Skip to main content

လူ့တစ်ကိုယ်လုံး ဥပစာအသုံး

ယဉ်(မြန်မာစာ)

ကျွန်မတို့ဟာ မြန်မာစာ၊ မြန်မာစကားကို နေ့စဉ်ရေးသားပြောဆိုနေကြရပါတယ်။ ထိုသို့ရေးသားပြောဆိုတဲ့ စကားလုံးဝေါဟာရတွေမှာ ရိုးရိုးအနက်အဓိပ္ပာယ်သာရှိသလို တင်စားထားတဲ့ ဥပစာအနက်အဓိပ္ပာယ်ပါရှိတဲ့ အသုံးအနှုန်းများလည်း ပါဝင်နေပါတယ်။ ဥပစာသုံးများဟာ နယ်ပယ်အမျိုးမျိုးက ဆင်းသက်လာတာကို တွေ့ရပါတယ်။

လူကိုအခြေပြုတဲ့ ဥပစာစကားများ၊ လူ့အသုံးအဆောင်များကိုအခြေပြုတဲ့ ဥပစာစကားများ၊ ဝတ်စားဆင်ယင်မှုဆိုင်ရာ ဥပစာစကားများ၊ စားသောက်နေထိုင်မှုဆိုင်ရာ ဥပစာစကားများလုပ်ငန်းအသီးသီးကိုအခြေခံတဲ့ ဥပစာစကားများစသည်တို့ဖြစ်ပါတယ်။ ယခုတင်ဆက်မယ့် ဥပစာဝေါဟာရများကတော့ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို တင်စားသုံးနှုန်းထားတဲ့ ဥပစာစကားများပဲဖြစ်ပါတယ်။

လူတို့နေ့စဉ်စကားပြောဆိုကြရာမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြတဲ့ “မျက်နှာကြီးရာဟင်းဖတ်ပါတယ်”၊ “နှာခေါင်းကျည်ပွေ့တွေ့တယ်”၊ “ဦးနှောက်ဖောက်စားခံရတယ်”ဆိုတဲ့ အသုံးတွေဟာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့ ဂုဏ်ထူးဝိသေသ၊ ပြုမူလှုပ်ရှားပုံ၊ စွမ်းရည်သတ္တိတွေကို အစွဲပြုတင်စားထားတဲ့ ဥပစာအသုံးအနှုန်းများပဲဖြစ်ပါတယ်။

ပထမဦးစွာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများထဲက အရေးပါဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “ဦးခေါင်း”ကနေစတင်ပါမယ်။ “သားသမီးမကောင်း မိဘခေါင်း”၊ “တပည့်မကောင်း၊ ဆရာ့ခေါင်း” ဆိုတဲ့ စကားမှာ သားသမီးများ၊ တပည့်များမလိမ္မာပါက ပြောဆိုဆုံးမရမည့်မိဘများ၊ ဆရာများဝတ္တရား ပျက်ကွက်တယ်လို့ယူဆပြီး ဆရာမိဘအပေါ် အပြစ်ပုံကျတဲ့အတွက် တာဝန်ဝတ္တရားကို“ဦးခေါင်း” နှင့်တင်စားထားတာကို တွေ့နိုင်ပါတယ်။

လူတော်၊ လူကောင်းတွေကို “ခေါင်းခေါက်” ပြီးရွေးယူတယ်လို့ဆိုရာမှာ အကောင်းဆုံးတွေကို ရွေးချယ်စိစစ်ပြီးယူတဲ့သဘောဖြစ်ပြီး လူဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုခုဖြစ်စေ “ခေါင်းထောင်” လာတယ်ဆိုတာကတော့ “ပြန်လည်ကြီးပွား ရှင်သန်”လာတဲ့သဘောနဲ့ ဥပစာတင်စားသုံးနှုန်းထားတာဖြစ်ပါတယ်။

