုက်ဆိုသည်မှာ လူတို့အတွက် အသုံးမလိုတော့သည့်အရာဖြစ်သဖြင့် စွန့်ပစ်ရမည်က အမှန်တရားပင်ဖြစ်သည်။ မီးဖိုချောင်မှထွက်ရှိသည့် စားကြွင်း စားကျန်ကဲ့သို့သော အမှိုက်များသည် သိမ်းဆည်းထားရန်မဖြစ်နိုင်၍ စွန့်ပစ်ကြရမည်သာဖြစ်သည်။ စနစ်တကျ၊ စည်းကမ်းတကျစွန့်ပစ်ခြင်းနှင့် ကြုံသလိုစွန့်ပစ်ခြင်းသာ ကွာမည်ဖြစ်သည်။ ထမင်းကျန်၊ ဟင်းကျန်များကို သတ်မှတ်ထားသည့် အမှိုက်ပုံးတွင် စနစ်တကျစွန့်ပစ်ခြင်းမပြုဘဲ မီးဖိုချောင်ပြတင်းပေါက်မှ ပစ်ချလိုက်မည်ဆိုပါက နောက်ဖေးလမ်းကြားတွင် ကြွက်များသောင်းကျန်းလာမည်ဖြစ်သည်။ ကြွက်များသောင်းကျန်မှု ဖြစ်ပေါ်လာသည့်အခါ ထိုကြွက်များက အမည်မသိသောရောဂါများကို သယ်ဆောင်လာ ကြမည်သာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အသုံးမလို၍ စွန့်ပစ်ရမည့်အမှိုက်များကို ကြုံသလိုပစ်လိုက်သည့် အကျင့်များမရှိစေဖို့ ထိန်းသိမ်းနိုင်ကြမည်ဆိုပါက လမ်းဘေးရေမြောင်းတို့ကို ပိတ်ဆို့စေသည့်အမှိုက်များက ရှိလာစရာမရှိပေ။ ရေမြောင်းတို့ပိတ်ဆို့ခြင်း မရှိသည့်အခါ နောက်ဆက်တွဲဆိုးကျိုး ကူးစက်ရောဂါဆိုးများ ဖြစ်ပွားခြင်းမှလည်း ကင်းဝေးနိုင်သည်။ ကမ္ဘာကြီးတစ်ခုလုံးအတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပြီး ဖြေရှင်းစရာနည်းလမ်းကို အပူတပြင်း ရှာဖွေနေရသည့် သမုဒ္ဒရာအတွင်းမှ အမှိုက်များလည်း ရှိလာစရာမရှိပေ။ မိမိတာဝန်မသိ အလွယ်လမ်းကိုလိုက်မိကာ ပစ်လိုက်မိသည့်အမှိုက်တစ်စက ကမ္ဘာကြီးကို ဒုက္ခပေးသည့် အရာတစ်ခုဖြစ်နေသည်ကိုလည်း သတိပြုမိဖို့လိုသည်။ ကိုယ်သုံးခဲ့သည့် ပစ္စည်းအမှိုက်ဘဝသို့ ရောက်သည့်အချိန်တွင် ကြုံရာပစ်ချတတ်သည်က လူသားတစ်ဦး၏ လုပ်သင့်လုပ်ထိုက်သော အပြုအမူ ဟုတ်၊ မဟုတ် စဉ်းစားဖို့လိုသည်။
အခြေခံကအစ ပြင်ကြည့်ကြမယ်
လူမှုဘဝပြုလုပ်ဖွယ်ရာများကို ပြုလုပ်ကြရင်းဖြင့် အခြားသူများနှင့် လူမှုပတ်ဝန်းကျင်ကို ဒုက္ခပေးမှန်းမသိ ပေးလိုက်မိခြင်းဖြစ်သည်။ ဘဝအမောများကို ခေတ္တပြေပျောက်စေရန် မိသားစုနှင့်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် သော်လည်းကောင်း တောတောင်ရေမြေ သဘာဝရှုခင်းများကို ကြည့်ရှုနိုင်ရေး ပျော်ပွဲစားခရီးထွက်တတ်ကြသည်။ စားကြသောက်ကြ၊ ပျော်ကြ ရွှင်ကြဖြစ်ခဲ့ရသည့် ထိုခရီးတွင် စားခဲ့သမျှသော စားကြွင်းစားကျန်၊ သုံးခဲ့သမျှသော ပလတ်စတစ်အမှိုက်အပါအဝင် အမှိုက်အားလုံးကို ကြုံသလိုပစ်ခဲ့မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ညစ်နွမ်း၍ နောက်တစ်ကြိမ်တွင် ထိုနေရာသို့ သွားသည့်အခါ ယခင်ကကဲ့သို့ သဘာဝအလှများရှိနေနိုင်မည်မဟုတ်တော့ပေ။
