Skip to main content

ငလျင်ဒဏ်ကြောင့် ငါးလုပ်ငန်းမွေးမြူရေးနှင့် ထုတ်လုပ်ရေးအပေါ် အကျိုးသက်ရောက်မှု

မောင်မော်(သတ္တဗေဒ)

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် သမားရိုးကျ ခြိမ်းခြောက်မှုမဟုတ်သည့် သဘာဝဘေးအန္တရာယ်များကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ကျော်လွှား ဖြတ်သန်းနေကြရပါသည်။ သဘာဝဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းရန်ခက်ခဲပြီးရေကြီးမှု၊ မြေပြိုမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ ငလျင်လှုပ်ခတ်မှုနှင့် တောမီးလောင်ကျွမ်းမှုများကအချိန်မရွေး၊ နေရာဒေသမရွေးဖြစ်ပွားလာနိုင်သည်။ ယနေ့မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက် ကြောင့်ဖြစ်ပေါ်လာသော အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ကမ္ဘာ့နိုင်ငံအားလုံးက ရင်ဆိုင်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံ၌လည်း ၂၀၂၃ ခုနှစ်မေလတွင် မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်း၏အကြွင်းအကျန် တိမ်တိုက်များကြောင့် ရေကြီးရေလျှံဘေးတို့ကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးက အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊ လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေးမသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနှင့် တိရစ္ဆာန်များအပေါ် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါသည်။

ဤသို့လှုပ်ခတ်မှုကြောင့် မြန်မာ့သမိုင်းဝင် အဆောက်အအုံများ၊ လမ်း၊ တံတား၊ စာသင်ကျောင်း များ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိုးအိမ်များ၊ အစိုးရရုံးအဆောက်အအုံများ ထိခိုက်မှုပြင်းထန်ခဲ့ရပါသည်။

နှစ်စဉ် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန်လူသားများ ကြိုးစားနေရပါသည်။ အခြားရာသီဥတု ပြောင်းလဲမှုများကို မိုးလေဝသဌာန၏ ကြိုတင်ခန့်မှန်း ကြေညာပေးမှုကြောင့် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပါသည်။ ငလျင်ကဲ့သို့သော သဘာဝဘေးဒဏ်မှာ ကြိုတင်ခန့်မှန်းတွက်ချက်ရမှု အခက်အခဲများကြောင့် ဆုံးရှုံးမှုများပြားခဲ့ပါသည်။ ငလျင်လှုပ်ခတ်မှုကို တိရစ္ဆာန်များမှာ သဘာဝအလျောက် မိနစ်ပိုင်းအတွင်း သိရှိရသည်ဟု ဆိုသော်ငြားလည်း လူသားများအတွက်သိရှိနိုင်ရန် ခဲယဉ်းလှပါသည်။

ထို့ကြောင့် ဖြစ်ပွားခဲ့သော အခြေအနေအပေါ်မူတည်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရက နိုင်ငံတကာထောက်ပံ့ကူညီမှုများကိုရယူ၍ ပြည်သူလူထုနှင့် လက်တွဲကာ အင်တိုက်အားတိုက် လုပ်ဆောင်နေရပါသည်။ ထို့ပြင် အဆောက်အအုံ၊ လမ်းတံတားများကို ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် အင်ဂျင်နီယာနည်းပညာများဖြင့် တွက်ချက်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

ငါးလုပ်ငန်းဦးစီးဌာနက နွေရာသီတွင် ငါးမွေးကန်များ အပူဒဏ်ကာကွယ်ရေး သတိပေးချက်၊ မိုးရာသီတွင် ငါးမွေးကန်များ ရေကြီးရေလျှံကာကွယ် ရေးသတိပေးချက်၊ မုန်တိုင်းများ ကျရောက်နိုင်ခြေရှိပါက ပင်လယ်ပြင်တွင် ငါးဖမ်းသင်္ဘောများအား မုန်တိုင်းသတိပေးချက်၊ အရေးပေါ် ခိုလှုံရန်နေရာများကို သတ်မှတ်ပေးပြီး သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ပြည်သူ လူထုသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် သတိပေးကြေညာပေးလျက်ရှိပါသည်။

