Skip to main content

ကျွန်တော်ချစ်သော MRTV

မြင့်စိုး(နတလ)

ဧရာဝတီသားဟု မကြွားဝံ့သောကျွန်တော်

ကျွန်တော့်မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၏ ဆောင်ပုဒ်က “ရိုးသားကြိုးစား ဧရာဝတီသား” ဟူ၍ ဖြစ်သည်။ ထိုဆောင်ပုဒ်အတိုင်း ဧရာဝတီသားတွေ ရိုးသားခဲ့ကြသည်၊ ကြိုးစားခဲ့ကြမည်ဟူ၍လည်း ယုံကြည်ခဲ့သည်။ ယုံကြည်၍လည်း ဆောင်းပါးတွေထဲမှာ အခါအခွင့်သင့်လျှင် သင့်သလိုကြွားခဲ့၊ ရေးခဲ့ဖူးသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ နယ်နိမိတ်အစပ်မှာတောင် အနှီဆောင်ပုဒ်ကို ခံ့ခံ့ညားညား စိုက်ထူထားတာမြင်ခဲ့ဖူး၍ ဖြတ်သွားတိုင်းဂုဏ်ယူစွာ ကြည့်ခဲ့ဖူးသည်။ ဓာတ်ပုံတွေရိုက်ခဲ့ဖူးသည်။ နောက်တော့မည်သူ့လက်ထက်တွင် မည်သူကဘာကြောင့် ဖြုတ်သွားသည်လည်း မသိ။ ယနေ့ထိတိုင်မရှိတော့ပြီ။ ရိုးသားကြိုးစားဧရာဝတီသားပင် ဖြစ်နေသော်ငြားလည်း ၁၄/ (မျဉ်းစောင်း) နိုင်ငံသားကတ်ကို ကိုင်ထားသော ဧရာဝတီသားကွဟု ရဲရဲကြီး မကြွားဝံ့သောအကြောင်းတရားတစ်ခုက ကျွန်တော့်တွင်ရှိနေပါသည်။

ထိုအရာသည်ကား ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အနောက်ခြမ်းက စိန်တောင်ရွာသား ကျွန်တော်၊ ယနေ့ချိန်အထိ မော်တင်စွန်းဘုရားကိုလည်း မဖူးဘူး၊ ချောင်းသာကမ်းခြေသို့လည်း မရောက်ဖူး၊ မလည်ပတ်ဖူး၍ပါတည်း။ ထို့ပြင်တဝ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၂၆ မြို့နယ်ထဲမှာ ကျွန်တော်မရောက်ဖူးသေးသည့် ငပုတော၊ လပွတ္တာ၊ ဘိုကလေးမြို့နယ်တို့လို နေရာဒေသအချို့လည်း ရှိနေပြန်ပါသည်။ ဆိုရသော် ငါဟဲ့ဧရာဝတီသားဟု မာန်တင်းကာ အော်နေခဲ့လင့်ကစား ရဲရဲဝံ့ဝံ့မကြွားဝံ့သော ကျွန်တော့်အဖြစ်နှင့် ကျွန်တော်မို့တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ မြတ်မော်တင်စေတီတော်ကြီးကို ဖူးဖြစ်အောင်ဖူးမည်ဟု အလေးအနက် သန္နိဋ္ဌာန်ချထားမိပါသည်။

မရောက်တာကြာပြီဖြစ်သော MRTV

တစ်ချိန်က ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ သူ့ထက်စော၍ ဖွဲ့စည်းခဲ့သော နယ်စပ်/စည်ပင်ဝန်ကြီးဌာနတို့မှာ ရှိစဉ်ကတည်းက မြန်မာပြည်တစ်နံတစ်လျားမှ ရောက်ရှိလာကြသော တိုင်းရင်းသားလေ့လာရေးအဖွဲ့များအတွက် ကြည့်ရှုလေ့လာရမည့်နေရာများ သတ်မှတ်ရာ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်လည်းပဲ တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ရန်ကုန်မှာ ရှိစဉ်တုန်းကလည်း ပို့ဆောင်ပေးခဲ့သည်။ နေပြည်တော်ကြီး တည်ထောင်အပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင်လေ့လာရေး ခရီးစဉ်များကို ကျွန်တော်တို့ ဆက်လက်စီစဉ်ပေးခဲ့ကြသည်။

