Skip to main content

အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဆောင်ရွက်ချက်များ

ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဆိုသည့်အတိုင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီအနေဖြင့် ပြည်သူတို့က လွှတ်တော်သို့တင်ပြလာသည့် တိုင်ကြားစာများအပေါ် ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ ။

အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီသည် ပြည်သူများမှ တင်ပြလာသော တိုင်ကြားစာများကို သုံးသပ်လေ့လာ၍ ကော်မတီ၏စိစစ်တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံ ပြုချက်များဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် ပေးပို့ညှိနှိုင်းခြင်းဖြင့် ပြည်သူများ၏ လိုလားချက်များ၊ နစ်နာမှုများကို ကူညီဖြေရှင်း ပေးလျက်ရှိသည်။

ထိုသို့ ကော်မတီ၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ -ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံမေးမြန်းခဲ့ သည်များကို ဖော်ပြအပ်ပါသည်။

ဦးလှမြင့်(ခ) ဦးလှမြင့်သန်း

(ဥက္ကဋ္ဌ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ)

(မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကော်မတီက ဆောင်ရွက်ရတဲ့တာဝန် ငါးခုရှိပါတယ်။ တင်ပြလာတဲ့တိုင်စာတွေကို မှန်ကန်မှု ရှိ၊ မရှိစစ်ဆေးဖို့၊ မှန်ကန်မှုမရှိတဲ့ တိုင်ကြားစာတွေကို လိုအပ်သလိုပြန်ကြား ပေးဖို့၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေတဲ့ကိစ္စရပ်တွေ ဖြစ်တယ်လို့ လေ့လာတွေ့ရှိရင် လွှတ်တော်ကို မေးခွန်းတွေ မေးမြန်းတာ၊ အဆိုတင်သွင်းတာတွေလုပ်ဖို့၊ တရားရုံးက ဆုံးဖြတ်ခြင်း မပြုရသေးတဲ့ ကိစ္စတွေမှအပ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖြေရှင်း ပေးရတာတွေ၊ အကြံ ပြုပေးတာတွေ ရှိပါတယ်။ နောက်ဆုံးအချက်က ပြည်သူ လူထုကို တရားမျှတစွာ အကာအကွယ်ပေးမယ့် အုပ်ချုပ် ရေးစနစ်ဖြစ်လာဖို့၊ အဲဒီအုပ်ချုပ်ရေးစနစ် အကောင် အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာများအနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီဆောင်ရွက်ပေးဖို့ ကော်မတီက အကြံပြုချက်တွေ ပေးပို့ဆောင်ရွက်လျက် ရှိပါတယ်။

ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကတော့ လိုအပ်မယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တွေက ဖြေကြားနိုင်မယ့် ပုဂ္ဂိုလ်တွေကို မေးမြန်းပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ကော်မတီအနေနဲ့ ကော်မတီကို ပေးပို့တိုင်ကြားလာတဲ့ တိုင်ကြားစာပါ ကိစ္စတွေဟာ အများ ပြည်သူအကျိုးကို ထိခိုက်စေမယ့် အကြောင်းအရပ်တွေ ဖြစ်နေမယ်ဆိုရင် ကွင်းဆင်းစစ်ဆေးပြီး လေ့လာစိစစ်မှု တွေ ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ ကွင်းဆင်းစစ်ဆေးမှု ကနေ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ ပြန်လည်အစီရင်ခံ တင်ပြရပါတယ်။ တိုင်ကြားစာတွေအပေါ် ပြန်ကြားစာပေးပို့ရတာလည်း ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ ကော်မတီကလုပ်ပိုင်ခွင့် ရှိတာတွေပါ။ “ ကော်မတီက ဆောင်ရွက်နေတဲ့ တာဝန်တွေနဲ့ပတ်သက်ပြီး အတိအလင်းပြောရရင် လွှတ်တော်ရဲ့ တာဝန်သုံးရပ် ထဲက နှစ်ခုဖြစ်တဲ့ ပြည်သူကို ကိုယ်စားပြုခြင်း၊ အုပ်ချုပ် ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းညှိခြင်း၊ အပြန် အလှန် ထိန်းကျောင်းခြင်းတာဝန်ကို ကော်မတီက လွှတ်တော်ကိုယ်စား တစ်စိတ်တစ်ပိုင်းအနေနဲ့ ထမ်းဆောင်နေပါ တယ်။ ဒါဟာ ကော်မတီရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ၁၄ ဦး စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးမှအပ ကျန် ၁၃ ဦးကို တိုင်ကြားလာတဲ့ အကြောင်းအရာအစု သုံးမျိုးခွဲကာ အုပ်စုသုံးစုခွဲ တာဝန်ပေးထားပါတယ်။ အစုအဖွဲ့(၁)က တရားစီရင်ရေးနှင့်တရားရုံးဆိုင်ရာကိစ္စများ၊ အစုအဖွဲ့ (၂)က ၀န်ထမ်းရေးရာ  ကိစ္စများ၊ အစုအဖွဲ့ (၃)က အထွေထွေကိစ္စများဆိုပြီး ခွဲခြား  သတ်မှတ် တာဝန်ခွဲဝေဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၆  ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်ကစပြီး ရရှိလာတဲ့ တိုင်ကြားစာပါ အကြောင်းအရာ တွေကတော့ အကြောင်းအရာအစုံပဲ ဖြစ်ပါတယ်။ မြေယာ ကိစ္စက အများဆုံးပါ။ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိကို  လွှတ်တော်ဥက္ကဋ္ဌထံ လိပ်မူပေးပို့လို့ ကျွန်တော်တို့ဆီလွှဲ ပြောင်းပေးတဲ့ တိုင်ကြားစာပေါင်း ၄၆၆၁ စောင်ရှိပါတယ်။ ကျွန်တော်တို့ကော်မတီကို လိပ်မူပေးပို့တဲ့ တိုင်ကြားစာက ၅၁၂၁ စောင် စုစုပေါင်း ၉၇၈၂ စောင်လက်ခံရရှိခဲ့ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေတွေသိမ်းဆည်းခြင်းနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေ အပေါ်မှာ ကျွန်တော်တို့ကော်မတီ အနေနဲ့ လက်ခံဆောင်ရွက်လို့ မရပါဘူး။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ ကော်မတီကို ပို့ရပါတယ်။ တိုင်ကြားစာတွေထဲမှာ သတ်မှတ်ချက်နဲ့ မကိုက် ညီလို့၊ မပြည့်စုံလို့ အရေးယူလို့မရတဲ့ တိုင်ကြားစာပေါင်း ၃၈၀၇ စောင် ရှိပါတယ်။ တိုင်ကြားသူတွေထံ ပြန်ကြားပေး တဲ့စာက ၇၇၀ စောင်ရှိပါတယ်။ ကွင်းဆင်းစစ်ဆေးမှုက ၅၉ စောင်ရှိပါတယ်။ ကွင်းဆင်း စစ်ဆေးတဲ့အကြိမ်က ၂၆ ကြိမ် ဖြစ်ပါတယ်။

ကွင်းဆင်းစစ်ဆေးခဲ့တဲ့ ပြည်နယ်တွေက ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့ဖြစ်ပြီးတော့ တိုင်းဒေသကြီးတွေက ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတို့ဖြစ်ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ နေပြည်တော်ကောင်စီ၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်၊ ဝန်ကြီးဌာနတွေနဲ့ သက်ဆိုင်ရာတိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကို ပေးပို့ခဲ့ရရာမှာ အဲဒီအဖွဲ့ အစည်းတွေက ပြန်ကြားဖို့ကျန်နေတာ ၂၉ စောင် ရှိပါတယ်။

သမ္မတရုံး ဝန်ကြီးဌာနအပါအဝင် ကော်မတီကို ပြန်ကြား ဖို့ ကျန်နေတဲ့စာက ၁၃၅ စောင်ရှိပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနက ၆၈ စောင်ပြန်ကြဖို့ အများဆုံးကျန်နေပါ တယ်။ ဒုတိယအများဆုံးပြန်ကြားဖို့ ကျန်နေတာက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနက ၂၁ စောင်ဖြစ် ပါတယ်။ တတိယပြန်ကြားဖို့ကျန်တာက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်ပြီး ၁၆ စောင်ဖြစ်ပါ တယ်။ သူတို့ဆီက ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ ပြန်လာမှ ကော်မတီက တိုင်ကြားသူတွေ အကြောင်း ကြားပါတယ်။ ။