ဦးခေါင်းခွံအတွင်းမှာတည်ရှိနေတဲ့ “ဦးနှောက်” နဲ့ပတ်သက်တဲ့ ဥပစာစကားတွေလည်း ရှိပါတယ်။ “စိတ်ရှုပ်ထွေးတာ”ကို “ဦးနှောက်ရှုပ်တယ်”၊“အခက်အခဲအကျပ်အတည်းကို ရှင်းလင်းဖို့ ဆုံးဖြတ်ရခက်၊ ဝေခွဲရခက်ခဲ”တဲ့အနေအထားကို “ဦးနှောက်ခြောက်”တယ်လို့သုံးပြီး “စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေပြေပျောက်သွားတာ”ကိုတော့ “ဦးနှောက်ရှင်း” သွားတယ်လို့ သုံးလေ့ရှိပါတယ်။ “ဦးနှောက်” ကိုပင်ထပ်မံ၍ “ဉာဏ်အရည်အသွေး”နဲ့ တင်စားသုံးစွဲတတ်ကြပါသေးတယ်။ “ကောက်ကျစ်စဉ်းလဲ တဲ့အကြံအစည်”ကို “ဉာဏ်နီဉာဏ်နက်”၊ “ကလိမ်ကျ”တာကို “ဉာဏ်များ”တယ်။ ပါးနပ်မှု မရှိတာကို “ဉာဏ်တုံး”တယ် “ဉာဏ်နည်း” တယ်လို့ သုံးလေ့ရှိပြီး “ထူးချွန်ထက်မြက်”တာကိုတော့ “ဉာဏ်ကောင်း”တယ် “ဉာဏ်ထက်”တယ်လို့ သုံးတတ်ကြပါတယ်။

ဆက်လက်ပြီး “မျက်နှာ”နဲ့ပတ်သက်တဲ့ ဥပစာတွေအကြောင်းဆက်ပါ့မယ်။ “မျက်နှာ”ရဲ့ ဥပစာအနက်ကတော့ “ငဲ့ကွက်ထောက်ထားရမည့် ဂုဏ်၊ ကျေးဇူး”ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် “ခွေးရိုက်ချင်ရင်တောင် ခွေးရှင်မျက်နှာထောက်ရသေးတယ်” ဆိုတဲ့စကားကို သုံးနှုန်းလေ့ရှိကြတာပါ။ မျက်နှာနဲ့ပတ်သက်တဲ့ ဥပစာတွေကတော့ “ချစ်ခင်နှစ်သက်ခြင်း၊ အလေးပေးခြင်းခံရ” ရင် “မျက်နှာရတယ်” “မျက်နှာပွင့်”တယ်၊ “ခင်မင်ရင်းနှီးမှုပျက်”တာကို “မျက်နှာပျက်ရတယ်”၊ “ဂုဏ်သိက္ခာကျဆင်း”တာကို “မျက်နှာငယ်တယ်”၊ ဖြစ်လိုရာဖြစ်စေလို့ တာဝန်မဲ့သဘောထားတာကို “မျက်နှာလွှဲခဲပစ်” လုပ်တယ်လို့ သုံးစွဲကြပါတယ်။

တစ်ဖန် “မျက်နှာ”မှာပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ “မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ လည်ပင်း” စတာတွေနဲ့ တင်စားထားတဲ့ ဥပစာတွေအကြောင်းဆက်ပါမယ်။ “သက်ရှိ၊ သက်မဲ့အရာတစ်ခုခုကို ရယူလိုကြောင်းလက္ခဏာပြတာ”ကို “မျက်စပစ်”တယ်၊ “ရယူလိုစိတ်နဲ့ ရည်မှန်းတာ”ကို “မျက်စောင်း ထိုးတယ်”၊ ဘယ်ကိစ္စမဆိုအရှည်ကိုမမြော်မြင်တဲ့ အကြောင်းကို “မျက်မွေးတစ်ဆုံး” ပဲကြည့်တယ်လို့ သုံးနှုန်းကြသလို အသိအမြင်တိုးတက်ပြီး ဉာဏ်ပွင့်လင်းတာကို “မျက်စိပွင့်” တယ်၊ အမြင်ကျယ်တာကို “မျက်စိကျယ်တယ်”လို့ သုံးကြပြီး ရှင်းရှင်းလင်းလင်း သဘောမပေါက်တာကို “မျက်စိလည်”တယ်၊ အခက်အခဲအကျပ်အတည်းကြီးမားစွာ ကြုံတွေ့ရတာကို “မျက်ဖြူဆိုက်”တယ်လို့ သုံးလေ့ရှိပြီး တစ်ဦးတစ်ယောက်ကွယ်လွန်သွားတာကို “မျက်ကွယ်ပြုသွားပြီ၊ မျက်စိမှိတ်သွားပြီ”လို့ တင်စားသုံးနှုန်းကြတာကို တွေ့မြင်နိုင်ပါတယ်။

