Skip to main content

ဖျတ်ခနဲမြင်လိုက်ရတဲ့ နိုင်ငံတကာဆက်ဆံရေး မြင်ကွင်းတစ်ကွက်

နိုင်ငံတကာရေးရာသုတေသီတစ်ဦး

အခုမေလထဲမှာ နိုင်ငံတကာသတင်းတွေအနက် အတွေ့ရအများဆုံးသတင်းတစ်ပုဒ်က ဂါဇာမှာ အစ္စရေးနဲ့ ကုလသမဂ္ဂ(UN)တို့ အားပြိုင်ကြတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းကဖြစ်နေတာကြာပြီဆိုပေမယ့်အတွင်းမှာ တငွေ့ငွေ့လှိုက်စားနေတာ ဖြစ်ပါတယ်။

ပထမအကြိမ် အပစ်အခတ်ရပ်စဲပြီးတဲ့နောက် ၂၀၂၅ ခုနှစ် မေလ ၂ ရက်နေ့မှာ အစ္စရေးက ဂါဇာဒေသဆီ ဝင်ရောက်နေတဲ့ အကူအညီအားလုံးကိုပိတ်ဆို့မယ်လို့ ကြေညာပါတယ်။ ဂါဇာမှာလူသားချင်းစာနာမှုအကျပ်အတည်း တဖြည်းဖြည်းဆိုက်ရောက်လာပါတယ်။ အစ္စရေးက ဂါဇာမှာ လူသားချင်းစာနာမှုလုပ်ငန်းတွေကို UN အဖွဲ့အစည်းအစားအစ္စရေးနဲ့ အမေရိကန်ကထောက်ခံမှုပေးထားတဲ့ အမေရိကန်အခြေစိုက် Gaza Humanitarian Foundation (GHF) ကို လုပ်ကိုင်ခွင့်ပေးမယ်လို့ ကြေညာလိုက်တဲ့နောက်ပိုင်း UN အသိုင်းအဝိုင်းမှာ အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။

အတော်ပွဲဆူသွားခဲ့

၂၀၂၅ ခုနှစ် ​မေလ ၂၈ ရက်နေ့မှာ UN ဆိုင်ရာ အစ္စရေးသံအမတ်ကြီး Danny Danon က UN ဟာ သူ့နေရာဝင်ယူတဲ့ GHF ကို မစားရတဲ့အမဲသဲနဲ့ ပက်သလို အနှောင့်အယှက်တွေပေးနေတယ်၊ GHF နဲ့ ပူးတွဲလုပ်ကိုင်တဲ့ ဒေသခံ NGO အဖွဲ့အစည်းတွေကို ခြိမ်းခြောက်မှုတွေလုပ်တယ်၊ နှောင့်ယှက်မှုတွေလုပ်တယ်၊ လက်စားချေမှုတွေလုပ်တယ်၊ UN ဟာ လူဆိုးဂိုဏ်းတစ်ခုလို ပြုမူနေတယ်ဆိုပြီး UN လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုမှာပြောကြားလိုက်လို့ အတော်ပွဲဆူသွားခဲ့ပါတယ်။ တစ်နည်းပြောရရင်တော့ အစ္စရေးနဲ့ UN တို့ အားပြိုင်ကြတဲ့ သတင်းတစ်နည်း ဂါဇာလူသားချင်းစာနာမှု အကျပ်အတည်းဟာ ဖျတ်ခနဲမြင်လိုက်ရတဲ့ နိုင်ငံတကာဆက်ဆံရေး မြင်ကွင်းတစ်ကွက်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုအကူအညီတို့ရဲ့ သဘောသဘာဝတွေကို အနည်းငယ်တီးခေါက်မိထားဖို့လိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ UN တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့၊ နိုင်ငံတကာအကူအညီတို့၊ လူသားချင်းစာနာမှုအကူအညီတို့ဆိုတာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ ပုံစံအမျိုးမျိုးရှိပေမယ့် သဘောသဘာဝကတော့ လိုအပ်တဲ့သူတွေဆီ အကူအညီပေးအပ်ဖို့ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဣန္ဒြေကြီးရပါတယ်။ ဆိုလိုတာက ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရပါဘူး။ သက်ဆိုင်ရာအစိုးရတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းရပါတယ်။ ဒါမှလည်း ပြည်တွင်းမှာ သူတို့တရားဝင်ရပ်တည်လို့ရမှာဖြစ်ပါတယ်။ ပြည်တွင်းက လုပ်ဆောင်မှုတွေ အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်။ ပြည်ပက သူတို့နိုင်ငံခြားသားဝန်ထမ်းတွေ အဝင်အထွက်လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာဘက်မလိုက်ဘူး အကြိမ်ကြိမ်ပြောပြီး သက်ဆိုင်ရာအစိုးရတွေ မူဝါဒအပြောင်းအလဲဖြစ်လာအောင် တွန်းအားတွေပေးကြပါတယ်။ ဖိအားတွေ၊ တွန်းအားတွေကတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံတွေက အလိုအလျောက် ပြုပြင်ပြောင်းလဲလာဖို့ ဖြစ်ပါတယ်။