ဒီလိုပဲ တိုင်းဒေသကြီးနဲ့ပြည်နယ်က ပြန်ကြားဖို့ကျန် နေတာတွေလည်း ရှိပါတယ်။ စုစုပေါင်း ၆၂၃ စောင် ဖြစ်ပါ တယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၁၈ တစောင် အများ ဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးက ၁၀၉ စောင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ၉၁ စောင် ဖြစ်ပါတယ်။ ဒီဟာ တွေအပေါ်မှာထပ်ပြီး Remind လုပ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ကော်မတီမှာ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ကော်မတီအစည်းအဝေးပေါင်း ၉၁ ကြိမ်ကျင်းပခဲ့ပါတယ်။

ကွင်းဆင်းစစ်ဆေးတဲ့အပြင် တိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် (I-18) ရေးရာဆောင် အပေါ်ထပ်မှာ ကြားနာမှုငါးကြိမ် ပြုလုပ်ခဲ့ပါတယ်။

ကော်မတီက လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ၂၀၁၇ ခုနှစ်မှာ နှစ်ကြိမ်၊ ၂၀၁၈ ခုနှစ်မှာ နှစ်ကြိမ်၊ ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ် အမျိုးသားလွှတ်တော်ကို တင်ပြနိုင်ခဲ့ပါတယ်။

နောက်ပြီး ကော်မတီကို နိုင်ငံတကာအဖွဲ့အစည်း တွေကနေ လာရောက် တွေ့ဆုံတာတွေရှိပါတယ်။ Scholar Wilson Asia Foundation Center၊ WFD အစီအစဉ်နဲ့  ယူကေ အထက်လွှတ်တော်အမတ် Mr.Lord Malcolm Brue ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener တို့နဲ့ တွေ့ဆုံမှုတွေ ရှိပါတယ်။

“ဒီလိုတွေ့ဆုံမှုမှာ သူတို့အနေနဲ့ စိတ်ဝင်တစား မေးမြန်း တာတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့ အခါ ကျွန်တော်တို့ကော်မတီကို ဘယ်လိုတိုင်ကြားစာမျိုး တွေရောက်ရှိသလဲ၊ တိုင်ကြားစာတွေအပေါ် ဘယ်လိုဆောင် ရွက်ပေးသလဲ။အီးမေးလ်နဲ့ ပေးပို့မှုတွေရှိသလား ဒါမျိုးတွေ မေးပါတယ်။ ကျွန်တော်တို့ကော်မတီရဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေကို ဖြေကြားပေးပါတယ်။ ပြီးတော့သူကတိုင်ကြား စာထဲမှာ လ၀က မှတ်ပုံတင်ကိစ္စကို တိုင်ကြားမှုရှိသလား မေးပါတယ်။ ဒီလိုမေးမြန်းလာမယ်ထင်လို့ တိုင်ကြားစာတွေ ကို သေချာ စိစစ်ထားပါတယ်။ ကျွန်တော်တို့ကော်မတီကို လ၀ကနဲ့ ပတ်သက်ပြီး တိုင်ကြားစာ မရှိပါဘူး။ လက်တွေ့ အပြင်မှာပြောကြတာ အများကြီးရှိပါတယ်။ ။

“ဒါပေမယ့် ရခိုင်ပြည်နယ်မှာဆိုရင် အိန္ဒိယနွယ်ဖွားတွေ၊ မူဆလင်တွေတင်မဟုတ်ပါဘူး။ တိုင်းရင်းသားတွေက မွေးဖွားတဲ့သူတွေတောင် နိုင်ငံသားစိစစ်ရေးကတ်ရဖို့ ခက်ခဲနေတာ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့က အဘိုး အဘွားနာမည်မသိတာ၊ အချက်အလက်တွေ မမှတ် မိတာမျိုး၊ အဘိုးလောက်သိပေမယ့် အဘွားမသိတာမျိုးတွေ ကြေးနှင့် အခက်အခဲတွေ ရှိနေကြောင်း ရှင်းပြခဲ့ပါတယ်။

