ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ နိုင်ငံတကာ စိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနအသစ်များ၊ အထူးပြုဘာသာရပ်အသစ်များ
ဒေါက်တာမျိုးကြွယ် (ပါမောက္ခချုပ် - ငြိမ်း)
စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအပါအဝင် နိုင်ငံတကာ ထိပ်တန်းတက္ကသိုလ်များ (World-Class Top Universities) ကမ္ဘာကျော်ဖြစ်နေရခြင်း နောက်အကြောင်းရင်းတစ်ခုမှာ -
(င) တက္ကသိုလ် ငွေပဒေသာပင် များပြားစွာရှိခြင်း
နိုင်ငံတကာအစိုးရ၊ ပုဂ္ဂလိကတက္ကသိုလ်များတွင် ရန်ပုံငွေအများဆုံးရှိသော တက္ကသိုလ်များမှာ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များကအများဆုံးဖြစ်ပြီး ပုဂ္ဂလိကဟားဗတ်တက္ကသိုလ် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၇ ဘီလီယံခန့်၊ တက္ကဆက်ပြည်နယ်ရှိ တက္ကသိုလ်များကို စုပေါင်းထားသော တက္ကဆက်တက္ကသိုလ်စနစ် (Texas University System – Cluster universities in Texas State, US) အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်၊ ပုဂ္ဂလိကစတန်းဖို့တက္ကသိုလ် (Stanford Private University) အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၅ ဘီလီယံခန့်၊ အခြားနိုင်ငံများတွင် ယူကေနိုင်ငံကိန်းဘရစ်တက္ကသိုလ် (Cambridge University, UK) အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံခန့်၊ တရုတ်နိုင်ငံဆင်ဟွာတက္ကသိုလ် (Tsinghua University, China) အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံခန့်၊ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် (University of Tokyo, Japan) အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ခန့်စသည်တို့ ရှိကြပါသည်။ (နမူနာယူနိုင်ရန်ဖြစ်ပါသည်)
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် အလှူငွေ /ရန်ပုံငွေသုံးစွဲမှုများ
တက္ကသိုလ်များအတွက် အလှူငွေသည် ဤတက္ကသိုလ်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ တည်ငြိမ်မှု၊ လေးစားရမှုနှင့် ရေရှည်စီမံခန့်ခွဲမှုအတွက် အလွန်အရေးကြီးပါသည်။ ဤအလှူငွေများကို အောက်ပါနည်းလမ်းများဖြင့် အသုံးပြုနိုင်ပါသည် -
(က) ထူးချွန်ပညာသင်ဆုနှင့် သင်ကြားရေးအားပေးထောက်ပံ့မှု။ ငွေကြေးချို့တဲ့သော ကျောင်းသားများ ပညာသင်ကြားခွင့်ရရှိစေရန် အထောက်အပံ့ပေးသည်။
မြန်မာနိုင်ငံ၏ တစ်ကျောင်းတည်းသော ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ လက်ရှိဝင်ခွင့်ရွေးချယ်မှုမှာ တက္ကသိုလ်ဝင်တန်းရရှိသောအမှတ်နှင့် တက္ကသိုလ်ဝင်ခွင့်ကို လက်ရှိမူဝါဒအရအဆုံး အဖြတ်ပေးနေသဖြင့် တက္ကသိုလ်နှင့်လိုက်ဖက်သော ကျေးလက်ဒေသနေသူများ၊ တောင်သူလယ်သမား သားသမီးများဖြစ်သော်လည်း အမှတ်မမီ၍လည်းကောင်း၊ ဝေးလံခေါင်ဖျားအရပ်ဖြစ်နေ၍လည်းကောင်း၊ ငွေကြေးမတတ်နိုင်၍လည်းကောင်း စိုက်ပျိုးရေးဘာသာရပ်ကို ဝါသနာပါသော်လည်းတက္ကသိုလ်သို့ မတက်ရောက်နိုင်ကြပါ။
