အနာဂတ်သို့ ခြေလှမ်းများ
လက်ျာ
ဇလဗေဒဆိုသည်မှာ မိုးလေဝသနှင့်ရာသီဥတုတို့ကို ကြိုတင်ခန့်မှန်းနိုင်ရန်လေ့လာခြင်း၊ တွက်ချက်ခြင်းတို့ပြုလုပ်ရသော ဘာသာရပ်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဇလဗေဒ၏အဓိပ္ပာယ်ကို အလုပ်မဝင်ခင်အထိဘာမှန်းမသိခဲ့။ ကျောင်းတွင်လည်း မသင်ခဲ့ရ၊ ပြင်ပ၌လည်း မကြားစဖူး၊ လုပ်ငန်းခွင်ကျမှ သေသေချာချာ သိနားလည်လာရခြင်းဖြစ်၏။
သူက မိုးလေဝသဌာနတစ်ခုမှာ အလုပ်လုပ်သည်။ ဘာမျှနားမလည်ဘဲ အစိမ်းသက်သက် ဝင်ရောက်လုပ်ကိုင်ခဲ့သည်တော့မဟုတ်။ အလုပ်မရခင် သင်တန်းအရင်တက်ခဲ့ရသေးသည်။ မိုးလေဝသနှင့်ဆိုင်သောအချက်အလက်များကို စစ်တမ်းကောက်ယူခြင်း၊ လေ့လာသုံးသပ်ခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို အကျွမ်းဝင်လာတော့မှ လုပ်ငန်းခွင်ဝင်ရလေသည်။
သူသည် လူပျိုလူလွတ်ဖြစ်၍ မိဘနှင့်အတူနေသူမို့ ဘတ်စ်ကားနှင့်ရုံးတက်ရ၏။ သူနေသောမြို့သစ်မှ ဇလဗေဒဌာနသို့ ကားအကြာကြီးစီးရသည်။ ထိုအခါ လူပေါင်းစုံနှင့် ထိတွေ့ရသလို သဘာဝဝန်းကျင်မျိုးစုံကိုလည်း မြင်တွေ့ရလေသည်။
သူသည် သဘာဝကိုချစ်သူဖြစ်၏။ သဘာဝကျသော သဘာဝ၏အလှများကို တစိမ့်စိမ့်ကြည့်ရှု ခံစားနေတတ်ခြင်းကိုက သူ၏သဘာဝဖြစ်သည်။ လမ်းဘေးဝဲ၊ ယာရှိ ကောက်ပင်စိမ်းစိမ်းများ၊ အရေခွံခွာချလိုက်သော ယူကလစ်ပင်များမှစ၍ စိုစွတ်နေသောလမ်းပေါ်၌ တင်ကျန်ရစ်သည့် ရေအိုင်လေးများ၊ နှင်းများတွဲခိုနေသည့် မြက်တောများအထိ သူသဘောကျ၏။
ထို့ကြောင့်လည်း သဘာဝကိုလေ့လာရသော ဇလဗေဒ၌ သူအာရုံဝင်စားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူ့ထံသို့နေ့စဉ်သဘာဝ၏ အချက်အလက်များစွာ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာသည်။ ဌာနခွဲများမှ ပေးပို့လိုက်သော မြစ်ရေမှတ်တိုင်းတာခြင်း၊ ရေစီးထုထည်၊ သဲနုန်းထုထည် စီးဆင်းမှုတိုင်းတာချက်၊ မြစ်ရေအရည်အသွေးစသည်တို့ကို သူတို့က မှတ်တမ်းတင် တွက်ချက်ကြရသည်။
