Skip to main content

အဏ္ဏဝါရေပြင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစဉ်အလေးထားပေး

မောင်မော် (သတ္တဗေဒ)

ကမ္ဘာ့ဒေသအသီးသီးရှိ အဏ္ဏဝါရေပြင်များသည် ပြင်းထန်သောပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကြောင့် ညစ်ညမ်းမှုများရှိ​နေပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ် တဖြည်းဖြည်းကြီးထွားလျက်ရှိပါသည်။ အဏ္ဏဝါရေပြင် ညစ်ညမ်းမှုကြောင့် စီးပွားရေးအရေးပါမှုရလဒ်များ လျော့နည်းလာနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြီးမားစွာဆုံးရှုံးခြင်း၊ ဂေဟစနစ်ဆိုင်ရာပြောင်းလဲမှု စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းပစ္စည်းများဖြစ်သော သတ္တုများ၊ စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ်များသည် ဇီဝမျိုးစုံ၊ မျိုးကွဲများ၏ အစားအစာကွင်းဆက်တွင် တဖြည်းဖြည်းစုပြုံလာပြီး များပြားလာခြင်း၊ ကမ်းရိုးတန်းဒေသရှိ သဘာဝရေပြင်များတွင် ဗက်တီးရီးယားအမြောက်အမြားရှိနေခြင်းကြောင့် သန်းပေါင်းများစွာသော လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၊ မြို့ပြစွန့်ပစ်အညစ်အကြေးများသည် ထိတ်လန့်စရာကောင်းသော အချက်တစ်ခုအထိ ဖြစ်လာခဲ့ပါသည်။

ကျွန်ုပ်တို့ ကမ္ဘာကြီး၏ လေထုနှင့် သမုဒ္ဒရာတို့သည် ယခုအခါ သိသာစွာ ပြောင်းလဲနေပါသည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကမ္ဘာကြီးပူနွေးလာခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံပြောင်းလဲခြင်း စသည်တို့ကြောင့် အချိန်တိုင်း လျင်မြန်စွာ ပြောင်းလဲနေသည်ကို တွေ့ရှိနေရပါသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ယင်းအကျိုးဆက်အဖြစ် ရင်ဆိုင်နေရပြီး အဆိုပါဖြစ်ရပ်များအနက် အချို့သိသိသာသာ မြင့်တက်လာသော အခြေအနေများမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ ဆိုးရွားသော ရာသီဥတုအခြေအနေဖြစ်ပေါ်ခြင်း၊ သမုဒ္ဒရာတွင် အက်ဆစ်ဓာတ်လွန်ကဲခြင်း၊ တခြားကျူးကျော်ဝင်ရောက်လာနိုင်သော မျိုးစိတ်များရောက်ရှိလာခြင်းတို့ ဖြစ်ပါသည်။

အဆိုပါ သက်ရောက်ပြောင်းလဲခြင်းများက ကမ်းရိုးတန်းဒေသတွင် နေထိုင်သော လူ့အဖွဲ့အစည်းတို့ကို များစွာဆိုးကျိုးပေးနိုင်ပါသည်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသများအတွင်းရှိ မီတာရာနှင့်ချီသော မြေပြင်များ နိမ့်ဆင်းလာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းနှင့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် ကြီးမားသောကပ်ဆိုက်မှု ဖြစ်ပေါ်လာနိုင်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် ရိုးရာအသက်မွေးဝမ်း​ကျောင်းလုပ်ငန်းတို့ကို များစွာထိခိုက်စေနိုင်ပါသည်။ သေးငယ်သော ကျွန်းနိုင်ငံများအနေဖြင့် ထိုအန္တရာယ်များနှင့် ကြုံတွေ့လာပါက စီးပွားရေးထိခိုက်စေနိုင်ခြင်း၊ ကုန်သွယ်မှုပြုလုပ်နေသည့် ကမ်းရိုးတန်းမြေနိမ့်ဒေသများနှင့် ကမ္ဘာ့လူဦးရေအများဆုံးရှိသည့် ကမ္ဘာ့နိုင်ငံများမှ ချမ်းသာကြွယ်ဝသော နိုင်ငံများအထိကိုပါ ထိခိုက်စေနိုင်ပါသည်။