UN ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအင်န်ဂျီအိုတွေ၊ သတင်းမီဒီယာတွေ ချိတ်ဆက်အလုပ်လုပ်ကြပါတယ်။ ဆိုလိုတာက နိုင်ငံတကာအဖွဲ့အစည်းတွေဆိုရင် အကူအညီလိုအပ်တဲ့နေရာတွေဆီ အတားအဆီးမရှိ ဝင်ထွက်ခွင့်ပေးစေချင်တာဖြစ်ပါတယ်။ သူတို့လိုချင်တဲ့ အပြောင်းအလဲတွေဖြစ်မလာဘူးဆိုရင်တော့ ဣန္ဒြေသိပ်မဆောင်တော့ပါဘူး။ နိုင်ငံတွေအားနည်းရင် အားနည်းသလို စမ်းချင်ကြပါတယ်။ ခွင့်မပြုတဲ့အစိုးရတွေကို လူဆိုးစာရင်းသွင်းကြပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေဆိုတာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပါတယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကပေးတာရှိမယ်။ နိုင်ငံသားအလှူရှင်တွေ၊ နိုင်ငံတွင်းက အဖွဲ့အစည်းတွေကပေးတာရှိမယ်။ နိုင်ငံခြားတိုင်းပြည်တွေကပေးတာရှိမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးတာရှိပါမယ်။ ရည်ရွယ်ချက်ကတော့ စစ်မက်ပဋိပက္ခ တွေကြောင့်ဖြစ်စေ၊ သဘာဝဘေးကြောင့်ဖြစ်စေ၊ အဆင်မပြေ ဒုက္ခရောက်နေတဲ့သူတွေ သက်သာရာရစေဖို့ ဖြစ်ပါတယ်။ လူသားချင်းစာနာမှုအကူအညီဆိုတဲ့ သဘောသဘာဝက ရေတိုသဘောဖြစ်ပါတယ်။ ရေတိုတောင်မှ ချက်ချင်းအကူအညီလိုအပ်နေတဲ့သူတွေဆီ အခြေခံဆေးဝါးနဲ့ အစားအသောက် အကူအညီတွေရောက်ရှိဖို့ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အသက်ကယ်ဖို့ဖြစ်ပါတယ်။