မိုးရေချိန်၊ လေတိုက်နှုန်း၊ ဘင်္ဂလားပင်လယ်အော်အခြေအနေ စသည်တို့ကိုလည်း စောင့်ကြည့်လေ့လာ၍ ခန့်မှန်းချက်ထုတ်ပြန်ကြရ၏။ သို့သော်သူ့ထံရောက်ရှိလာသော သတင်းအချက်အလက်များမှာ ဌာနခွဲများမှပေးပို့ချက်ချည်းတော့ မဟုတ်ချေ။ နေ့စဉ်မြင်တွေ့နေရသော ပတ်ဝန်းကျင်ကလည်း မိုးလေဝသကို ခန့်မှန်းပေးတတ်၏။
စာကလေးများအမိုးကြားသို့ တိုးဝင်အသိုက်ဆောက်နေကြပြီဆိုလျှင် မိုးကြီးရွာတော့မည်ဟု ရွာတွင်နေခဲ့စဉ်က မှတ်သားရဖူးသည်။ ယခုမြို့တွင်တော့ ပုရွက်ဆိတ်များတွင်းမှထွက်၍ အိမ်နံရံများတစ်လျှောက် ဥများသယ်ကာသွားလာနေကြပါက မိုးများမည်၊ ရေကြီးမည်ဟု သိနေကြပြီ။
ဘတ်စ်ကားစီးရင်း တွေ့ရသူတို့ကလည်း သူတို့ဘာသာ မိုးလေခန့်မှန်းနိုင်ကြပါပေသည်။ သူတို့စကားများကို နားဆင်ကြည့်ပါဦး။
“စနေထောင့်မှာ မည်းနေတာပဲ၊ ညနေတော့ မိုးမိပါပြီ” “မိုးသားတွေ ပွနေတာများ ဖွေးဖွေးလှုပ်လို့။ မိုးဖြူမစဲ မိုးမည်းမရွာဆိုတဲ့အတိုင်း ဒီနေ့တစ်နေ့လုံးချတော့မှာ”
“သားချေ... ကြားလား၊ ရေဆုတ်သွားပြီဆို။ နင့်အဖေကို လှေမဆင်းခိုင်းနဲ့ဦးနော်။ အေး…အေး… ကုန်းပေါ်တက်နေကြ... ကြားလား” ဤသို့သော ဘာသာဘာဝခန့်မှန်းချက်များကို နေ့စဉ်လိုလို ကြားနေရတတ်၍ သူပြုံးမိသည်။ တိရစ္ဆာန်များလောက် အားမကောင်းသော်ငြားလူတို့တွင်လည်း မိုးလေဝသကို ကြိုတင်အာရုံခံနိုင်သော အသိရှိကြပေ၏။ တစ်ခါတစ်ရံ ခရီးသည်များသည် သူတို့ဌာနမှ ထုတ်ပြန်ချက်များအပေါ် ဆွေးနွေးပြောဆို အသိပေးကြသည်လည်းရှိ၏။
“ဟဲ့... နင် ကြားပြီးပြီလား။ ၂၁ ရက်ကနေ ၂၅ ရက်အထိ မုန်တိုင်းရှိတယ်တဲ့” “အင်း... ကြားတယ်၊ တို့ဆီက အဖျားခတ်ရုံပါ။ ရခိုင်နဲ့ ဧရာဝတီဘက် ဝင်မယ်ပြောတာပဲ” “အတွင်းထဲထိ မဝင်လောက်ပါဘူး။ အနောက်မြောက်ဘက်ကို ရွေ့လျားနေတာဆိုတော့။ မိုးတော့ များဦးမှာပဲနော်” “တို့ရွာတွေ မိုးမျှော်နေတာ တစ်ပေါက်တောင်မကျသေးဘူး။ မုန်တိုင်းရှိမှပဲ သီးနှံတွေ မပစ်ရမှာ” ဟုတ်ပေ၏။ မြန်မာနိုင်ငံမှ တောင်သူအများစုသည် မိုးနှင့်အလုပ်လုပ်ကြရသည်။ မိုးရာသီကိုချိန်၍ သီးနှံစိုက်ပျိုးကြ၏။ ရွာသင့်ချိန်မရွာလျှင် သောကရောက်ကြရသလို အလွန်အကျွံမိုးကြီးလျှင်လည်း စိုက်ခင်းများရေမြုပ်သွားတတ်ပြန်၏။ သူတို့အဖို့မိုးလေဝသသတင်းသည် အခြားသောပြည်သူများထက် အပြောများသော၊ စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာမျိုးဖြစ်လေသည်။
