Skip to main content

တစ်ကျော့ပြန် ကုန်သွယ်ရေးစစ်ပွဲလေလား

စောနိုင်(အသုံးချဘောဂဗေဒ)

ကုန်သွယ်ရေးစစ်ပွဲဟူသည် ကုန်သွယ်ရေးကိစ္စများတွင် ကိုယ်ကျိုးစီးပွားကာကွယ်နိုင်ရေးကို ဦးစားပေးလုပ်ဆောင်ရင်း နိုင်ငံများအချင်းချင်း ထိပ်တိုက်ရင်ဆိုင် လာရသည့်အခြေအနေဖြစ်သည်။ ကုန်သွယ်ဖက်နိုင်ငံများအကြား၌ ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒကျင့်သုံးရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဟုလည်း ဆိုနိုင်သည်။ ယေဘုယျအားဖြင့် နိုင်ငံများသည် ပြည်တွင်းမှ ငွေအထွက်ပမာဏ လျော့နည်းစေရေး၊ နိုင်ငံရပ်ခြားမှ ငွေအဝင်ပမာဏမြင့်မားတိုးတက်စေရေးအတွက် သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏပိုမိုနိုင်ရေး အားထုတ်ကြလေ့ရှိကြသည်။ နိုင်ငံအတွင်းသို့ သွင်းကုန်များ အလွယ်တကူ ဝင်ရောက်မလာနိုင်ရေးအတွက် အရေအတွက်သတ်မှတ်ချက် (Quota)၊ အကောက်ခွန် (tariff)၊ အခြားသောအကောက်ခွန်မဟုတ်သည့် ကုန်သွယ်ရေးအတားအဆီး (Non-Tariff Barriers-NTB) တို့ကို ကုန်သွယ်ဖက်နိုင်ငံများ အချင်းချင်းအကြား အပြန်အလှန် ချမှတ်ကျင့်သုံးလျက် တုံ့ပြန်ပြုလုပ်ကြခြင်းဖြစ်သည်။

ကုန်သွယ်ဖက်နိုင်ငံများ အချင်းချင်းအကြား သွင်းကုန်များအပေါ် အကောက်ခွန်များ တိုးမြှင့်စည်းကြပ်ကောက်ခံသောအခါ သွင်းကုန်တင်သွင်းမှုများတွင် အပြန်အလှန်ခက်ခဲမှုများ ဖြစ်လာသည်။ ဤသို့ သွင်းကုန်များနှင့်ပတ်သက်၍ အကောက်ခွန်မြှင့်တင်စည်းကြပ်ခြင်းကို ဘတစ်ပြန်ကျားတစ်ပြန် ပြုလုပ်ကြရင်း နှစ်ဖက်နိုင်ငံအတွင်းသို့ သွင်းကုန်စီးဝင်မှု လျော့နည်းကျဆင်းလာကာ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏပါ ကျဆင်းလာတော့သည်။ အကျိုးဆက်အားဖြင့် သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းထုတ်လုပ်မှုအပေါ်လည်းကောင်း၊ စီးပွားရေး အဆောက်အအုံအတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်းကောင်း ထိခိုက်မှုများရှိလာသည်။ ထို့ကြောင့် နိုင်ငံများအကြား ကိုယ်ကျိုးစီးပွားကာကွယ်မှုများပြုလုပ်လျက် ကုန်သွယ်ရေးစစ်ပွဲများ ဖန်တီးခြင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ ကုန်ထွက်ကိုကျဆင်းစေသကဲ့သို့ ပိုမိုပြင်းထန်လာပါက နှစ်ဖက်အကျိုးစီးပွား ထိခိုက်မှုများဆီသို့သာ ဦးတည်သွားစေသည်။

စီးပွားရေးပညာရှင်အချို့ကလည်း နိုင်ငံကြီးများကျင့်သုံးနေသည့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး နည်းလမ်းအချို့သည် တစ်ဖက်သတ်အကျိုးစီးပွားကို အလေးထားလွန်းပါက အကျိုးစီးပွားထက် အကျပ်အတည်းကိုသာ ပိုမိုဦးတည်စေသည်ဟု သုံးသပ်ထားသည်။ နိုင်ငံများကျင့်သုံးလေ့ရှိသည့် ကိုယ်ကျိုးစီးပွားကာကွယ်မှုများ (protectionism) တွင် နိုင်ငံတကာကုန်သွယ်မှုကို ပိုမိုပျက်စီးစေသည့်နည်းလမ်းမှာ ပြည်တွင်းလုပ်ငန်းများကို ထောက်ပံ့ကြေးများ (subsidies) ပေးခြင်းဖြစ်သည်။ ထိုသို့ ပြုမူခဲ့ပါက တစ်ဖက်နိုင်ငံမှ တုံ့ပြန်ဆောင်ရွက်ရန် ပိုမိုခက်ခဲနိုင်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်မှုအရှိန် မြင့်တက်နိုင်သည်။ အစိုးရများအချင်းချင်းအကြား အငြိုးအတေးပင်ဖြစ်လာနိုင်သည်ဟု ကောက်ချက်ချကြသည်။ ထောက်ပံ့ကြေးပေး၍ ကိုယ်ကျိုးစီးပွားကာကွယ်သည့် နည်းလမ်းမျိုးကို ဆင်းရဲနွမ်းပါးသောနိုင်ငံများအနေဖြင့် လုပ်ဆောင်နိုင်စွမ်းရှိကြမည်မဟုတ်ပေ။

ကုန်သွယ်ရေးစစ်ပွဲများ၏ နောက်ဆုံးအကျိုးရလဒ်သည်ကား ဆိုးကျိုးသာဖြစ်စေသည်ကို သမိုင်းအတွေ့အကြုံများက သက်သေပြခဲ့ပြီးဖြစ်၏။ သို့တိုင် ၂၁ ရာစုကာလ ကမ္ဘာ့စီးပွားရေးအခင်းအကျင်းတွင် “ကုန်သွယ်ရေးစစ်ပွဲ” အသံများကို ထပ်ကာတလဲလဲ ကြားနေရဆဲပင်။ တစ်ကမ္ဘာလုံးအဆက်အစပ် အားကောင်းလာနေသော ဂလိုဘယ်လိုက်ဇေးရှင်းအချိန်အခါတွင် ကုန်သွယ်ရေးစစ်ပွဲများ ထပ်မံဖြစ်ပေါ်လာခဲ့ပါက အတိတ်ကာလများကထက် ပို၍ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနိုင်သည်ဟု မှန်းဆလျက်ရှိနေကြသည်။ ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ပိုမိုဖြစ်စေနိုင်သော ဘတစ်ပြန် ကျားတစ်ပြန် ကုန်သွယ်ရေးဟန့်တားမှုများ မည်သို့စတင်ခဲ့သနည်း။

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးသမိုင်းကြောင်းတစ်လျှောက် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကုန်သွယ်ရေး ဟန့်တားမှုများရှိခဲ့သည်။ ပထမကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံတွင် စမုသ်- ဟော်လီ အခွန် အက်ဥပဒေ (Smoot-Hawley Tariff Act) ဖြင့် ကုန်သွယ်ရေးစစ်ပွဲအသွင် ဖန်တီးခဲ့ခြင်းသည် ထင်ရှားသော ဖြစ်ရပ်ထဲမှတစ်ခု ဖြစ်ခဲ့သည်။ သမ္မတဟားဘတ်ဟူးဗား (Harbert Hoover)၊ (၁၉၂၉-၁၉၃၃) လက်ထက် အမေရိကန် စီးပွားရေးကျဆင်း၍ ပြည်တွင်းလုပ်ငန်းများ အခက်အခဲရင်ဆိုင်နေရချိန်၌ နိုင်ငံတွင်းသို့ဝင်ရောက်လာမည့် သွင်းကုန်များကိုဟန့်တား၍ အမေရိကန်စီးပွားရေး အကျိုးဖြစ်ထွန်းစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကုန်သွယ်ဖက်နိုင်ငံများ၏ တုံ့ပြန်လုပ်ဆောင်မှုများကြောင့် အခက်အခဲများဆီသို့သာ ဦးတည်သွားခဲ့ သည်။ နောက်ဆုံး၌ ပိုမိုဆိုးရွားသော စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ခဲ့ကြရ၏။

အမေရိကန်နိုင်ငံ၏ အယောက် ၄၀ မြောက် သမ္မတရော်နယ်လ်ရေဂင်လက်ထက် (၁၉၈၁- ၁၉၈၉) ကာလများ၌လည်း ဂျပန်သွင်းကုန်များနှင့်ပတ်သက်၍ ကိုတာ (Quota) အရေအတွက် ကန့်သတ်ချက်များ ရှိခဲ့ဖူးသည်။ အမေရိကန်စီးပွားရေး အဆောက်အအုံအတွင်း အလုပ်အကိုင်များစွာ ဆုံးရှုံးမှုမှ ကာကွယ်နိုင်ခဲ့၏။ သို့ရာတွင် နောက်ဆုံးရလဒ်မှာ အကျိုးဖြစ်ထွန်းမှုထက် ဆုံးရှုံးမှုသာ ပိုမို များပြားခဲ့ပေသည်။ သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက် (၂၀၀၁-၂၀၀၉) တွင်လည်း သံမဏိ သွင်းကုန်များအပေါ်တွင် အကောက်ခွန်များ မြှင့်တင်ကောက်ခံခဲ့ပြန်သည်။ ကုန်သွယ်ဖက် ဥရောပနိုင်ငံများ၏ ပြန်လည်တုံ့ပြန်မှုများကို ကြုံတွေ့ခဲ့ရသဖြင့် အစီအစဉ်ပြန်လည်ရပ်ဆိုင်းခဲ့ရ သည်။ သမ္မတ အိုဘားမားလက်ထက် (၂၀၀၉-၂၀၁၇) တရုတ်နိုင်ငံမှ တာယာသွင်းကုန်များအပေါ် အခွန်တိုးမြှင့် စည်းကြပ်သည့် အားထုတ်မှုသည်လည်း အမေရိကန်စီးပွားရေးအတွက် အကျိုးအမြတ် ဖြစ်ထွန်းမှုမရှိခဲ့ပေ။

၂၀၁၇ ခုနှစ်တွင် ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ် တာဝန်ယူခဲ့သည်။ ထိုကာလအတွင်း၌ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပဋိပက္ခများရှိခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လကုန်ခါနီး၌ တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့တင်ပို့သည့် သံမဏိနှင့် အလူမီနီယံ ပို့ကုန်များအပေါ် အခွန်ပိုမိုစည်းကြပ်မည့်ကိစ္စနှင့်ပတ်သက်၍ သမ္မတထရမ့်ကိုယ်တိုင် လက်မှတ်ရေးထိုးအတည်ပြုခဲ့၏။ တရုတ်နိုင်ငံသည်လည်း ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်မှတရုတ်သို့ တင်သွင်းသည့် ကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အစီအမံများ ချမှတ်ခဲ့သည်။ ထို့ပြင် အီးယူ၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့မှသွင်းလာမည့် သံမဏိသွင်းကုန်များပေါ်တွင်ပါ ပိုမိုကောက်ခံစည်းကြပ်ခဲ့ရာ အီးယူသည် အမေရိကန်ထုတ်ကုန်များအပေါ် ပြန်လည်အခွန်တိုးမြှင့်မည်ဟု တုံ့ပြန်လျက် သွင်းကုန်ခွန်တိုးမြှင့် မည့်စာရင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တင်ပြခဲ့သည့် အခြေအနေအထိဖြစ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံ အပေါ်လည်း သက်ရောက်မှုများဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ နှစ်စဉ်တင်သွင်းနေသည့်သံမဏိနှင့် အလူမီနီယံအပါအဝင် အိန္ဒိယသွင်းကုန်များပါ ထိခိုက်မှုဖြစ်လာနိုင်ခြေရှိသောကြောင့် အိန္ဒိယနိုင်ငံကလည်း အမေရိကန်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်သစ်များ တိုးမြှင့်ကောက်ရန် ပြင်ဆင်ခဲ့ကြရသည်။

ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ အမေရိကန်စီးပွားရေး အဆောက်အအုံ အတွင်း၌လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများ၊ အခြားသောကဏ္ဍများ ကုန်ထုတ်လုပ်ငန်းရှင်များ စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ကြသည်။ အမေရိကန်သမ္မတထရမ့်၏ တစ်ဇွတ်ထိုးအပြုအမူသည် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းကို အကြီးအကျယ် ဟန်ချက်ပျက်စေလိမ့်မည်ဟု ထင်မြင်ချက်များလည်း ပေါ်ထွက်ခဲ့သည်။ ထိုအချိန်က အမေရိကန်သမ္မတ စီးပွားရေးအကြံပေးအကြီးအကဲ ပညာရှင် Gary Cohn ဆိုလျှင် တရုတ်သွင်းကုန်များကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကြေညာချက်ထွက်ပေါ်လာကတည်းက အိမ်ဖြူတော်ကို စွန့်ခွာခဲ့သည်ဟု သိရသည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတတာဝန်ဖြင့် အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြန်လေပြီ။ သမ္မတတာဝန်စတင်ယူချိန်မှာပင် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့မှ အမေရိကန်သို့တင်ပို့လာမည့် ကုန်ပစ္စည်းများအပေါ်တွင် မြင့်မားသော အကောက်ခွန်များဖြင့်ပိတ်ပင်ဟန့်တားနိုင်ရန် ထပ်မံစီစဉ်လျက်ရှိနေ၏။ မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံအစိုးရတို့ကလည်း ပြန်လည်တုံ့ပြန်မည့် နည်းလမ်းများကို စဉ်းစားရှာဖွေနေကြပြီဖြစ်သည်။ ကုန်သွယ်ရေးစစ်ပွဲမီး တစ်ကျော့ပြန် တောက်လောင်တော့မည်လား။

အမေရိကန်နိုင်ငံသည် ကုန်သွယ်ရေးစစ်မီးကို စတင်မွှေးခဲ့၏။ မကျေနပ်ချက် ဒေါသလောင်စာရှိ နေကြသော ကုန်သွယ်ဖက်နိုင်ငံများထံမှ တုံ့ပြန်မှုများမှတစ်ဆင့် ကမ္ဘာအနှံ့ ကူးစက်လောင်ကျွမ်းမှု များဖြစ်လာနိုင်သည်။ ဒိုမီနိုသက်ရောက်မှု (Domino effect) ဖြစ်လာတော့မည်လား။ ကမ္ဘာ့နိုင်ငံ အတော်များများ၏ ကုန်သွယ်ရေးကဏ္ဍကို တစ်နွယ်ငင်တစ်စင်ပါ ထိခိုက်မှုများရှိလာမည်။ နိုင်ငံအသီးသီးတို့ ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းမှုကြုံတွေ့လာရနိုင်မည်။ ထိုသို့ မှန်းဆမှုများဖြင့် “ကုန်သွယ်ရေးစစ်ပွဲ” အသံကြားတိုင်း ပညာရှင်များ၊ သုတေသီများနှင့် နိုင်ငံခေါင်းဆောင် အတော်များများထံမှ စိုးရိမ်သံများ ပေါ်ထွက်ခဲ့ကြ၏။ ထို့ကြောင့် စီးပွားရေးအင်အားကြီး၍ စားသုံးမှု ပမာဏများပြားသော အမေရိကန်နိုင်ငံကို တာဝန်ယူနေသည့် သမ္မတဒေါ်နယ်ထရမ့် အစိုးရအနေဖြင့် အတိတ်ကာလ ကြုံတွေ့ခဲ့ရသော ကုန်သွယ်ရေး၏စစ်ပွဲသက်ရောက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ဆင်ခြင်ရမည့်အချိန်ဖြစ်သည်ကို သဘောပေါက်ရပေတော့မည်။