ရေထုညစ်ညမ်းမှုအကြောင်းရင်းများ

ကုန်းမြေနှင့်အဏ္ဏဝါ သမုဒ္ဒရာများ၏ ဂေဟစနစ်များအတွင်းသို့ ပလတ်စတစ်အပိုင်းအစများ ရောက်ရှိလာရခြင်း၏ အဓိကအကြောင်းရင်းများမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူတို့၏ဆောင်ရွက်မှုအမျိုးမျိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် မြစ်၊ ချောင်း၊ အင်းအိုင်နှင့် ပင်လယ်သမုဒ္ဒရာထဲသို့ နေရာယူရောက်ရှိလာရခြင်းမှာ ပြည်တွင်းစွန့်ပစ်ပစ္စည်းများဖြစ်သည့် စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများ၏ ထုတ်ကုန်များကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူခြင်းနှင့် ကမ်းရိုးတန်းအခြေပြုလုပ်ငန်းများသည်လည်း အဏ္ဏဝါဂေဟစနစ်တွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသော အရင်းအမြစ်များဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်မှသည် ရေထုအနက်မီတာအလွှာများကို ဖြတ်၍ ရေအောက်ကြမ်းပြင်သို့ အနည်ထိုင်ရောက်ရှိလာပါသည်။ ရေနေသတ္တဝါများ၏ အဓိကအစာကွင်းဆက်အတွက် အရေးပါသည့် ရေပြင်အောက်ခြေကြမ်းပြင်များတွင် နေထိုင်သည့် သတ္တဝါများ၏ ကိုယ်တွင်းသို့ အလွန်သေးငယ်သည့် မိုက်ခရိုအမျှင်များအဖြစ် ဝင်ရောက်နေသည်ကိုလည်း လက်ရှိသုတေသနပြုလုပ်ချက်များအရ တွေ့ရှိနေရသဖြင့် အဆင့်ဆင့်အစာစားသောက်သည့် ဆင့်ကဲဖြစ်စဉ်များကြောင့် ငါးများ၏ အစာလမ်းကြောင်းအတွင်း ပလတ်စတစ်များ ရောက်ရှိနေခြင်းမှသည် ငါးများကိုစားသုံးသည့် အခြားသက်ရှိသတ္တဝါများ၏ အာဟာရဖြစ်စဉ်သို့ ရောက်ရှိနေသည်မှာ အခြားအငြင်းပွားဖွယ်မရှိကြောင်း သက်သေပြလျက်ရှိသည်။

ကမ္ဘာတစ်ဝန်း၌ လက်ရှိသုတေသနပြု လေ့လာဆန်းစစ်ချက်များအရ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ခန့်မှစ၍ ကမ္ဘာတစ်ဝန်းထုတ်လုပ်သော ပလတ်စတစ်မက်ထရစ်တန်ချိန် ၈ ဒသမ ၃ ဘီလီယံအနက် ၆ ဒသမ ၃ ဘီလီယံမှာ (တစ်ဘီလီယံတန်= ၁ဝဝဝဝဝဝဝဝဝ တန်) စွန့်ပစ်အမှိုက်များအဖြစ် ကျန်ရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် ထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချရန် ပြုလုပ်နိုင်သည်။ ကျန်ရှိသော ၉၁ ရာခိုင်နှုန်း၏ အများစုမှာ ပင်လယ်သမုဒ္ဒရာများထဲသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ ပင်လယ်ရေအောက်ကြမ်းပြင်သို့ ရောက်ရှိကာ အဏ္ဏဝါညစ်ညမ်းမှုမှတစ်ဆင့် ရေနေသတ္တဝါများ၏ ကိုယ်တွင်းသို့ရောက်ရှိ၍ အဆိုပါရေနေသတ္တဝါများကို လူများက စားသုံးခြင်းဖြင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်သည်ဟူသော လူထု၏ အာရုံစူးစိုက်မှုတဖြည်းဖြည်း များပြားလာသည်မှာ အားလုံးအသိပင်ဖြစ်သော်လည်း တိကျခိုင်မာသည့် သုတေသနရလဒ်များ ပိုမိုထွက်ပေါ်လာရန်လိုအပ်လျက်ရှိနေပါသေးသည်။