သူတို့သာလော၊ မဟုတ်ပါ။ ရေလုပ်ငန်းနှင့် အသက်မွေးကြသည့် တံငါ၊ ငါးဖမ်းလှေ၊ လှေသမား၊ သင်္ဘောသားတို့သည်လည်း မိုးလေဝသသတင်းကို မပြတ်နားစိုက်နေကြရသည်သာ။ သူတို့အတွက်ပို၍ပင် အရေးကြီးသေးသည်။ မြစ်ရေကြီးမည်၊ ရေနည်းမည်၊ ပင်လယ်ပြင်၌ လှိုင်းထန်မည် သို့မဟုတ် မုန်တိုင်းရှိသည်ဟူသော သတင်းများသည် အသက်နှင့်အမျှ အဖိုးတန်သည် မဟုတ်ပါလား။
ထို့ကြောင့် မိုးလေဝသနှင့်ဇလဗေဒဝန်ထမ်းများအဖို့ အချိန်မှန်သတင်းမှန်ထုတ်ပြန်နိုင်ရန် လိုအပ်သလို ထူးခြားသတင်းများကိုလည်း တိကျသည်ထက် တိကျအောင် ခန့်မှန်းနိုင်ရန် အရေးကြီး၏။ သဘာဝဘေးနှင့်ဆိုင်သောအခါ သူတို့ပို၍ ဝါယမစိုက်ကြရသည်။ လူ့အသက်ပေါင်းများစွာကိုကယ်တင်နေသည့် သူရဲကောင်းကြီးများအလား ကြိုးစားကြရလေသည်။
သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ကြားရလျှင် စိတ်မကောင်းဖြစ်မိသော်လည်း သဘာဝကို သူအပြစ်မမြင်ပါ။ သဘာဝဘေးမှာ လူတို့၏ ပေါ့ဆမှုနှင့် မထီမဲ့မြင်မှုများပါနေသောကြောင့်ဖြစ်သည်။ သို့ရာတွင် လူတွေကိုလည်း အပြစ်မတင်လို၊ တစ်ဝမ်းတစ်ခါးစာမက ရုန်းကန်နေကြရသူများအဖို့ သဘာဝကိုအထူးတလည် ထိန်းသိမ်းပြုပြင်နေရလောက်အောင် မတတ်နိုင်ကြသည်ကို မျက်မြင်တွေ့ထိ ကြားသိနေရသည်ပဲ။
သူတို့၏ တာဝန်အရ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသည် နံပါတ်(၁) အရေး အကြီးဆုံး ရည်ရွယ်ချက်ဖြစ်၏။ မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေး စသည်တို့ကြောင့် ပြည်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် အတတ်နိုင်ဆုံးကြိုးစားရသကဲ့သို့ ခရီးသွားလာခြင်းနှင့်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရန်လည်းဂရုပြုရ၏။
ယခုလို မိုးရာသီတွင်မုန်တိုင်းဝင်ခြင်း၊ ဒီရေဝင်ရောက်ခြင်း၊ ရေကြီးခြင်းတို့ကြောင့် အလုပ်ပိုများလေ့ရှိ၏။ ထို့ကြောင့် နံနက်စောစောအိမ်မှထွက်ကာ ကားစီးရန် မှတ်တိုင်ရောက်နေသည့် သူသည်ကားစောင့်ရင်း ရွာသို့ဖုန်းဆက်ရာ သံရှည်မြည်သံအဆုံး၌ ကြားနေကျ ဘိုးလေးတင့်၏ အသံကိုကြားရလေသည်။