နှာခေါင်းနဲ့ပတ်သက်တဲ့ ဥပစာစကားလေးတွေကတော့ အကြောင်းတစ်စုံတစ်ရာကြောင့် ဘာမှမပြောဘဲ နှုတ်ပိတ်နေတာကို ပုံပြင်ထဲက ယုန်ကလေးပြောတဲ့စကားယူပြီး “နှာစေး” နေတယ်လို့သုံးစွဲပြီး မနှစ်သက်တဲ့သဘောကိုပြလိုရင်တော့ “နှာခေါင်းရှုံ့”တယ်လို့ သုံးနှုန်းကြတယ်။ အခက်အခဲ၊ အကျပ်အတည်းနဲ့ကြုံတွေ့ရတာကိုတော့ “နှာခေါင်းကျည်ပွေ့တွေ့တယ်” လို့ သုံးတတ်တာတွေ့နိုင်ပါတယ်။ အပွဲပွဲတွင်အနိုင်ရ၊ အသာစီးရလာပြီးမှ တစ်ချီချီတွင် အရေးနိမ့်သွားတဲ့အခါမျိုးတွင်မှာတော့ “အပွဲပွဲနွှဲခဲ့သမျှ ဒီတစ်ချိန်တွင် “နှပ်” ပစ်ခံရတယ်” လို့ တင်စားသုံးစွဲကြပါတယ်။

ပါးစပ်နဲ့ပတ်သက်တဲ့ ဥပစာအသုံးလေးတွေ လည်းရှိပါသေးတယ်။ ပါးစပ်ရဲ့အစိတ်အပိုင်းတွေထဲမှာ “နှုတ်ခမ်း၊ လျှာ၊ သွား” စတဲ့ အင်္ဂါတွေပါဝင်ပါတယ်။ “နှုတ်ခမ်း”နဲ့ပတ်သက်တဲ့ ဥပစာစကားတွေကတော့ မိဘဆရာစသူတို့ကို ပြန်ခံပြောဆိုတဲ့အခါ “နှုတ်”ကို “လှံ” အဖြစ်တင်စားပြီး “နှုတ်လှံထိုး”တယ်လို့ သုံးနှုန်းလေ့ရှိပါတယ်။ “လျှာ”ဟာ ပါးစပ်ထဲမှာရှိတဲ့ အရသာခံစားနိုင်၊ လှုပ်ရှားနိုင်တဲ့အင်္ဂါတစ်ခုဖြစ်သလို စကားပြောနိုင်တဲ့ အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် စကားနဲ့ပတ်သက်တဲ့ ဥပစာအသုံးတွေမှာ “လျှာ” ကိုဖလှယ်ပြီး သုံးစွဲထားကြတာကို တွေ့မြင်နိုင်ပါတယ်။ တစ်စုံတစ်ရာကိုပြောလိုစိတ် အလွန်ထက်သန်နေတဲ့အခါ “ပြောပြချင်လိုက်တာ လျှာကိုယားနေတာပဲ”လို့ သုံးနှုန်းကြပြီး မလိုအပ်ဘဲစကားတွေ ရှည်ရှည်ဝေးဝေးပြောတာကိုတော့ “လျှာရှည်”တယ်လို့ သုံးကြပါတယ်။ မစားဘူးတဲ့ အစားအစာတစ်ခုခုကိုစားပြီး နှစ်သက်လွန်းလို့ ထပ်ခါတလဲလဲစားလိုတဲ့အခါ “လျှာလည်” သွားတယ်လို့ တင်စားသုံးစွဲကြပါတယ်။ ပါးစပ်ထဲမှာရှိတဲ့သွားအကြောင်းဆက်ပါဦးမယ်။ အတွေ့အကြုံအလွန်များတဲ့အဖြစ်ကို “အံခွ”နေပြီ၊ “အံတို” နေပြီလို့ သုံးလေ့ရှိပါတယ်။