ပြီးတော့ UN အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်စေချင်တဲ့အကြောင်း ဆွေးနွေးပါ တယ်။ ကျွန်တော်တို့ကလည်း ပြန်ပြီးရှင်းပြပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်မှုက တစ်မျိုးတည်းရှိပြီး ၁၉၄၈ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်မှုကလည်း တစ်မျိုးတည်းရှိတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားဖြစ်မှုက နှစ်မျိုးရှိပါတယ်။ သို့သော် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေ အရ နိုင်ငံသားဖြစ်မှုက သုံးမျိုးဖြစ်သွားတယ်။ သူကအရင် ကိုယ်စားလှယ်နဲ့မတူဘဲ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်း အခြေအနေမှန်ကို သိပုံရတယ်ထင်လို့၊ ကျွန်တေတို့အနေ နဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အထူးသဖြင့် အနောက်နိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ သွားနေတဲ့လမ်းကို အဟန့်အတားဖြစ်စေတဲ့ အလုပ်မျိုး မလုပ်မိဖို့၊ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေ အနေမှန်ကို သေသေချာချာ လေ့လာဖို့လိုတယ်လို့ သူ့ကို ရှင်းလင်း ပြောပြ ဆွေးနွေးခဲ့ပါတယ်။ သူ့အနေနဲ့လည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ တွေ့ကြုံနေတာတွေ၊ အခက် အခဲတွေကို အများကြီးနားလည်တဲ့အကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကိုပြင်ဖို့ လိုတဲ့အကြောင်း ပြန်ပြော ပါတယ်။ ကျွန်တော်တို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရပါဦးမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပြီးမှ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီး စဉ်းစားရမယ်လို့ ပြန်ပြီးဆွေးနွေးခဲ့ ပါတယ်။

အလားတူပဲယူကေ အထက်လွှတ်တော် အမတ်ကလည်း တိုင်ကြားစာနဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေး ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဆီမှာ တိုင် ကြားစာတစ်စောင်ကို အချိန်ဘယ်လောက်ယူသလဲ၊ မေးမြန်းကြည့်ပါတယ်။ သူတို့က နှစ်ရက်၊ သုံးရက်ပဲကြာ တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ဆီမှာ အမြန်ဆုံး နှစ်လ၊ သုံးလလောက်ကြာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ အားလုံး အီးမေးလ်သုံးတဲ့စနစ် မရှိသေးဘူး။ အားလုံးအီးမေးလ်သုံးကြရင်တော့ မြန်သွား မယ်လို့ ထင်မြင်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။

တိုင်ကြားစာကော်မတီရဲ့ စိစစ်တွေ့ရှိချက်နဲ့ အကြီး ပြုချက်တွေအရ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ ပြည်ထဲ ရေးဝန်ကြီးဌာနက အရာထမ်းနဲ့ အမှုထမ်း စုစုပေါင်း ၁၀ ဦးကို အရေးယူခဲ့ပြီး နေပြည်တော်ကောင်စီက တစ်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမှုထမ်း သုံးဦး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က အရာထမ်းနဲ့ အမှုထမ်း စုစုပေါင်း ငါးဦး၊ ပညာရေး ဝန်ကြီးဌာနက အမှုထမ်းနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က အထမ်းနဲ့အမှုထမ်း စုစုပေါင်းလေးဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့က အမှုထမ်းတစ်ဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဝန်ထမ်းတစ်ဦးနှင့် ရှေ့နေ တစ်ဦးတို့ကို ဥပဒေတွေနဲ့အညီ အရေးယူခဲ့ပါတယ်။