“ဟလို၊ ဘိုးလေးလား… ဘာတွေ အလုပ်ရှုပ်နေတုံး” “ဟေ ငါ့မြေး၊ ခုပဲဆက်တော့မလို့။ မင့်အဘွားကတောင်ပြောနေတာ။ ရွာကလူတွေကလည်းမေးလှပြီ။ ပျိုးတွေလုပ်နေရတော့ ဒီဘက်မလှည့် အားဘူးကွယ်”
“ဟုတ်လား၊ စိုက်ကြတော့မှာလား”
“မြေးကို မမေးဘဲမစိုက်ပါဘူး။ စိုက်ပြီးမှ မိုးမကျရင် အလကားဖြစ်ကုန်မှာပေါ့ကွယ့်” “မိုးက ဘိုးလေးတို့ဆီမှာ တစ်ရက်နှစ်ရက်အတွင်းတော့ မရွာသေးဘူး။ နောက်တစ်ပတ်ထဲမှ ရွာလိမ့်မယ်ဘိုးလေးရေ” “အေး အေး… တို့လည်း ဒီလို ထင်တာပဲကော။ ဒါပေမယ့်သေချာအောင် မင်းဆီကသတင်း စောင့်ရ သေးတယ်လေ။ နောက်တစ်ပတ်မှ မရွာရင်တော့ ပျိုးပင်တွေ ခြောက်ဖို့။ တို့တော့ ဒီစနေ စစိုက်မယ် မှန်းတာပဲ”
“တနင်္လာလောက်မှ စိုက်ပါလား ဘိုးလေးရဲ့။ ထားလို့မရဘူးလား” “အဲဒီနေ့ လူရမှ ရပါ့မလား။ တခြားသူတွေနဲ့ အပြိုင်ဖြစ်နေရင် လုပ်သားမရဘူးငါ့မြေး” ဖုန်းစပီကာ ဖွင့်ထားပုံရသည်။ အဘွား၏ အသံကိုအနောက်မှကြားရ၏။
“အို… ကိုလေးတင့်၊ စနေ တနင်္ဂနွေမှာ အားလုံးစိုက်ကြမှာကို။ တနင်္လာမှဆို လူတောင်ရှင်းသေး။ ရတယ်ပြောလိုက်” “အေး… အေး၊ အေးပါကွာ။ ကြားထဲ ငါရေဖျန်းထားရမှာပေါ့” သို့နှင့် အနည်းငယ်ပြောပြီး ဖုန်းချလိုက်သည်။ ထို့နောက် တစ်ကိုယ်တည်း ပြုံးမိပြန်သည်။ သူ့အဘိုးအဘွားများသည် ဦးလေးများနှင့်အတူ ရွာမှာပဲ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြဆဲဖြစ်၏။ ဘိုးလေးတို့သည် တောင်သူလယ်သမားများထဲ၌ နှစ်တိုင်းလိုလို အထွက်အကောင်းဆုံး၊ သီးနှံအရဆုံး နာမည်ကျော်များပင်။
ထိုသို့ ရသည်မှာလည်း လုပ်ငန်းကျွမ်းကျင်၍ စည်းစနစ်တကျ လုပ်ကိုင်တတ်ခြင်းအပြင် မြေးဖြစ်သူ၏ အကူအညီများပါသည်ဟု တစ်ရွာလုံးက သတ်မှတ်ပြောဆိုလေ့ရှိကြ၏။ မြေးတစ်ယောက်လုံး မိုးလေဝသဌာနမှာရှိနေမှတော့ ရုပ်မြင်သံကြားနှင့် ရေဒီယိုများကို စောင့်နေစရာမလို၊ လိုအပ်လျှင် သတိပေးချက်ပို့လိမ့်မည်ဖြစ်ကြောင်း သိနေကြသည်။
သည်နှစ် မိုးနည်းမည်၊ မည်သည့်သီးနှံစိုက်သင့်သည်မှစ၍ မည်သည့်ရက် ခရီးမသွားနှင့်၊ မိုးများမည်၊ ကန်သင်းဖြိုထားသင့်ထား၊ ရေလွှဲကြောင်း ဖောက်တန်ဖောက်ဟု သူကမကြာခဏ ဖုန်းဆက်ပြောတတ်သဖြင့် ထိခိုက်မှုအနည်းဆုံးဖြစ်ရသည် ဆိုလျှင်မမှား။ နောက်ပိုင်းတွင် အချို့တောင်သူများသည် သူ့ဖုန်းစောင့်ပြီးမှ လုပ်ငန်းခွင်သို့ သွားကြသောဟူ၏။
သူကအမြဲမှန်သည် မဟုတ်သော်လည်း သေချာလောက်မှပြောတတ်၍ ရွာရှိ ရပ်ဆွေရပ်မျိုးများ၏ အားထားရာ မိုးလေဝသသတင်းထုတ်ပြန်သူဖြစ်လာသည်။ သူမို့ ရွာပြန်သွားလျှင် ကျေးဇူးရှင်ကြီး အလား ဟိုအိမ်ကခေါ် ဒီအိမ်ကပင့်နှင့် အိမ်တကာလည်ကာ ဧည့်သည်လိုက်လုပ်ရတတ်၏။ ဧည့်ခံကြရင်း သူတို့သိလိုသမျှ မေးလာကြသည်ကို ဖြေရသည်။
“မနှစ်ကတို့လယ်တွေ ရေမြုပ်လိုက်တာကွယ်။ လေးလေးတင့်တို့ ပြောပါလျက်နဲ့ သူလေ… သူ၊ ပျင်းအားကြီးနေတာ။ အချိန်မီလုပ်သင့်တာမလုပ်တော့ ပျက်ကရော” အိမ်ရှင်အဒေါ်ကြီးက ကော်ဖီနှင့်မုန့်များချရင်း အိမ်ထောင်ဦးစီးအား အပြစ်တင်သည်ကိုလည်း ဤသို့ကြားရဖူး၏။
“ဪ… ဘယ်ထင်မတုန်းဟ။ အဲဒီတုန်းက မိုးမစွေဘဲ အုန်းဆို ရွာချသကိုး။ တော်တန်ရုံရွာပြီး ပြတ်မယ်ထင်တာပေါ့” ထိုအခါ သူကမိုးလေသတင်းကို နားထောင်၍ အခါအားလျော်စွာ လုပ်သင့်လုပ်ထိုက်သည်တို့လုပ်ပါက ပျက်စီးနိုင်ခြေနည်းပါးကြောင်း၊ သူတို့မိုးလေဝသသမားများသည် စိုက်ပျိုးရေးသမားများအတွက်လည်း ကြည့်ရှုသုံးသပ်တွက်ချက်ထုတ်ပြန်ပေးကြောင်း၊ ထို့ကြောင့် သတင်းမကြည့်ဖြစ်လျှင်တောင် ဘိုးလေးတင့်အိမ်ဝင်၍ စနည်းနာသင့်ကြောင်း ပြေလည်စွာပြောပြရသည်။
“အေးပါ… ငါလည်း နားဝေးတဲ့သူမဟုတ်ပါဘူး။ မင်းအဒေါ်က မြည်တွန်တောက်တီးလွန်းတော့ ဟုန်ပြီး ယောင်နနဖြစ်သွားလို့ပါ” “အမယ်လေး… ဖြစ်ရတယ် ကိုအောင်မြို့ရယ်၊ ဖြစ်ရတယ်။ ဒီလောက်ပြောနေတာတောင် မလှုပ်တာကို” ရွာဓလေ့ကတော့ ထိုသို့ပင်။ အချို့ကအေးလွန်းသည်။ အချို့ကဆူလွန်းသည်။ ယင်းမတူညီမှုများ သူ့ဟာနှင့်သူ သဟဇာတဖြစ်နေကြသည်ကပင် ပျော်စရာ။ ရွာရောက်တိုင်းသူ့မှာကြားစရာက အပြည့်။ ရွာဇာတ်လမ်းများကို နားထောင်ရသည်ကား မရိုးမအီနိုင်ပါချေ။
တစ်ခါတစ်ရံ ကတ်သီးကတ်သတ် အမေးမျိုးနှင့်လည်း ကြုံရတတ်ပြန်သည်။ “မင်းတို့အလုပ်ထဲမှာ ဗေဒင်ဆရာတွေရှိ မဟုတ်လားကွ၊ ကြုံတုန်း ကျန်းမာရေးညံ့နေတာလေး မေးခဲ့စမ်းကွာ” “ဘယ်က ဗေဒင်ဆရာရှိရမှာတုံး ဘကြီးရ၊ ကြံကြံဖန်ဖန်” “နို့… ဘယ်သူက ရှေ့ဖြစ်တွေ ကြိုဟောနေသတုံး” “ဗျာ” ယင်းသို့ ထင်သူများ ရှိသလို အချို့ကလည်း… “မင်းတို့ မိုးလေဝသကလူတွေ လေပူဖောင်းကြီး တွေစီးရမှာပေါ့” “ဂြိုဟ်တုက ပုံတွေကြည့်ပြီး ပြောတာဆိုတော့ အဲဒီဂြိုဟ်တု မင်းတို့လွှတ်တင်ထားတာလား။ ဘယ်လောက်ကုန်သတုံး”
“ဟေ့… နေပါဦးကွ၊ ငါ မရှင်းတာလေး မေးပါရစေဦး။ မင်းတို့ပြောတာ မိုးရေချိန်က နှစ်လက်မ၊ သုံးလက်မလောက်ပဲ ရွာပေမယ့် မြစ်ရေကျဘာလို့ ငါးပေ၊ ခြောက်ပေအထိ တက်ပစ်တာလဲဟ။ မိုးတစ်လက်မရွာရင် ရေဘယ်နှပေတက်ရမယ်လို့ရှိလား”
ထိုအခါမျိုးတွင် သူခေါင်းကုတ်ကာ နားလည်လွယ်အောင် မည်သို့ရှင်းပြရမည်ကို အတော်စဉ်းစားရသည်။ မိုးရေက ခြင်ခွက်ကလေးနှင့် ခြင်တွယ်တိုင်းတာတာဖြစ်ကြောင်း၊ မြစ်ရေက မိုးရေချိန်ကြောင့် မဟုတ်ဘဲ မြောက်ဘက်မှ ရေခဲတောင်များပြိုလျှင်လည်း ရေကြီးနိုင်ကြောင်း၊ မြစ်အောက်ပိုင်း၌ မိုးမရွာလျှင်လည်း အထက်တွင်ရွာပါက တောင်ကျရေ၊ ချောင်းရေတို့မှ စီးဝင်သဖြင့် မြစ်ရေတိုးနိုင်ကြောင်းတို့ ရှင်းပြရသည်။
ဒါတောင်…“ဆိုတော့ မိုးများရင် ရေကြီးမှာပဲပေါ့။ မင်းတို့ စာရင်းလုပ်ထားဖို့ကောင်းတယ်။ မိုးဘယ်လောက်ရွာရင် ရေဘယ်လောက်တက်တယ်ဆိုပြီး မှတ်တမ်းလေးသွင်းထားတော့ နောင်နှစ်တွေကြည့်လို့ရတာပေါ့ဟ”ဟု အကြံပေးသွားသေးသည်။ သူရယ်လျက်သာ နေလိုက်ရ၏။ သူတို့ဌာန၌ စခန်းအသီးသီးမှပေးပို့လိုက်သော မိုးရေချိန်၊ မြစ်ရေ၊ ငလျင် စသည်တို့ကို တိုင်းတာချက်များ နေ့စဉ်ရရှိ တွက်ချက်နေကြရသည် မဟုတ်လော။
သူသည် တွေးရင်း အဖြစ်အပျက်တစ်ခုကို အမှတ်ရလာ၏။ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာစဉ်ကဖြစ်သည်။ သူချစ်ရသူမှာ ပင်လယ်ကမ်းခြေရွာတစ်ရွာမှ မြို့ပေါ်သို့ အလုပ်နှင့် ရောက်နေသူတစ်ဦး။ သူကမုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းကြီးတစ်ခုဖြစ်လာရန် အလားအလာများနေသည်ကို သုံးသပ်မိသည်။
