တစ်ဖက်ပိတ်နေတဲ့ ကမ္ဘာ့ဦးနှောက်
နိုင်ငံတကာရေးရာ သုတေသီတစ်ဦး
အခုဆိုရင်အနောက်နိုင်ငံတွေမှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်နေပါတယ်။ တစ်နည်း အမေရိကန်ကော ဥရောပမှာပါ လစ်ဘရယ်ဒီမိုကရေစီအကျပ်အတည်းဆိုက်နေတယ်။ မေးခွန်းများစွာရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာ အမျိုးသားရေးဝါဒီ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာသလို ဥရောပမှာလည်း လက်ယာစွန်းနိုင်ငံရေးပါတီက တစ်နှစ်ထက်တစ်နှစ် အားကောင်းလာနေပါတယ်။
အခု ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာလုပ်ခဲ့တဲ့ ဂျာမနီအဓိပတိရွေးကောက်ပွဲမှာလည်း ဂျာမန်လက်ယာစွန်းပါတီဟာ ဒုတိယနေရာလိုက်ခဲ့ပါတယ်။ ပြင်သစ်မှာလည်းလာမယ့် ၂၀၂၇ မှာ ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီ အနိုင်ရမယ်လို့ ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။ လက်ရှိ အီတလီဝန်ကြီးချုပ် Giorgia Meloni ဆိုလည်း လက်ယာနိုင်ငံရေးသမားဖြစ်ပြီး အမေရိကန် သမ္မတနဲ့ အထူးရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရိုမေးနီးယားနိုင်ငံ (Romania) မှာ ပြုလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီက အနိုင်ရသွားပေမယ့် ဖွဲ့စည်းပုံတရားရုံးက ပြည်ပစွက်ဖက်မှုရှိတယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချခဲ့ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံ (Bulgaria)မှာလည်း လက်ယာစွန်းပါတီ ထောက်ခံသူ အမျိုးသားရေးဝါဒီတွေက မြို့တော်မှာရှိတဲ့ ဥရောပသမဂ္ဂ (အီးယူ)ရုံးကို ဝင်ရောက်စီးနင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ရိုမေးနီးယားကော၊ ဘူလ်ဂေးရီးယားကောနေတိုးနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အခုတော့ အဲဒီနိုင်ငံတွေမှာ ရုရှားလိုလားတဲ့ နိုင်ငံရေးသမားတွေ တစ်နည်းဥရောပဆန့်ကျင်ရေးသမားတွေ စုရုံးကြီးထွားလာနေပါတယ်။
ဥရောပတစ်လွှား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်မှာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာပြုလုပ်ခဲ့တဲ့ မြူးနစ်လုံခြုံရေးကွန်ဖရင့် (The Munich Security Conference) မှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်(JD Vance) က ဥရောပကို ခြိမ်းခြောက်နေတာ ရုရှားမဟုတ်ဘူး၊ တရုတ်မဟုတ်ဘူး၊ ဥရောပကိုယ်တိုင်ပဲ တစ်နည်းအတွင်းက ခြိမ်းခြောက်နေတာဖြစ်တယ်၊ ဥရောပဟာ နာဇီဝါဒ မပြန့်ပွားစေဖို့အကြောင်းပြချက်နဲ့ အခြေခံလူ့အခွင့်အရေးတွေ ပိတ်ပင်နေတယ်၊ လက်ယာစွန်းနိုင်ငံရေး အတိုက်အခံတွေကိုဖိနှိပ်နေတယ်၊ ဥရောပကို ပျက်စီးစေမှာ အတွင်းကသာဖြစ်တယ်ဆိုပြီးပြောလို့ ဥရောပတစ်လွှား ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပါတယ်။