ဝန်ထမ်းအဖြစ်က ထုတ်ပယ်ခံရသူတစ်ဦးကို ကရုဏာကြေးနဲ့ ပင်စင်ပြန်ရအောင် ဆောင်ရွက်ပေးနိုင် ခဲ့ပြီး ဆေးစစ်ချက်လွဲလို့ ကျောင်းဆက်တက်ခွင့်မရတဲ့ တက္ကသိုလ် ကျောင်းသားတစ်ဦးကို ကျောင်းဆက်တက် ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဘိုးချောင်းကျေး ရွာက တောင်သူတွေရဲ့မြေကို ကုမ္ပဏီက သိမ်းဆည်းတဲ့ ကိစ္စမှာ တောင်သူတွေဆန္ဒနဲ့အညီ လျော်ကြေးငွေရရှိ အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ။

နေပြည်တော် ကောင်စီနယ်မြေအတွင်း သစ်ခိုး ထုတ်တဲ့ကိစ္စတိုင်ကြားလာလို့ကော်မတီရဲ့ အကြံပြုချက် အရ နေပြည်တော်ကောင်စီက စိစစ်ဆောင်ရွက်ခဲ့ရာမှာ လူပုဂ္ဂိုလ်ငါးဦးကို ထောင်ဒဏ် အပြစ်ပေးနိုင်ခဲ့ပြီး ဇိမ်ခံကားငါးစီးနဲ့ သစ်တင်ယဉ် ခြောက်ဘီးကားတစ်စီးကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ။

ကော်မတီကကွင်းဆင်းစစ်ဆေးရာမှာ မမှန်မကန် တိုင်တဲ့ကိစ္စသုံးခုတွေ့ခဲ့ရပါတယ်။ ပြည်သူထဲက နစ်နာမှု တကယ်ရှိရင် အချက်အလက်၊ အဆောက်အထားအပြည့် အစုံနဲ့ သေသေချာချာ၊ နခမည်မှန်၊ လိပ်စာမှန်၊ နိုင်ငံသားစိစစ်ရေးကတ် နံပါတ်အမှန်တွေနဲ့ တိုင်စေချင်ပါတယ်။ တချို့ တိုင်ကြားစာရေးတဲ့သူတွေက တိုင်စာကို အဖုံးအကောင်း စားတွေနဲ့ လုပ်ကြပါတယ်။ အဲဒီလိုလုပ်စရာမလိုပါဘူး။ တံဆိပ်ခေါင်းကပ်စရာလည်း မလိုပါဘူးဆိုတာကို ပြည်သူကို ပြချင်ပါတယ်။

ဦးဝင်းကြိုင်

(အတွင်းရေးမှူး၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ) ၊

(ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့ကော်မတီကို ပြည်သူတွေအများဆုံး တိုင်ကြားပေးပို့တဲ့ တိုင်ကြားစာ ကတော့ လယ်ယာမြေနဲ့ အခြားမြေ သိမ်းဆည်းခံရမှုတွေ ဖြစ်ပါတယ်။ လယ်ယာမြေ နဲ့ အခြားမြေတွေ သိမ်းဆည်းခံရတာရှိတယ်။ လယ်ယာမြေ နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ လွဲမှားလို့ နစ်နာတဲ့ အတွက် တိုင်ကြားတာတွေရှိတယ်။ အဓိကကတော့ လယ် ယာမြေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာက အများဆုံးပါ။

တခြားတိုင်ကြားစာတွေကတော့ ပုဂ္ဂလိကနစ်နာလို့၊ ဆုံးရှုံးလို့ တစ်ဦးနှင့်တစ်ဦး တိုင်ကြားစာ၊ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့တိုင်ကြားစာတွေလည်းရှိပါတယ်။ ဝန်ကြီးဌာန နဲ့ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ရှိပါတယ်။ ဒါတွေ က တိုင်ကြားစာနဲ့ ပတ်သက်တာတွေပါ။

ဒီလိုတိုင်ကြားစာတွေနဲ့ ပတ်သက်ပြီး ကော်မတီ အနေနဲ့ ဆောင်ရွက်ပေးလို့မရတဲ့ တိုင်ကြားစာမျိုးတွေရှိ ပါတယ်။ တိုင်ကြားလိုတဲ့အကြောင်းအရနဲ့ ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံမပါတာမျိုး၊ တိုင်ကြားပေမယ့် ကာယကံရှင်ရဲ့ လက်မှတ် မပါတာမျိုးတွေရှိရင် ဆောင်ရွက် ပေးလို့ မရပါဘူး။