လျှာနဲ့ဆက်စပ်နေတဲ့ “သွားရည်”နှင့်ပတ်သက်တဲ့ ဥပစာအသုံးတွေလည်း ရှိပါသေးတယ်။ တစ်စုံတစ်ရာကို လိုလားတပ်မက်စိတ်ဖြစ်ပေါ်သည်ကို “သွားရည်ယိုတယ်၊ သွားရည်ကျတယ်”လို့ တင်စားတတ်ကြပါတယ်။ လူအများကဲ့ရဲ့ပြစ်တင်ခြင်းခံရတာကို “တံတွေးကွက်ပက်လက်မျောတယ်”လို့ သုံးတတ်ကြပါတယ်။ တစ်ဖက်သတ်ပြုမူပြောဆိုသမျှကို မတုံ့ပြန်ဘဲငုံ့ခံနေရတဲ့အဖြစ်ကိုတော့ “လည်စင်းခံ”တယ်လို့သုံးကာ၊ “ငွေကြေးကိစ္စပဲဖြစ်ဖြစ် ဆောင်ရွက်ရန်အလုပ်ကိစ္စပဲဖြစ်ဖြစ် အကြွေးအမြောက်အမြားတင်” နေရင်တော့ “ကြွေးလည်ပင်းခိုက်”နေပြီလို့ တင်စားလေ့ရှိပါတယ်။

ဆက်လက်ပြီး ကိုယ်ခန္ဓာမှာအလွန်အလုပ်များတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “လက်”အကြောင်း ပြောပါမယ်။ အစစအရာရာအားထားခိုင်းစေ၍ရသူ ကို “လက်ကသုံးတောင်ဝှေး”ဟု သုံးသလို၊ “အမြဲစွဲပြီး အသုံးပြုသောအရာကို “လက်ကိုင်”၊ “တစ်စုံတစ်ယောက်ရဲ့ကိုယ်ကျိုးအတွက် အသုံးချခံရသူ”ကို “လက်ကိုင်တုတ်”လို့ သုံးလေ့ရှိတာကို တွေ့နိုင်ပါတယ်။ “သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း လျှို့ဝှက်ကြံစည်တာ”ကို “လက်သီးပုန်းထိုးတယ်”လို့ ပြောတတ်သလို၊ “တစ်စုံတစ်ရာကို ပြုလုပ်ချင်စိတ်ပြင်းပြနေတာ” ကိုတော့ “လက်ယား” နေတယ်လို့ သုံးလေ့ရှိပါတယ်။ “ဘယ်ကိစ္စမျိုးမဆို ကြိုတင်ညှိနှိုင်းသဘောတူပြီးသား” ဖြစ်နေရင် “လက်ဝါးချင်းရိုက်ထားတယ်”လို့ ပြောတတ်သလို၊ “မိမိနှင့်နီးစပ်သူကို အခွင့်အရေးအကျိုးအမြတ်ရအောင် တိတ်တဆိတ်ပြုလုပ်တာ” ကိုတော့ “လက်သိပ်ထိုး” တယ်လို့ သုံးလေ့ရှိပါတယ်။

“လက်ချောင်းလေး”တွေရဲ့ တင်စားမှုဥပစာ စကားတွေလည်းရှိပါသေးတယ်။ “တစ်ပါးသူတို့ ကဲ့ရဲ့ခြင်း အပြစ်တင်ခြင်းခံရ”သည်ကို “လက်ညှိုးထိုး” ခံရတယ်လို့ပြောတတ်သလို “မာန်ဝင့်ခြင်း၊ ဝင့်ဝါခြင်းဖြစ်တာကို “လက်မထောင်”တယ်လို့ သုံးလေ့ရှိပါတယ်။ မျှော်လင့်ချက်ကင်းမဲ့လို့ စိတ်အားလျှော့တာကို “လက်မှိုင်ချတယ်” သုံးတတ်သလို၊ “ခိုးတတ်ဝှက်တတ်တာ”ကို ဥပစာစကားအနေနဲ့ “လက်ဆော့တယ်”လို့သုံးလေ့ရှိပါတယ်။ လက်နဲ့ပတ်သက်တဲ့ဥပစာတွေ အများကြီးရှိသေးပေမယ့် ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းတွေထဲက နောက်ထပ်အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “ခြေထောက်”နဲ့ပတ်သက်တဲ့ ဥပစာစကားတွေဆီ ဆက်ပါဦးမယ်။

တစ်နေရာရာကို ကြိမ်ဖန်များစွာသွားလာရနေမှုအား “ခြေတို” အောင်သွားရတယ်လို့ တင်စားကာ အလုပ်ကိစ္စတစ်ခုခု အမြန်ဆုံးပြီးမြောက်အောင် အားထုတ်ဆောင်ရွက်တာကို “ခြေကုန်သုတ်” ရတယ်လို့သုံးလေ့ရှိပါတယ်။ ကိစ္စတစ်စုံတစ်ရာအတွက် ရှုပ်ယှက်ခတ်အောင် လှုပ်ရှားသွားလာ ဆောင်ရွက်နေပုံကို “ခြေချင်းလိမ်”တယ်လို့ သုံးလေ့ရှိကြပါတယ်။ အကြံအစည်တစ်ခုခုအတွက် ဆောင်ရွက်လှုပ်ရှားမှုများနေတာကို “ခြေများ”တယ်လို့ တင်စားသုံးနှုန်းတတ်ပါတယ်။

“ကြံစည်လုပ်ကိုင်ပုံ”ကိုလည်း “ခြေလှမ်း”နဲ့တင်စားလေ့ရှိကြပါတယ်။ တစ်စုံတစ်ယောက်က တစ်စုံတစ်ခု ကြံစည်လုပ်ကိုင်တော့မည့်အနေအထား ကို “ခြေလှမ်းပြင်” နေပြီလို့သုံးပြီး ကြံစည်လုပ်ကိုင် ပုံကျယ်ပြန့်လာလျှင် “ခြေလှမ်းကျဲ” တယ်လို့သုံးကာ ကြံစည်လုပ်ကိုင်ပုံ လျင်မြန်လာလျှင်တော့“ခြေလှမ်းသွက်” နေတယ်လို့ ဥပစာပြုသုံးစွဲကြပါတယ်။

တစ်စုံတစ်ယောက်ရဲ့လုပ်ပုံကိုင်ပုံ “မူမမှန်တိမ်းချော်လာရင်”တော့ “ခြေလှမ်းပျက်”လာပြီ လို့သုံးပြီး လုံးဝပျက်စီးသွားပါက “ခြေလှမ်းမှား”သွားပြီလို့ တင်စားသုံးစွဲကြပါတယ်။ တစ်စုံတစ်ဦးမောက်မာဝင့်ကြွားကာ စိတ်ကြီးဝင်နေတဲ့အခြေအနေကို “လူတကာ့ခြေနင်းဖတ်” ဖြစ်ရတယ်လို့ ဥပစာပြုပြောတတ်ကြပါတယ်။

ကိုယ်ခန္ဓာအစိတ်အပိုင်းတွေထဲက “ရင်ဘတ်”တို့ “ကျောပြင်”တို့နဲ့ သက်ဆိုင်တဲ့ဥပစာ စကားတွေကို တင်ပြပါဦးမယ်။ မိမိတို့ရဲ့ “သားသမီးရတနာလေး” တွေကို “ရင်နှစ်သည်းချာ”လို့ တင်စားကြ သလို “အမြဲမပြတ်စောင့်ရှောက်ထိန်းသိမ်းရတဲ့အဖြစ်”ကို “ရင်အုပ်မကွာ” စောင့်ရှောက်တယ်လို့ သုံးကြပါတယ်။ “စိုးရိမ်ကြောင့်ကြခြင်း”ကို “ရင်မ” နေရတယ် “ရင်ပူ” နေရတယ်လို့သုံးနှုန်းပြီး အလွန် အမင်းစိုးရိမ်ကြောင့်ကြ ပူပန်နေရတဲ့အဖြစ်ကို ရင်တမမနဲ့ဖြစ်နေတယ်လို့သုံးကာ စိုးရိမ်ခြင်းပြေပျောက်ရတဲ့အဖြစ်ကို “ရင်ချောင်” သွားတယ် “ရင်အေး” သွားတယ်လို့ သုံးနှုန်းလေ့ရှိပါတယ်။

ဒါ့ပြင် “အသက်”ကဲ့သို့ အ‌ရေးပါအရာရောက်တဲ့ သက်ရှိသက်မဲ့တို့ကို “သူ့ရဲ့အသက်ကလေး၊ အသက်ဘူးကလေး”လို့ ခေါ်ဝေါ်ကြသလို၊ “အရေးပါ အရာရောက်တဲ့အရာကို “အသက်သွေးကြော”လို့ တင်စားပြန်ပါတယ်။ “လုပ်ငန်းတစ်စုံတစ်ရာ ရပ်တန့်မသွားဘဲ ဆက်လက်တည်တံ့စေရန် တစ်စုံတစ်ရာက အထောက်အကူပြုပေး”တာကို “အသက် ဆက်”တယ်လို့ ပြောဆိုကြပြီး “အခက်အခဲအကျပ်အတည်းက လွတ်မြောက်နိုင်တဲ့အခွင့်အရေး”ကို “အသက်ရှူပေါက်”လို့ တင်စားကြကာ၊ “စားဝတ်နေရေးစတဲ့ အခက်အခဲတစ်စုံတစ်ရာကို ကျော်လွှားနိုင်ပြီး စိတ်သက်သာရာနဲ့အနေအထားကို “အခုမှပဲ အသက်ရှူချောင်” သွားတော့တယ်လို့ ပြောဆိုတတ်ကြပါတယ်။

လုပ်ငန်းတစ်စုံတစ်ရာရဲ့ ရှင်သန်ရပ်တည်မှု ဖြစ်ထွန်းကြီးပွားမှု စတာတွေရပ်စဲပြီး ပျက်စီးလုဆဲဆဲဖြစ်နေရတဲ့အနေအထား” ကိုတော့ “အသက်ငင်” နေတယ်လို့သုံးကြတာ တွေ့ရပါတယ်။ လူရဲ့ “အရိပ်”ကိုတောင် “အားထားစရာ၊ ခိုလှုံစရာ” လို့တင်စားပြီး “မိဘအရိပ်အောက်မှာနေခဲ့စဉ်က အင်မတန်အေးချမ်းခဲ့တာ”လို့ သုံးနှုန်းလေ့ရှိကြပါတယ်။ နောက်ဆုံး လူ့တစ်ကိုယ်လုံးရဲ့ အခြေခံဖြစ်တဲ့ “အရိုး” ကိုအစွဲပြုပြီး သုံးထားတဲ့ဥပစာ အသုံးလေးနဲ့ နိဂုံးချုပ်ပါမယ်။ လောကဓမ္မတာအိမ်ထောင်တစ်ခုရယ်လို့ တည်ထောင်ကြပြီဆိုရင် ဇနီး၊ ခင်ပွန်းတို့ဟာ သေတပန်သက်တစ်ဆုံး ပေါင်းသင်းကြရဖို့ကို “ရိုးမြေကျ၊ သက်ဆုံးတိုင်ပေါင်းဖက်ကြရပါစေ” ဆိုတဲ့စကား လူကြီးသူများက ဆုပေးလေ့ရှိကြတာကို တွေ့မြင်နိုင်ပါတယ်။

ယခုတင်ပြခဲ့တဲ့ “လူ့တစ်ကိုယ်လုံး ဥပစာအသုံးများ”ဟာ မကုန်သေးပါဘူး။ အင်မတန်ကျယ်ပြန့်တဲ့ မြန်မာဘာသာစကားနယ်ပယ်မှာ အသစ်အသစ်သော ဥပစာအသုံးများဟာ ပေါ်ပေါက်နေဦးမှာဖြစ်သလို နေ့စဉ်သုံးစကားတွေထဲက အခန်းကဏ္ဍလေးတစ်ခုကို ခြုံငုံမိအောင် အကျဉ်းမျှတင်ပြလိုက်ရခြင်းသာဖြစ်ပါတယ်။ ။