အခုဆို အမေရိကန်မှာ ဥပဒေရေးရာဝန်ဆောင်မှု အဖွဲ့အစည်းတွေ၊ သုတေသနစင်တာတွေ၊ တက္ကသိုလ်ကြီးတွေကအစ တင်းကျပ်ကန့်သတ်မှုတွေ ရင်ဆိုင်လာနေရတယ်။ ထရမ့်ဘက်ကရှင်းတယ်။ ငါတို့ (ဖက်ဒရယ်အစိုးရ) လိုချင်တာလုပ်မလား၊ မလုပ်ရင် မင်းတို့ကိုပေးနေတဲ့ အစိုးရရန်ပုံငွေတွေ၊ အခွင့်အရေးတွေ ပိတ်ပင်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်တယ်။ အခုဆို ဗြိတိန်၊ အီတလီ စတဲ့နိုင်ငံတွေကလည်း အမေရိကန်ပုံစံ သံယောင်လိုက်လာကြတယ်။ အနောက်နိုင်ငံတွေမှာ လစ်ဘရယ်ဒီမိုကရေစီ အရှိုက်ထိုးခံနေရသလို ဖြစ်လာတာကြောင့် ဘာကြောင့်လဲဆိုတာ အတော်ကြီးကို အဖြေရှာနေကြပါတယ်။
အမှန်က ဥရောပမှာ အဲဒီအဖြေကို ရှာနေတာနှစ်ပေါင်းအတော်ကြာပါပြီ။ အမေရိကန်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ လစ်ဘရယ်ဒီမိုကရက်တွေ ထရမ့်ကိုမဲရှုံးတော့လည်း အဖြေကို ရှာကြပါတယ်။ အခုဆို အမေရိကန်လစ်ဘရယ် အသိုက်အဝန်းမှာ ခေါင်းဆောင်မှုပျောက်ဆုံးသလိုဖြစ်နေပြီး ဥရောပလည်း လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ အခုလို ဘာကြောင့်လစ်ဘရယ် နိုင်ငံရေးအကျဘက်ကို ရောက်လာရသလဲဆိုတာ အဖြေရှာရင်း အဖြေမတွေ့နိုင်ဘဲ ဖြစ်နေကြပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဦးနှောက်တွေဟာ တစ်ဖက်တည်းမှာ ပိတ်နေလို့ဖြစ်ပါတယ်။
သက်ဆိုင်ရာအစိုးရတွေက နိုင်ငံတွေကို ချုပ်ကိုင်ထားတာဆိုပေမယ့် သက်ဆိုင်ရာအစိုးရတွေကို လွှမ်းမိုးတာက ဒီကနေ့ကမ္ဘာ့စနစ်ကြီးဆိုတာပါပဲ။ လစ်ဘရယ် အာဂျန်ဒါ၊ လစ်ဘရယ် အစီအစဉ်လို့ လည်း အလွတ်သဘော နားလည်ကြပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးက လစ်ဘရယ်ဒီမိုကရေစီ အခင်းအကျင်းထဲမှာပဲ ရှိနေရမယ်ပေါ့။ ဒီမိုကရေစီကိ လက်ခံရမယ်။ လူ့အခွင့်အရေးတွေကို လက်ခံရမယ်။ နိုင်ငံတကာ ဥပဒေတွေကိုလိုက်နာရမယ်။ တရုတ်ဒီမိုကရေစီတို့၊ ရုရှားဒီမိုကရေစီတို့ ခွဲခြားပြောမနေနဲ့။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာ ဥပဒေမူဘောင်တို့ဆိုတာ အနောက်နိုင်ငံတွေရဲ့ထုတ်ကုန်မဟုတ်ဘူး။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တယ်။ လူတွေအားလုံးနဲ့ဆိုင်တယ်။ အတိုးအလျှော့မရှိ၊ တစ်ပြေးညီပေါ့။
ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ပေါ့။ နောက်ကနေ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးဆိုတာတွေနဲ့ ထောက်ထားလိုက်သေးတယ်။ တစ်နည်းမီဒီယာတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကမ္ဘာကြီးကို စောင့်ထိန်းသူတွေပဲ။ အနောက်ကမ္ဘာ လစ်ဘရယ် လူ့အဖွဲ့အစည်းမှာအစိုးရတွေရဲ့ ခိုင်မာအားကောင်းမှုကို အားမပေးဘူး။ လူတစ်ဦးချင်း လွတ်လပ်ခွင့်ကိုပဲအားပေးတယ်။ အစိုးရကို ထိန်းကျောင်းမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ရှင်သန်ကြီးထွားဖို့ ဂရုပြုတယ်။ နို့၊ ဒါဆိုရင် အဲဒီလစ်ဘရယ်အစီအစဉ်ဆိုတာကြီးက ဘယ်သူတွေက ချမှတ်တာလဲဆိုရင် သူကချက်ချင်း လက်ငင်းကြီးဖြစ်တည်လာတာမျိုးတော့ မဟုတ်ဘူး။ တဖြည်းဖြည်းစုဖွဲ့မိလာတာပေါ့။
အစိုးရတွေ(နိုင်ငံရေးသမားတွေ)ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေပါတယ်။ အင်န်ဂျီအိုတွေ၊ စီအက်စ်အိုတွေပါတယ်။ တက်ကြွလှုပ်ရှားသူတွေပါတယ်။ တက္ကသိုလ်ကြီးတွေ၊ ဉာဏ်ကြီးရှင်သုတေသနစင်တာတွေပါတယ်။ ကမ္ဘာ့ပညာတတ်အသိုင်းအဝိုင်း တစ်နည်း ကမ္ဘာ့ဦးနှောက်တွေပေါ့။ အားလုံးကချိတ်ဆက်နေပြီး လစ်ဘရယ်အဝန်းအဝိုင်းထဲမှာပဲရှိတယ်။ သွားဖောက်ထွက်လို့မရဘူး။ ပညာရေးမှာ မလစ်ဘရယ်ရင် ခေတ်မမီဘူးလို့ ဖြစ်နေတယ်။ လစ်ဘရယ်အဝန်းအဝိုင်းထဲမှာ အလုပ်လုပ်နေပြီး လစ်ဘရယ်သဘောသဘာဝကို သံသယရှိရင်၊ လစ်ဘရယ် တန်ဖိုးတွေကို စျေးဆစ်ရင်ရွာအပြင် ရောက်ဖို့သာပြင်ပါ။
လစ်ဘရယ် လူသားရင်းမြစ်တွေ မွေးထုတ်ပေး
တက္ကသိုလ်တွေက လစ်ဘရယ်လူသားရင်းမြစ်တွေ မွေးထုတ်ပေးတယ်။ ထွက်လာတဲ့ လစ်ဘရယ်လူသားရင်းမြစ်တွေက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေမှာ အလုပ်လုပ်ကြတယ်။ ချိတ်ဆက်အလုပ်လုပ်ကြတယ်။ သူတို့အချင်းချင်းရန်ဖြစ်လည်းခဏပဲ။ လစ်ဘရယ်အထိုင်ထဲကပဲရန်ဖြစ်တယ်။ လစ်ဘရယ်စည်းကတော့ အပေါက်မခံဘူး။ သူတို့အချင်းချင်း ဝေဖန်တယ်။ လစ်ဘရယ်အထိုင်ထဲကပဲဝေဖန်တယ်။ လစ်ဘရယ်စည်းကတော့ အပေါက်မခံဘူး။ ပညာတတ်တွေမို့ ဘယ်လိုရန်ဖြစ်ရမယ်။ ဘယ်လို ညှိနှိုင်း ဆောင်ရွက်ရမယ်။ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာ သိကြပြီးသားဖြစ်တယ်။ နှုတ်မိန့်တွေဆိုတာ ယူအင်န်လို အဖွဲ့အစည်းကြီးတွေမှာ အများကြီးနော်။
ဒီလိုနဲ့ ပညာတော့တတ်ပါရဲ့၊ အမှားအယွင်းလုပ်မိမှာကြောက်ပြီး မလုပ်မရှုပ်မပြုတ်နေတဲ့သူတွေ အများကြီးပဲ။ စနစ်ကြီးကိုယ်တိုင်ကအတွင်းက ဝန်ထမ်းတွေကို ပုံစံခွက်ထဲရိုက်သွင်းသလိုဖြစ်တယ်။ နောက်ဆုံးအစီရင်ခံစာတွေမှာအားထည့်ပြီး ပျံနေအောင်ရေးကြတယ်ပေါ့။ အဲဒီလိုမှမဟုတ်ဘဲ လူကြီးအကြိုက်မနေတဲ့သူ၊ အထိုင်ကနေဖောက်ထွက်ချင်တဲ့သူ၊ စည်းထဲမှာမနေချင်တဲ့သူက တော့ထွက်ပေါ့။ နောက်လူလာခဲ့ပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေဆိုတာ လစာ၊ ခံစားခွင့်ကောင်းတော့ လုပ်ချင်တဲ့သူက အပြည့်ပဲ။
စည်းမျဉ်း၊ စည်းကမ်းဆိုတာ လက်တစ်လုံးခြားပြောင်းတာပါပဲ