လှပသော ပန်းပွင့်လေးများ ရောင်စုံဖူးပွင့်နေသည့် ပန်းခြံထဲသို့ ရောက်ရှိခိုက်တွင် ဘဝအမောများက ခေတ္တခဏပြေလျော့သွားရသည်။ ထိုပန်းခြံအတွင်း ရေသန့်ဘူးခွံများ၊ ဖော့ဘူးများ၊ ပလတ် စတစ်အိတ်များကို ကြုံသလိုပစ်ခဲ့မည်ဆိုပါက ပန်းပေါင်းစုံဖြင့် လှပနေသောပန်းခြံမှာ အကျည်း တန်သွားပေမည်။ အပျော်စီးသင်္ဘောစီး၍ ခရီးထွကသည့်အခါ ကြည်လင်သောရေပြင်တွင် စင်ရော်ငှက် ကလေးများ ဝဲပျံ၍နေသည်ကို လူတိုင်းကြည့်လို မြင်လိုကြသည်။ ရေအောက်ကြမ်းပြင်အထိ မြင်နိုင်သည့် ကြည်လင်သောရေထဲတွင် သန္တာကျောက်တန်းလေးများ၏ အလှနှင့်အတူ ရေသတ္တဝါမျိုးစုံကို မြင်ရကြည့်ရသည့်အခါ လွန်စွာပျော်ရွှင်ရသည်။ ထိုမြင်ကွင်းတွင် ပလတ်စတစ် အမှိုက်များအပါအဝင် အမှိုက်မျိုးစုံဖုံးလွှမ်းသွားမည်ကို မလိုပါဟုဆိုပါလျှင် ကိုယ်တိုင်အမှိုက်တစ်စကို ကြုံသလိုပစ်ချတတ်သည့် အလေ့အထမရှိအောင် ကြိုးစားကြည့်စေလိုသည်။
အမှိုက်ပုံးထဲ အရောက်ပစ်
လူတို့သည် မိမိတို့နေထိုင်ရာဝန်းကျင်ကို သန့်ရှင်းသာယာလှပစွာရှိစေလိုသည်။ အမှိုက်သရိုက်တို့ကင်းစင်စွာဖြင့် တောက်ပြောင်သန့်ရှင်းစွာ ရှိလိုကြသည်။ မိမိနေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် မလိုအပ်သည့်အရာများကို စွန့်ပစ်လိုက်ကြသည်။ စွန့်ပစ်ပစ္စည်းဆိုသည်မှာ နယ်ပယ်တိုင်းတွင်ရှိနေနိုင်သည်။ မလိုအပ်၍ စွန့်ပစ်သည်က အပြစ်ဟုမဆိုသာသော်လည်း မိမိပစ်လိုက်သည့်အမှိုက် သို့မဟုတ် စွန့်ပစ်ပစ္စည်းကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေမည်ကိုတော့ သတိပြုမိဖို့လိုသည်။
မိမိအိမ်ကလေး သာယာလှပစေရေးအတွက် အိမ်အတွင်းမှအမှိုက်များကို စွန့်ပစ်ကြသည့်အခါ စည်ပင်သာယာက သတ်မှတ်ထားသည့် အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံးအတွင်းသို့မပစ်ဘဲ ကြုံရာပစ်ဖို့မသင့်ပေ။ မိမိအိမ်နှင့်ခြံဝင်းအတွင်း၌ အမှိုက်များကင်းစေ ပတ်ဝန်းကျင်တွင်တော့ ဖြစ်ချင်ရာဖြစ်စေဆိုသောစိတ်များ ကင်းဝေးစေလိုသည်။ ကားတစ်စီးဖြင့် ခရီးသွားသည့်အခါ မိမိကားပေါ်မှ အမှိုက်များကို လမ်းမပေါ်သို့ ကြုံသလိုပစ်ချလိုက်မည်ဆိုပါက မိမိကားတော့ သန့်ရှင်းသွားစေပတ်ဝန်းကျင်တော့ ဖြစ်ချင်သလိုဖြစ်စေဆိုသည့် စိတ်ဓာတ်ပင်ဖြစ်သည်။ ထိုစိတ်ဓာတ်များကိုတတ်နိုင်သမျှ ကြိုးစားဖယ်ရှား၍ အမှိုက်ဟူသမျှ အမှိုက်ပုံးအတွင်းသို့ ရောက်စေရေး ကြိုးစားသင့်ပေသည်။
အမှိုက်ကစ ပြာသာဒ်မီးလောင်
အမှိုက်ဆိုသည်ကား လူတို့ကြောင့်ဖြစ်ရသည့် အရာများပင်ဖြစ်သည်။ “အမှိုက်ကစ ပြာသာဒ်မီးလောင်”ဆိုသည့် စကားပုံအတိုင်းပင် မိမိစွန့်ပစ်ခဲ့သော အမှိုက်တစ်စသည် လူမှုပတ်ဝန်းကျင်အတွင်း ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်သည်။ မဆင်မခြင်စွန့်ပစ်ခဲ့သောအမှိုက်များက စုပုံလာသည့်အခါ ထိုအမှိုက်ပုံများမှ ထွက်လာသည့်အငွေ့အသက်များက လူတို့၏ကျန်းမာရေးကို ထိခိုက်စေရုံသာမက သဘာဝပတ်ဝန်းကျင်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကဲ့သို့သော ဓာတ်ငွေ့များ ပိုမိုများပြားလာစေနိုင်ပြီး လေထုညစ်ညမ်းမှုကိုဖြစ်စေသည်ဟု ပညာရှင်များက သုံးသပ်ထားသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကိုလည်း မြင့်တက်စေနိုင်ပြီး ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်မှုတို့ကိုပါ ဖြစ်စေနိုင်သည်။