မြန်မာနိုင်ငံမှ သုတေသနပြုချက်

မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့ပင်လယ် ရေပြင်အတွင်း ဆောင်ရွက်ခဲ့သည့် ပလတ်စတစ်ပါဝင်မှု တိုင်းတာသည့် သုတေသနလုပ်ငန်းကို နော်ဝေနိုင်ငံ၏ သုတေသနရေယာဉ် Dr. Fridtjof Nansen ဖြင့် နော်ဝေနိုင်ငံ Institute of Marine Research မှ ပညာရှင်များနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာန၊ မော်လမြိုင်၊ မြိတ်၊ ပုသိမ်နှင့် ရန်ကုန်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာနနှင့် ရေတပ်ပင်မတိုင်းတာရေးတပ်မှ ပညာရှင်များက ၂၀၁၈ ခုနှစ် ဩဂုတ်လမှ စက်တင်ဘာလအတွင်း သုတေသနပြုဆောင်ရွက်ခဲ့ရာ ပျမ်းမျှအားဖြင့် တစ်စတုရန်းကီလိုမီတာရေပြင်အကျယ်အဝန်းတွင် တွေ့ရှိရသော မိုက်ခရိုပလတ်စတစ်အပိုင်းအစများ ပါဝင်မှုအရေအတွက် (1MPs/Km2)မှာ ရခိုင်ကမ်းရိုးတန်းတွင် အပိုင်းအစ ၂၂၀၀၀၊ ဧရာဝတီကမ်းရိုးတန်းတွင် အပိုင်းအစ ၈၀၀၀ နှင့် တနင်္သာရီကမ်းရိုးတန်း ရေပြင်တွင် အပိုင်းအစ ၂၇၀၀၀ ကို တွေ့ရှိခဲ့သလို မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ တစ်နှစ်လျှင် ပလတ်စတစ်တန်ချိန် ၁၁၉ တန်ခန့်ဝင်ရောက်နေကြောင်း FFI& Thant Myanmar တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး သုတေသနပြုလုပ်တွေ့ရှိချက်များကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ ရက် ထုတ်ပြန်ချက်အရ သိရှိရသည်။ အခြားမြစ်များအတွင်းသို့ မည်ရွေ့မည်မျှ ပလတ်စတစ်တန်ချိန်များ ဝင်ရောက်ထားပြီး ထိုမြစ်ကြောင်းများမှတစ်ဆင့် မြန်မာ့ပင်လယ်ရေပြင်နှင့် ရေအောက်ကြမ်းပြင်များသို့ မည်မျှအတိုင်းအတာအထိ ပလတ်စတစ်အမှိုက်များ ပျော်ဝင်ရောက်ရှိနေပြီလဲ စသည်ကို ဆက်စပ်တွေးတော သိရှိနိုင်ပါသည်။

မိုက်ခရိုပလတ်စတစ် (Microplastic) ဆိုသည်မှာ အရွယ်အစား ၅ မီလီမီတာထက်သေးသော ပလတ်စတစ်အစိတ်အပိုင်းများကို ဆိုလိုသည်။ ယင်းတို့သည် ပလတ်စတစ်ပစ္စည်းများ ပျက်စီးခြင်း၊ အရည်ပျက်ခြင်း၊ သဘာဝတွင် အချိန်ကြာမြင့်စွာရှိနေခြင်း စသည့်အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသည်။ မိုက်ခရိုပလတ်စတစ်များသည် သဘာဝပတ်ဝန်းကျင်တွင် အထူးသဖြင့် ရေ၊ မြေ၊ လေတို့တွင်ရှိနေပြီး သဘာဝနှင့် လူသားတို့အတွက် အန္တရာယ်များစွာဖြစ်စေသည်။