ငလျင်ကြောင့် ငါးမွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှုများ

(က)    စခန်း၏ အခြေခံလုပ်ငန်းများ ပျက်စီးမှု။ ငလျင်လှုပ်ခြင်းကြောင့် လူနေထိုင်ရာ အဆောက် အအုံများ၊ အစာဂိုဒေါင်များ၊ ရုံးလုပ်ငန်းအဆောက်အအုံများ၊ သားဖောက်ရုံများ၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ၊ လုပ်ငန်းသုံး စက်ကိရိယာများ ထိခိုက်မှုဖြစ်ပေါ်နိုင်ပါသည်။

(ခ)     ငါးကန်များအပေါ်အကျိုးသက်ရောက်မှု။ ကန်အောက်ခြေမြေပြင်လှုပ်ခတ်သဖြင့် နုန်းများ၊ အနည်အနှစ်များ အပေါ်သို့တက်လာခြင်းကြောင့် ကန်၏ရေအရည်အသွေး ကျဆင်းနိုင်ပါသည်။ ကန်ပေါင်မြေသားများ ပြတ်/ ပြိုကျခြင်းကြောင့် အတွင်းမှရေများ အပြင်ထွက်သွားခြင်း၊ အပြင်မှ မသန့်ရှင်းသောရေများ ဝင်လာနိုင်ခြင်းကြောင့် မွေးမြူထားသောငါးများအပေါ် ထိခိုက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်နိုင်ပါသည်။

(ဂ)     လုပ်ငန်းဆောင်ရွက်မှုအပေါ်အကျိုးသက်ရောက်မှု။ ရင်းနှီးမြှုပ်နှံထားသော ငါး၊ အစာနှင့် အဆောက်အအုံ၊ လုပ်ငန်းသုံးရေစုပ်စက်၊ မီးစက်၊ ပို့ဆောင်ရေးယာဉ်များ၊ အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ ပျက်စီးမှုကြီးမားပါက ရင်းနှီး မြှုပ်နှံမှုငွေကြေး ဆုံးရှုံးထိခိုက်နိုင်ပါသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုအပေါ် ပြန်လည်ကုစားဆောင်ရွက်ရမည့်အခြေအနေများ

(က)    လုံးဝပျက်စီးသွားသော ငါးကန်များမှငါးများအား ပျက်စီးမှုနည်းပါးသော ကန်များသို့ စနစ်တကျ ရွှေ့ပြောင်းပေးရမည်။

(ခ)     ပျက်စီးသွားသော ငါးကန်/အဆောက်အအုံ များအား သတ်မှတ်စံချိန်/ စံညွှန်း သတ်မှတ်ချက် များနှင့်အညီ အချိန်ယူပြင်ဆင်သွားရမည်။

(ဂ)     ပြင်ဆင်ပြီး ပြန်လည်မွေးမြူရမည့် ငါးကန်များအတွက် လိုအပ်သော ငါးသားပေါက်ကောင်ရေ ကို အစားထိုးပြန်လည်မွေးမြူရမည်။

(ဃ)   ငလျင်ကြောင့် ငါးကန်ရေညစ်ညမ်းမှု ဖြစ်ပေါ်လာနိုင်သဖြင့် ရေအရည်အသွေး ပြန်လည်စစ်ဆေးပြီး သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ထိန်းချုပ်ပြုပြင်ရမည်။

(င)     ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ငါးများကို သီးသန့်ခွဲခြားပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများအား ဆောင်ရွက်ပေးရပါ မည်။

ငါးလုပ်ငန်းပြုပြင်ထုတ်လုပ်ရေး စက်ရုံများသည် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရှာဖွေဆောင် ရွက်ပေးလျက်ရှိသောကြောင့် စက်ရုံများကို သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုမခံရစေရေးနှင့် ထိခိုက်မှုရှိပါကအမြန်ဆုံး ကုစားဆောင်ရွက်နိုင်ရေးမှာ အထူးအရေးကြီးပါသည်။

ငလျင်ပြင်းထန်စွာလှုပ်ခြင်းသည် ငါးကုန်ချော ထုတ်လုပ်မှုလုပ်ငန်းအပေါ် အောက်ပါကဲ့သို့သော သက်ရောက်မှုများရှိနိုင်သည် -

(က)    အခြေခံအဆောက်အအုံနှင့် ထုတ်လုပ်မှု စနစ်များပျက်စီးခြင်း။ ငလျင်ကြောင့် ငါးမွေးမြူ ရေးကန်များ၊ သိုလှောင်ရုံများ၊ စက်ရုံများ၊ လှေဆိပ်များနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြိုကျခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ ဖြစ်နိုင်သည်။ အထူးသဖြင့် ပြင်းအားရစ်ချ်တာစကေး ၇ ကျော် ငလျင်များတွင် အဆောက်အအုံများ လုံးဝပျက်စီးနိုင်ပြီး ထုတ်လုပ်မှုကို ရပ်တန့်စေနိုင်သည်။

(ခ)     ငါးမျိုးစိတ်များ သေဆုံးခြင်းနှင့်ထိခိုက်မှု။ ငလျင်လှုပ်ပါက ရေကန်များတွင် ရုတ်တရက် လှိုင်းထနိုင်ပြီး ငါးများထိတ်လန့်ကာ သေဆုံးခြင်း၊ ရေထုညစ်ညမ်းမှုဖြစ်ပြီး အဆိပ်သင့်ခြင်းတို့ ဖြစ်စေ နိုင်သည်။

(ဂ)     သယ်ယူပို့ဆောင်ရေးနှောင့်နှေးခြင်း ။ ငလျင်ကြောင့် လမ်းများ၊ တံတားများပျက်စီးခြင်း၊ ဆိပ်ကမ်းများ ပြိုကျခြင်းတို့ဖြစ်ပါက ငါးထုတ်ကုန်များ စျေးကွက်သို့ အချိန်မီမရောက်ဘဲ ပျက်စီးနိုင်သည်။ ထို့အပြင် လျှပ်တစ်ပြက်စျေးကွက်ပြောင်းလဲမှုများလည်း ဖြစ်စေနိုင်သည်။

(ဃ)    စီးပွားရေးဆိုင်ရာ နစ်နာမှုများ ။ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ပြန်လည်ပြုပြင်ရသော ကုန်ကျစရိတ်များ၊ ငါးစျေးနှုန်းကျဆင်းခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ငွေကြေးဆုံးရှုံးနိုင်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်သက်ရောက်မှု

ငလျင်နှင့်အတူ မြေပြိုခြင်း၊ ရေထုညစ်ညမ်းခြင်း တို့ကြောင့် ငါးမျိုးပွားရာဒေသများ ပျက်စီးနိုင်သည်။ ထို့ပြင် ရေအောက်ဂေဟစနစ်ပြောင်းလဲမှုများက ငါးဖမ်းလုပ်ငန်းကို နှစ်ပေါင်းများစွာ ထိခိုက်စေ နိုင်သည်။

လုပ်သားအင်အားနှင့် လုံခြုံရေးပြဿနာများ

ငလျင်ဖြစ်ပွားပါက လုပ်သားများဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်မှု နှေးကွေးနိုင်သည်။ ထို့အပြင်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် ကျဆင်းနိုင်သည်။

ကာကွယ်နိုင်ရန် အကြံပြုချက်များ

  • ငလျင်ဒဏ်ခံနိုင်သော ကန်နံရံများဒီဇိုင်း ပြုလုပ်ခြင်း။
  • ငါးမျိုးစိတ်များကို ဘေးကင်းရာသို့ အရေးပေါ်ရွှေ့ပြောင်းနိုင်သည့် စနစ်များ တည်ဆောက်ခြင်း။
  • အစာဂိုဒေါင်များ၊ ပစ္စည်းသိုလှောင်ရုံများအား ငလျင်ဒဏ်ခံနိုင်ရည်ရရှိရေး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ခြင်း။

သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားသော စီမံချက်များ ရေးဆွဲခြင်း

ဤသက်ရောက်မှုများကို လျှော့ချရန် ကြိုတင်ပြင်ဆင်မှုများ၊ နည်းပညာ အထောက်အပံ့နှင့် နိုင်ငံတော်၏အကူအညီများ လိုအပ်ပါသည်။ ငလျင်လှုပ်ခတ်မှုသည် ငါးအအေးခန်းစက်ရုံများအပေါ် အောက်ပါအတိုင်း အဓိကသက်ရောက်မှုများ ရှိနိုင်ပြီး ဤသက်ရောက်မှုများကို သိပ္ပံနည်းကျလေ့လာ ထားသည့် အချက်အလက်များနှင့်အတူဖော်ပြ လိုက်ပါသည်။

အခြေခံအဆောက်အအုံနှင့် စက်ကိရိယာများ ပျက်စီးခြင်း

ပြင်းထန်သော ငလျင်များသည်စက်ရုံ၏ အဆောက်အအုံများ(သိုလှောင်ရုံ၊ စက်ခန်းများ) ကို ပြိုကျစေနိုင်ပြီး လျှပ်စစ်ဓာတ်အားထောက်ပံ့မှု၊ အအေးပေးစနစ်၊ ရေပိုက်လိုင်းများ စသည့် စက်ကိရိယာများကို ပျက်စီးစေနိုင်သည်။ ဥပမာအားဖြင့် မန္တလေးငလျင်ကြီးကြောင့် အဆောက်အအုံများကို ပြင်းထန်စွာပျက်စီးစေပြီး စီးပွားရေးဆုံးရှုံးမှု ကြီးမားစေခဲ့သည်။ ဤကဲ့သို့ ပျက်စီးမှုများကြောင့် စက်ရုံ၏ လုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားနိုင်သည်။

အအေးခန်းစနစ်ချွတ်ယွင်းမှုနှင့် ငါးအရည်အသွေးထိခိုက်ခြင်း

ငလျင်ကြောင့် လျှပ်စစ်မီးပြတ်တောက်ပါက အအေးခန်းစနစ်များ ရပ်တန့်သွားနိုင်ပြီး သိုလှောင် ထားသောငါးများ လျင်မြန်စွာပျက်စီးနိုင်သည်။ အထူးသဖြင့် စိုထိုင်းဆမြင့်တက်ခြင်း၊ မှိုပေါက်ခြင်းနှင့် ဗက်တီးရီးယား ပေါက်ပွားမှုတို့ကြောင့် ငါးများလုံခြုံမှုမရှိတော့ပါ။ သိုလှောင်ရုံများတွင် ရေကြောင့် ပျက်စီးမှုကို ကာကွယ်ရန်လိုအပ်ကြောင်း ဖော်ပြထားသည့်အတိုင်း ငလျင်နှင့်အတူ ရေပိုက်များ ကျိုးခြင်းကြောင့် ထပ်ဆင့်ပြဿနာများ ဖြစ်ပေါ် နိုင်သည်။

သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်သို့ ရောက်ရှိမှုနှောင့်နှေးခြင်း

ငလျင်ကြောင့် လမ်းများ၊ တံတားများ ပျက်စီးပါ က ငါးထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီမရောက် ရှိနိုင်ဘဲ ပျက်စီးနိုင်သည်။ ထို့ပြင် ဆိပ်ကမ်းများ ပျက်စီးပါက နိုင်ငံတကာသို့ တင်ပို့မှုများနှောင့်နှေးနိုင်ပါသည်။

စီးပွားရေးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ်

ငလျင်ဒဏ်ကြောင့် စက်ရုံပျက်စီးခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်းနှင့် ပြန်လည်ပြုပြင်ရသော ကုန်ကျစရိတ်များသည် စီးပွားရေးကို ပိုမိုဆိုးရွားစေ သည်။

လုပ်သားများ၏ ဘေးအန္တရာယ်နှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု

ငလျင်လှုပ်ပါက စက်ရုံအတွင်း လုပ်သားများ ဒဏ်ရာရခြင်း သို့မဟုတ် အသက်ဆုံးရှုံးနိုင်သည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် ထုတ်လုပ်မှုစွမ်းဆောင်ရည်ကျဆင်းနိုင်သည်။ ဥပမာ အနေဖြင့် ငလျင်ကြောင့် လုပ်သားများထိခိုက်မှုနှင့် စက်ရုံလည်ပတ်မှုနှေးကွေးနိုင်ကြောင်း သိရပါသည်။

ကာကွယ်ရေးနည်းလမ်းများ

ငလျင်ဒဏ်ခံ အဆောက်အအုံဒီဇိုင်း။ ပြတ်ရွေ့ ကြောများနှင့်ဝေးရာတွင် စက်ရုံထားရှိခြင်းနှင့် ငလျင်လှုပ်ခြင်းကို ခံနိုင်ရည်ရှိသော ပစ္စည်းများဖြင့် တည်ဆောက်ရပါမည်။

အရန်စွမ်းအင်စနစ်။ မီးစက်များ သို့မဟုတ် ဘက်ထရီ သိုလှောင်မှုစနစ်များ တပ်ဆင်ထားခြင်းဖြင့် အအေးခန်းစနစ် မပျက်စီးစေရန် ကာကွယ်ရပါမည်။

လုပ်သားလေ့ကျင့်မှု။ ငလျင်ဘေးအတွက် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းစဉ်များကို ပုံမှန် လေ့ကျင့်ပေးရပါမည်။

အာမခံနှင့် ကြိုတင်ပြင်ဆင်မှု။ ရေပိုက်လိုင်းများ ကို ပုံမှန်စစ်ဆေးခြင်းနှင့် မှိုတက်ခြင်းကို ကာကွယ် ရန် စိုထိုင်းဆထိန်းစနစ်များ တပ်ဆင်ပေးရမည်။

ဤနည်းလမ်းများကို အသုံးပြုခြင်းဖြင့် ငလျင် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို လျှော့ချ နိုင်မည်ဖြစ်ပါသည်။

မြေငလျင်လှုပ်ခတ်မှု ဖြစ်စဉ်တွင် ငါးအအေးခန်း စက်ရုံ၊ ငါးကုန်ချောထုတ်လုပ်သည့် စက်ရုံများ နှင့် ငါးမွေးမြူရေးလုပ်ငန်းများအတွက် ပြန်လည် ထူထောင်ရေး အစီအစဉ်ထားရှိရန် အရေးကြီးပါ သည်။ ချောမွေ့သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို သေချာစေရန် ကူညီပေးနိုင်သည့် အဆင့်အချို့မှာ-

ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ခြင်း။ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်၏ ပထမအဆင့်မှာ ငလျင်ကြောင့်ပျက်စီးမှုအတိုင်းအတာကို အကဲဖြတ် ရန် ဖြစ်သည်။ ယင်းသည် အဆောက်အအုံများကို ပြုပြင်ရန်နှင့် ပြန်လည်ထူထောင်ရန် လိုအပ်သော အရင်းအမြစ်များကို ဆုံးဖြတ်ရန် ကူညီပေးပါမည်။

အရေးကြီးသော လုပ်ငန်းဆောင်တာများကို ဦးစားပေးလုပ်ဆောင်ပါ။ လိုအပ်သော အရေးကြီး သော လုပ်ငန်းဆောင်တာများကို ခွဲခြားသတ်မှတ် ပြီး ၎င်းတို့၏ ပြန်လည်ထူထောင်ရေးကို ဦးစားပေး လုပ်ဆောင်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အရေးကြီးဆုံး လုပ်ဆောင်ချက်များကို တတ်နိုင်သမျှ လုပ်ငန်း လည်ပတ်ရန်အတွက် မြန်မြန်ပြန်လည်ရရှိစေရန် ကူညီပေးပါမည်။

ပြန်လည်ထူထောင်ရေးအစီအစဉ်ကိုရေးဆွဲပါ။ အဆောက်အအုံများကို ပြုပြင်ရန်နှင့် ပြန်လည်ရယူ ရန် လိုအပ်သည့်အဆင့်များကို အကြမ်းဖျင်း ဖော်ပြ သည့် အသေးစိတ်ပြန်လည်ထူထောင်ရေး အစီ အစဉ်ကိုရေးဆွဲပါ။ ဤအစီအစဉ်တွင် လိုအပ်သော အချိန်ဇယား၊ ဘတ်ဂျက်နှင့် အရင်းအမြစ်များ ပါဝင် သင့်ပါသည်။

ဒေသဆိုင်ရာ အာဏာပိုင်မျာနှင့်ညှိနှိုင်းပါ။ ပြုပြင် ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ အတွက် လိုအပ်သော ခွင့်ပြုမိန့်များနှင့် ခွင့်ပြုချက် များကိုရရှိကြောင်းသေချာစေရန် ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းရပါမည်။

အရည်အချင်းပြည့်မီသော ဝန်ထမ်းများကို ငှားရမ်းခြင်း။ ပြန်ပြင်ခြင်းနှင့် ပြန်လည်ထူထောင် ခြင်းလုပ်ငန်းဆောင်ရွက်ရန် အရည်အချင်းပြည့်မီ သောဝန်ထမ်းများကို ငှားရမ်းပါ။ ယင်းတွင် အင်ဂျင် နီယာများ၊ ဆောက်လုပ်ရေးလုပ်သားများနှင့် အခြားအထူးပြုပုဂ္ဂိုလ်များ ပါဝင်နိုင်သည်။

တိုးတက်မှုကို စောင့်ကြည့်ပါ။ ပုံမှန်စောင့်ကြည့်ပါ။ အချိန်ဇယားနှင့် ဘတ်ဂျက်ကိုက်ညီကြောင်း သေချာစေရန် စနစ်တကျ စောင့်ကြည့်လေ့လာ သင့်ပါသည်။

သက်ဆိုင်သူများနှင့် ဆက်သွယ်ပါ။ ပြန်လည် ထူထောင်ရေးအစီအစဉ်၏ တိုးတက်မှုနှင့် အချိန် ဇယား သို့မဟုတ် ဘတ်ဂျက်ဆိုင်ရာပြောင်းလဲမှု မှန်သမျှကို သက်ဆိုင်သူများထံ အသိပေးထားပါ။

ဤအဆင့်များကို လိုက်နာခြင်းဖြင့် ငါးလုပ်ငန်း စက်ရုံများနှင့် ငါးမွေးမြူရေးလုပ်ငန်းသည် ငလျင် ဒဏ်မှ ပြန်လည်ကောင်းမွန်လာပြီး လုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်မည်ဖြစ်သည်။

 

ငလျင်လှုပ်ပြီးနောက် တွေ့ကြုံရသော ပျက်စီး ဆုံးရှုံးမှုများကို အချိန်မီပြင်ဆင်နိုင်ရေးနှင့် ထပ်မံ ဖြစ်ပွားပါက ငလျင်ဒဏ်ခံနိုင်ရည်ရှိပြီး ဆုံးရှုံးမှု နည်းပါးစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ကျွမ်းကျင်ပညာရှင်များ၏ ကြီးကြပ်မှုဖြင့် တည်ဆောက်ပြုပြင်သွားရပါမည်။ သဘာဝဘေး အန္တရာယ်များကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု ဖြင့် ကြံ့ကြံ့ခံ တွန်းလှန်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။