လူတို့၏ စွန့်ပစ်အမှိုက်များတွင်ပါဝင်သော ဓာတုပစ္စည်းများသည် မြေကြီးအတွင်းသို့ ရောက်ရှိသွားပါက မြေသယံဇာတများ ဆုံးရှုံးသွားနိုင်သည်။ မိမိတို့ပတ်ဝန်းကျင်တွင် ပလတ်စတစ်အမှိုက်များ ကဲ့သို့သော အမှိုက်များစုပုံနေသည့်နေရာတွင် သီးပင်စားပင်များစိုက်ပျိုး၍ မဖြစ်နိုင်သည်က သက်သေပင်ဖြစ်သည်။ ရေထုအတွင်းသို့ကျရောက် သွားမည်ဆိုပါကလည်း ရေနေသတ္တဝါမျိုးစုံကို သေကျေပျက်စီးစေပြီး သန္တာကျောက်တန်းများကိုပင် ပျောက်ကွယ်သွားစေနိုင်သည်။ အမှိုက်မှထွက်သော အနံ့အသက်ဆိုးများ ပတ်ဝန်းကျင်အတွင်းသို့ ပျံ့နှံ့လာသည့်အခါ လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။ အမှိုက်ပိတ်ဆို့နေသည့် ရေမြောင်းများမှတစ်ဆင့် ခြင်၊ ယင်များ လွယ်ကူစွာပေါက်ပွား ရှင်သန်စေပြီး ထိုခြင်၊ ယင်များမှတစ်ဆင့် လူတို့ကို ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စသည့် ကူးစက်ရောဂါများကို ဖြစ်စေသည်။
ရောင်စုံပုံးများအတွင်းသို့ ပို့ကြစို့
အမှိုက်ကိစ္စသည် သာမန်အားဖြင့် ကြည့်မည်ဆိုပါက အရေးကြီးသည်ဟု ထင်နိုင်စရာမရှိသဖြင့် အလွယ်တကူပင် အိမ်ထောင်စုထွက်အမှိုက်များကို ကြုံသလိုစွန့်ပစ်လေ့ရှိသည်။ ပစ်ရမည့်အတူတူ ပင်ဖြစ်သဖြင့် စည်ပင်သာယာရေးဌာနကဲ့သို့သော အစိုးရက သတ်မှတ်ထားသည့် အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ပေးခြင်းသည် မိမိတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင်ပေ။ မိမိတို့အိမ်အတွင်းမှ ထွက်ရှိလာသော အမှိုက်များကို သတ်မှတ်ချက်များနှင့်အညီခွဲခြား၍ စနစ်တကျစွန့်ပစ်မည်ဆိုပါက ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဆိုသကဲ့သို့ပင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေသည့်ဝန်ထမ်းများလည်း တာဝန်ပိုများလျော့သွားမည်ဖြစ်သည်။
အိမ်တစ်အိမ် သို့မဟုတ် မိသားစုတစ်စုမှ သာမန်အားဖြင့် ထွက်လာသည့် အမှိုက်တို့ကို အမျိုးအစား လေးမျိုးခွဲခြားနိုင်သည်။ အမှိုက်စိုဟုသတ်မှတ်ရမည့် မီးဖိုချောင်ထွက်စွန့်ပစ်ပစ္စည်းများ၊ စားကြွင်းစားကျန်များ၊ အသား၊ ငါးအကြွင်းအကျန်များအတွက် အစိမ်းရောင်အမှိုက်ပုံးအတွင်းသို့ လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သည့် စက္ကူပုံးများ၊ ဖန်ပုလင်းများ၊ သံတိုသံစ၊ သတ္တုပစ္စည်းများ၊ အဝတ်အထည်နှင့် ပိတ်စများ စသည့်စွန့်ပစ်ပစ္စည်းများကို အဝါရောင်အမှိုက်ပုံးအတွင်းသို့လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သည့် ပလတ်စတစ်သုံးပစ္စည်းများနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများကို အပြာရောင်အမှိုက်ပုံးအတွင်းသို့လည်းကောင်း၊ ဘေးအန္တရာယ်ရှိအမှိုက်များဖြစ်သည့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်ဘက်ထရီအိုးများ၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးဘူးများ၊ မှုတ်ဆေးဘူးအမျိုးမျိုးနှင့် မိတ္တူကူးစက်များမှထွက်ရှိသည့် ဆေးအကြွင်းအကျန်များ စသည့်ဘေးအန္တရာယ်ရှိနိုင်သည့် အမှိုက်များကို အနီရောင်အမှိုက်ပုံးအတွင်းသို့ လည်းကောင်း စွန့်ပစ်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ကြမည်ဖြစ်ပေသည်။ ။
ရည်ညွှန်း - နေ့စဉ်ထုတ်သတင်းစာများ။