Skip to main content

မြေဆီလွှာထက်သန်ရေး ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်းပေး

ဖြူဇာဝင်း(စစ်ကိုင်း)

မြန်မာနိုင်ငံဟာ အပူပိုင်းဇုန်အတွင်းကျရောက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သမပိုင်းဒေသနဲ့နီးကပ်တဲ့ ဒေသတွေ၊ ပင်လယ်ကမ်းရိုးတန်းနဲ့နီးတဲ့ နေရာဒေသတွေမှာ အပူ - အအေးမျှတပြီး မိုးရွာသွန်းမှုကောင်းမွန်လို့ သီးနှံများအောင်မြင်ဖြစ်ထွန်းနိုင်ပါတယ်။ သို့ပေမယ့် ပင်လယ်ကမ်းရိုးတန်းနဲ့ ဝေးကွာတဲ့ အပူပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုနည်းတဲ့အပြင် သီးနှံပင်တွေ နှစ်စဉ်စိုက်ပျိုးခဲ့ရာမှာ အပူရှိန်များခြင်း၊ ရေ၊ လေ တိုက်စားမှုများခြင်းတို့ကြောင့် မြေဆီဩဇာတဖြည်းဖြည်း ခန်းခြောက်ပြီး သဲဆန်တဲ့မြေများအဖြစ် ပြောင်းလဲလာပါတယ်။

အပူရှိန်၊ ရေနဲ့ လေဒဏ်တွေကို ကာကွယ်ပေးတဲ့ သီးနှံနဲ့ အပင်တွေ စိုက်ပျိုးဖို့လို

ဒါ့အပြင် မြေယာပြုပြင်ပြောင်းလဲမှုဆောင်ရွက်မှုမရှိရင် သီးနှံအထွက်နှုန်းလည်းကျဆင်းလာပြီး ပြန်လည်ပြုပြင်ဖို့ခက်ခဲတဲ့အခြေအနေကို ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ကစလို့ မြေဆီမြေဩဇာထက်သန်စေပြီး အပူရှိန်၊ ရေနဲ့လေဒဏ်တွေကို ကာကွယ်ပေးတဲ့ သီးနှံနဲ့အပင်တွေ စိုက်ပျိုးဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

မြေဆီဩဇာထက်သန်အောင် သဘာဝမြေသြဇာတွေဖြစ်တဲ့ (နွားချေးဆွေး၊ သစ်ရွက်သစ်ပင်ဆွေး)တွေ ထည့်သွင်းပေးတာ၊ သစ်စိမ်းမြေသြဇာ (ဘောစကိုင်း၊ ညံပင်၊ ပိုက်ဆံလျှော်နဲ့ ပဲမျိုးစုံ)ကျွေးပေးတာ၊ လေကာပင်တန်း (ဘောစကိုင်း၊ ဝါကြီးနဲ့ ပဲစင်းငုံစတဲ့)တွေ စိုက်ပျိုးပေးတာ၊ သီးနှံစိုက်စနစ်(သီးထပ်၊ သီးညှပ်၊ အလှည့်ကျစိုက်တာ)တွေ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

ဓာတ်မြေသြဇာတွေကို ရေရှည်အသုံးပြုရင် မြေဆီလွှာအတွင်းသဘာဝမြေဆွေးတွေဆုံးရှုံးမယ်။ မြေချဉ်/ငန်ကိန်းတွေ ပြောင်းလဲမယ်။ အကျိုးပြု အဏုဇီဝတွေနည်းသွားမယ်။ ဒါကြောင့် သီးနှံအထွက်နှုန်းလျော့ကျတာကို အလွယ်ကူဆုံးနဲ့ အသက်သာဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းက သစ်စိမ်းမြေသြဇာကျွေးခြင်းပဲ ဖြစ်ပါတယ်။

အပင်ရဲ့ အစိမ်းရောင်အစိတ်အပိုင်းတွေကို မြေကြီးအတွင်း ထယ်ထိုးမြှုပ်နှံ၊ ဆွေးမြည့်စေပြီး မြေသြဇာအဖြစ် အသုံးပြုတာကို သစ်စိမ်းမြေသြဇာကျွေးတယ်လို့ခေါ်ပါတယ်။ သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော်၊ ပဲမျိုးရင်းဝင်အပင်တွေနဲ့ ပဲမျိုးရင်းဝင်မဟုတ်တဲ့အပင်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်တဲ့မျိုးတွေအနက် ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာအဖြစ် တောင်သူတွေ ပြုလုပ်သုံးစွဲသင့်ပါတယ်။