နောင်တွင်မူ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စိုက်ပျိုးမွေးမြူရေးမဟာဌာန/ စိုက်ပျိုးမွေးမြူရေးကောလိပ် (Faculty of Agriculture/College of Agriculture)၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ကျောင်းသစ်များဖွင့်၍လည်းကောင်း (ယခု မအူပင် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်အသစ်တစ်ခု ထပ်မံဖွင့်လှစ်ရန်စီစဉ်နေသည်ဟူ၍ ကြားသိရပါသည်။) ထောက်ပံ့ကြေးငွေ (Stipend) ပေး၍လည်းကောင်း (ထူးချွန်ပညာသင်ဆု (Scholarships) နှင့်မတူညီပါ)၊ ဝေးလံခေါင်ဖျား အရပ်ဒေသများအတွက် ခွဲတန်း(Quota) ပေး၍လည်းကောင်း ဆောင်ရွက်လျက်ရှိသည်ဟူ၍ ကြားသိရပါသည်။ ထောက်ပံ့ကြေးငွေသည် ငွေကြေးချို့တဲ့သော ကျောင်းသား ကျောင်းသူများကို ပေးအပ်ခြင်းဖြစ်ပါသည်။
ဉာဏ်ရည်ကောင်းသော ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ကြားရန်အတွက်မူ ထိုက်တန်သော ထူးချွန်ပညာသင်ဆုပေးအပ်၍ နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အတော်ဆုံး ကျောင်းသား ကျောင်းသူများ (မြန်မာနိုင်ငံတွင်တော့ စာတော်သူအများစုက ဆေးတက္ကသိုလ်သို့ သွားကြသည်။ မိဘများကလည်း ဂုဏ်ယူလေ့ရှိနေဆဲဖြစ်နေပါသေးသည်။) ထဲမှ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ သင်ယူစေရန်ဆွဲဆောင်ရပါမည်။ နိုင်ငံတကာတွင် ဤကဲ့သို့ အစီအစဉ်များကို ပြုလုပ်နေပါသည်။ တစ်ကမ္ဘာလုံးမှ ထူးချွန်သူများကို မဟာဘွဲ့၊ ပါရဂူ၊ ဘွဲ့လွန်ပါရဂူ (Post-doctoral Fellows)များအထိ ပညာရှင်ကြေးများစွာပေး၍ဖိတ်ခေါ်ပြီး သူတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်နေသော သုတေသနများ ပြုလုပ်ခိုင်းကာ ဆက်တိုက်တိုးတက်သွားပါတော့သည်။
(ခ) ပါမောက္ခများ၏ လစာနှင့်သုတေသနများ (Faculty Salaries and Research)။ ဤရန်ပုံငွေများဖြင့် ထူးချွန်သော ထိပ်တန်းရောက် ဆရာ ဆရာမကြီးများနှင့် ထူးချွန်သုတေသနပညာရှင်များကို ဆွဲဆောင်ရန် အသုံးပြုလေ့ရှိကြပါသည်။
(ဂ) အဆောက်အအုံနှင့်ထောက်ပံ့မှုစနစ်များ (Infrastructure and Facilities)။ စာကြည့်တိုက်များ၊ သုတေသနဌာနများ၊ အဆောင်များကို တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို ဤရန်ပုံငွေများဖြင့် တက္ကသိုလ်အတွက် အသုံးပြုပါသည်။
(ဃ) ပညာရေးအစီအစဉ်များ (Academic Programs)။ နှစ်စဉ်ဘာသာရပ်အသစ်များ၊ ဘာသာပေါင်းစုံဆက်စပ် (Inter-disciplinary/ Multi-disciplinary Approaches) လေ့လာသင်ကြားမှုများကို ဤရန်ပုံငွေများဖြင့် ထောက်ပံ့ခြင်း ပြုလုပ်လေ့ရှိပါသည်။
(င) နည်းပညာနှင့် ဆန်းသစ်မှုများ (Technology and Innovation)။ ဤရန်ပုံငွေများဖြင့် နောက်ဆုံးပေါ်နည်းပညာများနှင့် သုတေသနနည်းစနစ်များ၊ ကွင်းနှင့် ဓာတ်ခွဲခန်းသုတေသနများအတွက် ကိရိယာများတွင် ရင်းနှီးမြှုပ်နှံခြင်း ပြုလုပ်နိုင်ပါသည်။
