၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၆၉/၂၈၂) အရ ကမ္ဘာ့စာရင်းအင်းနေ့အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့ကို သတ်မှတ်ပြီး ၅ နှစ်တစ်ကြိမ်ကျင်းပရန် ဆုံးဖြတ် ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဗဟိုစာရင်းအင်းအဖွဲ့ကကြီးမှူး၍ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင်လည်းကောင်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပါသည်။ ယခုနှစ် ကမ္ဘာ့စာရင်းအင်းနေ့အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနေကျပုံစံအစား ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်သာ ကျင်းပမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့ အခမ်းအနားကို "Connecting The World With Data We Can Trust" “ဆန်းသစ်ယုံကြည် စာရင်းအင်း အချက်အလက် အခြေတည် ချိတ်ဆက်ဝေမည် ဖွံ့ဖြိုးတိုးတက်နိုင်ငံဆီ” ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ် ပါသည်။
ကမ္ဘာ့စာရင်းအင်းနေ့ ကျင်းပခြင်းဖြင့် အမျိုးသားစာရင်းအင်းစနစ် အားကောင်းလာပြီး ယုံကြည်စိတ်ချရသော စာရင်းအင်း အချက်အလက်များ ထုတ်ပြန်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုတိုးမြင့်လာစေရန်နှင့် ယုံကြည်စိတ်ချရသော အချက်အလက် များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှုအားကောင်းလာစေမည် ဖြစ်ပါသည်။
ယခုနှစ် အစောပိုင်းတွင် ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ပိုမိုကောင်းမွန်သော အချက်အလက်များ ထောက်ပံ့ ပေးနိုင်ရန် ကုလသမဂ္ဂ၏ စွမ်းဆောင်ရည်များ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ Data We Can Trust ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ အချက်အလက်ဆိုင်ရာ မဟာဗျူဟာကို မိတ်ဆက်ခဲ့ပါသည်။ အချက်အလက်နှင့် စာရင်းအင်းတို့တွင် ရင်းနှီး မြှုပ်နှံခြင်းသည် ကိုဗစ်-၁၉ ရောဂါကို တုံ့ပြန်ဆောင်ရွက်ရန်နှင့် အဆိုပါအခြေအနေမှ ပြန်လည် ကောင်းမွန်လာစေရန်အတွက် လိုအပ်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ရည်ရွယ်ချက်ပန်းတိုင်များ အောင်မြင် စေမည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချက်
မြန်မာနိုင်ငံအနေဖြင့် တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝပြီး ယုံကြည်စိတ်ချရသော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုစုပံ့ပိုးနိုင်သည့် မြန်မာနိုင်ငံအမျိုးသား စာရင်းအင်း စနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးပြည့်ဝပြီး တိကျမှန်ကန် သည့် စာရင်းအင်းများကို ရရှိအသုံးပြုနိုင်ခြင်းအားဖြင့် အစိုးရနှင့် ပြည်သူတို့အကြား၊ နိုင်ငံတကာအသိုင်းအဝိုင်းများ အကြား ယုံကြည်မှုတိုးမြင့်စေရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ၏ စာရင်းအင်းဥပဒေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက် နေ့မှာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်(၁)ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။
စာရင်းအင်းဥပဒေအရ စာရင်းအင်းမူဝါဒအနှစ်ချုပ် (Statistical Policy Brief)၊ စာရင်းအင်း ဆိုင်ရာ ဖွံ့ဖြိုးမှုအမျိုးသားအဆင့် မဟာဗျူဟာတို့ကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များဖွဲ့စည်း၍ စာရင်းအင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသားစာရင်းအင်း စနစ်ပေါ်ပေါက် စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီကို စာရင်းအင်းဥပဒေအရ အဆင့်မြှင့်တင်ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
စာရင်းအင်းဥပဒေကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အသုံးပြုနိုင်မည့် စာရင်းအင်းနည်း ဥပဒေကို မကြာခင် ပြဋ္ဌာန်းဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ စာရင်းအင်းများနှင့် ပါဝင်ပတ်သက်သူအားလုံးအတွက် ကျင့်ဝတ်နှင့် အညီ လိုက်နာဆောင်ရွက် နိုင်ရေး စာရင်းအင်းဆိုင်ရာကျင့်ဝတ် (Code of Practice-COP)ကို ထုတ်ပြန်နိုင်အောင် ဆောင်ရွက် လျက်ရှိပါသည်။
ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan- MSDP) (၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှု၊ ထိရောက်မှုများကို စောင့်ကြည့် အကဲဖြတ်နိုင်မည့် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework- NIF) တစ်ရပ်ပေါ်ထွက်လာစေရေး ဆောင် ရွက်နိုင်ခဲ့ပါသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် လစဉ်စီးပွားရေး ညွှန်ကိန်းစာစောင်၊ သုံးလပတ်စာရင်းအင်း စာစောင်နှင့် နှစ်စဉ်စာရင်းအင်းစာစောင်တို့ကို ပုံမှန်ထုတ်ဝေလျက်ရှိသည့်အပြင် ကဏ္ဍအလိုက် စာရင်းအင်း စာစောင်များနှင့် စစ်တမ်းအစီရင်ခံစာများကိုလည်း ပြုစုထုတ်ဝေနိုင်ခဲ့ပါသည်။ ထို့အပြင် တရားဝင်စာရင်းအင်း များကို စာရင်းအင်းအသုံးပြုသူများ လွယ်လင့်တကူအသုံးပြုနိုင်စေရန် အတွက် ဗဟိုစာရင်းအင်းအဖွဲ့၏ Website များဖြစ်သည့် www.mmsis.gov.mm နှင့် www.csostat.gov.mm တို့မှ ပုံမှန်လွှင့်တင်ထုတ်ပြန်ပေးလျက် ရှိပါသည်။ ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် စာရင်းအင်းအချက် အလက်များ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် စာရင်းအင်း ဆိုင်ရာ သတင်းအချက်အလက်ကို အသေးစိတ်အသုံး ပြုနိုင်ရန် Redatam Web-server ဖြင့် လွှင့်တင်ထား ရှိပါသည်။
မြန်မာနိုင်ငံ၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးလာမှုကြောင့် တရားဝင်စာရင်းအင်းများ၏ Open Data Inventory- 2018 Annual Report အရ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ ၁၈၀ တွင် အဆင့် ၇၉ နှင့် အာဆီယံ ၁၀ နိုင်ငံတွင် အဆင့် ၅ အထိ တိုးတက်လာခဲ့ပါသည်။
စာရင်းအင်းစနစ် ခိုင်မာအားကောင်းစေရေးအတွက် လိုအပ်ချက်များ
အရည်အသွေးပြည့်ဝသော စာရင်းအင်းများကို ကောက်ယူစုစည်းထုတ်ပြန်ရာတွင် စာရင်းအင်း အသုံးပြု သူများအတွက် လိုအပ်ပြီး အသုံးဝင်သောစာရင်းအင်းများ ပံ့ပိုးပေးနိုင်ရန်လည်း လိုအပ်သည့်အတွက် Statistics User-Provider Relation ကောင်းမွန်စေရေး သည်လည်း အရေးကြီးပါသည်။ စာရင်းအင်းကဏ္ဍ တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန များအကြား အလျားလိုက် ပူးပေါင်းဆောင်ရွက်မှု (Horizontal Cooperation)၊ ဒေါင်လိုက်ပူးပေါင်း ဆောင်ရွက်မှု (Vertical Cooperation) ရှိရန်၊ Data Sharing Policy ကို အကောင်အထည်ဖော်ရန် စာရင်းအင်းထုတ်ပြန်သူ များနှင့် စာရင်းအင်း အသုံးပြုသူများအကြား တိုးတက် ကောင်းမွန်စေရေး၊ စာရင်းအင်းများရှေ့နောက် ညီညွတ်မှုရှိပြီး ယုံကြည်ကိုးစားနိုင်သော စာရင်းအင်းများ ဖြစ်စေရေးအတွက် အမျိုးသားစာရင်းအင်းစနစ်(NSS)တွင် ပါဝင်ပတ်သက်သူ (stakeholders) အားလုံး ပူးပေါင်း ဆောင်ရွက်ပေးရန် အရေးကြီးပါသည်။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် အချိန်၊ ငွေကြေးနှင့် လူအင်အားစသည့် အကန့်အသတ် နှင့်တည်ရှိသည့် အရင်းအမြစ်များအကြား စာရင်းအင်း ဆိုင်ရာ နယ်ပယ်တွင် တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံပြီး အထိရောက်ဆုံး အသုံးချနိုင်ရေးသည် အလွန်အရေးကြီး ပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာများ၊ မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ အကောင် အထည်ဖော်ခြင်းနှင့် စောင့်ကြည့်အကဲဖြတ်ခြင်းတို့ကို ထိရောက်မှုရှိစေရန်အတွက် အရည်အသွေး ပြည့်ဝပြီး တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ လွယ်လင့်တကူ ရရှိအသုံးပြုနိုင် ရေးသည် များစွာအရေးကြီးပါသည်။
သို့ရာတွင် နိုင်ငံဖွံ့ဖြိုးစေရေးအတွက် အခြေခံဖြစ်သည့် စာရင်းအင်းများ ရှေ့နောက်ညီညွတ်မှု ရှိရန်၊ အချိန်မီရရှိရန်၊ ယုံကြည် ကိုးစားနိုင်ပြီး ခိုင်မာသောစာရင်း အင်းများဖြစ်စေရန် စာရင်းအင်းနှင့် စပ်လျဉ်း၍ ပိုမိုတိကျ မှန်ကန်လိုသည့် လိုလားစိတ် (Political Will)နှင့် စိတ်ပါဝင်စားမှုရှိရန် လိုအပ်နေသေးသည့်အတွက် ပြည်သူများအကြား အသိပညာမြှင့်တင်မှု (Awareness Raising) များကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဆန်းသစ်ယုံကြည် စာရင်းအင်းအချက်အလက် အခြေ တည် ချိတ်ဆက်ဝေမည် ဖွံ့ဖြိုးတိုးတက် နိုင်ငံဆီ
စာရင်းအင်းအချက်အလက်များသည် အထောက်အထား အခြေပြုမူဝါဒချမှတ်ရာတွင် အခြေခံဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ တိကျခိုင်မာ၍ ယုံကြည်ရသော အချက်အလက်များသည် ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲရာတွင် အထောက်အကူပေး နိုင်လိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာရင်းအင်းနေ့ ဆောင်ပုဒ်နှင့်အညီ ယုံကြည် စိတ်ချရပြီး ပြီးပြည့်စုံသည့် စာရင်းအင်း အချက်အလက်များ၊ တီထွင်ဆန်းသစ်မှုရှိသော နိုင်ငံတကာအဆင့်မီ စာရင်းအင်း စနစ်များကသာ နိုင်ငံသူနိုင်ငံသားများ၏အကျိုး ဖြစ်ထွန်းစေရေးကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။
ဆန်းမြင့် (စာရင်းအင်း)