မြေငလျင်ဘေးဒဏ်များ၏ စီးပွားရေးအခြေအနေအပေါ် သက်ရောက်မှုများ
စောနိုင်( အသုံးချဘောဂဗေဒ)
စိန်ခေါ်မှုအများဆုံး သဘာဝဘေးအန္တရာယ်
ယနေ့ကာလတွင် ကမ္ဘာကြီးသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ယခင်ကထက် ပိုမိုကြုံတွေ့လာနေရသည်။ ထိုအန္တရာယ်များထဲတွင် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်၏ စီးပွားရေး တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို သိသိသာသာ ခြိမ်းခြောက်နေသည်မှာ မြေငလျင်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ မြေငလျင်သည် အခြားသော သဘာဝဘေးအန္တရာယ်များနှင့်မတူဘဲ ကြိုတင်ခန့်မှန်း နိုင်စွမ်း (Predictability) နည်းပါးမှုနှင့် ရှောင်လွှဲနိုင်ရေး (Evitability) ခက်ခဲမှု စသည့်အချက်များကြောင့်ပင်။
ကြိုတင်ခန့်မှန်းရန် မလွယ်ကူခြင်း၊ ရုတ်တရက်ဖြစ်ပေါ်တတ်ခြင်း တို့ကြောင့် မြေငလျင်ဘေးဒဏ် ကြိုတင်ကာကွယ်ရေး၏ အခန်း ကဏ္ဍမှာလည်း များစွာအလုပ်မဖြစ်ဟု သုတေသီများက ဆိုသည်။ အထူးသဖြင့် အရေးပေါ်စီမံခန့်ခွဲမှုစနစ်ကျင့်သုံးမှုအားနည်းပြီး အာမခံစနစ်ထွန်းကားမှုမရှိသောနိုင်ငံများတွင် မြေငလျင်ဘေးဒဏ်ကြုံတွေ့ရပါက နိုင်ငံသားတစ်ဦးချင်း၊ အိမ်ထောင်စု၊ စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီမှသည် နိုင်ငံတစ်ခုလုံး၏ မက်ခရိုစီးပွားရေးအခြေအနေ (Macroeconomic Condition) အထိ အခြေအနေအရပ်ရပ်၌ သိသိသာသာ ထိခိုက်မှုများရှိလာတတ်သည်။ စီးပွားရေးပညာရှင်များ၊ သုတေသီများကလည်း မြေငလျင်ဒဏ်သင့်ခဲ့သည့်နိုင်ငံများတွင် စီးပွားရေးကဏ္ဍအပေါ် မည်သို့မည်ပုံ သက်ရောက်ခဲ့သည်ကို နည်းလမ်း အမျိုးမျိုး၊ တွက်ချက်ပုံစံအမျိုးမျိုးတို့ဖြင့် လေ့လာခဲ့ကြပြီးဖြစ်သည်။
အီတလီမြေငလျင်ဘေးဒဏ်
၁၉၇၆ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် အီတလီနိုင်ငံဒေသနှစ်ခု၌ မြေငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့သည်။ ပထမမြေငလျင်မှာ ၁၉၇၆ ခုနှစ် မေလ ၆ ရက်နေ့တွင် Friuli ဒေသ၌ လှုပ်ခတ်ခဲ့သည့်ငလျင် ဖြစ်ပြီး ဒုတိယမြေငလျင်မှာ ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလ ၂၃ ရက် နေ့တွင် Irpinia ဒေသ၌ လှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်သည်။ အဆိုပါဒေသ နှစ်ခုတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြီးနှစ်ခု၏ ဒေသစီးပွားရေး အပေါ် သက်ရောက်မှုများကို အီတလီသုတေသီ Barone နှင့် Mocetti တို့က ၂၀၂၄ ခုနှစ်တွင် လေ့လာမှုပြုလုပ်ခဲ့သည်။ လေ့လာတွေ့ရှိချက် အရ ဒေသနှစ်ခုစလုံး၌ မြေငလျင်ဘေးဒဏ်သည် ပြည်တွင်းထုတ်လုပ်မှု (GDP) အပေါ်၌ ကာလတိုသက်ရောက်မှု အနည်းငယ်မျှသာရှိခဲ့ကြောင်း၊ ရေရှည်ကာလတွင် ဒေသတွင်းထုတ်လုပ်မှုစွမ်းရည်အပေါ်မူတည်၍ အနုတ်လက္ခဏာ သို့မဟုတ် အပေါင်းလက္ခဏာ အကျိုးဆက်သက်ရောက်မှုများရှိလာနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