ပြည့်စုံတဲ့တိုင်ကြားစာတွေကိုတော့ ကျွန်တော်တို့ ဘက်က သေချာစိစစ်ပြီးတော့ တိုင်ကြားစာနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးလို့ရအောင် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဆီကို တိုက်ရိုက်ပေးပို့ပါတယ်။

ဒီနေရာမှာ အားနည်းချက်ကဘာလဲဆိုရင် ကျွန်တော် တို့ဆီကပေးပို့လိုက်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြန်မြန်ဆန်ဆန် ပူးပေါင်းပါဝင်မှု အားနည်းတာကို တွေ့ရပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုရှိပါတယ်။ ဒါပေမယ့် တုံ့ပြန်မှုကအားနည်း တယ်။ ကျွန်တော်တို့လိုလားတဲ့ ရာခိုင်နှုန်းမရဘူး။

ပြည်သူတွေအနေနဲ့ တိုင်ကြားစာပေးပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၁၁ ချက်ရှိပါတယ်။

ကော်မတီကအရေးယူဆောင်ရွက်ခြင်းမပြုတဲ့ တိုင်ကြားစာ ၁၁ မျိုးရှိတယ်။ ပထမဦးဆုံးအချက်က နိုင်ငံတော်သမ္မတထံ လိပ်မူပြီး ကျွန်တော်တို့ကော်မတီကို မိတ္တူပေးပို့ရင် အရေးယူဆောင်ရွက်လို့ မရပါဘူး။ နှစ်အချက်က နိုင်ငံတော် သမ္မတ၊ တခြားဝန်ကြီးဌာနတွေနဲ့ လိပ်စာတစ်ပြိုင်တည်း ပေးပို့ရင်လည်း ဆောင်ရွက်လို့ မရပါဘူး။ သုံးအချက်က တရားရုံးမှာ ရင်ဆိုင်ဆဲ၊ ဆောင်ရွက်ဆဲအမှုတွေကိုလည်း

ဆောင်ရွက်ပေးလို့ မရပါဘူး။ လေးအချက်က ကာယကံရှင် ကိုယ်တိုင် တရားစွဲဆိုရမယ့် ကိစ္စတွေ၊ အချင်းချင်းဖြစ်တဲ့ တရားမနစ်န၁မှု၊ ငွေကြေးကိစ္စ၊ ကိုယ်တိုင်တရားလိုပြု လုပ်ပြီး တရားစွဲဆိုရမယ့် ကိစ္စတွေ၊ ကျူးကျော်တဲ့ကိစ္စမျိုးတွေ တိုင်ကြားတဲ့အခါ ကာယကံရှင်ကို ပြန်ပြီးတရားရုံးမှာ တရား စွဲဆိုဆောင်ရွက်ဖို့ ညွှန်ကြားရတာမျိုးတွေ ရှိပါတယ်။

နောက်တစ်ချက်က တိုင်ကြားစာမှာ တိတိကျကျ အကြောင်းအရာမပါဘဲ ယေဘုယျဆန်ဆန် ရေးသားထားတာ၊ ဘယ်အကြောင်းကြောင့် နှစ်နာမှုဖြစ်တာလဲဆိုတာ မပေါ်လွင်တာမျိုးတွေကို အရေးယူဆောင်ရွက်လို့မရပါဘူး။ ပြီးတော့ စိတ်ထဲမှာ ထင်ရာမြင်ရတွေ ရေးသားထားတာမျိုး၊ သိသာရန် ပေးပို့ပါသည်ဆိုပြီး ရေးသား ပေးပို့တာမျိုးတွေ ဒါတွေမှာ အရေးယူဆောင်ရွက်ပေးလို့မရပါဘူး။ ။

နောက်တစ်ခုက တိုင်ကြားသူလက်မှတ်၊ အမည်။ မှတ်ပုံတင် တိတိကျကျမပါတဲ့ ပစ်စာတွေကိုလည်း ဆောင် ရွက်ပေးလို့ မရပါဘူး။ အကြံပြုစာတွေအပေါ်မှာလည်း ဆောင်ရွက်လို့ မရပါဘူး။

