နို့စားနွားများတွင် ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ
ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)
ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်စ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ HPAI ဗိုင်းရပ်စ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့် ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုတိုးပွားလာနေကြောင်း မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) သို့ အစီရင်ခံထားပါသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်စ်၏ အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသောအိမ်မွေးတိရစ္ဆာန် (သို့) တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုပါသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်ငှက်များအကြား အလျားလိုက်ကူးစက်နိုင် ကြောင်းလေ့လာတွေ့ရှိထားပါသည်။
နွားများမှ အခြားနွားများသို့
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်းထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။
နွားများမှ ကြောင်များသို့
အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသော နွားနို့ကို သောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။
ကြောင်များမှ ကြက်ငှက်များသို့
ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ငှက်များရှိ ဗိုင်းရပ်စ်များမှ ကူးစက်စေနိုင်သည်။
တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission)
H5N1 ကဲ့သို့သောဗိုင်းရပ်စ်များသည် တိရစ္ဆာန် များမှလူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များကိုဖြစ်စေနိုင်သည်။
၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် H5N1 ဗိုင်းရပ်စ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့ပါသည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများသို့ မျိုးဗီဇပြောင်းလဲကူးစက်နိုင်စွမ်းရှိကြောင်း ပြသသည့် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီဖြစ်ကာ နောက်ထပ်ပိုမိုတိုးလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအချက်အလက်စနစ် (WAHIS) မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက် လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့် ဖြစ်သည်။
ဤဖြစ်ရပ်များသည် ဗိုင်းရပ်စ်၏မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံမီးမောင်းထိုးပြလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုရှိ နို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေပါသည်။
၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်အားလုံးသည် H5 clade 2.3.4.4b genotype B3.13 မျိုးကွဲဖြစ်သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။ D1.1 genotype သည် ၂၀၂၃ ခုနှစ် ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း မြောက်အမေရိကတိုက်ရှိ ငှက်များ၏ ရွှေ့ပြောင်းရာလမ်းကြောင်း (North American flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (domestic poultry)တွင် ကူးစက်မှုများ တွေ့ရှိရသည်။ နို့စားနွားများတွင် ဗိုင်းရပ်စ်၏ မတူညီသော genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်စ်၏ ဆက်လက်ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။ genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့ပါသည်။ Genotype D1.1 သည် H5N1 ဗိုင်းရပ်စ်၏ မျိုးဗီဇအမျိုးအစား (Genetic Clade) တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ ကူးစက်နိုင်စွမ်း (Cross-Species Transmission) ပိုမို မြင့်မားနိုင်သည့်သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်) တွင် ကူးစက်နိုင်စွမ်းရှိသည်။ Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့်အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကိုစောင့်ကြည့်ရန် အရေးကြီးပါသည်။ ဗိုင်းရပ်စ်၏မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ ရောက်ရှိလာနိုင်ပေသည်။
HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာပြသလေ့ရှိပါသည်။ သေဆုံးနှုန်းမှာလည်း နှစ်ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (raw milk) တွင် ဗိုင်းရပ်စ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။ H5N1 သည် ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကို မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်စ်အဖြစ်ပြောင်းလဲနိုင်ခြေ (zoonotic adaptation) ကိုမြင့်တက်စေသည်။ လက်ရှိတွင် နွားနို့မှတစ်ဆင့်လူသို့ တိုက်ရိုက်ကူးစက်မှုအတည်မပြုရသေးသော်လည်း ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။
H5N1 ဗိုင်းရပ်စ်၏နွားများအကြား အပြင်းအထန်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ကြီးမားသော စိုးရိမ်ဖွယ်ရာအခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှ ထုတ်လုပ်သော နို့စိမ်း (unpasteurized milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျသက်သေပြချက်များရှိပါသည်။ နို့ကိုပေါင်းခံခြင်း (pasteurization) မပြုလုပ်ပါက ဗိုင်းရပ်စ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။ WHO ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO) ၏အကြံပြုချက်များမှာ
နို့နှင့် နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ် ပြီးမှသာ စားသုံးပါ၊ (Pasteurization လုပ်ထားသော နို့ကိုသာ ရွေးချယ်ပါ)။
- မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သောငှက်များနှင့် ထိတွေ့မှုကို ကန့်သတ်ခြင်း)။
- နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။
- ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။
အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု
ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်များရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်စ်ကြောင်ကြီးများ(Bobcats) အပါအဝင် ကြောင်မျိုးစိတ်များစွာကူးစက်ခံခဲ့ရသည်။ ကြောင်များတွင် ရောဂါလက္ခဏာများမှာပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် H5N1 ဗိုင်းရပ်စ်၏နွားများအကြားကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့် အန္တရာယ်ကိုမြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့်ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကိုအရှိန်မြှင့်၍ ဆောင်ရွက်ရန်အရေးကြီးပါသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကိုကာကွယ်ရန် အဓိကသော့ချက်များဖြစ်ပါသည်။
“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာထိရောက်ပါသည်”။ ။