ထိုအကြောင်း သူ့ချစ်သူအားပြောပြခဲ့မိ၏။ သူပြောတုန်းကတော့ ခပ်ပေါ့ပေါ့သဘော၊ မကြာခင်အဲဒီဘက်ကို မုန်တိုင်းဝင်လိမ့်မယ် သဲရေဆိုတာမျိုးလောက်သာ။ သို့သော်ဝင်မှာသေချာလားဟု ပြန်မေးလာသောအခါ အနည်းဆုံးတော့ အဖျားခတ်မှာပဲ။ ကမ်းခြေဒေသတွေ သတိထားဖို့လိုမယ်ဟု ပြောလိုက်သည်။
ထို့နောက် သူ့ကောင်မလေးရွာပြန်သွား၏။ ဖုန်းဖြင့်ပြောဆိုမရသော ဖခင်ဖြစ်သူအားတားရန်သွားကြောင်း နောက်မှသိရသည်။ ကံကောင်းထောက်မသဖြင့် ငါးဖမ်းလှေလိုက်တော့မည့် ဖခင်အားအချိန်မီဆွဲထားလိုက်နိုင်သည်။ ထို့နောက် သူတို့ရွာကို မုန်တိုင်းထိသွား၏။ အကယ်၍ မုန်တိုင်းငယ်လောက်ပဲဟု ပေါ့ဆစွာပင်လယ်ပြင်သို့ ထွက်ခဲ့ပါက မတွေးရဲစရာ။
မုန်တိုင်းဒဏ်ကြောင့် အိမ်အမိုးလန်သွားသော်လည်း သူ့ချစ်သူက သူ့ကိုကျေးဇူးအထူးတင်ကြောင်း ဆိုလာသည်။ သူသာကြိုတင်ခန့်မှန်းမိသည်ကို ထုတ်မပြောခဲ့ပါက ပင်လယ်ထဲတစ်လကိုးသီတင်းထွက်ရတတ်သော ဖခင်ဖြစ်သူအား ပြန်တွေ့ရန်မလွယ်ဟု ပြောရင်းသူ့ကို အားလုံးကကျေးဇူးတင်နေကြသည်ဆို၏။
ရေလုပ်သားများမှာ မုန်တိုင်းသတင်း မကြားရသောကြောင့်လည်းကောင်း၊ ကြားသော်လည်း ပေါ့ဆသဖြင့်လည်းကောင်း အသက်ဆုံးရှုံးကြရသည်မှာ မနည်းတော့။ သူ၏ကြိုတင်ခန့်မှန်းမှုနှင့် ချက်ချင်းသိစေမှုကြောင့် ချစ်သောသူ၏ မိသားစုအပါအဝင် ရေလုပ်သားအများ ဘေးလွတ်ကြောင်း ကြားလိုက်ရသောအခါ သူတစိမ့်စိမ့်ကျေနပ်၍မဆုံးပြီ။
အကြောင်းတိုက်ဆိုင်တိုင်းလည်း တကူးတက ကောင်းမှုပြုရသည်မဟုတ်ဘဲ လူ့အသက်များကို ကယ်ဆယ်နိုင်သော သမ္မာအာဇီဝအလုပ်တစ်ခုကို လုပ်မိခြင်းအတွက် ဂုဏ်ယူနေမိသည်။ ငယ်ငယ်ကအားကျခဲ့ရသော Super Hero ကြီးများလို အစွမ်းသတ္တိမရှိသော်ငြား သူတို့နှင့်မခြားကိုယ့်ကိုယ်ကိုယ်အားရမိ၏။
မွန်မြတ်သောအမှုကို နေ့စဉ်ပြုနေသည်ဟူသည့် စိတ်သည်သူ၏ခြေလှမ်းများကို ပေါ့ပါးတက်ကြွစေသည်။ အဆိုပါ ခြေလှမ်းတို့မှာ ပစ္စုပ္ပန်ကောင်းကျိုးအတွက် အနာဂတ်သို့ ကြိုတင်လှမ်းလင့်သော ခြေလှမ်းများဟု ယုံကြည်လေသည်။ သူသည် နိစ္စဓူဝလုပ်ငန်းခွင်ကိုပင် ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဟု သူ့ဘာသာခံယူကာ ဇလဗေဒဌာနထဲ မတ်မတ်ကြီး ဝင်သွားလေတော့သည်။ ။