တစ်ဧကမျိုးစေ့နှုန်းအဖြစ် ကြဲပက်စိုက်ပျိုးခြင်းအတွက် လေးပြည်နှုန်း၊ အတန်းလိုက် စိုက်ပျိုးခြင်းအတွက် ၂ - ၃ ပြည်နှုန်း၊ မျိုးအဖြစ်စိုက်ပျိုးခြင်းအတွက် ၂ - ၃ ပြည်နှုန်း စိုက်ပျိုးရပါမယ်။

ပိုက်ဆံလျှော်ကို နေရာဒေသအမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပြီး သက်တမ်းကလေးလကနေ ငါးလအထိ ကြာမြင့်ပါတယ်။ ပျမ်းမျှအပူချိန်အားဖြင့် ၁၅ ကနေ ၂၇ စင်တီဂရိတ်အတွင်း နှစ်သက်ပေမယ့် ၈ ဒသမ ၄ ဒီဂရီအထိအေးတဲ့ နေရာအချို့မှာလည်း ပေါက်ရောက်နိုင်ပါတယ်။ ပိုက်ဆံလျှော်ရဲ့ အားသာချက်က မြေယာအထူးပြုပြင်စရာမလိုဘဲ စိုက်ပျိုးနိုင်ခြင်းဖြစ်ပါတယ်။ မြေချဉ်ငန်ကိန်းအနေနဲ့ ၅ ကနေ ၈ ဒသမ ၅ အတွင်း စိုက်ပျိုးနိုင်ပြီး ပိုက်ဆံလျှော်ကို မျိုးစေ့ထုတ်ဖို့ စိုက်ပျိုးရင်ပင်ကြား၊ တန်းကြား (၃ပေ-၁ပေ)(သို့မဟုတ်) (၂ပေ-၂ပေ) စိုက်ပျိုးသင့်ပါတယ်။

သစ်စိမ်းမြေသြဇာအပင်တွေကို ထယ်ထိုးမြေမြှုပ်ရမယ့် အကောင်းဆုံးအချိန်က ပန်းပွင့်ချိန်ဖြစ်ပါတယ်။ သစ်ပင်တွေရဲ့ သဘာဝအရပန်းပွင့်ချိန်တွင် အပင်တွင်းအာဟာရများပြည့်ဝနေပြီး ပင်စည်များမှာ မရင့်သေးတဲ့အတွက် ဆွေးမြည့်ဖို့အတွက် အချိန်ကြာကြာမလိုအပ်ပါ။

ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် ပြုလုပ်အသုံးပြုမယ်ဆိုပါက ပန်းပွင့်ချိန်ထက်စောပြီး မြေမြှုပ်ပါက ဆွေးမြည့်ချိန်မြန်ပေမယ့် အပင်အရွယ်အစားသေးတဲ့အတွက် အာဟာရရရှိမှုနည်းမှာဖြစ်ပါတယ်။ ယာမြေ၊ ယာသီးနှံများအတွက် မြေမြှုပ်ပြီးတစ်လကြာရင် စိုက်ပျိုးနိုင်ပါတယ်။

 စပါး၊ ပဲ၊ နှမ်း၊ ပြောင်း စတဲ့ ဘယ်သီးနှံမဆို စိုက်ပျိုးမယ့်မြေမှာ မစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကို ပက်ကြဲထားပြီးနောက် အပင် ၄၅ ရက်သား အရွယ်ရောက်တဲ့အချိန်မှာ ထယ်ထိုး၊ ထွန်မှောက်ပြီး နှစ်ပတ်အကြာထားကာ ရေသွင်းလိုက်ရင် စိုက်ပျိုးမယ့်မြေကို ပြုပြင်ပေးပြီး သစ်စိမ်းမြေဩဇာဖြစ်လာပါတယ်။

ဒါ့အပြင် ပိုက်ဆံလျှော်ပင်တွေကို အခြားစိုက်ခင်းတစ်ခုမှာ စိုက်ပျိုးပြီးနောက် သီးနှံစိုက်ပျိုးမယ့် ကွင်းအတွင်း သယ်ဆောင်ကာ ထည့်သွင်းပေးခြင်းဖြင့်လည်း အသုံးပြုနိုင်ပါတယ်။