အမှန်ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ သူ့မူဝါဒနဲ့ သူ့စည်းမျဉ်းစည်းကမ်း ခိုင်ခိုင်မာမာရှိပေမယ့် အတွင်းကျိတ် ဖြေရှင်းတာ၊ လိုသလိုလှည့်ပတ်လုပ်တာ၊ မလိုတစ်မျိုးလိုတစ်မျိုးလုပ်တဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ပညာတတ် ဝန်ထမ်းဆိုသူတွေက ဌာနအတွင်းမှာ ပြဿနာနည်းအောင် နားလည်မှုနဲ့ မီးစင်ကြည့်ကလုပ်ဆောင်ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လိုတစ်မျိုး၊ မလိုတစ်မျိုး၊ လူကို ခင်ရင်မူကို ပြင်တယ်ဆိုတာ အများကြီးရှိပါတယ်။ သူတို့လုပ်ချင်ရင်အတွင်းက စည်းမျဉ်း၊ စည်းကမ်းဆိုတာ လက်တစ်လုံးခြားပြောင်းတာပါပဲ။ သူတို့ မလုပ်ချင်ရင် စည်းမျဉ်း၊ စည်းကမ်းဆိုတာနဲ့ကိုင်ပေါက်တာပါပဲ။
ကမ္ဘာလှည့်နေတဲ့ ပညာတတ်တွေမို့ အကျိုးစီးပွားနဲ့ပတ်သက်ရင် အားနာတယ်ဆိုတာမရှိဘဲ ဗြောင်ပါပဲ။ တစ်ခါတလေ အစိုးရအဖွဲ့အစည်းတွေမှာ တရားမမျှတဘူး၊ မဟုတ်တာတွေ ဖြစ်နေတယ်ဆိုတာ အချို့နိုင်ငံတကာအဖွဲ့အစည်းတွေက အတွင်းကျိတ်ပြဿနာတွေနဲ့ယှဉ်ရင် ပါးပါးလေးပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေက ငွေလမ်းခင်းနိုင်တော့ အသံသိပ်မထွက်ဘူး။ ပညာတတ်များတော့ ပြဿနာကို အသံမထွက်အောင်ဖြေရှင်းကြတယ်။ ပြောချင်တာ တိုက်ရိုက်ရေးရရင် အဲဒီနိုင်ငံတကာ အဖွဲ့အစည်းဝန်ထမ်းတွေဆိုတာ ကမ္ဘာလှည့်ပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေသူတွေ၊ အခက်အခဲပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နေသူတွေဖြစ်လို့ သူတို့တွေဟာ ကမ္ဘာ့ဦးနှောက်တွေပဲ ဖြစ်ပါတယ်။ အဲဒီဦးနှောက်တွေကပဲ ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တိုးတက်ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချိတ်ဆက်လှည့်ပတ်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ သူတို့(လစ်ဘရယ်) အထိုင်၊ သူတို့ (လစ်ဘရယ်) စည်းသွားထိတဲ့သူက ငမိုက်သားပါပဲ။ အခုဆို အဲဒီအထိုင်၊ အဲဒီစည်းကို ဖောက်မယ့်သူပေါ်လာခဲ့ပါပြီ။ ဟုတ်ကဲ့။ အမေရိကန်က ဒေါ်နယ်ထရမ့်ပါပဲ။
နေပါဦး။ ကမ္ဘာ့ဦးနှောက်ဆိုတာကတော့ ဟုတ်ပါပြီ။ သူတို့ဦးနှောက်တွေက တစ်ဖက်ပိတ် သလို ဖြစ်နေတယ်ဆိုတော့ ဘယ်လိုသူတို့ဦးနှောက်တွေက ပိတ်သလိုဖြစ်နေတာလဲဆိုရင် အထက်မှာဆိုခဲ့သလိုပဲလေ။ ငယ်ငယ်ကတည်းက စာမဖတ်ကြဘဲ၊ သမိုင်းမလေ့လာကြဘဲ လစ်ဘရယ် ပညာရေးနဲ့ ကြီးပြင်းလာရတော့ တစ်ဖက်ပဲသိသလိုဖြစ်တယ်။ သူတို့ဘက်ကိုပဲ အမှန်ထင်တော့ တစ်ဖက်အမြင်မတူသူတွေကို အထင်မကြီးဘူးပေါ့။ သူတို့သာ အမှန်ပေါ့။ ပြန်လည်မပြင်ဆင်လိုဘူးပေါ့။ ဖောက်ထွက် တွေးခေါ်မှုတွေ ပျောက်ဆုံးသွားတာပေါ့။ သူတို့နဲ့ အမြင်မတူတဲ့သူကို ဝိုင်းပယ်ဆန့်ကျင် တာပေါ့။ အငြိုးတကြီးတုံ့ပြန်တာပေါ့။ လူ့သဘာဝပေါ့။ အချို့က ပညာတတ်လေ ခေါင်းမာလေပဲ။
ပြဿနာအားလုံးကို လစ်ဘရယ်အထိုင်က ဆုံးဖြတ်နေကြတာလေ။ အားလုံးက လူ့အခွင့်အရေးနေကြတာလေ။ လူ့အခွင့်အရေးကမကောင်းတာမဟုတ်ဘူး။ ကောင်းတယ်။ ဒါပေမဲ့ အမျိုးသားရေးဆိုတာလည်း ထည့်စဉ်းစားဖို့လိုတယ်။ လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ သူ့စံတန်ဖိုးထားမှုတွေ၊ အမှတ်လက္ခဏာတွေဆိုတာရှိတယ်။ လစ်ဘရယ်ဆိုတာရဲ့အောက်မှာ လူတွေကို အကန့်အသတ်မရှိ ပေးဝင်ရင်ကြာရင် အဲဒီပြင်ပက ဝင်လာတဲ့လူဦးရေက မူရင်းနိုင်ငံသားတွေကို ကျော်လွန်သွားနိုင်တယ်။ မဟုတ်ရင်လည်း လုံခြုံရေးဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တယ်။
လူဝင်မှုပြဿနာက သူတို့ဆီမှာ အကြီးကြီးပဲ
သြစတြေးလျနိုင်ငံဆို အရွယ်အစားကကြီးပေမယ့် လူဦးရေကနည်းတော့ လူဝင်မှုမှာအလွန်ကြီး မလစ်ဘရယ်ရဲဘူး။ အမေရိကန်ဆိုလည်း နိုင်ငံကြီးတယ်ဆိုပေမယ့် အခုဒီသဘောပေါ့။ ထရမ့်တို့လို လူဝင်မှုကို အဓိကထားမဲဆွယ်သူတွေက ရွေးကောက်ပွဲနိုင်တယ်။ ဥရောပလည်း အနည်းနဲ့အများ ဒီအတိုင်းပဲ။ လူဝင်မှုပြဿနာက သူတို့ဆီမှာအကြီးကြီးပဲ။ ဒါတွေကို ထိုက်သင့်သလိုထိန်းချုပ်ဖို့လိုတယ်။ သို့သော် ဥရောပလိုနေရာမျိုးမှာ အီးယူဆိုတဲ့ အရိပ်အောက်မှာ အဖွဲ့ဝင်နိုင်ငံအများစုက လစ်ဘရယ်အစိုးရတွေဆိုတော့ သူတို့ဦးနှောက်တွေက လစ်ဘရယ်အထိုင်ကပဲ အလုပ်လုပ်တယ်။ ပညာတတ်လွန်းတော့ အချင်းချင်းအမုန်းမခံချင်ကြဘူး။
လစ်ဘရယ်နိုင်ငံတွေမှာ ပြည်ပက တရားမဝင်ဝင်လာတဲ့သူတွေက အကြမ်းဖက်မှုပြုရင်တောင် ကြားဝင်ပြောမယ့်သူကမရှိဘူး။ ထိထိရောက်ရောက်ရေးသားတင်ပြမယ့် မီဒီယာကမရှိဘူး။ အစိုးရကော၊ ပြည်သူကော သူတို့ဦးနှောက်တွေက တစ်ဖက်ပိတ်သလို ဖြစ်နေတယ်။ ထောက်ပြပြီဆိုရင် ဘယ်သူက လုပ်တာပါ၊ ဘာလူမျိုးပါ၊ ဘယ်နိုင်ငံသားပါ ပြောရတော့မယ်။ လူမျိုး၊ ဘာသာပါရင်ကို ခွဲခြားမှုလို့ မြင်တဲ့သူကမြင်တယ်။ အကောင်းဆုံးက နှုတ်ဆိတ်နေတာ ကောင်းတယ်။ အပြောမတော်ရင် ဖက်ဆစ်တံဆိပ်၊ အမျိုးသားရေးတံဆိပ် အကပ်ခံနေရမယ်။ လူ့အခွင့်အရေးပဲ အမြဲရွတ်နေရင် အန္တရာယ်ကင်းတယ်ဆိုတာ မသိစိတ်ကလှုံ့ဆော်နေတယ်။ နည်းနည်းလေးမှ စိတ်ထဲကို အမျိုးသားရေးအဝင်မခံဘူး။ တစ်ဖက်ပိတ်နေတဲ့ ဦးနှောက်က ခွင့်မပြုဘူး။
၂၀၁၆ ခုနှစ် ထဲလောက်မှာ ပြင်သစ်နဲ့ ဂျာမနီမှာ အစ္စလာမ် အစွန်းရောက်အချို့က ကားတွေနဲ့ လူအုပ်ထဲဝင်တိုက်တာပေါ့။ လူတွေဆယ်ဂဏန်း အတော်များများသေတယ်။ တစ်ချိန်တည်းမှာ ဆိုရှယ်မီဒီယာတွေမှာ ဂျာမနီမြို့ကြီးအချို့မှာ ပြည်ပက ဝင်ရောက်လာသူတွေ များလာပြီးတဲ့နောက်မှာ ဂျာမန် အမျိုးသမီးတွေဘဝမလုံခြုံတာ၊ မကြာခဏလမ်းပေါ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ခံရတာ၊ အချို့လမ်းတွေမှာ ညဘက်ဆို အမျိုးသမီးတွေမသွားလာရဲတာ တင်ပြကြတယ်။ ဂျာမန်လူထုကကော၊ အစိုးရကကော ဘာသိဘာသာပဲနေတယ်။ ဆိုရှယ်မီဒီယာတွေမှာ ဂျာမန်တွေ ရန်ဖြစ်နည်း မေ့သွားပြီဆိုပြီး ရေးကြတယ်။ ငါတို့ဂျာမန်တွေက အပြင်ကလာတဲ့လူစိမ်းတွေက ကိုယ့်အမျိုးသမီးတွေကို စော်ကားနေတာကိုတောင် ကြည့်နေနိုင်လောက်အောင် သွေးအေးသွားကြပြီဆိုတဲ့သဘော မချိတင်ကဲရေးတာပေါ့။
မောင်နပ်တွေ များလာ
လစ်ဘရယ်တွေဘက်ကလည်း ပြဿနာတစ်ခုကို ထိထိရောက်ရောက် ဖြေရှင်းမယ်ဆိုရင် လူဝင်မှုပြဿနာတွေကို ဖြေရှင်းရမယ်၊ ဖမ်းသင့်တဲ့သူဖမ်းရမယ်၊ အရေးယူသင့်တဲ့သူ ယူရမယ်၊ ပြန်ပို့သင့်တဲ့သူပို့ရမယ်၊ အဲဒီလိုအာဏာစက်ကိုသုံးပြီဆိုတာနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝိုင်းအော်ကြမယ်။ အကြမ်းဖက်အစွန်းရောက်ဝါဒကို ပိုပြီးအားပေးသလိုဖြစ်မယ်။ ဘာသိဘာသာနေလိုက်တာ ကောင်းတယ်ပေါ့။ ဘယ်နိုင်ငံရေးသမား၊ ဘယ်ပါတီမှ ရှေ့တန်းထွက်ပြီး နိုင်ငံသားတွေ အကျိုးစီးပွားဆိုတာ မဟရဲဘူး။ အမျိုးသားအကျိုးစီးပွားလို့ ဟတာနဲ့မတော်ရင် ဖက်ဆစ်တံဆိပ် အကပ်ခံရမှာပဲ။ တစ်သက်လုံး နိုင်ငံရေးမှာ အရိပ်လိုပါသွားမှာပဲ။ ဥရောပသမိုင်းနောက်ခံကလည်း ဖက်ဆစ်ဟစ်တလာ အရိပ်ထိုးနေတာမို့ နိုင်ငံရေးမှာ တစ်ခုခုမှားတာနဲ့၊ လစ်ဘရယ်ကို ဆန့်ကျင်တာနဲ့ ဖက်ဆစ်တံဆိပ်အကပ်ခံရမှာ ကြောက်ကြတယ်။ ဒီလိုနဲ့ဥရောပနိုင်ငံရေးတစ်နည်း အီးယူနိုင်ငံရေးမှာ မောင်နပ်တွေ များလာတော့တာပေါ့။
အခုဆို အမေရိကန်မှာ ဒီမိုကရက်တစ်ထောက်ခံသူ ကြားထဲမှာကို ငါတို့ဘက်ကလည်း ပြင်သင့်တာ ပြင်ရမယ်။ အချို့ ငါတို့အတွေးအခေါ်တွေက လက်ဝဲစွန်း (far-left) ရောက်ချင်နေတယ်ပေါ့။ ကိုယ့်နိုင်ငံ သား အကျိုးတော့ ကြည့်သင့်တာ ကြည့်ရမှာပေါ့လို့ ပြောသူတွေရှိလာတယ်။ ဟိုဘက်လည်းကောင်းတာရှိတယ်။ ဒီဘက်လည်း ကောင်းတာရှိတယ်။ လစ်ဘရယ်နဲ့ အမျိုးသားရေးပေါင်းစပ်ပြီး ဖက်စပ်ပုံစံမျိုး စဉ်းစားကြတယ်။ လစ်ဘရယ်အမာခံတွေကတော့ လှမ်းငေါက်တာပေါ့။ ဘာဖက်စပ်လဲ။ ဒီမိုကရေစီမှာ ဖက်စပ်ဆိုတာမရှိဘူး။ လူ့အခွင့်အရေးမှာ စျေးဆစ်လို့မရဘူးပေါ့။ ဥရောပမှာလည်း လစ်ဘရယ် နိုင်ငံရေးသမားတွေထဲမှာ ပြုပြင်ပြောင်းလဲဖို့ဆော်သြတာတွေ ရှိနေတယ်။ သူတို့ဆီမှ အလယ် (Centre) ဆိုတာရှိတယ်။ Centre, Centre Right, Centre Left စသဖြင့်ပေါ့။
ဒါပေမဲ့ နိုင်ငံရေးဆိုတာ အမြဲအလယ်မှာ အတိအကျနေလို့မရဘူး။ အားလုံးကို အမြဲကျေနပ်အောင်လုပ်လို့မရဘူး။ ဆုံးဖြတ်ချက်တွေမှာ ဘက်တစ်ဖက်တော့ လိုက်ရတာပဲ။ ဒီလိုနဲ့ ဥရောပမှာ အလယ်နိုင်ငံရေးတွေအားနည်းလာပြီး လက်ယာ စွန်း၊ လက်ဝဲစွန်းဆိုတဲ့အဟက ပိုကြီးလာတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen (European Commission President) က ဥရောပလူနေမှုဘဝကို ဥရောပနည်း၊ ဥရောပဟန်နဲ့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ သဘောသုံးနှုန်းပြောဆိုခဲ့လို့ လက်ဝဲနိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့အတွေရဲ့ ဝေဖန်ပြစ်တင်တာခံရပါတယ်။ လူဝင်မှုကိစ္စနဲ့ လုံခြုံရေးကိစ္စကို ချိတ်ဆက်တယ်၊ ဒါဟာ လက်ယာစွန်းတွေရဲ့ အယူအဆဖြစ်တယ်၊ ဥရောပကော်မရှင် အကြီးအကဲဟာ ဒါလေးတောင်နားမလည်ဘူးဆိုပြီး အီးယူတောင်လေသံပြောင်းနေပြီ။ လစ်ဘရယ်ကို သစ္စာဖောက်ပြီ။ လူ့အခွင့်အရေးမှာ အမေရိကန်နည်း၊ အမေရိကန်ဟန်ဆိုတာမရှိဘူး။ ဥရောပနည်း၊ ဥရောပဟန်ဆိုတာ မရှိဘူး။ အာရှနည်း၊ အာရှဟန်ဆိုတာမရှိဘူး၊ လူ့အခွင့်အရေးက လူ့အခွင့်အရေးပါပဲဆိုပြီး ဝေဖန်ကြပါတယ်။
မြွေမြွေချင်း ခြေမြင်နေကြ
အခုဆို လေ့လာသူအချို့က လက်ရှိ အမေရိကန်၊ ဥရောပမှာဖြစ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်မယ်လို့ ခံစားနေကြရတယ်။ နိုင်ငံရေးက သူသေ၊ ကိုယ်ရှင်ဆိုတာမျိုး ဖြစ်လာနေတယ်။ တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်လို့ ပြောရမလို ဖြစ်နေတယ်။ နှစ်ဖက်စလုံးက စိတ်လှုပ်ရှားလွယ်ကြတယ်။ တစ်ခုခုဆိုစိတ်မပြေဖြစ်တယ်။ အလျှော့မပေးလိုဘူး။ အငြိုးကြီးတတ်ကြတယ်။ နည်းနည်းမှ အကျောမခံကြဘူး။ သူတို့အချင်းချင်း (ပညာတတ်အချင်းချင်း)ဖြစ်ရင် ပိုကြောက်ဖို့ကောင်းတယ်။ မြွေမြွေချင်း ခြေမြင်နေကြတယ်ပေါ့လေ။
အခုအချိန်က အရင်လို အမေရိကန်တစ်နိုင်ငံတည်း အားကြီးတာမဟုတ်တော့ဘူး။ အရင်လို ဥရောပခေတ်လည်း မဟုတ်တော့ဘူး။ တရုတ်တို့၊ ရုရှားတို့လို အခြားပြိုင်ဘက်အင်အားကြီးနိုင်ငံတွေ ရှိလာနေပြီ။ သူတို့က လစ်ဘရယ်မဟုတ်ကြဘူး။ ပိုက်ဆံလည်းရှိသွားပြီ။ အတွေ့အကြုံလည်း များသွားပြီ။ စာလည်းတတ်သွားကြပြီ။ အလိုက်အထိုက်နေရင်း ကမ္ဘာ့နိုင်ငံရေးကို ကောင်းကောင်း ကစားတတ်နေပြီ။ ကစားနိုင်တဲ့ နည်းပညာနဲ့ လူသားရင်းမြစ်လည်းရှိနေပြီ။ အမေရိကန်နဲ့ ဥရောပညီညွတ်ကြပါ၊ တစ်နည်းအနောက်လစ်ဘရယ် နိုင်ငံတွေစည်းလုံးကြပါ၊ ကျောချင်းကပ်ကြပါ။ မဟုတ်ရင် တရုတ်နဲ့ ရုရှားက စားသွားမယ်ဆိုပြီး ပြောကြပါတယ်။
အတွင်းပဋိပက္ခတွေက ကြီးမြဲကြီးနေ
အခုအနောက်နိုင်ငံတွေဖြစ်နေတဲ့ နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေတွေက နိုင်ငံရေးရှုထောင့် တစ်ခုတည်းနဲ့ ရှင်းလို့မရနိုင်ပါဘူး။ ဆိုလိုတာ လစ်ဘရယ်နိုင်ငံတွေမှာ နိုင်ငံရေးပါတီအချင်းချင်း၊ နိုင်ငံရေးသမားအချင်းချင်း နားလည်မှုရတောင် ကမ္ဘာလုံးဆိုင်ရာ လစ်ဘရယ်ချိတ်ဆက်ကွန်ရက်ကြီး တစ်နည်းတစ်ဖက်ပိတ်နေတဲ့ ကမ္ဘာ့ဦးနှောက်ကြီးကို မပြင်ဆင်၊ မပြောင်းလဲနိုင်ရင် သူတို့က လူ့အခွင့်အရေးအထိုင်၊ နိုင်ငံတကာ တရားဥပဒေမူဘောင်အထိုင်ကနေ ထရမ့်တို့လို လစ်ဘရယ်မကျသူတွေကို အမျိုးမျိုးဆန့်ကျင် ဖိအားပေးနေမှာဖြစ်လို့ အတွင်းပဋိပက္ခတွေက ကြီးမြဲကြီးနေမှာပါပဲ။ လစ်ဘရယ်ဦးနှောက်ဆိုတာ အင်မတန်ပြေးပါတယ်။ နည်းနည်းလေး ခြေကုပ်ရပြီဆိုတာနဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်မှာ တဖြည်းဖြည်းချင်းတိုးဝင်လာမှာပဲ။ အခြေအနေမကောင်းရင်၊ အခွင့်အရေးမပေးရင်လည်း သူတို့က တံခါးဝမှာအကြာကြီး စောင့်နေမှာပါပဲ။ အခွင့်ရပြီဆိုတာနဲ့ အရှိန်အဟုန်နဲ့ တိုးဝင်ဆောင့်မှာပါပဲ။ သူတို့ကို သွားရှင်းပြနေလို့မရပါဘူး။ ပြောလေ၊ ကဲလေခံပြင်းစိတ်နဲ့ ပိုပြီးတောင် လစ်ဘရယ်ပြပါလိမ့်မယ်။ မှတ်ပြီလား။ ငါတို့ကို ပြင်ဆင်ရမယ်ပြောတာ နင်လား။ ငါတို့ကပဲ ပြဿနာဖန်တီးသူလို့ရေးတာ နင်လား။ ငါတို့ကပဲ အလုပ်မဖြစ်သလိုဝေဖန်တာ နင်လားဆိုပြီး မထိတထိတော့ သွားမလုပ်နဲ့နော်။ ကမ္ဘာ့ဦးနှောက်တွေက စိတ်ကြီးတယ်။
ဒါကြောင့်လည်း ထရမ့်လို မိုက်မိုက်ကန်းကန်း နိုင်ငံရေးသမားနဲ့တွေ့တော့ အမေရိကန်မှာ လစ်ဘရယ်အဖွဲ့အစည်းတွေ ကော့နေအောင်ခံရတယ်။ အချိတ်အဆက်တစ်ခုလုံးကို ဖြတ်တောက်ပိတ်ဆို့ဖို့ ကြိုးစားတယ်။ ဟားဗတ်လို အထင်ကရတက္ကသိုလ်ကြီးတောင် ဖိအားအပေးခံရတယ်။ ရန်ပုံငွေတွေ ရပ်ဆိုင်းခံရတယ်။ တစ်ဖက်ပိတ်နေတဲ့ ဦးနှောက်တွေကို ထရမ့်ကရိုက်ပုတ်ပြီး နှိုးဆွပစ်နေတယ်ပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကမ္ဘာတစ်လွှား ဒီမိုကရေစီထွန်းကားလာအောင်၊ လူ့အခွင့်အရေး ထွန်းကားလာအောင်၊ အတူယှဉ်တွဲနေထိုင်မှုတွေ ထွန်းကားလာအောင်၊ တစ်နည်းအာဏာရှင်တွေ ချည့်နဲ့လာအောင် လူမှုအဖွဲ့အစည်းတွေကို လစ်ဘရယ်အထိုင်ကနေ သင်တန်းတွေ ပုံစံအမျိုးမျိုးနဲ့ပို့ချခဲ့တယ်။ အကူအညီတွေပုံစံအမျိုးမျိုးနဲ့ ပေးခဲ့ကြတယ်။ ဆယ်စုနှစ်တွေပဲ အတော်ကြာလာခဲ့ပြီ။ အလုပ်ဖြစ်ပါသလား။ ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာပါသလား။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်ကောင်းမွန်လာပါသလား။ ဘာတွေမှားနေပါသလဲ။
တကယ်တော့ လစ်ဘရယ်တွေဟာ နှစ်ခါနာပါတယ်။ သူတို့အကူအညီပေးနေတဲ့ ဆင်းရဲတဲ့နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးက မတိုးတက်လာဘူး။ သူတို့ မိခင်နိုင်ငံတွေမှာလည်း မူလရှိနှင့်ပြီးသား ဒီမိုကရေစီ၊ လူ့အခွင့်အရေးက ဆုတ်ယုတ်လာတယ်။ သူများအတွက် ငြိမ်းချမ်းရေးလည်း မဖော်ဆောင်နိုင်ဘူး။ ကိုယ့်နေရပ်ရင်းမှာလည်း (နိုင်ငံရေး) တင်းမာမှုတွေကတိုးလာတယ်။ ဒီအတိုင်းဆက်သွားရင် ပြင်သစ်သမ္မတ မက်ခရွန် ရံဖန်ရံခါ သတိပေးလေ့ရှိတဲ့ ပြည်တွင်းစစ်ဆိုတာအထိ ဦးတည်သွားပါလိမ့်မယ်။
လစ်ဘရယ်အဖွဲ့အစည်းတွေ၊ လစ်ဘရယ် နိုင်ငံရေးသမားတွေ သေသေချာချာ စဉ်းစားပေးကြပါ။ တစ်ဖက်ပိတ်နေတဲ့ ဦးနှောက်တွေ နည်းနည်းပြန်နှိုးဆွပေးကြပါ။ ဒီကမ္ဘာကြီးလည်း အမြန်ဆုံးငြိမ်းချမ်းပါစေ။ ။