ပြီးတော့ သိမ်းဆည်းခံ လယ်ယာမြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီက တိုက်ရိုက်ဆောင်ရွက်ပေးလို့ မရပါဘူး။ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဒုတိယသမ္မတ ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ဗဟိုကော်မတီလည်း ရှိနေတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ် တွေ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ စိစစ်ရေးကော်မတီတွေ လည်း ရှိပါတယ်။ ။

ဒါကြောင့်မို့ ကျွန်တော်တို့ကော်မတီအနေနဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကို တိုက်ရိုက် အရေးယူခြင်း မရှိပါဘူး။ နောက်ဆုံးအချက်က ပွဲစားသဏ္ဌာန် ကြားထဲကလူတစ်ဦးက ရေးပေးတဲ့စာမျိုးတွေ၊ ကိုယ်စားလှယ်လွှဲစာမပါဘဲ ရေးသားပေးပို့တာတွေကို ဆောင်ရွက်ပေးလို့ မရပါဘူး။

ပြည့်စုံတဲ့ တိုင်ကြားစာတွေ အပေါ်မှာတော့်မတီ အနေနဲ့ သေချာစိစစ်ပြီးတော့ နှစ်နာမှုတွေ မဖြစ်အောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ။

ကော်မတီအနေနဲ့ တိုင်ကြားစာတစ်စောင်ရောက် လာပြီးဆိုရင် ၀င်စာစာရင်း သွင်းပါတယ်။ တစ်နေ့စာတစ် နေ့တင်ပြလာတဲ့ ၀င်စာတွေကို ကဏ္ဍတွေ ခွဲဝေပါတယ်။ ပြီးရင်တော်မတီဝင်တွေမှာ သတ်မှတ်ထားတဲ့ တာဝန်တွေရှိပါတယ်။ ကိုယ့်တာဝန်နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို သက်ဆိုင်ရာ ကော်မတီဝင်တွေက သေချာစိစစ်ပြီး စိစစ် တွေ့ရှိချက်တွေကို ရေးသားပေးပါတယ်။ ပြီးရင်သက်ဆိုင် ရာအဖွဲ့အစည်းတွေဆီကို အကြံပြုချက်နဲ့ ပေးပို့ပါ တယ်။

သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ တွေက ကျွန်တော်တို့ပေးပို့တဲ့ တိုင်ကြားစာ တွေ နဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန်ဖြစ်အောင် အရေး ကြီးရင် ကြီးသလို Remind လုပ်ပါတယ်။ ဒါမှမဟုတ် လွှတ်တော်မှာ မေးခွန်းအဖြစ် မေးမြန်းပေးတာမျိုးလည်း ရှိပါတယ်။ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ကွင်းဆင်းစစ် ဆေးတာမျိုးတွေ ရှိတယ်။ ။

ဒီတိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ကြားနာမှု လုပ်တာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကော်မတီ စတင်ဆောင်ရွက်ချိန်ကစပြီး အခုအချိန်အထိကြားနာမှု ငါးကြိမ် လုပ်ခဲ့ပါတယ်။ အဓိကကတော့ ပြည်သူတွေအနေ နဲ့ ကိုယ့်မှာ အမှန်တကယ် နစ်နာမှုဖြစ်ပေါ်နေပြီဆိုရင် ကျွန်တော်တို့ကော်မတီက ဥပဒေနည်းလမ်းနဲ့အညီ ဖြစ် ရေး ညှိနှိုင်းကူညီ ဆောင်ရွက်ပေးနေပါတယ်။ ရာနှုန်းပြည့် မကူညီနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အချိန်က ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့အချိန် မှာ ဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနေနဲ့ တာဝန်တွေ များပြားတဲ့အတွက် ပြန်လည်တုံ့ပြန်ရတာ နှောင့်နှေးတာလို့ထင်ပါတယ်။ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကလျင်မြန် သွက်လက်စွာနဲ့ တိုင်ကြားစာတွေအပေါ်မှာထိထိရောက် ရောက်ပြန်ကြားလာရင် ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး ကူညီနိုင်မယ်လို့ ယူဆပါတယ်။

ရှင်မင်း

ဓါတ်ပုံ-ကေကေ