စိုက်ပျိုးပြီးတဲ့ ပိုက်ဆံလျှော်အပင်တွေကို အခြောက်လှန်းထုထောင်းခြင်းဖြင့် အချိန်ကြာမြင့်စွာ သိုလှောင်နိုင်ပြီး ပိုက်ဆံလျှော်မြေဩဇာအဖြစ် အသုံးပြုနိုင်ပါတယ်။

အချို့နေရာတွေမှာ ဒေသရာသီဥတုနဲ့မကိုက်ညီလို့ စိုက်ပျိုးဖို့မဖြစ်နိုင်တဲ့ နေရာတွေမှာ အခြောက်လှန်းထားတဲ့ ပိုက်ဆံလျှော်မြေဩဇာကို အသုံးပြုနိုင်ပါတယ်။ ဒီထက်ပိုထားရင် အာဟာရတွေက အသီးတွေ၊ အစေ့အဆန်တွေထဲ ရောက်ရှိသွားပြီး ပင်စည်မာကြောလာကာ ဆွေးမြည့်ချိန် ကြာမြင့်လာပါမယ်။

ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုရင်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက ကုန်ကျစရိတ်သက်သာခြင်း၊ သဲဆန်တဲ့မြေအတွက် ကောင်းမွန်ခြင်း၊ စေးတဲ့မြေအတွက် ကောင်းမွန်ခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်းကနေ ကာကွယ်ပေးခြင်း၊ မြေကြီးအပူချိန်ကို ထိန်းညှိပေးခြင်း၊ မြေတွင်းအာဟာရဓာတ်ကြွယ်ဝစေပြီး မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ ပိုးမွှားကျရောက်မှုကို တားဆီးပေးခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်လာစေခြင်းဖြစ်ပါတယ်။

ပိုက်ဆံလျှော်ကိုလျှော်အဖြစ် ထုတ်လုပ်နိုင်ပြီး သစ်စိမ်းမြေဩဇာအဖြစ်လည်း အသုံးဝင်ကာ စိုက်ပျိုးရေးအခန်းကဏ္ဍမှာ အရေးပါလာပြီဖြစ်ပါတယ်။ ပိုက်ဆံလျှော်အပင်ကနေ ရရှိတဲ့လျှော်နဲ့ လူသုံးကုန်များ ထုတ်လုပ်နိုင်တဲ့အပြင် ကျွဲ၊ နွား အစားအစာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မြေဩဇာအဖြစ် အသုံးပြုမယ်ဆိုရင် သီးနှံအပင်တွေနှစ်သက်တဲ့ အာဟာရတန်ဖိုး များစွာပါဝင်တဲ့အပြင် ကျွဲ၊ နွားအစားအစာအဖြစ် အသုံးပြုတဲ့အတွက် ပရိုတိန်းဓာတ်များစွာပါဝင်ပြီး အာဟာရပါဝင်မှုက အပင်ရဲ့ အစိတ်အပိုင်းအလိုက် ကွဲပြားမှုရှိပါတယ်။

ရေရှည်မြေဆီလွှာတိုးတက်ရေးအတွက် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို တိုးမြှင့်လုပ်ဆောင်သင့်

မြေဆီလွှာကို ပြန်လည်ကောင်းမွန်အားပြည့်လာစေပြီး စိုက်ပျိုးသူတောင်သူကြီးတွေအတွက် ငွေမကုန် လူမပင်ပန်းဘဲ အကုန်အကျသက်သာစေတဲ့ ပိုက်ဆံလျှော်ကို နိုင်ငံခြားဖြစ် ဓာတ်မြေဩဇာများအစား အစားထိုးစိုက်ပျိုးသုံးစွဲပါက မြေဆီလွှာပျက်စီးမှုနည်းကာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူကြီးတွေရဲ့ မြေယာပြုပြင်စရိတ်အတွက် အကုန်အကျသက်သာစေရုံသာမက စားသုံးသူပြည်သူများအတွက်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေကို စားသုံးခွင့်ရရှိမှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် ဓာတ်မြေဩဇာအစားထိုး ပိုက်ဆံလျှော်အပင်တွေကို စိုက်ပျိုးပြီး ထယ်ထိုးမြေမြှုပ်ခြင်းဖြင့် ရေရှည်မြေဆီလွှာတိုးတက်ရေးအတွက် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို တိုးမြှင့်လုပ်ဆောင်သင့်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။ ။