ထိုဝန်ကြီးဌာနမှ အငြိမ်းစားယူပြီး သကာလသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရချိန်၌လည်း ယခင်အတွေ့အကြုံများကိုယူ၍ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ သင်တန်းသား သင်တန်း သူများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ သင်တန်းသား သင်တန်းသူများကို ခေါ်ယူကာ နေပြည်တော်နှင့် ပတ်ဝန်းကျင်အထင်ကရနေရာများသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့ပို့ဆောင်ပေးရာတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV သည်လည်းပဲ တစ်ခုအပါအဝင်ဖြစ်၏။

MRTV အဖွဲ့များ ရန်ကုန်မှာရှိစဉ်က ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း သတင်းကိစ္စ၊ သီချင်းကိစ္စ၊ ရိုက်ကူးရေးကိစ္စစသည့် အကြောင်းအမျိုးမျိုးဖြင့် ချောင်းပေါက်မတတ်ရောက်ခဲ့သည်။ နေပြည်တော်သို့ ပြောင်းရွှေ့လာချိန်တွင်မတော့ ၂၀၁၀၊ ၂၀၁၂ ဝန်းကျင်လောက်ကသာ ဖြိုးဖြိုးဖြောက်ဖြောက် ရောက်ခဲ့သည်မှလွဲ၍ နောက်ထပ်မရောက်ဖြစ်တော့ချေ။ သို့တစေ လေ့လာရေးအဖွဲ့များ သွားရောက်လေ့လာကြသည့်အခါတိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောသည်မှအစ စိန်ရတုပြတိုက်သို့ လေ့လာမှုအဆုံးအားလုံးကို သတင်းထုတ်ပြန်ခဲ့သည်ဖြစ်ရာ စိန်ရတုပြတိုက်နှင့်ပတ်သက်၍ ကြားဖူးနားဝတော့ရှိနေခဲ့သည်။ သို့သော်တစ်ခါသော်မျှ မရောက်ဖူးခဲ့ပေ။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် သမိုင်းစဉ်တစ်လျှောက် ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ရုပ်သံထုတ်လွှင့်ရေးဆိုင်ရာ ကင်မရာများ၊ စက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ပြုပြင်တိုင်းတာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန်အတွက် ပင်မအဆောက်အအုံကြီးအတွင်းက အခန်းတစ်ခုတွင် ခင်းကျင်းထားရှိပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ (၇၅) နှစ်ပြည့်မြောက်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် ယင်းပြတိုက်ငယ်သည် ကနဦးအစပြုလိုက်သော ပြတိုက်တစ်ခုအဖြစ်သာရှိနေခဲ့ပြီး စိန်ရတု၏ ဂုဏ်ဒြပ်နှင့် လျော်ညီစွာ ခံ့ညားထည်ဝါသည့် သီးခြားပြတိုက်တစ်ခုတည်ဆောက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့သည်။ ယင်းလမ်းညွှန်ချက်အရ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှေ့၊ ယာဘက်မျက်နှာစာတွင် နှစ်ထပ်အဆောက်အအုံတစ်လုံးကို ထပ်မံတည်ဆောက်ခဲ့သည်။

ယင်းသို့ တည်ဆောက်ပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ပြည့်မြောက်သည့်နေ့ဖြစ်သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

စိန်ရတုပြတိုက်ကြီး၏ ထည်ဝါခမ်းနားမှုနှင့်အတူ အဆောက်အအုံအတွင်း၌ အသံလွှင့်ဆိုင်ရာ စက်ပစ္စည်းများ၊ တေးဂီတဆိုင်ရာ စာအုပ်စာစောင်များ၊ တိပ်ခွေနှင့် ဓာတ်ပြားများ၊ ရုပ်မြင်သံကြားဆိုင်ရာစက်ပစ္စည်းများ စနစ်တကျခင်းကျင်းပြသနိုင်ရန်အတွက် နိုင်ငံတကာပြတိုက်များ၊ ပြည်တွင်းပြတိုက်များသို့ သွားရောက်လေ့လာကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၏ မြေညီထပ်တွင် ပြခန်း ၁၈ ခန်း၊ ပထမထပ်တွင် ပြခန်း ၂၂ ခန်း၊ စုစုပေါင်း ပြခန်းပေါင်း ၄၀ ကို ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသထားပါသည်။ ထို့နေ့အခမ်းအနားနှင့် တစ်ဆက်တည်းမှာပင် သတင်းကဏ္ဍသီးသန့်ကြည့်ရှုနိုင်မည့် MRTV NEWS Channel နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဂြိုဟ်တုမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံဖမ်းယူကြည့်ရှုနိုင်မည့် DTH စနစ်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

သပြေ ရေဒီယိုအစီအစဉ်ကိုလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၆) နှစ်ပြည့်မြောက်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ ညနေ ၄ နာရီမှ ည ၉ နာရီအထိ အစီအစဉ်များတိုးချဲ့ကာ ဝေဝေဆာဆာထုတ်လွှင့်နိုင်ခဲ့သည်။ ရုပ်သံအစီအစဉ်တွင် Update news နှင့် Breaking news တို့ကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

မဂွေဇ-ခေါင်လန်ဖူးကားလမ်း ဖောက်လုပ်ခဲ့

ကျွန်တော် နတလဝန်ထမ်းဘဝဖြင့်ရှိနေစဉ် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် အတွင်းမှာ မဂွေဇ- ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင် ဖောက်လုပ်ခဲ့ကြသည်။ ပေ ၇၇၀၀ ဆန်းလွတ်ချက်တောင်ကြီးကို ကျော်လွှားဖောက်လုပ်ခဲ့ကြရာ၌ လေးမိုင်ခန့်ရှည်သည့် ကျောက်တောင်နှင့် ရင်ဆိုင်ခဲ့ရသည်။ နတလမှ အင်ဂျင်နီယာများ၊ တပ်မတော်မှ တွဲဖက်ပေးထားသည့် အင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ရဝမ်တိုင်းရင်းသားခေါင်းဆောင် ဦးအားတန်၏ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ ရက်ပေါင်း ၁၇၁၂ ရက်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် မဂွေဇမှ ခေါင်လန်ဖူးအထိ ကားလမ်းပေါက်ခဲ့ပြီဖြစ်သည်။

ထိုလမ်းကြီးဖောက်လုပ်ရာတွင် တပ်မတော်ကစက်သုံးဆီများ၊ မိုင်းခွဲမည့်ယမ်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ ယင်းကဲ့သို့ တပ်မတော်က မကူညီခဲ့ လျှင် မဂွေဇ- ခေါင်လန်ဖူးလမ်းသည် ဒေသခံတိုင်းရင်းသားများ၊ လားမြင်းများ၏ ခြေကျင်သွားလမ်းကလေးအဖြစ်နှင့်သာ ရှိနေပေဦးမည်။ တစ်နည်းဆိုရသော် နှစ်ပေါင်းများစွာ အိပ်မက်မက်၍ မျှော်လင့်ခဲ့ရသော အိပ်မက်လမ်းအဖြစ်သာရှိနေပေဦးမည်ဖြစ်သည်။ လမ်းဖောက်လုပ်နေစဉ် မတော်တဆထိခိုက်မှုများဖြင့် အသက်ဆုံးရှုံးခဲ့သည့် စစ်သည်၊ ဝန်ထမ်းနှင့် လုပ်သားတချို့လည်းရှိခဲ့သည်။

ခေါင်လန်ဖူးသံယောဇဉ်

မဂွေဇ-ခေါင်လန်ဖူးကားလမ်း ဖောက်လုပ်ခြင်းကို အကြောင်းပြုလျက် ကျွန်တော်သည် မြန်မာပြည်မြောက်ဘက် အစွန်ဆုံးမြို့လေးဖြစ်သော ပန်နန်းဒင်သို့ လေးခေါက်၊ နောင်မွန်သို့ နှစ်ခေါက်၊ ခေါင်လန်ဖူးသို့ နှစ်ခေါက်ရောက်ခဲ့သည်။ ပန်နန်းဒင်ဆိုလျှင် အိမ်ခြေ ၂၁ အိမ်သာရှိသော ပီဘိမြို့သေးသေးလေးမျှသာ၊ ယင်းသို့ သေးကွေးပြီး အများသူငါ အရောက်အပေါက် နည်းကြသော ရှမ်းအရှေ့က မက်မန်းမြို့လေးလို နေရာမျိုး၊ ရှမ်းတောင်က ဟိုမိန်းမြို့လေး လိုနေရာမျိုးများကို လေးခေါက်စီ ရောက်ဖူးထားခြင်းကပင်လျှင် ကျွန်တော့်ဘဝမှာ အမှတ်ရစရာများဖြစ်ခဲ့သည်။ မမေ့နိုင်အောင်ဖြစ်ခဲ့ရသည်။

ခေါင်လန်ဖူးသို့ ကားလမ်းမပေါက်မီ ၂၀၁၈ ခုနှစ်မှာ ကျွန်တော်နတလဝန်ထမ်းဘဝမှ သက်ပြည့်ပင်စင်ယူခဲ့သည်။ ပင်စင်ယူပြီးကာမှ ထိုစဉ်က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အကူအညီတောင်းသဖြင့် မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်ခြင်းဆိုင်ရာ ရုပ်/သံ အစီအစဉ်အတွက် စာမူရေးပေးခဲ့ရသည်။

စာမူနာမည်ကိုတော့ ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် (ယခု နီပေါနိုင်ငံသံအမတ်ကြီး) အကြံပြုခဲ့သလို “အိပ်မက်လမ်းသို့ ခရီးရှည်” ဆိုပြီးပေးခဲ့သည်။ အဆိုပါစာမူကို ရုပ်/သံအစီအစဉ်ရိုက်ပြီး ထုတ်လွှင့်နိုင်ဖို့အတွက် MRTV က ဦးဇေယျာကျော်ဝင်း၊ ဒေါ်ဆွေဆွေသန်း၊ ကိုမျိုးသန့်ဇော်၊ ကိုမန်းကျော်၊ ကိုကျော်မျိုးထွန်း၊ ဂေါလူဂျာနော်ဆိုင်းတို့နှင့်အတူ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ပူတာအိုမြို့သို့ စတင်ရောက်ရှိခဲ့ကြသည်။ ပူတာအိုလွင်ပြင်အပါအဝင် ကောင်းမှုလုံစေတီ၊ နတ်ကျွန်းစေတီ၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လန်ဖူး ဒေသများသို့ ကွင်းဆင်းရိုက်ကူးခဲ့ကြသည်။ ခေါင်လန်ဖူးဟုဆိုသော်ငြားလည်း ကားလမ်းက ဆန်းလွတ်ချက်တောင်ထိပ် (၃၃/၆) မိုင်အထိသာ လမ်းပေါက်သေးသည်။

သို့တစေ ကိုဇေယျာကျော်ဝင်းနှင့် မျိုးသန့်ဇော်တို့ ကင်မရာအဖွဲ့သည် တောင်ထိပ်မှ လှမ်းမြင်နေရသော မေခမြစ်ကူး ရီဒမ်းကြိုးတံတားနေရာအထိဆင်း၍ အပင်ပန်းခံသွားရောက် ရိုက်ကူးခဲ့ကြရာ ကျွန်တော့်စာမူ “အိပ်မက်လမ်းသို့ ခရီးရှည်” သည် ပို၍ပို၍ အသက်ဝင်သွားသဖြင့် သူတို့ကို ကျေးဇူးတင်ခဲ့ရပါသည်။ ခေါင်လန်ဖူးဒေသသို့ အတူသွားခဲ့ကြသည်မှာ ခြောက်နှစ်ခန့်ရှိပေပြီ။ သည်တစ်ခေါက် MRTV သို့သွားချင်သည့် ရည်ရွယ်ချက်မှာ သူတို့နှင့်လည်းတွေ့ချင်သည်။ ကျွန်တော့်သမီး အေးအိငြိမ်းနှင့်လည်း တွေ့ချင်သည်။ ထို့ပြင်တဝ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ အထင်ကရနေရာ စိန်ရတုပြတိုက်သို့လည်း ကြည့်ရှုလေ့လာလို၍ဖြစ်သည်။

သည့်အတွက် ညွှန်ကြားရေးမှူးချုပ်ထံသို့ ခွင့်တောင်းပြီး သွားရောက်ခဲ့သည်။ ဦးရဲနိုင်က အခမ်းအနားတစ်ခု တက်ရောက်နေ၍ မတွေ့ခဲ့ရ၊ စိန်ရတုပြတိုက်မှာ လိုက်လံရှင်းလင်းပြသပေးကြသော အင်ဂျင်နီယာချုပ် ဦးကျော်ရွှေ၊ စီမံရေးရာညွှန်ကြားရေးမှူး စောမြင့်ဇော်နှင့် ညွှန်ကြားရေးမှူးများဖြစ်ကြသော ဒေါ်မိုးသူဇာအောင်၊ ဒေါ်ခင်မိုးဥ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာတို့ကို ကျေးဇူးတင်ပါသည်။

စိန်ရတုပြတိုက်မှာ လေ့လာစရာ

ပြတိုက်ထဲသို့ ခြေချလိုက်မိသည်နှင့် လေ့လာစရာများက များပြားလှသလို လွမ်းစရာများကလည်း တစ်ပွေ့တစ်ပိုက်ဖြစ်လို့ နေပါတော့သည်။ ၁၉၃၇ ခုနှစ် မင်္ဂလာဒုံဝိုင်ယာလက်စ်မှာ အသံလွှင့် လုပ်ငန်းစတင်သည်မှ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ သမိုင်းကြောင်းကို အင်ဂျင်နီယာချုပ် ဦးကျော်ရွှေက ရှင်းလင်းပြောကြားသည်။ ပြောင်းလဲလာသောဌာနအခေါ်အဝေါ်များ၊ ရွှေ့ပြောင်း ဖွင့်လှစ်ခဲ့သည့်နေရာများ၊ တိုးပွားလာသော ရေဒီယိုလိုင်းများနှင့် ရုပ်သံလိုင်းများ၊ ထုတ်လွှင့်မှုနည်း စနစ်များ၊ Online ထုတ်လွှင့်မှုများစသည်တို့ ပါဝင်သည်။

ထူးထူးခြားခြား မှတ်သားမိသည်များမှာ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်ကို မြန်မာ့အသံ ရေဒီယို စတင်ထုတ်လွှင့်သည့်နှစ်ဟု သတ်မှတ်ခဲ့သောကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်သည် (၇၅) နှစ်ပြည့်စိန်ရတုနေ့ဖြစ်လာခြင်း၊ ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် ရုပ်မြင်သံကြား အစီအစဉ် စတင်ထုတ်လွှင့်စဉ်ကလည်း အခြားနိုင်ငံအချို့တွင် အဖြူအမည်းဖြင့်စခဲ့ရပြီး မြန်မာနိုင်ငံကမူ ရောင်စုံရုပ်မြင်သံကြားအစီအစဉ်ကို ထုတ်လွှင့်နိုင်ခဲ့ခြင်း၊ ၂၀၀၈ ခုနှစ် မတ် ၁၆ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို နေပြည်တော်တပ်ကုန်းသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခဲ့ခြင်းတို့ဖြစ်သည်။

