မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့
ခင်နှင်းရည်(ရန်ကုန်တက္ကသိုလ်)
ထို့ကြောင့် လူငယ်လူရွယ်များသည် လူသားဘဝတိုးတက်ရန်အတွက် အစဉ်အမြဲကြိုးစားနေရန် လိုအပ်ပါသည်။ လူသားဘဝတိုးတက်ရန် ဆောင်ရွက်သည့်အခါ အနှောင့်အယှက်များစွာ တွေ့ကြုံနိုင်ပါသည်။ ထိုအနှောင့်အယှက်များကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများမှာ စိတ်ပိုင်းဘဝနှင့် ရုပ်ပိုင်းဘဝကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများဖြစ်ပါသည်။ ထိုအကြောင်းတရားများကို ဖယ်ရှားနိုင်မှသာ လူသားဘဝ တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။ “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးဝါးတိုက်ထုတ်စို့” ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးကို စနစ်တကျ တိုက်ထုတ်နိုင်ရန်အရေးကြီးလှပါသည်။
မူးယစ်ဆေးဝါးကို ရှောင်ရှားနိုင်စေရန် လူသားတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရန် လိုအပ်ပါသည်။ ထိုသို့တိုးတက်မှသာ မူးယစ်ဆေးဝါး၏ ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်ဖြစ်ပါသည်။
မူးယစ်ဆေးဝါးသည် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနှင့် မဖွံ့ဖြိုးသေးသည့်နိုင်ငံများကို ခြောက်လှန့်နေသည့် လူသားမျိုးနွယ်စုတစ်စုလုံး၏ အန္တရာယ်ဖြစ်ပါသည်။ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် လူမှုရေးစံနှုန်းများကို ထိပါးနစ်နာစေပါသည်။ မူးယစ်ဆေးဝါးသည် သုံးစွဲသူကို စွဲလမ်းစေတတ်သည့်အတွက် ဆေးဝါးသုံးစွဲမိပါက လူသားဘဝတိုးတက်ရန် ခဲယဉ်းမည့်အပြင် စူးစမ်းမှုပြုလိုသည့် လူငယ်လူရွယ်များကို ကူးစက်ရောဂါဆိုးသဖွယ် အန္တရာယ်ဖြစ်စေတတ်သည့်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အလေးအနက်ထားဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးအန္တရာယ်သည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားတို့၏ကျန်းမာရေးနှင့် လူမှုစီးပွားရေးများကို ခြိမ်းခြောက်လျက်ရှိပြီး နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက် ကုလသမဂ္ဂကွန်ဗင်းရှင်းသုံးခုတွင် ပါဝင်လက်မှတ်ရေးထိုးကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးလုပ်ငန်းကို ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ခေတ် လူငယ်များအနေဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ် (Human Capital) အရေးပါပုံကိုသိရှိရန် လိုအပ်ပြီး အသိဉာဏ်ကိုအခြေခံသည့် လူမှုအဖွဲ့အစည်းများ အားကောင်းမောင်းသန် ဖြစ်လာစေရန် ကြိုးပမ်းပုံဖော်ပေးရမည်ဖြစ်ပါသည်။ လူသားဘဝများ တိုးတက်မြင့်မားလာစေရန်နှင့် ဘဝပုံရိပ်များ မှန်ကန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့မျက်မှောက်ခေတ်လူငယ်များ၏ အန္တရာယ်ဆိုးတစ်ခုအဖြစ် ရပ်တည်နေသည့် မူးယစ်ဆေးဝါး အန္တရာယ်မှကင်းဝေးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝကို ရယူဖန်တီးရန် လိုအပ်ပါသည်။