အကယ်၍ ဘဏ္ဍာရေးအကူအညီ အထောက်အပံ့များရရှိခဲ့ပါက ရေရှည်ကာလ၌ ယခင်ကထက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုများရရှိလာနိုင်သည်။ သို့သော် မြေငလျင်ဘေးဒဏ်မခံရမီက ရှိခဲ့သည့် အင်စတီကျူးရှင်းဆိုင်ရာ အရည်အသွေးနိမ့်ကျနေပါက ရရှိလာသည့် ဘဏ္ဍာရေးအကူအညီများကြောင့်ပင် အကျင့်ပျက်ခြစားမှု ပိုမိုဖြစ်လာစေရန် စေ့ဆော်သကဲ့သို့ဖြစ်လာနိုင်ခြင်း၊ စျေးကွက်များ ကမောက်ကမဖြစ်လာနိုင်ခြင်း၊ လူမှုအရင်းအနှီးများ ယိုယွင်းပျက်စီး လာနိုင်ခြင်း စသည့်အနုတ်လက္ခဏာအခြေအနေများလည်း ဖြစ်လာ နိုင်ကြောင်း၊ အဓိကအားဖြင့် တည်ရှိနေသည့် အင်စတီကျူးရှင်းဆိုင်ရာ အရည်အသွေးများအပေါ်မူတည်၍သာ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားမှု၊ လူမှုအရင်းအနှီးမြင့်တက်မှုတွန်းအားများ ဖြစ်ပေါ်လာ နိုင်ကြောင်း ကောက်ချက်ချထားသည်။
ထို့ပြင် အီတလီနိုင်ငံ ဒေသ ၉၅ ခုတွင် ၁၉၈၆ - ၂၀၁၁ ကာလအတွင်း လှုပ်ခတ်ခဲ့သည့် မြေငလျင် ၂၂ ခုတို့၏ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ၊ အလုပ်အကိုင်အခြေအနေများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍လည်း University of Warwick မှ သုတေသီ Porcelli နှင့် Federal Reserve System မှ သုတေသီ Trezzi တို့က ၂၀၁၉ ခုနှစ် တွင် လေ့လာမှုများပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏လေ့လာမှုအရ မြေငလျင်ဘေးဒဏ်သင့်အလွန်ကာလများတွင် ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခြေအနေအပေါ် အပေါင်းလက္ခဏာ သက်ရောက်မှုများရှိခဲ့သည်ကို စိတ်ဝင်စားဖွယ်တွေ့ရှိခဲ့ကြသည်။ မြေငလျင်ဒဏ်သင့်ဒေသများရှိ လူများက ၎င်းတို့ဒေသ၏ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးထိခိုက်မှုများကို ပြင်းပြသောစိတ်ဓာတ်များဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားတက်သရော ပိုမိုလုပ်ဆောင်ခဲ့ကြခြင်း၊ ထိုအခြေအနေများမှတစ်ဆင့် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍအပေါ်တွင် လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများအပေါ်တွင်လည်းကောင်း အကျိုးသက်ရောက်မှု ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ဂျပန်မြေငလျင်ဘေးဒဏ်
၁၉၉၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဂျပန်နိုင်ငံ Hanshin ဒေသ၌ မြေငလျင်အကြီးအကျယ်လှုပ်ခတ်ခဲ့သည်။ ထိုမြေငလျင်ကို Hanshin-Awaji ငလျင်ဟု ခေါ်ကြပြီး ကိုဘေးမြေငလျင်ဟုလည်း လူသိများသည်။ Great Hanshin-Awaji ငလျင်သည် ကိုဘေးနှင့် ပတ်ဝန်းကျင်ဒေသများကို ထိခိုက်မှုများဖြစ်စေခဲ့၏။ လူပေါင်းခြောက်ထောင်ကျော်သေဆုံးခဲ့ပြီး သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။ ကိုဘေးမြေငလျင်ဘေးဒဏ်ကြောင့် ဖြစ်ပေါ်လာခဲ့သော စီးပွားရေးသက်ရောက်မှုနှင့်ပတ်သက်၍ လေ့လာမှုများထဲတွင် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် Bank of Japan ၊ Institute for Monetary and Economic Studies မှ အကြီးတန်းစီးပွားရေးပညာရှင်၊ တွဲဖက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Fujiki ၊ University of Southern California စီးပွားရေးပညာဌာနမှ ပါမောက္ခ Hsiao တို့၏ လေ့လာမှု နှင့် University of Hawaii စီးပွားရေးပညာဌာနမှ DuPont နှင့် Noy တို့၏ လေ့လာမှုလည်းပါဝင်သည်။
Fujiki နှင့် Hsiao တို့၏လေ့လာမှုတွင် မြေငလျင်ဒဏ်သည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ကာလကြာရှည်သက်ရောက်မှု မရှိဟုတွေ့ရှိခဲ့သော်လည်း DuPont နှင့် Noy တို့ကမူ ဒေသတွင်းရှိ လူတစ်ဦးချင်း ပြည်တွင်းထုတ်လုပ်မှုဂျီဒီပီသည် ဆယ်စုနှစ်တစ်ခုကျော် ကာလအထိ သိသိသာသာကျဆင်းမှုရှိခဲ့သည်ဟုဆိုသည်။ လေ့လာမှုအချို့တွင် ကွဲပြားသောတွေ့ရှိချက်များရှိခဲ့သည်။ သုတေသီအချို့၏ လေ့လာမှုတွင် ကိုဘေးမြေငလျင်သည် ဂျပန်နိုင်ငံစီးပွားရေးနှင့် ကိုဘေးဒေသစီးပွားရေးအပေါ် ရေရှည်သက်ရောက်မှုမရှိခဲ့ဟု ဖော်ပြ ထားပြီး အခြားလေ့လာမှုတစ်ခုတွင် အဆိုပါမြေငလျင်ဒဏ်သည် ကိုဘေးဒေသ စီးပွားရေးအပေါ် ၁၅ နှစ်ကျော်ကြာမြင့်သည်အထိ ဆက်လက်သက်ရောက်မှုများရှိနေခဲ့သည်ဟု သုံးသပ်ခဲ့ကြသည်။ လေ့လာမှုအချို့၏ ကွဲပြားခြားနားသောတွေ့ရှိချက်များကြောင့် ၁၉၉၅ ဂျပန်မြေငလျင်၏ စီးပွားရေးအရ အကျိုးသက်ရောက်မှုများမှာ ရှုပ်ထွေးသည့်သဘာဝရှိခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြသည်။
ကိုဘေးငလျင်နောက်ပိုင်းတွင်လည်း မြေငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်မူ ပြင်းအား ၉ ဒသမ ၀ ရှိသော ငလျင်ကြီးတစ်ခု ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်းတွင် ထပ်မံလှုပ်ခတ်ခဲ့ပြန်သည်။ ဂျပန်သမိုင်းတစ်လျှောက် အကြီးမားဆုံးငလျင်တစ်ခုဟု မှတ်ချက်ပြုကြသည်။ ပြင်းထန်သော မြေငလျင်ဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲငလျင်များလည်း ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ဂျပန်အရှေ့မြောက်ဘက်ဒေသ၌ ကြီးမားသော ထိခိုက်မှုများရှိခဲ့သည်။
၂၀၁၁ ဂျပန်မြေငလျင်သက်ရောက်မှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ် တွင် ထုတ်ဝေထားသည့် မူဝါဒသုတေသနစာတမ်းတစ်ခု၌ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စီးပွားရေးပညာရှင် Caroline Freund နှင့် World Bank မှ သုတေသီပညာရှင်သုံးဦးက ၂၀၁၁ ခုနှစ် ဂျပန်မြေငလျင်လှုပ်ခတ်အပြီး ဂျပန်နိုင်ငံ၏ မော်တော်ကားနှင့် အီလက်ထရွန်နစ်ကဏ္ဍများအပေါ် သက်ရောက်မှုကို ကုန်သွယ်မှုရှုထောင့်မှ လေ့လာဆန်းစစ်ခဲ့ကြသည်။ ၎င်းတို့၏တွေ့ရှိချက်အရ မြေငလျင်ဘေးသင့်ကာလအလွန်တွင် ကုန်ချောကုန်သွယ်မှုထက် တစ်စိတ်တစ်ပိုင်းကုန်ချောကုန်သွယ်မှုက ပိုမိုတည်ငြိမ်မှုရှိခဲ့ကြောင်း၊ ဂျပန်ပို့ကုန်များပေါ် မှီခိုနေသူများသည် အခြားသောပို့ကုန်သမားများအပေါ် ပြောင်းလဲသွားမှုများရှိကြောင်း၊ လုပ်ငန်းအချို့သည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ရွှေ့ပြောင်းမှုများရှိခဲ့ကြောင်း သုံးသပ်ထားသည်။
Waseda University မှ သုတေသီ Yukiko Saito နှင့် အခြား သုတေသီသုံးဦးတို့ ပူးတွဲပြုလုပ်သည့် ၂၀၁၁ ဂျပန်မြေငလျင် သက်ရောက်မှုနှင့်ပတ်သက်သည့် လေ့လာမှုတွင်လည်း မက်ခရိုစီးပွား ရေးအကျိုးဆက်များရှိခဲ့ကြောင်း၊ မြေငလျင်ဘေးသင့်မှုကြောင့် ဂျပန်နိုင်ငံ၏ အမှန်တကယ် ဂျီဒီပီ (Real GDP) တိုးတက်မှုနှုန်း သုည ဒသမ ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ အခြေအနေများ သည် ရောင်းလိုအားကွင်းဆက် အဆက်အစပ်အခြေအနေများပေါ် တွင်လည်း မူတည်နေကြောင်း အလေးပေးဖော်ပြထားသည်။
နယူးဇီလန်မြေငလျင်ဘေးဒဏ်
၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် နယူးဇီလန်တောင်ပိုင်းဒေသများ၌ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။ ထိုငလျင်ကို Canterbury Earthquake ဟုခေါ်ဝေါ်ကြပြီး Darfield Earthquake ဟုလည်း လူသိများသည်။ ဟိုချီမင်းစီးတီးနည်းပညာတက္ကသိုလ်မှ သုတေသီပညာရှင် Cuong Nguyen နှင့် ဝယ်လင်တန် ဗစ်တိုးရီးယားတက္ကသိုလ်မှ သုတေသီ ပညာရှင် Ilan Noy တို့က အဆိုပါမြေငလျင်၏ နောက်ဆက်တွဲအကျိုး ဆက်ဖြစ်သည့် မြို့ပြဒေသ စီးပွားရေးပြန်လည်ထူထောင်မှုနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင် လေ့လာမှုပြုလုပ်ခဲ့သည်။
လေ့လာမှုပြုလုပ်ရာ၌ ညအချိန်အလင်းရောင်စုစည်းမှု ကိန်းဂဏန်း၊ အချက်အလက်များကို အသုံးပြုခဲ့သည်ဟုဆိုသည်။ ညအချိန်အလင်းရောင်စုစည်းမှု ကိန်းဂဏန်း၊ အချက်အလက်များ ဆိုသည်မှာ လူမှုစီးပွားကိန်းဂဏန်းအချက်အလက်အားနည်းသော၊ အချက်အလက်ရရှိရန်ခက်ခဲသော ဒေသများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအခြေအနေကို လေ့လာရာတွင် အသုံးပြုလာသည့် Satellite-based Imagery Data ဖြစ်သည်။ အစားထိုးကိန်းရှင် အချက်အလက်ဟုလည်း ဆိုနိုင်ပါသည်။
မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အိမ်ရာအဆောက်အအုံ များ၏ ၉၅ ရာခိုင်နှုန်းကို အာမခံငွေကြေးများဖြင့် တည်ဆောက်ခဲ့ကြကြောင်း၊ အာမခံငွေပေးချေမှုနှင့် လူနေအိမ်များ မြန်ဆန်စွာပြန်လည် တည်ဆောက်မှုတို့ ဆက်စပ်မှုရှိနေကြောင်း သုံးသပ်ခဲ့ကြသည်။ အာမခံပေးချေမှုများသည် ငလျင်လှုပ်ခတ်ပြီးနောက် ဒေသတွင်း ပြန်လည်ထူထောင်မှု၊ စီးပွားရေးပြန်လည်ဦးမော့လာရေး ဆောင်ရွက်မှု တို့အတွက် သိသိသာသာ အထောက်အကူဖြစ်စေခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် အာမခံပေးချေမှုအခန်းကဏ္ဍ၏ အရေးပါမှုတွေ့ရှိခဲ့ကြောင်းကိုလည်း ကောက်ချက်ချထားသည်။
ဟေတီမြေငလျင်ဘေးဒဏ်
၂၀၁၀ ပြည့်နှစ်တွင် ဟေတီနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် မြေငလျင်၏ စီးပွားရေးသက်ရောက်မှုများနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ ပညာရေးတက္ကသိုလ်မှ ပညာရှင် Joseph က လေ့လာမှုပြုလုပ်ခဲ့ရာ စိန်ခေါ်မှုအဖြစ် ခိုင်မာသော လူမှုစီးပွားကိန်းဂဏန်းအချက်အလက် ရရှိမှုအားနည်းခြင်းကို တွေ့ခဲ့ရသည်ဟုဆိုသည်။ ထိုအခက်အခဲများ ကြောင့် ၁၉၉၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေ အနေ အချက်အလက်များအတွက် ညအလင်းရောင် အချက်အလက်များကို ကြားခံအချက်အလက် ကိန်းဂဏန်းများအဖြစ် အသုံးပြု တွက်ချက်ခဲ့ရသည်ဟု ဖော်ပြထားသည်။ တွေ့ရှိချက်များအရ ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကာလတိုတွင်ကျဆင်းမှုရှိခဲ့ပြီး နှေးကွေးသွားသော တိုးတက်မှုအရှိန်ကြောင့် ဆယ်စုနှစ်ကြာသည်အထိ စီးပွားရေး ပြန်လည်နာလန်ထူနိုင်စွမ်း မရခဲ့ကြောင်း ကောက်ချက်ချထားသည်။
ချီလီမြေငလျင်ဘေးဒဏ်
ချီလီနိုင်ငံမှ Aguirre အပါအဝင် သုတေသီပညာရှင်အချို့ကလည်း ၂၀၁၀ ပြည့်နှစ်တွင်လှုပ်ခတ်ခဲ့သည့် ချီလီနိုင်ငံမြေငလျင်၏ စီးပွားရေးဆိုင်ရာ ကာလလတ်အကျိုးသက်ရောက်မှုများကို ၂၀၂၃ ခုနှစ်တွင် လေ့လာမှုပြုခဲ့ရာ ညအချိန် အလင်းရောင်စုစည်းမှု အချက်အလက်များနှင့် လုပ်ငန်းအဆင့်အချက်အလက်တို့ကို အသုံးပြုခဲ့ရသည်။
၎င်းတို့၏တွေ့ရှိချက်အရ မြေငလျင်ဒဏ်သင့်ဒေသများတွင် စီးပွားရေးတိုးတက်မှု တွန်းအားပေးလုပ်ဆောင်မှုများကို အနည်းဆုံးငါးနှစ်နီးပါး အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသောကြောင့် ငလျင်ဒဏ် မခံရသည့်ဒေသများနှင့်နှိုင်းယှဉ်ပါက မြေငလျင်ဒဏ်သင့်ဒေသများသည် စီးပွားရေးတိုးတက်မှုနှုန်းမြင့်တက်လာခဲ့သည်ဟု ဖော်ထုတ်ထားသည်။ ထိုအခြေအနေဖြစ်ပေါ်မှုတွင် အဓိကအကြောင်းတရားမှာ ပြန်လည်တည်ဆောက်ရေးကို အင်နှင့်အားနှင့် ကျယ်ကျယ်ပြန့်ပြန့် အားထုတ်မှု၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ အရင်းအမြစ်များ စီးပွားရေးအဆောက်အအုံအထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းမှုများရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။
တရုတ်မြေငလျင်ဘေးဒဏ်
တရုတ်နိုင်ငံ Shandong University စီးပွားရေးသုတေသနဌာနမှ ပညာရှင် Huang အပါအဝင် သုတေသီအချို့၏ ၂၀၂၄ ခုနှစ်တွင် ရေးသားခဲ့သည့် သုတေသနစာတမ်းတစ်ခုတွင် တရုတ်နိုင်ငံအတွင်း မကြာခဏလှုပ်ခတ်ခဲ့သည့် မြေငလျင်များကြောင့် ဒေသစီးပွားရေးအပေါ် သက်ရောက်မှုများနှင့်ပတ်သက်သည့် တွေ့ရှိချက်များကို ရေးသားဖော်ပြထားသည်။ အဆိုပါစာတမ်းထဲတွင် ပြင်းအားအသင့် အတင့်နှင့် ပြင်းထန်မှုရှိသောမြေငလျင်များသည် ရေရှည်ကာလတွင် စီးပွားရေးအဆောက်အအုံအတွင်းရှိ တစ်ဦးချင်းထုတ်လုပ်မှုကို သိသိသာသာကျဆင်းစေသည်ဟုဆိုသည်။
အိမ်ထောင်စုများ၏စုဆောင်းမှု၊ ပုံသေပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှုနယ်ပယ်တို့တွင် အနုတ်လက္ခဏာ သက်ရောက်မှုများလည်းရှိခဲ့သည်။ သို့သော် သက်ရောက်မှုများသည် ဒေသတစ်ခုနှင့်တစ်ခုမတူ။ ဒေသန္တရအစိုးရများ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာ၊ လူမှုအရင်းအနှီးစူးစိုက်တည်ရှိမှုနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအခြေအနေတို့ပေါ်တွင် မူတည်နေ သည်ဟုဆိုသည်။
မြေငလျင်ဘေးဒဏ်သည် စီးပွားရေးကဏ္ဍအချို့အပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများရှိနေစဉ် အချို့သောကဏ္ဍများအပေါ် တွန်းအားပေးလှုံ့ဆော်မှုဖြစ်စေပြီး အပေါင်းလက္ခဏာသက်ရောက် မှုဖြစ်စေသည်ဟုလည်း ရှုမြင်သုံးသပ်ထားသည်။ အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် တွန်းအားဖြစ်စေခဲ့သည်။ ထို့ပြင် လူမှုအရင်းအနှီးပိုမိုမြင့်မားသောဒေသများ၊ ပိုမိုကောင်းမွန် သော လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသန္တရအစိုးရအဆင့် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာ ပိုမိုရရှိသောဒေသများတွင် စီးပွားရေးဆုံးရှုံးမှု များနည်းပါးသည်ဟု ကောက်ချက်ချထားသည်။ တီထွင်ဆန်းသစ်မှု များပိုမိုပြုလုပ်စေရန် ဆွဲဆောင်မှုအားကောင်းသောဒေသများသည် မြေငလျင်ဒဏ်သင့်ပြီးနောက် ဒေသတွင်းစီးပွားရေးတိုးတက်စေသည့် အပြောင်းအလဲများရရှိစေသည်ဟုလည်း အကြံပြုထားသည်။
အင်ဒိုနီးရှားမြေငလျင်ဘေးဒဏ်
ပြင်သစ်နိုင်ငံ ပဲရစ်တက္ကသိုလ်မှ သုတေသီပညာရှင် Robert Reinhardt က အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဒေသ ၄၁၆ ခုအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုအပေါ် ၂၀၀၃-၂၀၁၉ ကာလ က ဖြစ်ပေါ်ခဲ့သော မြေငလျင်များ၏သက်ရောက်မှုများကို လေ့လာခဲ့သည်။ မြေငလျင်ဒဏ်သင့်ခဲ့ပြီးနောက် ပထမဦးဆုံးနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၉၀ ရာခိုင်နှုန်းအထိ ရုတ်တရက် ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိခဲ့သည်။ မြေငလျင်ဒဏ်သည် ကုန်ကြမ်းထုတ်လုပ်မှု လုပ်ငန်းများ၏ ရောင်းလိုအား ကွင်းဆက်တစ်လျှောက်လုံးအပေါ် သိသိသာသာ အနုတ်လက္ခဏာ သက်ရောက်မှုများဖြစ်ခဲ့သည်။ အထူး သဖြင့် စက်မှုလက်မှုကဏ္ဍပေါ်တွင် သက်ရောက်မှုအများဆုံးဖြစ်၏။
Paris School of Economics မှ အကြီးတန်းသုတေသီပညာရှင် Gignoux နှင့် ဖွံ့ဖြိုးမှုစီးပွားရေးပညာရှင် Menéndez တို့ကလည်း ၁၉၈၅ ခုနှစ်တွင် ကြုံတွေ့ခဲ့ရသည့် မြေငလျင်ဘေးဒဏ်များ၏ အင်ဒိုနီးရှားကျေးလက်ဒေသစီးပွားရေးအပေါ် သက်ရောက်မှုများ ကို ၂၀၁၆ ခုနှစ်တွင်လေ့လာ၍ စာတမ်းပြုစုခဲ့ကြသည်။ လေ့လာရာတွင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားအဆင့် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့မှရရှိသော အတိုင်းအတာအချက်အလက်များ၊ အိမ်ထောင်စုစစ်တမ်းကောက်ယူမှုမှ အချက်အလက်များကို အသုံးပြုခဲ့ကြသည်။ လေ့လာမှုများအရ မြေငလျင်ဒဏ်သင့်ဒေသရှိ လူတစ်ဦးချင်း သည် ကာလတိုတွင် စီးပွားရေးခက်ခဲမှုများ ခံစားခဲ့ကြသော်လည်း မြေငလျင်ဒဏ်သင့်ကာလအလွန် နှစ်နှစ်မှ ငါးနှစ်တာကာလအတွင်း ဆုံးရှုံးမှုများမှ ပြန်လည်ရုန်းထလွတ်မြောက်လာခဲ့ပြီး ခြောက်နှစ်ကျော် မှ ၁၂ နှစ်တာကာလအတွင်း မူလအခြေအနေထက် ပိုမိုသာလွန်သော အကျိုးဖြစ်ထွန်းမှုများရှိခဲ့သည်ဟု ဖော်ထုတ်ခဲ့ကြသည်။
ထို့ပြင် အင်ဒိုနီးရှားကျေးလက်ဒေသ၌ ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါးမှုထောင်ချောက်များအတွင်းသို့ သက်ဆင်းရမည့်အန္တရာယ်မှ လျော့ကျသွားမှုဆီသို့ ဦးတည်နေသည့်အခြေအနေများနှင့် သဘာဝဘေးဒဏ်သင့်ကာလအလွန် အစိုးရ၏အစီအမံများထဲ၌ ရေရှည်အကျိုးကျေးဇူးများကို တွေ့ရှိနေရခြင်းသည် မြေငလျင်ဒဏ် သင့်အခြေအနေဆိုးထဲ၌ ရလဒ်ကောင်းများရှိနေသည်ကိုလည်း သတိပြုမိစေလိုသည်။
အခက်အခဲများကြားမှ ပေါ်ထွက်လာသောအခွင့်အလမ်း
ဩစတြီးယားနိုင်ငံ ဗီယင်နာ စီးပွားရေးပညာနှင့် စီးပွားရေးလုပ်ငန်းတက္ကသိုလ်မှ စီးပွားရေးပညာဌာန ပါမောက္ခ Jesus Crespo Cuaresma နှင့် အခြားသုတေသီပညာရှင် နှစ်ဦးတို့ကလည်း မြေငလျင်ဘေးဒဏ်များတွင်ကြုံတွေ့ရသော စီးပွားရေးသက်ရောက် မှုများကို ၂၀၀၈ ခုနှစ်က လေ့လာခဲ့ကြသည်။ ၎င်းတို့က ၂၀ ရာစု အစောပိုင်းကာလ စီးပွားရေးပညာရှင် ရွှန်းပီတာ၏ ကျော်ကြားသော အယူအဆဖြစ်သည့် “ဖန်တီးမှုရှိသော အဖျက်အဆီး” (Creative Destruction) အသွင်ပုံသဏ္ဌာန်မျိုး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပေါ် ခြင်းရှိ၊ မရှိ လေ့လာခဲ့ကြသည်။