မြေညီထပ်မှ ပထမထပ်သို့

မြေညီထပ်မှာတော့ စက်မှုဆိုင်ရာပြုပြင်တိုင်းတာရေးစက်ပစ္စည်းများနှင့် လွှင့်စက်ဖမ်းစက်များအကြောင်း စတင်လေ့လာခွင့်ရခဲ့သည်။ ကျွန်တော့်မျက်စိအာရုံထဲသို့ ပြက်ပြက်ထင်ထင်ဝင်ရောက်လာသည်မှာ မြန်မာ့အသံခေတ်ဦးက အသုံးပြုခဲ့သော ရေဒီယိုတိုက်ရိုက်ထုတ်လွှင့်ရေးယာဉ်ဖြစ်သည်။ ယာဉ်အမှတ် ဆ/၉၃၀၆၊ ၁၉၅၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ Boyertown မြို့မှာ ထုတ်လုပ်ခဲ့၍ ယာဉ်အမျိုးအစားကိုလည်း Boyertown Merchandiser (Chevrolet Step Van) ဟု ခေါ်ဝေါ်ခဲ့သည်။ မြန်မာနိုင်ငံက ၁၉၅၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့ စသည့်နေ့ထူးနေ့မြတ်များ၊ တိုင်းနှင့် ပြည်နယ်ဘောလုံးပွဲများ၊ နိုင်ငံတကာဖိတ်ခေါ်ခြေစမ်းပွဲများ၌ တိုက်ရိုက်(live) ထုတ်လွှင့်ခဲ့သည်။ အစီအစဉ်တင်ဆက်သူများကလည်း ပါရမီရှင်များဟု ဆိုရမလောက် အပြောကောင်းကြသည်။

ကျွန်တော် အလယ်တန်းကျောင်းသားဘဝ ဖြစ်ပါလိမ့်မည်။ တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲများကို အသံလွှင့်ကြေညာရာ၌ ပုသိမ်မြို့ဘောလုံးကွင်း၏ ပုံသဏ္ဌာန်၊ ပရိသတ်အားပေးမှုအခြေအနေ၊ ရာသီဥတု စသည်တို့ကို ကြားရသူကိုယ်တိုင် ပုသိမ်မြို့သို့ရောက်နေဘိအလား ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ပြောနိုင်ခဲ့သည်။ ကရင်ပြည်နယ်က ဂိုးသမားတင်ဌေးဒဏ်ရာရ၍ ခေါင်းမှာပတ်တီးစီးခဲ့ရပုံ၊ နှစ်ဖက်အသင်းများ ပယ်နယ်တီကန်သွင်းရာတွင် နောက်ဆုံးအနိုင်ဂိုးဖြစ်သော ပယ်နယ်တီကို ဂိုးသမားတင်ဌေးကိုယ်တိုင် သွင်းယူခဲ့ပုံ၊ ရှမ်းပြည်နယ်အသင်း၏ ကစားကွက်နှင့် စိုင်းကက်နက်၊ ရွှေဘော်၊ လွန်းတင်အစရှိသော ကစားသမားများ၊ ရှမ်းဂိုးသမားဘိုကီဒွေး၏ ဖခင်ဖြစ်သူမှာလည်း ယခင်ရှမ်းပြည်နယ်လက်ရွေးစင် ဂိုးသမားပယ်ရီဒွေး ဖြစ်ကြောင်း စသည်များကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြသွားနိုင်သည်။ ယခုမျက်စိရှေ့က ကားပြာကြီးကိုကြည့်ရင်း အတိတ်ကာလတစ်ခု ပြန်ပြီးလွမ်းမိသလိုလိုပင်။

တိုက်ရိုက်(Live) ထုတ်လွှင့်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းထားသော ယာဉ်၊ ဂျပန်နိုင်ငံက လှူဒါန်းထားသော ယာဉ်နှင့် ခေတ်မီ Flyaway ဆက်သွယ်ရေးစနစ်များကိုလည်း တွေ့ရသည်။ စိန်ရတုမှတ်တမ်းဓာတ်ပုံများ၊ အဆောက်အအုံပုံစံငယ်များနှင့် တာဝါတိုင်ပုံစံငယ်များကိုလည်း လေ့လာနိုင်ပါသည်။ မြေညီထပ်မှာ ထင်ရှားကျော်ကြားသော MRTV ကြယ်ပွင့်များဆိုသည့် ပြကွက်၌ အဆိုတော်ကြီးများ၊ တေးရေးဆရာများ၊ အနုပညာရှင်များဖြစ်ကြသော ဒေါ်မေရှင်၊ ဒေါ်ကြည်ကြည်ဌေး၊ ဒေါ်အမာစိန်၊ ဦးမင်းနောင်၊ ဦးမြကြီး၊ ဦးမောင်မောင်ကြီး၊ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင်မောင်ကိုကို၊ တွံတေးသိန်းတန်၊ ဒေါ်တင်တင်မြ၊ ဒေါ်မာမာအေး၊ ဦးမြတ်လေး၊ ချစ်စံပယ်၊ ထား အစရှိသည့် ဂန္ထဝင်ကြီးများနှင့် သည်ဘက်ခေတ်၌ ထင်ရှားကျော်ကြားသူများ၏ ဓာတ်ပုံများကို ပြသထားသည်။

မြေညီထပ်မှ ပထမထပ်သို့ တက်ရောက်ကြည့်ရှု လေ့လာသောအခါ မိုက်ခရိုဖုန်းအမျိုးမျိုးကို ပြသ ထားသည့်အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားခဲ့စဉ်က တပ်ဆင်ပေးထားသည့် မိုက်ခရိုဖုန်းများကိုလည်း တွေ့ရသည်။ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော ဓာတ်ပြားစက်များ၊ Radiogram၊ ရေဒီယို/ ကက်ဆက်များ၊ Reel Tape နှင့် Tape Recorder များ၊ ဓာတ်ပြားများ၊ BBS တံဆိပ်ပါ မြန်မာဆိုင်းဝိုင်း ကြီး၊ BBS ခေတ်က အသုံးပြုခဲ့သော ပရိဘောဂများ၊ ရိုက်ကူးရေးသုံး တိုင်းရင်းသားရိုးရာ တူရိယာများ၊ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် သံစုံတီးဝိုင်းအဖွဲ့တို့တွင် ပါဝင်သည့် တူရိယာပစ္စည်းများ၊ မဟာဂီတနှင့် တေးဂီတဆိုင်ရာ စာအုပ်များကို ခင်းကျင်းပြသထားပါသည်။

ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ

စိန်ရတုပြတိုက်တွင် သတင်းဖတ်ကြားထုတ်လွှင့်သည့် ယခင်ပုံစံနှင့် ယခုပုံစံသတင်းခန်းများ၊ Virtual Studio အသုံးပြုရိုက်ကူးမှုများကို လေ့လာကြည့်ရှုနိုင်သကဲ့သို့ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော ကင်မရာများ၊ ရုပ်မြင်သံကြားပြစက်များ၊ ထုတ်လွှင့်ရေးစက်ခန်းသုံးပစ္စည်းများကိုလည်း တစုတစည်းတည်း ကြည့်ရှုလေ့လာနိုင်ပါသည်။ ဆိုရသော် - မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့မှု သမိုင်းကြောင်းကို လေ့လာသိရှိနိုင်သကဲ့သို့ တန်ဖိုးမဖြတ်နိုင်သည့် အသိပညာဗဟုသုတ၊ အတွေးအမြင်များကိုလည်း ရရှိစေမည်ဖြစ်သည်။ (၇၅) နှစ်မြောက် စိန်ရတုကို လွန်ခဲ့ပြီးနောက် ၇၈ နှစ်အတွင်းဝင်လာခဲ့ပြီဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဖြတ်သန်းခဲ့သည့်ကာလအတွင်း ပါဝင်ဆောင်ရွက်ခဲ့မှုများ၊ ထုတ်လွှင့်တပ်ဆင်ခဲ့မှုများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းကိရိယာများကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် နိုင်ငံအကျိုး၊ နိုင်ငံသားများ၏ အကျိုးကို စိတ်ကောင်းစေတနာအပြည့် လုံ့လအပြည့်နှင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူများအကြားခိုင်မာသည့် ပေါင်းကူးတံတားတစ်စင်းလည်း ဖြစ်ပေသည်။

ဘုရားလည်းဖူး၍ တံတားမှလည်းကူးခဲ့သည်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ ပင့်ဆောင်ပျိုးထောင်ခဲ့သော ပရိဘောဂစေတီထိုက်တော်မူသည့်၊ နှစ်နှစ် သက်တမ်းရှိ မဟာဗောဓိပင်ကြီးအား ၁၃၈၃ ခုနှစ် ဝါဆိုလပြည့်(ဓမ္မစကြာနေ့) ၂၃-၈-၂၀၂၁ ရက်နေ့ (သောကြာနေ့)တွင် နေပြည်တော်တပ်ကုန်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ဗောဓိအောင်မြေ ကုန်းတော်၌ တပ်ကုန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ မဟာဇနကကျောင်းတိုက်ဆရာတော် ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တဝဏ္ဍာရဟဦးဆောင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်း၊ မိသားစုများက မင်္ဂလာအခမ်းအနားဖြင့် စိုက်ပျိုးပူဇော်ခဲ့ကြပါသည်။

မဟာဗောဓိပင်ကြီးနှင့်အတူ ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူ၊ ပလ္လင်တော်နှင့် ရင်ပြင်တော်တို့ကို အလှူရှင်များမှ စုပေါင်းလှူဒါန်းပြီး ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ၂၀-၁၀-၂၀၂၁ (ဗုဒ္ဓဟူးနေ့)တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်းတို့ ဦးဆောင်၍ ရေစက်ချလှူဒါန်းပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။ ဤကား ကျွန်တော်ဖူးမြော်ခဲ့ရသော ဗောဓိအောင်မြေကုန်းတော်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူနှင့်မဟာဗောဓိပင်ပူဇော်ခြင်း ကမ္ပည်းမှတ်တမ်းပါပေတည်း။ ကြည်နူးဝမ်းမြောက်စွာ ဖူးမြော်ကန်တော့ရင်း သာဓုအကြိမ်ကြိမ် ခေါ်ဆိုခဲ့ရပါပေသည်။

ဘုရားဖူးပြီးသည်နှင့် ခေါင်လန်ဖူးခရီးအတူသွား ဝန်ထမ်းများ၊ ကျွန်တော့်သမီးငယ်တို့နှင့်အတူ ကုန်းငယ်နှစ်ခုကို ဆက်သွယ်ဖောက်လုပ်ထားသည့် သစ်သားကြမ်းခင်း ကြိုးတံတားပေါ်မှာ လျှောက်ကြရင်း စိမ်းလန်းစိုပြည်သာယာနေသော ပတ်ဝန်းကျင်၏အလှကို ကြည့်ရှုခံစားမိပါသည်။ ဘဝအမောများပြေပျောက်စေသော နေရာလေးတစ်ခု၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို လေ့လာရင်း အပန်းဖြေနားနေနိုင်သော နေရာလေးတစ်ခုဟု ဝိဂြိုဟ်ပြုညွှန်းဆိုရလျှင် မမှားတန်ရာ။

ကျွန်တော်ချစ်သော MRTV

MRTV ဟုဆိုလိုက်သည်နှင့် ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်က MRTV မှသည် တပ်ကုန်းမြို့ရှိ MRTV အထိ သံယောဇဉ်အမျှင်တန်းခဲ့မိသည်။ ပြောစရာတွေတစ်ပုံကြီးကျန်နေပါသေးသည်။ ရှမ်းပြည်နယ်သို့ပဲသွားသွား၊ မန္တလေးတိုင်းဒေသကြီးကပဲ ပြန်ပြန်အဝေးကနေလှမ်းမြင်နေရသော MRTV တာဝါတိုင်ကြီးကိုကြည့်ရင်း သတိရတမ်းတလွမ်းဆွတ်မိခြင်းရသများကို အမြဲခံစားရသည်။ ပို၍ပို၍လည်း အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။ ကျွန်တော် ချစ်သော MRTV။ ။