တင်းမာမှုက အတော်မြင့်တက်

ဆိုတော့ကာ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတကာအဖွဲ့အစည်းတို့၊ နိုင်ငံတကာအကူအညီတို့၊ လူသားချင်းစာနာမှုအကူအညီတို့ဆိုတာ အရေးကြီးပါတယ်။ သူတို့ကို အတားအဆီးမရှိ လက်ခံစေချင်ကြပါတယ်။ သူတို့ကို မေးမြန်းစိစစ်တယ်ဆိုရင်ပဲ အပြစ်တစ်ခုလိုဖြစ်နေပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေနဲ့ပတ်သက်ရင် အထူးသဖြင့် အာဖရိကဘက်မှာ UN တို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအစိုးရ​တွေအကြား မကြာခဏတင်းမာမှုတွေဖြစ်ကြပါတယ်။ အခုလည်း အရှေ့အလယ်ပိုင်းမှာ အစ္စရေးနဲ့ ကုလသမဂ္ဂတို့အကြား တင်းမာမှုက အတော်မြင့်တက်နေပါတယ်။ ပြဿနာကို အကျဉ်းချုပ်မြင်အောင်ပြောရရင် ဂါဇာမှာ ပါလက် စတိုင်းဒုက္ခသည်တွေကို နှစ်ပေါင်းများစွာအကူအညီ အထောက်အပံ့ပေးနေတဲ့ The United Nations Relief and Works Agency for Palestine Refugees (UNRWA)ဆိုတဲ့ အဖွဲ့အစည်းရှိပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံဟာ ဟားမတ်စ်စစ်သွေးကြွတွေရဲ့ ရုတ်တရက် စီးနင်းတိုက်ခိုက်ခြင်းခံရပါတယ်။ အစ္စရေးဘက်က ၁၂၀၀ နီးပါးသေကာ ရာနဲ့ချီပြီး ဓားစာခံများအဖြစ် ဂါဇာဘက်ကို ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပါတယ်။ အဲဒီအချိန်ကစပြီး အစ္စရေးဘက်ကလည်း ဟားမတ်စ်တို့ရှိရာ ဂါဇာဘက်ကို မြေပြင်၊ ဝေဟင်ကနေ အကြီးအကျယ် လက်တုံ့ပြန်တိုက်ခိုက်လို့ ဟားမတ်စ်ထိန်းချုပ်တဲ့ အဖွဲ့အစည်းတွေအဆိုအရ ၂၀၂၅ ခုနှစ် မေလကုန်အထိ လူငါးသောင်းကျော် သေပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်စစ်သွေးကြွတွေထဲမှာ UNRWA ရဲ့ ဝန်ထမ်း ၁၂ ဦးပါတယ်ဆိုပြီး အစ္စရေးဘက်က စွပ်စွဲပါတယ်။ UNRWA ဟာ ဂါဇာဒေသ တစ်ခုတည်းမှာတင် ဒေသခံဝန်ထမ်းပေါင်း ၁၀၀၀၀ ကျော်ခန့်ထားပါတယ်။ အခု သူတို့ ဝန်ထမ်းအချို့ဟာ တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါတယ်။ အချို့ဟာလည်း UN ရဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုကာ အကြမ်းဖက်ကို အကူအပံ့ဖြစ်စေတယ်ဆိုပြီး အစ္စရေးကစွပ်စွဲပါတယ်။ UN ရဲ့ ဒုက္ခသည်တွေကိုပေးတဲ့ အကူအညီအချို့ဟာ ဟားမတ်စ်စစ်သွေးကြွတွေဆီကို သွယ်ဝိုက်ရောက်ရှိ နေတယ်လို့လည်း အစ္စရေးက ယုံကြည်ပါတယ်။ ဒီတော့ အစ္စရေးဘက်ကလည်း ဂါဇာပြဿနာဖြေရှင်းရာမှာ UN အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNRWA ဟာ မယုံကြည်စိတ်မချရဘူးဆိုတဲ့ အမြင်ရှိပါတယ်။ နောက်ဆုံး အမေရိကန်အခြေစိုက် Gaza Humanitarian Foundation (GHF) ကို UN အစား လုပ်ပိုင်ခွင့်ပေးဖို့ အစ္စရေးဘက်က လုပ်ဆောင်လာပါတယ်။