(စ) ကျောင်းသားဝန်ဆောင်မှုနှင့်အဖွဲ့အစည်းများ (Student Services and Extra-Curriculars)။ ဘွဲ့ရပြီးလျှင် အလုပ်အကိုင်ရရှိရန်လမ်းညွှန်ပေးမှု၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ကျောင်းသားဘဝက အတွေ့အကြုံရအောင်ဆောင်ရွက်ရသော အဖွဲ့အစည်းများကို တိုးတက်စေရန် ဤရန်ပုံငွေများက အားပေးကူညီပေးပါသည်။
ကျွန်တော်တို့ ကျောင်းသားဘဝကတည်းက ရေဆင်းရှိတက္ကသိုလ်များက အခြားတက္ကသိုလ်များနှင့် မတူညီသည့်အချက်မှာ ကျောင်းသား ကျောင်းသူများအားလုံးနီးပါး အဆောင်နေခွင့်ရသည့်အတွက် သူငယ်ချင်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံးနှင့် ခင်မင်ရသောအခွင့်အရေး၊ အားကစား၊ အနုပညာ၊ ဗုဒ္ဓဘာသာအသင်း၊ စိုက်ပျိုးမွေးမြူရေးအသင်း၊ အဆောင်သာယာရေး ကော်မတီစသည်တို့ သာတူညီမျှ တာဝန်ထမ်းဆောင်ခွင့်ရသည့်အတွက် အတွေ့အကြုံများစွာရရှိခြင်းက ခေါင်းဆောင်မှုစွမ်းရည်၊ အဖွဲ့အစည်းနှင့် ဆောင်ရွက်နိုင်စွမ်းရည်များစွာရရှိပြီး လုပ်ငန်းခွင်သို့ရောက်ရှိသောအခါ ဦးဆောင်မှုကို ပေးနိုင်ပါသည်။
ကျောင်းဆောင်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာတက္ကသိုလ်အများစုတွင် အစိုးရမှ ကြီးကြပ်ပေးမှုမပြုလုပ်တော့ပါ။ အဆောင်၊ စားသောက်ရေးစီမံခန့်ခွဲရေးပြုလုပ်သည့်အဖွဲ့များ၊ အဆောင်မှူးများအပါအဝင် ပုဂ္ဂလိကကဏ္ဍကသာ ဆောင်ရွက်နေပါသည်။ အဆောင်မှူး၊ အဆောင်နည်းပြများသည် သင်ကြားရေးကျောင်းဆရာများ မဟုတ်တော့ဘဲ သီးသန့်ဝန်ထမ်းများသာဖြစ်ကြပါသည်။ တချို့အဆောင်များတွင် ကြီးကြပ်ပေးမှုသာ ပြုလုပ်ကြပြီး အစားအသောက်ကျွေးမွေးမှုကို ကန်ထရိုက်စနစ်ဖြင့် ပြုလုပ်နေကြပါသည်။
၁၉၈၇ ခုနှစ်က ကျွန်တော် ဩစတြေးလျနိုင်ငံ ကွင်းစလန်တက္ကသိုလ်၌ မဟာစိုက်ပျိုးရေးသိပ္ပံသင်တန်းတက်စဉ်က တစ်ရက်သုံးကြိမ်ကျွေးသည့် အပြည်ပြည်ဆိုင်ရာ ကျောင်းသားများအဆောင် (တက္ကသိုလ်သင်ကြားရေးဆရာများက ကြီးကြပ်ခြင်းမပြုပါ)များတွင် တစ်လအဆောင်ခဈေးကြီး၍မနေဘဲ အဆောင်နေခွင့်သီးသန့်သာရှိသည့် ပုဂ္ဂလိကအဆောင်မှာနေပြီး စုစုပေါင်း မီးဖိုတွင် မိမိဘာသာချက်စားပြီးနေခဲ့ပါသည်။
တစ်ဖန် ၂၀၀၁ ခုနှစ် ဂျာမနီနိုင်ငံ ကက်ဆယ်တက္ကသိုလ်တွင် ပါရဂူဘွဲ့သင်တန်းတက်စဉ်က သုတေသနဌာနတစ်ခု၏ ရန်ပုံငွေအဆောင်မှာ နေထိုင်ရင်း မိမိကိုယ်တိုင် ချက်စားနေထိုင်ခဲ့ပါသည်။ ဂျာမနီတက္ကသိုလ်များအားလုံး၏ စနစ်မှာ တနင်္လာမှ စနေနေ့အထိ နေ့လယ်စာကို ပြင်ပဈေးထက် တစ်ဝက်ခန့် သက်သာသော ဈေးနှုန်းများဖြင့် ကျောင်းသားများ စုပေါင်းဆုံရာနေရာ (သူတို့အခေါ် Student Mensa) တွင် စီစဉ်ထားသော နေ့လယ်စာပုံစံ (Set Menu) အမျိုးမျိုးဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။ ကျောင်းသားအများစုမှာ နေ့လယ်စာကို ဤနေရာမှာပဲ အပန်းဖြေရင်းစားသောက်ကြပါသည်။ ဆရာနှင့် တပည့်လည်း ဤနေရာမှာ တွေ့ဆုံကြ၊ ဆွေးနွေးကြ၊ လုပ်ငန်းခွင် နေ့လယ်စာလုပ်ကြပါသည်။ ပြည်နယ်အလိုက် ရထား၊ ဘတ်စကား စီးလျှင်လည်း နှစ်ဝက် ကျောင်းသားကတ် (Semester Tickets for Students)ဖြင့် စီးနင်းလိုက်ပါက တက္ကသိုလ်တစ်ခုနှင့်တစ်ခုသွားနိုင်၊ စာသွားသင်နိုင်၊ စာကြည့်တိုက်တွင် စာအုပ်ငှားနိုင်ပါသည်။