ယင်းတို့သည် သဘာဝအစားအစာများနှင့်အတူ ​ရော​ထွေးနိုင်ပြီး လူသားများတွင် ကျန်းမာရေးပြဿနာများကို            ဖြစ်စေနိုင်သည်။ မိုက်ခရို ပလတ်စတစ်များကို လျှော့ချရန် အထူးသဖြင့် ပလတ်စတစ်အသုံးပြုမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း စသည့်နည်းလမ်းများကို အသုံးပြုရန် လိုအပ်ပါသည်။

မိုက်ခရိုပလတ်စတစ်၏ ဆိုးကျိုးများကို ကာကွယ်ရန်အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်-

- တစ်နေ့တာတွင် အသုံးပြုသော ပလတ်စတစ်ပစ္စည်းများကို လျှော့ချရမည်။ ဥပမာ-သုံးစွဲမှုအတွက် အစားအစာများကို အထုပ်မပါဘဲ ဝယ်ယူပါ။

- ပလတ်စတစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်သောနည်းလမ်းများကို ရှာဖွေရမည်။ ဥပမာ- သုံးပြီးသော ပလတ်စတစ်ဘူးများကို အခြားအရာများအတွက်အသုံးပြုပါ။

-  သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အရေးကြီးသော အစီအစဉ်များကို ထောက်ပံ့ရမည်။ သဘာဝအရင်းအမြစ်များကို ကာကွယ်ရန်လုပ်ဆောင်ရမည်။

-  ပလတ်စတစ်ထုတ်လုပ်မှုမပါသော အစားအစာများကို ရွေးချယ်ရမည်။ ဥပမာ-ငှက်ပျောရွက်၊ အင်ဖက်များကိုသာ အသုံးပြုပါ။

- ပလတ်စတစ်အမှိုက်များကို မှန်ကန်စွာ သိမ်းဆည်းရမည်။ အမှိုက်သိမ်းဆည်းရေးစနစ်များကို အသုံးပြုပါ။

-  မိုက်ခရိုပလတ်စတစ်နှင့် ၎င်း၏ဆိုးကျိုးများအကြောင်း လူများကို ပညာပေးသင့်ပါသည်။ ဤနည်းလမ်းများကို အသုံးပြုခြင်းဖြင့် မိုက်ခရိုပလတ်စတစ်၏ ဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။

မြန်မာနိုင်ငံနှင့် ပလတ်စတစ်ပြဿနာ

မြန်မာနိုင်ငံ၏ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်များတွင် ပလတ်စတစ်အိတ်များ၊ ကြွပ်ကြွပ်အိတ်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကြောင့် အမှိုက်များနှင့် ပိတ်ဆို့၍ ရေစီးရေလာထိခိုက်ခြင်း၊ ရေနေသတ္တဝါများ၏ အသက်ရှင်ရပ်တည်မှုအပေါ် အကျိုးသက်ရောက်မှုရှိနေကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်တို့အား သယ်ယူရာတွင် လွယ်ကူခြင်း စရိတ်စက မကြီးခြင်းတို့ကြောင့် အသုံးပြုမှုများပြားခဲ့ပါသည်။

ယခုအခါတွင် ပလတ်စတစ်၏ ဆိုးကျိုးများကို ကောင်းစွာသိရှိလာခဲ့ပြီဖြစ်၍ ပြည်သူတစ်ရပ်လုံး သိရှိသုံးစွဲမှုအား လျှော့ချရပ်တန့်နိုင်ရေးအတွက် ရေဒီယို၊ ရုပ်မြင်သံကြား စာစောင်ဂျာနယ်များမှ အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ပါသည်။ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများကလည်း ပလတ်စတစ်အမှိုက်ကင်းစင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လာပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာနိုင်ငံ၏ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂ဝ၁၇-၂ဝ၃ဝ) ကို ချမှတ်၍ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာတစ်ဝန်းအဏ္ဏဝါသမုဒ္ဒရာအတွင်း အမှိုက်သရိုက်များ တွေ့ရှိနေမှုသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပြီး ပလတ်စတစ်များကို သမုဒ္ဒရာထဲသို့ စွန့်ပစ်ခြင်းများကို ဖယ်ရှားပစ်ရန် ရေရှည်ရည်မှန်းချက်ကို ကမ္ဘာလုံးဆိုင်ရာ ညီလာခံကြီးများတွင် သဘောတူထားကြသော်လည်း သုတေသနပြုခန့်မှန်းချက်များအရ အဏ္ဏဝါရေထုအတွင်း ပလတ်စတစ်ပါဝင်နေမှုများမှာ လျင်မြန်စွာ မြင့်တက်လျက်ရှိသည်။