GHF ဟာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အမေရိကန်နိုင်ငံမှာ တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာ အစ္စရေးနဲ့ အစ္စရေးလိုလားသူတွေထောက်ပံ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေရှိပါတယ်။ အနည်းဆုံးတော့ GHF ဟာ အစ္စရေးအစိုးရ ခွင့်ပြုတဲ့နေရာတွေမှာပဲ လူသားချင်း စာနာမှုအကူအညီတွေပေးပါတယ်။ သူ့လုံခြုံရေးကိုတော့ အမေရိကန် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအချို့နဲ့ အစ္စရေးစစ်တပ်က တာဝန်ယူပါတယ်။

သူတို့အသည်း ဓားနဲ့ခွဲတာပါပဲ

အခုလို အစ္စရေးကကုလသမဂ္ဂကို လျစ်လျူရှုပြီး သူတို့နဲ့အဆင်ပြေတဲ့ အခြားအဖွဲ့အစည်းကို လူသားချင်းစာနာမှုတွေ လုပ်ဆောင်စေတာကို UN က လုံးဝမကျေနပ်ပါဘူး။ ဒါဟာသူတို့အသည်း ဓားနဲ့ခွဲတာပါပဲ။ အဲဒီလိုအစီအစဉ်သာ အောင်မြင်သွားခဲ့ရင် အခြားနိုင်ငံတွေကလည်း တုပလိုက်လုပ် လာကြရင်မခက်ပေဘူးလား။ အစ္စရေးကို ဂါဇာအပေါ် ပိတ်ဆို့မှုတွေအဆုံးသတ်ဖို့ ဖိအားအမျိုးမျိုးပေးပါတယ်။ ဂါဇာမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အော်တယ်။ အရှေ့အလယ်ပိုင်းဆိုင်ရာ UN အထူးကိုယ်စားလှယ်ကလည်းအော်တယ်။ UN လူသားချင်းစာနာမှုအကြီးအကဲကလည်း အော်တယ်။ အခြား UN အဖွဲ့အစည်းတွေဖြစ်တဲ့ WFP တို့၊ UNICEF တို့၊ WHO တို့ကလည်း အော်တယ်။ နောက်ဆုံး UN အကြီးအကဲကလည်း အော်တယ်ပေါ့။ ဂါဇာမှာ လူတွေသေပါတော့မယ်ပေါ့။ လူတွေငတ်မွတ်နေပါပြီပေါ့။ ကလေးတွေ ဘယ်လောက်သေဆုံးပါလိမ့်မယ်ပေါ့။ UN လူသားချင်းစာနာမှုအကြီးအကဲ Tom Fletcher ကဆိုရင် အကူအညီတွေသာ ဂါဇာကို အချိန်မီမရောက်ဘူး ဆိုရင် ၄၈ နာရီအတွင်း ကလေးငယ် ၁၄၀၀၀ လောက်အထိ အသက်ဆုံးနိုင်တယ်ဆိုပြီး အတိအကျပြောပါတယ်။

တစ်နည်းပါးစပ်ပိတ်နေတဲ့ အစ္စရေးနဲ့ အမေရိကန်တို့ကို ဖိအားပေးတာပေါ့။ သတင်းမီဒီယာတွေကလည်း အားအင်ချည့်နဲ့၊ အစာအာဟာရပြတ်နေတဲ့ ကလေးသူငယ်ပုံတွေဖော်ပြပြီး သတင်းတင်ပေးကြပါတယ်။ ဥရောပ အင်အားကြီးတွေဖြစ်တဲ့ UK၊ ပြင်သစ်နဲ့ ကနေဒါတို့ကလည်း အစ္စရေးကို ဂါဇာနဲ့ အနောက်ဘက်ကမ်းက အခြေအနေတွေအတွက် ပြစ်တင်ဝေဖန်ပါတယ်။