(၈) စိုက်ပျိုးမွေးမြူရေး အင်ဂျင်နီယာဘာသာရပ်
8. (Agricultural Engineering)
ဤဘာသာရပ်သည်လည်း ကျွန်တော်တို့ တက္ကသိုလ်မရောက်မီကတည်းက မန္တလေးစိုက်ပျိုးရေးကောလိပ်ဘဝတွင် သင်ကြားခဲ့သော ဘာသာရပ်ဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်က စိုက်ပျိုးရေးဘာသာရပ် နောင်လယ်ယာသီးနှံဘာသာရပ်(Agronomy) အောက်တွင် ဘာသာရပ် အစိတ်အပိုင်းအနေဖြင့် သင်ခဲ့ပြီးနောက် ၁၉၆၅ ခုနှစ်တွင် သီးသန့်ဌာနခွဲထွက်သွားခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဘာသာရပ်အသစ်၊ ဌာနအသစ်များပေါ်ထွက်လာရာ ပါမောက္ခအဆင့် ကြီးကြပ်သော စိုက်ပျိုးရေးအင်ဂျင်နီယာဌာနကြီး ဖြစ်သွားပါသည်။ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်းကို ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင်ရန်ကုန်စက်မှုတက္ကသိုလ်) တွင် ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး B.E (Agricultural Engineering) ဘွဲ့ ပေးအပ်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါဘွဲ့သင်တန်းကို ၁၉၇၁ ခုနှစ်နောက်ပိုင်းမှစ၍ ၂၀၂၁ ခုနှစ်ခန့် အထိ ရပ်နားထားခဲ့ပါသည်။
စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ရများ မွေးထုတ်နိုင်ခြင်းမရှိခဲ့သဖြင့် စိုက်ပျိုးရေးဆိုင်ရာဌာနများဖြစ်သော ဆည်မြောင်း၊ ရေအရင်းအမြစ်နှင့် စက်မှုလယ်ယာဌာနများတွင် စက်မှု၊ လျှပ်စစ်၊ မြို့ပြနှင့် အခြား အင်ဂျင်နီယာအထူးပြုဘာသာရပ်ဘွဲ့ရများ တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ ယခုအခါ ခေတ်မီတိုးတက်ပြောင်းလဲလာသော နည်းပညာရေးစီးကြောင်းနှင့်အတူ နယ်ပယ်အလိုက် ပိုမိုကျယ်ပြန့်သော နည်းပညာအသစ်များ ပေါ်ထွန်းလျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ အင်ဂျင်နီယာအတတ်ပညာသည် တစ်ခုအပါအဝင် ဖြစ်လာပါသည်။
စာရေးသူ အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင်ရှိစဉ်က ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့်အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့သင်တန်း ပြန်လည်သင်ကြားမှုအစီအစဉ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးအင်ဂျင်နီယာ ဘာသာကြီးအောက် အထူးပြုလေ့လာ၊ သင်ကြားသင်ယူ၊ သုတေသနပြုသင့်သည့် ဘာသာခွဲ၊ ဘာသာစိတ်များမှာ -
(က) စက်မှုလယ်ယာ (Farm Machinery/Farm Mechanics/Farm Mechanization)၊
(ခ) စိုက်ကွင်းသုံးအင်ဂျင်ပါဝါများ (Farm Engine Power Engineering)၊
(ဂ) မြေဆီလွှာနှင့် ရေအင်ဂျင်နီယာပညာ (Soil and Water Engineering)၊
(ဃ) ရေသွင်း၊ ရေထုတ်အင်ဂျင်နီယာပညာ (Irrigation and Drainage Engineering)၊
(င) သိပ္ပံနည်းကျ လယ်ယာမြေများ စနစ်တကျ ဖော်ဆောင်ထားမှု (Farm Structure)၊
(စ) လယ်ယာမြေများ တိုင်းတာနည်းစနစ်များ (Farm Surveying)၊
(ဆ) ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-Harvest Technology)၊
(ဇ) အစားအသောက်ဆိုင်ရာအင်ဂျင်နီယာ (Food Engineering)၊
(ဈ) ထုပ်ပိုးနည်းပညာ (Packaging Technology)၊
(ည) ကြိတ်ခွဲနည်းပညာ (Milling Technology)၊
(ဋ) တိရစ္ဆာန်မွေးမြူရေးဆိုင်ရာအင်ဂျင်နီယာပညာ (Engineering for Animal Husbandry)၊
(ဌ) ငါးပုစွန်မွေးမြူရေးဆိုင်ရာအင်ဂျင်နီယာပညာ (Engineering for Fishery/ Aquaculture)၊
(ဍ) စိုက်ပျိုးမွေးမြူရေးအတွက် ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာ (Renewable Energy in Agriculture)၊
(ဎ) ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာပညာ (Environmental Engineering)၊
(ဏ) ဇီဝအင်ဂျင်နီယာပညာ (Biological Engineering)တို့ပါဝင်ပြီး နိုင်ငံအများစုတွင် သီးသန့်ဘွဲ့ပေးကာ ဘွဲ့ကြို၊ မဟာ၊ ပါရဂူဘွဲ့ ကျမ်းပြုသုတေသနများဖြင့် နိုင်ငံအကျိုးပြုသုတေသနများစွာ ပြုလုပ်ပေးလျက်ရှိနေပါသည်။
အာရှတိုက်နိုင်ငံများမှ တက္ကသိုလ်များရှိ စိုက်ပျိုးရေးအင်ဂျင်နီယာ ဌာနအချို့မှာ -
(၈-က) ဇီဝနှင့် ပတ်ဝန်းကျင်အင်ဂျင်နီယာဌာန၊ စိုက်ပျိုးမွေးမြူ ရေးမဟာဌာန၊ တိုကျိုတက္ကသိုလ် ဂျပန်နိုင်ငံ (Department of Biological and Environmental Engineering, Faculty of Agriculture, University of Tokyo, Japan)
အင်ဂျင်နီယာအခြေခံပညာကို စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်သိပ္ပံနှင့်ပေါင်းစပ်ပြီး တိကျသောစိုက်ပျိုးမွေးမြူရေး (Precision Agriculture) နှင့် ခေတ်မီလယ်ယာလုပ်ငန်း (Smart Farming)များကို သင်ကြားသုတေသနပြုလုပ်နေပါသည်။
(၈-ခ) စက်မှုလယ်ယာအင်ဂျင်နီယာဌာန၊ စိုက်ပျိုးရေးမဟာဌာန၊ ကက်ဆဆက်တက္ကသိုလ်၊ ထိုင်းနိုင်ငံ (Department of Farm Mechanics, Faculty of Agriculture, Kasetsart University, Thailand)၊
တက္ကသိုလ်တွင်ရှိသော အင်ဂျင်နီယာမဟာဌာနနှင့်တွဲဖက်၍ ထိုင်းနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို သင်ကြားသုတေသနပြုနေပါသည်။
(၈-ဂ) စိုက်ပျိုးရေးအင်ဂျင်နီယာဌာန၊ စိုက်ပျိုးရေးမဟာဌာန၊ ဂျက်ဖနာတက္ကသိုလ်၊ သီရိလင်္ကာနိုင်ငံ (Department of Agricultural Engineering, Faculty of Agriculture, Jaffna, Sri Lanka) လူဦးရေ ၂၂ သန်းသာရှိသော ဤသီရိလင်္ကာ နိုင်ငံငယ်ကလေးတွင် တက္ကသိုလ်ပေါင်း ၁၈ ကျောင်းရှိရာ ၁၉၉၀ ပြည့်နှစ်ကြမှ စိုက်ပျိုးမွေးမြူရေးမဟာ ဌာနဖွင့်ခဲ့ရသော ဤတက္ကသိုလ်ကလေးအပါအဝင် တက္ကသိုလ် ကိုးကျောင်းက စိုက်ပျိုးမွေးမြူရေးပညာကို သင်ကြားပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။
စိုက်ပျိုးရေးအင်ဂျင်နီယာဌာနသည် စိုက်ပျိုးမွေးမြူရေးမဟာဌာန အောက်ရှိဌာနငါးခုထဲရှိရာ စိုက်ပျိုးရေးအင်ဂျင်နီယာဌာနသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်း အောင်မြင်ရန်မှာ ဤဌာန သင်ကြား၊ သင်ယူ၊ သုတေသနပြုမှုသည် အလွန်အရေးပါလှပါသည်။ ။