ပလတ်စတစ်ကင်းစင်ရေးစီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် ကြီးထွားလာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်သည့် ပလတ်စတစ်အမှိုက်နှင့် ရင်ဆိုင်နေရပြီး ဆိုးရွားစွာညစ်ညမ်းမှုနှင့် ဂေဟစနစ်ကို ထိခိုက်မှုဖြစ်စေသည်။ မြန်မာနိုင်ငံတွင် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများကို လမ်းများ၊ မြစ်များနှင့် ကမ်းခြေများတွင် ပလတ်စတစ်အမှိုက်များ၊ အမှိုက်သရိုက်များ ရှိနေသည့်အတွက် စိုးရိမ်စရာဖြစ်လာပါသည်။

သဘာဝပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အမှိုက်များ၏ အကျိုးသက်ရောက်မှုသည် ကုန်းနေနှင့် ရေနေသတ္တဝါများကို ထိခိုက်စေပါသည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် လူ့ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိပြီး ပလတ်စတစ်မှ အန္တရာယ်ရှိသော ဓာတုပစ္စည်းများသည် မြေကြီးနှင့် ရေထဲသို့ စိမ့်ဝင်နိုင်သောကြောင့် ပလတ်စတစ်အမှိုက်ပြဿနာကို တုံ့ပြန်အနေဖြင့် ဖြေရှင်းနည်းများစွာ ဆောင်ရွက်သွားကြရပါမည်။

အများပြည်သူများ အသုံးပြုသော ကမ်းခြေသန့်ရှင်းရေးတွင် ပြည်သူများအား ပါဝင်ဆောင်ရွက်ရန်နှင့် အမှိုက်စနစ်တကျ စွန့်ပစ်ရေးရေရှည်တည်တံ့သော အလေ့အကျင့်များကို မြှင့်တင်ပေးရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံရှိ ပလတ်စတစ်အမှိုက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ရပ်ရွာလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါသည်။ ဒေသခံလူထုသည် ၎င်းတို့၏ပတ်ဝန်းကျင်ကို သန့်ရှင်းစေရန်နှင့် ပြန်လည်အသုံးပြုခြင်းကို မြှင့်တင်ရာတွင် ထူးထူးခြားခြားအလေးထားမှုကို ပြသခဲ့သည်။ စာသင်ကျောင်းများနှင့် ရပ်ရွာလူထုအဖွဲ့များက ပလတ်စတစ်အမှိုက်များ ရှင်းလင်းရေးလမ်းစဉ်များကို စည်းရုံးကာ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ခါသုံးပလတ်စတစ်များကို တားမြစ်ခြင်းအပါအဝင် ပလတ်စတစ်ထုတ်လုပ်မှုနှင့် သုံးစွဲမှုဆိုင်ရာစည်းမျဉ်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် စက်လှေများမှ နိုင်လွန်ကြိုးပိုက်အပိုင်းအစများ၊ ပလတ်စတစ်များ စသည့်စွန့်ပစ်ပစ္စည်းများကို အလွယ်တကူစွန့်မပစ်ဘဲ စနစ်တကျထိန်းသိမ်းသွားရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ပလတ်စတစ်အမှိုက်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ ရပ်ရွာပြည်သူလူထု၊ လုပ်ငန်းရှင်များ၊ စေတနာ့ဝန်ထမ်း၊ လူမှုရေးအဖွဲ့များ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ပလတ်စတစ်အမှိုက်ဝန်ထုပ်ဝန်ပိုးမှ ကင်းဝေးပြီး ပိုမိုရေရှည်တည်တံ့သော အနာဂတ်အတွက် လမ်းခင်းပေးနိုင်ပါသည်။

ကိုးကား-

Dr Tun Thein DOF

၁၄/၉/၂၀၂၀ ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