ဆိုလိုသည်မှာ သဘာဝဘေးအန္တရာယ်ဖျက်ဆီးမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို မူလအခြေအနေမှ ပိုမိုကောင်းမွန်သောအခြေအနေသစ်ဆီသို့ ဖန်တီးပြောင်းလဲနေသည့် အခြေအနေမျိုးဖြစ်၊ မဖြစ် စူးစမ်းခဲ့ခြင်းဖြစ်သည်။ သဘာဝဘေးအန္တရာယ်များသည် ဘေးဒဏ်သင့်နိုင်ငံများရှိ အရင်းအနှီးဈေးကွက်များ ပိုမိုကောင်းမွန်စေပြီး နည်းပညာအသစ်များတီထွင်မှု၊ လက်ခံကျင့်သုံးမှု အခွင့်အလမ်းများရစေသည်ဟု ရှုမြင်ခဲ့ကြသည်။ ၎င်းတို့၏လေ့လာမှုများအရ သဘာဝဘေးအန္တရာယ်များ၏ အကြိမ်အရေအတွက်နှင့် ကာလရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အကြား အပေါင်းလက္ခဏာဆောင်သော ဆက်စပ်မှုရှိသည်ကို တွေ့ရှိခဲ့ကြသည်။
သို့သော် သဘာဝဘေးဒဏ်သင့်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်ရလဒ်များသည် ဘေးဒဏ်သင့်ခဲ့သည့် နိုင်ငံအပေါ်အပေါင်းလက္ခဏာ သက်ရောက်မှုဖြစ်စေသည်ဟူ၍ အမြဲတမ်း ကောက်ချက်ချ၍မဖြစ်နိုင်ပါ။ ဘေးဒဏ်သင့်နိုင်ငံနှင့် နည်းပညာအဆင့်မြင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့အကြား ဆက်ဆံရေးကောင်းမွန်မှု၊ နည်းပညာဗဟုသုတများ စီးဆင်းမှုအခြေအနေများအပေါ် မူတည်နေ ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နှင့် ဖြစ်ပေါ်လာသည့်ဘေးအန္တရာယ်၏ သဘောသဘာဝအပေါ်တွင်လည်း မူတည်နေကြောင်း မှတ်ချက်ပြုထားသည်။
ရွှန်းပီတာ၏ ကမ္ဘာသစ်သို့
မြေထု၊ ရေထု၊ လေထုတို့ဖြင့် စကြဝဠာထဲတွင်တည်ရှိနေသော ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် သဘာဝဘေးကြောင့်ဖြစ်ပေါ် လာသည့် ဘေးအန္တရာယ်များ အမြဲမပြတ် ကြုံတွေ့နေရလိမ့်မည်။ အထူးသဖြင့် မှန်းဆရခက်ခဲသော၊ ပို၍အပျက်အစီးများသော မြေငလျင်သဘာဝဘေးဒဏ်များသည်လည်း ကမ္ဘာကြီးသက်တမ်းကြာ မြင့်လာသည်နှင့်အမျှ အကြိမ်အရေအတွက် ပိုမိုများပြားစွာ ဖြစ်လာ နိုင်ဖွယ်ရှိသည်။ ကမ္ဘာပေါ်တွင် ရှင်သန်နေသော သတ္တဝါများထဲ၌ အသိဉာဏ်အရှိဆုံး လူသားများအနေဖြင့် သဘာဝဘေးအန္တရာယ်များကို မည်သို့ရင်ဆိုင်ကျော်လွှားကြမည်၊ မည်သို့ရှင်သန်နိုင်ကြရမည်ကို ရှုထောင့်အမျိုးမျိုးဖြင့်စဉ်းစား၊ နည်းလမ်းအသွယ်သွယ်ဖြင့် တီထွင်ကြံဆနေကြပြီဖြစ်သည်။ ဖြစ်ခြင်း၊ ပျက်ခြင်း သဘောတရား တို့ကိုနှလုံးသွင်း၍ ဖျက်ဆီးခံရတိုင်း၊ ပျက်စီးမှုများ ကြုံရတိုင်း စိတ်ဓာတ်ကျ၊ လက်မြှောက်အရှုံးမပေးဘဲ ပိုမိုကောင်းမွန်သော ကမ္ဘာသစ်ကိုဖန်တီး၍ ရှင်သန်နေထိုင်မှုအသစ်တို့ဖြင့် ဆက်လက်ရပ်တည်နိုင်ရမည်။
သို့အတွက် ဩစတြီးယန်း နိုင်ငံရေးဘောဂဗေဒပညာရှင်၊ စီးပွားရေးသမိုင်းပညာရှင် ဂျိုးဇက်ရွှန်းပီတာ (Joseph Schumpeter) ၏ “ဖန်တီးမှုရှိသော အဖျက်အဆီး” အယူအဆကို နှလုံးသွင်းလျက် ကြုံတွေ့လာသမျှ သဘာဝဘေးအန္တရာယ်တို့၏ဖျက်ဆီးမှုတို့ကို ပိုမိုကောင်းမွန်သော ဖန်တီးမှုအသစ်များ ပြုလုပ်နိုင်သည့် အခွင့်အလမ်းများဟုမှတ်ယူ၍ အားသစ်မွေး၊ ရှင်သန်နိုင်ကြရမည်ဖြစ်ပါသည်။ ။
Ref: Unearthing the Economic and Social on sequences of Earthquakes