အကူအညီအများစုကတော့ ဖြန့်ဖြူးပေးနိုင်ခဲ့

အဲဒီလို ဖိအားတွေကြားထဲကပဲ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့မှာ အစ္စရေးခွင့်ပြုချက်နဲ့ GHF က ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီတွေစပေးပါတယ်။ UN က သူတို့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။ ဟားမတ်စ်တွေကလည်း GHF နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ဖို့ ဒေသခံအဖွဲ့အစည်းတွေကိုသတိပေးပါတယ်။ အကူအညီစပေးတဲ့နေ့မှာပဲ ရုန်းရင်းဆန်ခတ်မှုအချို့ရှိတယ်၊ အသေအပျောက်အချို့ရှိတယ်ဆိုပြီး သတင်းတွေတက်လာပါတယ်။ သို့သော် အကူအညီအများစုကတော့ အစီအစဉ်အတိုင်း ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ သို့သော် GHF ဟာ ဂါဇာမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ဒေသခံအဖွဲ့အစည်းတွေကလည်း သူနဲ့ ပေါ်ပေါ်တင်တင် အလုပ်မလုပ်ရဲကြပါဘူး။ ဂါဇာဒေသခံတွေကော လူမှုအဖွဲ့အစည်းတွေပါ အစ္စရေးနဲ့ UN အကြား ကြားညပ်နေကြပါတယ်။

အဲဒီလိုအခြေအနေမှာပဲ UN ဆိုင်ရာ အစ္စရေးသံအမတ်ကြီးရဲ့ UN ဟာ သူသာလုပ်ခွင့်မရရင် အခြားသူလည်း လုပ်ခွင့်မရစေရဘူးဆိုတဲ့ လူဆိုး၊ လူမိုက်ဂိုဏ်းဆန်ဆန်ပြုမူနေတယ်ဆိုပြီး ပြောဆိုချက်ထွက်ပေါ်လာပါတယ်။ အစ္စရေးသံအမတ်ကြီးက အချို့သော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံ အင်န်ဂျီအိုအဖွဲ့အစည်းတွေဟာ UN က GHF နဲ့ မပူးပေါင်းမဆောင်ရွက်ဖို့ သတိပေးတာကို လျစ်လျူရှုပြီး အစ္စရေးကစီစဉ်ထားတဲ့ ဂါဇာမှာ အကူအညီပေးရေးအစီအစဉ်အသစ်မှာ ပူးပေါင်းပါဝင်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် UN က အဲဒီ သဘောတူတဲ့အဖွဲ့အစည်းတွေကို ဘာမှဆွေးနွေးပြောဆိုမှုမပြုဘဲ UN အကူအညီပေးရေး သတင်းအချက်အလက်စနစ်ထဲက ဖယ်ရှားခဲ့တယ်။ ဒါဟာအနိုင်ကျင့်တာဖြစ်တယ်။ မာဖီးယားလူဆိုးဂိုဏ်းသဖွယ်ပြုမူတယ်ဆိုပြီး အပြင်းအထန်ဝေဖန်ပါတယ်။ UN ဘက်ကတော့ အဲဒီအစ္စရေးသံအမတ်ကြီး မှတ်ချက်နဲ့ပတ်သက်ပြီး ဘာမှမတုံ့ပြန်သေးပါဘူး။ အစ္စရေးနဲ့ အမေရိကန်ဘက်မှာတော့ UN ကထွက်ဖို့အထိ တောင်းဆိုမှုတွေ ပေါ်ထွက်နေပါတယ်။

အခုဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ UN တို့ရဲ့ သံတမန်ရေးအားပြိုင်မှုတွေမှာ သင်ခန်းစာယူစရာတွေရှိပါတယ်။ မြန်မာနိုင်ငံဟာလည်း လူသားချင်းစာနာမှုအကူအညီတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့မကင်း လှတာမို့ အခုဖြစ်နေတဲ့ အစ္စရေးနဲ့ UN အကြား တင်းမာမှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာသင့် ပါကြောင်းသုံးသပ်လေ့လာတင်ပြလိုက်ရပါတယ်။ ။