သမ္မတတာဝန် စတင်တာဝန်ယူသည့် ရက်သတ္တနှစ်ပတ်ဝန်းကျင်အတွင်း ကြားသိလာရသည့် သမ္မတဒေါ်နယ်ထရမ့်၏ သွင်းကုန်များအပေါ် အကောက်ခွန်တိုးမြှင့်မှု အစီအမံများနှင့်ပတ်သက်၍ ပညာရှင်များ၊ သုတေသီများက ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေ ယောက်ယက်ခတ်နိုင်ကြောင်း၊ ပရမ်းပတာဖြစ်နိုင်ကြောင်း သတိပေးနေကြပြီ။ နိုင်ငံတစ်နိုင်ငံသည် ၎င်းတို့ တစ်နိုင်ငံတည်း၏ အကျိုးစီးပွားကိုသာ အလေးထားလျက် ကုန်သွယ်ဖက်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံများကို အခက်အခဲ ဖြစ်စေရန်ပြုလုပ်ပါက အိမ်နီးချင်းဒုက္ခဖြစ်စေသော ပေါ်လစီ (Beggar–thy-neighbour Policy)ကို ကျင့်သုံးခြင်းဟု ဆိုသည်။ ထိုသို့ တစ်နိုင်ငံ၊ တစ်ဘို့တည်းကိုကြည့်၍ ကိုယ်ကျိုးစီးပွားကိုသာ အလွန်အမင်း ဦးစားပေးလုပ်ဆောင်နေခြင်းသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုများ၊ စီးပွားရေးပျက်ကပ်များ ဖြစ်စေသည့် အကြောင်းရင်းခံဖြစ်သည်ဟုလည်း သုတေသီတို့ကလည်း သုံးသပ်ခဲ့ကြပြီးဖြစ်သည်။

​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ပထမအကြိမ် သမ္မတသက်တမ်းကာလအတွင်း မွှေးခဲ့သော ကုန်သွယ်ရေးစစ်ပွဲမီးကို ဒုတိယအကြိမ် သမ္မတသက်တမ်း၌ ထပ်မံ၍ လောင်စာဖြည့်ထည့် နေသကဲ့သို့ဖြစ်၏။

ကိုယ်ကျိုးစီးပွားကာကွယ်မှုကြောင့် ဖြစ်ပေါ်လာသော ကုန်သွယ်ရေးစစ်ပွဲကဲ့သို့ ဖြစ်ရပ်မျိုးသည် နိုင်ငံတကာကုန်သွယ်ရေး နယ်ပယ်တစ်ခုလုံးပေါ်တွင် သက်ရောက်လာခဲ့ပါက ဖွံ့ဖြိုးပြီး ချမ်းသာသော နိုင်ငံငယ်များထက် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များတွင် ပိုမိုထိခိုက်မှုများရှိလာတတ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအနေဖြင့် အင်အားကြီးနိုင်ငံတို့၏ စိတ်လိုက်မာန်ပါလှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာမည့် ကုန်သွယ်ရေးအခြေအနေ အပြောင်းအလဲ ဇာတ်ကွက်များကို စိုးရိမ်တကြီး စောင့်ကြည့်မှန်းဆ၍ တတ်နိုင်သမျှ ပြင်ဆင်ထားရုံမှတစ်ပါး အခြားမရှိလေပြီ။ ။