ယနေ့ခေတ် လူငယ်အချို့ စိတ်ကြွဆေးပြားများ သုံးစွဲလာကြသည်ကို သိရှိနေရပါသည်။ စိတ်ကြွဆေးသုံးစွဲရခြင်း၏ ရည်ရွယ်ချက်မှာ မောပန်းမှုဒဏ်ခံနိုင်ရန်အတွက် သုံးစွဲခြင်းဖြစ်သော်လည်း မိမိတို့စီးပွားအတွက် အလုပ်သမားများ အချိန်ကြာမြင့်စွာအလုပ်လုပ်နိုင်ရန် စိတ်ကြွဆေးကျွေးပြီး ခိုင်းစေကြသကဲ့သို့ အချို့လူများအနေဖြင့် အချိန်ကြာမြင့်စွာ ပျော်ရွှင်လိုသည့်အတွက် စိတ်ကြွဆေးသုံးစွဲကြခြင်းဖြစ်ပါသည်။ ပျော်ပွဲရွှင်ပွဲများတွင်လည်း အချိန်ကြာကြာ ကခုန်ရသည့်အခါ အမောခံနိုင်ရန် စိတ်ကြွဆေးကိုသုံးစွဲကြရာမှ မူးယစ်ဆေးဝါး၏ သားကောင်ဘဝကို ရောက်ရှိသွားသည်။
မူးယစ်ဆေးဝါးသုံးစွဲသူအများစုသည် လူငယ်များဖြစ်သည်။ လူငယ်များအနေဖြင့် စူးစမ်းလေ့လာစမ်းသပ်သုံးကြည့်ရန် မူးယစ်ဆေးဝါးကို တစ်ကြိမ်တစ်ခါမျှ မသုံးသင့်ပါ။ မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲလိုက်ရုံဖြင့် မူးယစ်နွံအတွင်း သက်ဆင်းရမည်ဖြစ်ပြီး မူးယစ်ဆေး၏ သားကောင်ဘဝသို့ ရောက်ရှိ သွားနိုင်ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲသည့်အတွက် ကြုံတွေ့နိုင်သည့် ဆုံးရှုံးမှုများကို အင်္ဂလိပ်ဘာသာစကားဖြင့် သာဓကပြရသော် “ If you Lost Wealthy, Nothing Lost. တကယ်လို့များ မင်းဟာ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့မယ်ဆိုရင် အဆိုပါဆုံးရှုံးမှုသည် ဘာမှမဟုတ်သေးဘူး” ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ဒုတိယသာဓကပြရသော် “ If you Lost Healthy, Something Lost. တကယ်လို့များ မင်းဟာ ကျန်းမာရေးဆုံးရှုံးခဲ့မယ်ဆိုရင် အဆိုပါဆုံးရှုံးမှုသည် တစ်စုံတစ်ခု ဆုံးရှုံးတာပဲ” လို့ ဆိုလိုခြင်းဖြစ်သည်။ တတိယသာဓကအနေဖြင့် “If you Lost Character, Every Lost. တကယ်လို့များ မင်းဟာ အကျင့်စာရိတ္တ ပျက်စီးဆုံးရှုံးခဲ့မယ်ဆိုရင် အရာရာတိုင်း ဆုံးရှုံးသွားတာ ဖြစ်ပါသည်။”
ယခုတင်ပြခဲ့သည့် ဆုံးရှုံးခြင်းသုံးခုအနက် ပထမတစ်ခုဖြစ်သည့် ပစ္စည်းဥစ္စာဆုံးရှုံးခြင်းသည် ပြန်လည်ရှာဖွေလျှင် ထိုဆုံးရှုံးသွားသည့် ဥစ္စာပစ္စည်းများကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။
ဒုတိယတစ်ခုဖြစ်သည့် ကျန်းမာရေးဆုံးရှုံးခြင်းသည် ဆေးကုသလျှင် ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာနိုင်မည်ဖြစ်ပါသည်။
တတိယတစ်ခုဖြစ်သည့် အကျင့်စာရိတ္တဆုံးရှုံးခြင်းသည် ဘဝတစ်လျှောက်လုံးတွင် ပြန်မရနိုင်တော့သည့် ဆုံးရှုံးခြင်းမျိုးဖြစ်ပြီး အရာရာတိုင်း ဆုံးရှုံးပျက်စီးသွားမည်ဖြစ်သည်။
ဖော်ပြခဲ့သည့် အဆိုပါဆုံးရှုံးမှုများသည် လူသား ဘဝတိုးတက်ရန် ဆုံးရှုံးမှု “Lost” တစ်ခုဖြစ်ပါသည်။
