အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ
မောင်တည်ကြည်
(ယမန်နေ့မှအဆက်)
နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်ခံတွေ့ဆုံခြင်း
၂၀၂၄ ခုနှစ်အတွင်း ကော်မရှင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးရဲ့ Grand Department of Criminal Court Proceeding မှ ဌာနအကြီးအကဲဖြစ်သူ Mr. BAZHUTOV Sergey ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ၂၇-၁၁-၂၀၂၄ ရက်နေ့မှာ နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်မှာ လက်ခံတွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်မယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဂတိလိုက်စားမှုနဲ့စပ်လျဉ်းတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်တွေနဲ့ စပ်လျဉ်းလို့ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကြီးကြပ်ရေးကော်မရှင် (Yunan Provincial Commission of Supervision) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Zhiming ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကော်မရှင်ရုံးခွဲ (ရန်ကုန်)တာဝန်ခံ ကိုယ်စားလှယ်အဖွဲ့နဲ့ ကော်မရှင်ရုံးခွဲ (မန္တလေး) တာဝန်ခံကိုယ်စားလှယ်အဖွဲ့တို့ကို တွေ့ဆုံပြီး ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ယှဉ်တွဲပြီး စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ကျောင်းသားလူငယ်တွေကို အသိပညာပေးခြင်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အသိပညာပေးခြင်းဆိုင်ရာ အစီအမံတွေ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း လေ့လာသိရှိရပါတယ်။
ပြည်ပသင်တန်းများ တက်ရောက်ခြင်း
ကော်မရှင်ဟာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေနဲ့ရော ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေဖို့အတွက်ပါ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံ အဖွဲ့အစည်းတွေကနေ ဖိတ်ကြားလာတဲ့ သင်တန်းတွေကို ကော်မရှင်ရုံးရှိ ဝန်ထမ်းတွေ စေလွှတ်တက်ရောက်စေခဲ့ရာမှာ ၂၀၂၄ ခုနှစ်အတွင်း In-Person နဲ့ ဖွင့်လှစ်တဲ့ သင်တန်းခြောက်ကြိမ်မှာ သင်တန်းသားခုနစ်ဦးအား ပြည်ပနိုင်ငံသို့စေလွှတ်နိုင်ခဲ့ပြီး Online စနစ်နဲ့ ဖွင့်လှစ်တဲ့ ပြည်ပသင်တန်းနှစ်ကြိမ်ကို သင်တန်းသားသုံးဦး တက်ရောက်ခဲ့ပါတယ်။
ပြည်တွင်းသင်တန်းများ တက်ရောက်ခြင်း
ကော်မရှင်ရုံးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်မြင့်မားလာစေဖို့နဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက် ပြည့်ဝစေဖို့အတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်းတွေကနေ ဖွင့်လှစ်တဲ့ သင်တန်း ၄၇ ခုမှာ သင်တန်းသား ၈၀အား စေလွှတ်တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကော်မရှင်ရုံးမှာဖွင့်လှစ်တဲ့ ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းခြောက်ခုမှာ သင်တန်းသား ၁၄၉ ဦးအား သင်ကြားပို့ချခဲ့ပါတယ်။
ဌာနတွင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
ကော်မရှင်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းစွမ်းဆောင်ရည်၊ စာဖတ်စွမ်းရည်၊ တင်ပြနိုင်မှုစွမ်းရည်နဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည်တို့ မြင့်မားလာစေဖို့၊ ဖြောင့်မတ်တည်ကြည်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတကြွယ်ဝလာစေဖို့ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ “Enhancing Integrity and Combatting Corruption” အလုပ်ရုံဆွေးနွေးပွဲရော ဝန်ထမ်းများအား Cryptocurrency နဲ့ စပ်လျဉ်းပြီး အသိပညာတိုးပွားစေဖို့အတွက် ရည်ရွယ်ပြီး “Cryptocurrency အကြောင်းသိကောင်းစရာ” အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲတို့ကို ကျင်းပနိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်အကဲဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း
ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို လေးနှစ်တစ်ကြိမ် ရေးဆွဲဆောင်ရွက်လျက်ရှိရာမှာ အဲဒီမဟာဗျူဟာစီမံချက်အပေါ်မူတည်ပြီး ၂၀၂၄ ခုနှစ်အတွင်း ကော်မရှင်ရုံးအဖွဲ့နဲ့ ဦးစီးဌာနတွေက အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ၄၁ ချက်နဲ့ရေးဆွဲခဲ့ရာမှာ အကောင်အထည်ဖော်ဆောင်ရွက်မှုအနေနဲ့ ၃၆ ချက် (၈၈ ရာခိုင်နှုန်း) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ် လုပ်ငန်းအစီအစဉ်ဟာ ထိရောက်သေချာမှုရှိတဲ့ လုပ်ငန်းအစီအစဉ်ဖြစ်တယ်လို့ သုံးသပ်တင်ပြထားပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကဏ္ဍအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို ကျောင်းသားလူငယ်တွေ စတင်ရရှိစေဖို့အတွက် ဆရာကိုင်စာအုပ်တွေနဲ့ ရည်ညွှန်းစာစောင်တွေကို အခြေခံပညာကျောင်းနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို ဖြန့်ဝေနိုင်ခဲ့တာကြောင့် ကျောင်းသားလူငယ်တွေအတွက် ဖြောင့်မတ်တည်ကြည်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတတွေရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူလူထုကို သတင်းပို့တိုင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့မှုတွေကတော့ ဆောင်းပါးအတွင်း သီးသန့်ဂရပ်ဖြင့် ဖော်ပြထားပါတယ်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ တွေအနေနဲ့ ပြည်သူလူထုကို သတင်းပို့တိုင်ကြားနိုင် တဲ့ အခွင့်အလမ်းတွေ ပိုမိုရရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့မှုတွေက ဆောင်းပါးအတွင်း သီးသန့်ဂရပ်ဖြင့် ဖော်ပြထားပါတယ်။
နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်တင်ပြချက်များ
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ၂၀၂၄-၂၀၂၆ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့စပ်လျဉ်းပြီး သတင်းအချက်အလက်ဖလှယ်ခြင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်သွားရောက်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်မှာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအနေနဲ့ အဂတိလိုက်စားမှု ကျူးလွန်ရာမှရရှိတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ပြန်လည်ရယူရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကိုကော်မရှင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ပူးပေါင်းပြီး ၂၇-၁၁-၂၀၂၄ ရက်နေ့မှာ နေပြည်တော် ရွှေနန်းတော်ဟိုတယ်မှာ ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတကာမှာကျင်းပတဲ့ အစည်းအဝေး၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲတွေမှာ In Person နဲ့ ၁၃ ကြိမ် ပါဝင်တက်ရောက်နိုင်ခြင်း၊ Virtual Format နဲ့ လေးကြိမ်တက်ရောက်နိုင်ခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကောင်းမွန်တဲ့အလေ့အထ၊ အတွေ့အကြုံတွေဖလှယ်နိုင်ခဲ့ပြီး ကော်မရှင်ကဆောင်ရွက်နေတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း တင်ပြထားတာကို တွေ့ရှိရပါတယ်။
၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းအစီအစဉ်
ကော်မရှင်ဟာ ၂၀၂၅ ခုနှစ်မှာ အဂတိလိုက်စားမှု အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို အောက်ဖော်ပြပါလုပ်ငန်းအစီအစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း တင်ပြထားပါတယ် -
(က) ပေါ်လစီမူဘောင်နဲ့ ဥပဒေမူဘောင် ဖွံ့ဖြိုး တိုးတက်ရေး၊
(ခ) တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး၊
(ဂ) တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာနဲ့ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး၊
(ဃ) စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းလုပ်ငန်းတို့ကို ထိရောက်ခိုင်မာစေမယ့် အခြေခံကောင်းတွေ တည်ဆောက်ရေး၊
(င) ဌာနစွမ်းဆောင်ရည်မြှင့်တင်ရေး၊
(စ) ဝန်ထမ်းတွေ စွမ်းဆောင်ရည်မြှင့်တင်ရေး၊
(ဆ) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊
(ဇ) အမြဲမပြတ် စောင့်ကြည့်ရေးနဲ့ သုံးသပ်အကဲဖြတ်ရေး၊
(ဈ) အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ၂၀၂၆ ခုနှစ် လုပ်ငန်း အစီအစဉ်ချမှတ်ရေး၊
(ည) ကော်မရှင်ရဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်များကို ပြည်သူကို အစီရင်ခံတင်ပြရေး။
ကော်မရှင်ဟာ အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနဲ့ အကျင့်ပျက်ခြစားမှုများမရှိစေဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ အသိပညာပေးရေးနဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ဟန်ချက်ညီညီချဉ်းကပ်ပြီး အချိန်နဲ့တစ်ပြေးညီ အလေးထားဆောင်ရွက်လျက်ရှိတဲ့အပြင် နိုင်ငံတော်ရဲ့ မူဝါဒနဲ့ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူ ဆောင်ရွက်မှုတွေ၊ နိုင်ငံတော်ကချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေကို သွေဖည်ပြီး အဂတိလိုက်စားမှုကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက် လျက်ရှိပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲ့ အနှစ်သာရဟာ နိုင်ငံတော်နဲ့ အများပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရေးနဲ့ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေရေးတို့ဖြစ်တဲ့အတွက် ကော်မရှင်အနေနဲ့ အများပြည်သူလူထုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ စပ်လျဉ်းတဲ့ အသိပညာတွေ တိုးပွားလာစေဖို့၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေဖို့၊ အများအကျိုးဆောင်ရွက်ခြင်းနဲ့ ကိုယ်ကျိုးရှာခြင်းတို့ကြား မှန်ကန်စွာခွဲခြားနိုင်စေဖို့အတွက် ဥပဒေကြောင်းအရသာမက ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားထွန်းကားရေး နည်းလမ်းများအရပါ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ ပြည်သူလူထုအားလုံးနဲ့ ပူးပေါင်းပြီး အဂတိကင်းစင်တဲ့ အသိုက်အဝန်းတစ်ခု ဖြစ်ပေါ်လာစေဖို့ ရည်မှန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။