Lost ဆိုသည့်စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုလျှင် “ဆုံးရှုံးခြင်း”ဟု အဓိပ္ပာယ်ရပြီး “ပစ္စည်းဆုံးရှုံးခြင်း၊ ကျန်းမာရေးဆုံးရှုံးခြင်း၊ အကျင့်စာရိတ္တ ပျက်စီးဆုံးရှုံးခြင်း” ဆိုသည့် ဆုံးရှုံးမှုအနက် အချို့သောပျက်စီးဆုံးရှုံးမှုများသည် ပြင်ဆင်၍ရနိုင်ပြီး အချို့သောပျက်စီးဆုံးရှုံးမှုမှာ ပြင်ဆင်၍မရနိုင်ပါ။
“Lost” ဆိုသည့်စကားလုံးတွင် ပါဝင်သည့် အက္ခရာတစ်ခုချင်းစီတိုင်းတွင် အဓိပ္ပာယ်တစ်ခုစီ ရှိနေပါသည်။ ပထမစာလုံးဖြစ်သည့် “L” ရဲ့ အဓိပ္ပာယ်ကတော့ “Lock Down” ကို ဆိုလိုသည်။ ဆိုလိုသည်မှာ လူတို့သည် မိမိတို့ဘဝတိုးတက်မြင့်မားရန် မိမိတို့၏စိတ်ဓာတ်နှင့် ရုပ်ခန္ဓာနှစ်ခုလုံး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရမည်ဖြစ်ပါသည်။ ကာကွယ်ထိန်းချုပ်နိုင်စွမ်းမရှိပါက လူ့ဘဝတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရာတွင် အနှောင့်အယှက်အဟန့်အတားဖြစ်စေသည်။
ဒုတိယစာလုံးဖြစ်သည့် ‘O’ ၏ အဓိပ္ပာယ်မှာ “Out of Sight, Out of Mild” မူးယစ်ဆေးဝါးသုံးစွဲမှုကို မိမိ၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့မှ၊ မိမိတို့၏ နှလုံးသားနှင့် မိမိတို့၏ ဦးနှောက်တို့မှ မိမိတို့ကိုယ်တိုင် မိမိ၏အဝေးသို့ ဝေးကွာသွားအောင် မောင်းနှင်ပစ်နိုင်ရမည်ဖြစ်သည်။
တတိယစာလုံးဖြစ်သည့် “S” ၏အဓိပ္ပာယ်မှာ “Say no to drugs” လုံးဝငြင်းပယ်နိုင်ရပါမည်။ မူးယစ်ဆေးဝါးသည် စွဲလမ်းစေတတ်သည့်သဘောရှိသည့်အတွက် သုံးမိသူတိုင်းက မသုံးရမနေနိုင်ဖြစ်လာတတ်ကြပြီး ဆေးသုံးချင်လာသည့်အခါ သုံးစွဲဖို့ဆေးမရလျှင် ရသည့်နည်းနှင့် ရှာဖွေအသုံးပြုတတ်ကြပါသည်။ ထိုကဲ့သို့ လူကောင်းဘဝ ပျက်စီးလာပြီး လူဆိုးသူခိုးဘဝကို ရောက်ရှိသွားနိုင်သည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို လုံးဝငြင်းပယ်နိုင်ရမည်ဖြစ်သည်။
နောက်ဆုံးစာလုံးဖြစ်သည့် “Lost”တွင် ပါဝင်သည့် “T” ၏ အဓိပ္ပာယ်မှာ “Take away other side” မိမိ၏အဝေးသို့ ဖယ်ထုတ်ရမည်။ မူးယစ်ဆေးဝါးကို တစ်ကြိမ်စမ်းသုံးရုံမျှဖြင့် မူးယစ်နွံအတွင်း သက်ဆင်း၍ မူးယစ်ဆေးဝါး၏ သားကောင်မဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို မိမိ၏ အဝေးသို့ ဖယ်ထုတ်နိုင်ရမည်ဖြစ်သည်။
“Lost” ဆိုသည့် စကားလုံးဝေါဟာရ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရသော် လူသားဘဝတိုးတက်ဖို့ မူးယစ်ဆေးဝါးကို ရှောင်ရှားနိုင်စေရန် လူသားတို့၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို တွန်းလှန်ဖယ်ရှားထိန်းချုပ်ရမည် ဖြစ်ပါသည်။
ယနေ့လူငယ်များအား အဖိုးထိုက်တန်သည့် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် နိုင်ငံတော်က နိုင်ငံအကျိုးပြုမည့် လူငယ်လူရွယ်များအဖြစ် ပြုစုပျိုးထောင်နေခြင်းသည် လူငယ်မောင်မယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိမြင်ရှောင်ကြဉ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းအမျိုးမျိုးနှင့် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြပါသည်။
အနာဂတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကဏ္ဍတို့တွင် အသီးသီးပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် လူငယ်၊ လူရွယ်၊ လူလတ်များသည် ကျန်းမာကြံ့ခိုင်စွမ်းရည်မြင့်မားပြီး လမ်းမှန်ပေါ်ရောက်ရှိရေးအတွက် ပြည်သူပြည်သားများကလည်း နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူအားလုံး ပူးပေါင်းပါဝင်ပြီး ကောင်းကျိုးမပေးသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကြကာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ကြရန် အထူးလိုအပ်လှပါသည်။ သို့မှသာ အနာဂတ်နိုင်ငံတော်တွင် မူးယစ်ကင်းစင်သည့် လူသားတို့၏ လူမှုဘဝအသိုက်အဝန်းကို ဖန်တီးတည်ဆောက်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
နိုင်ငံတော်သည် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိမိနိုင်ငံအလိုက် ဆောင်ရွက်နေကြသည့်အစီအမံများ၊ အတွေ့အကြုံများနှင့် အကျင့်ကောင်းများကို တာဝန်ရှိသူများအနေဖြင့် မူးယစ်ဆေးဝါးကာကွယ်ထိန်းချုပ်ရေးကို ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများအား အသိပညာပေးမှု၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ဒေသတွင်းမူးယစ် ဆေးဝါးအန္တရာယ်ကာကွယ်ထိန်းချုပ်နိုင်ရေးတို့ကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်စေရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်၏ ဦးဆောင်မှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်ကာကွယ်ပြီး အစီအမံများ ပြုလုပ်နိုင်ခြင်းသည် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် မိတ်ဖက်များ၏ ကူညီပံ့ပိုးမှုကို အလေးထားဆောင်ရွက်ခြင်းတို့ လိုအပ်လှပါသည်။ မူးယစ်ဆေးဝါး ထိန်းချုပ်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးတို့သည် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် မူးယစ်ဆေးဝါးကာကွယ် တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့ကို အကူအညီပေးဆောင်ရွက်လျက်ရှိပါသည်။
နောက်ဆုံးအနေဖြင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားတစ်ဦးချင်းစီမှသည် ကမ္ဘာကြီးအထိ ခြောက်လှန့်အန္တရာယ်ပြုနေသည်။ ကမ္ဘာပေါ်ရှိ လူသားအားလုံး ဘဝတိုးတက်ရန်မှာလည်း မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တိုက်ဖျက်ရန် အထူးလိုအပ်နေပါသည်။ ယနေ့ကမ္ဘာတွင် သာယာလှပသည့် နိုင်ငံတော်ကြီးဖြစ်စေရန် “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်မှန်သမျှတိုက်ထုတ်စို့” ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးအန္တရာယ်ကနေ ရှောင်ရှားနိုင်စေရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ ။