Skip to main content

တရားမဝင်ကုန်သွယ်မှုနှင့် သူ၏ ဆိုးကျိုးများ

ကသရ

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များနှင့် သုံးစွဲသူပြည်သူများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အဆိုပါ ဆုံးရှုံးနစ်နာမှုများတွင် သတ္တုတရားမဝင်တူးဖော်ခြင်းနှင့် သစ်များ တရားမဝင်ခိုးထုတ်မှုများကြောင့် နိုင်ငံ့စီးပွားရေးသာမက သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာ ထိခိုက် လျက် ရှိပါသည်။ သီးနှံများ၊ အသား၊ ငါးစသည့် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများကို တရားမဝင် တင်သွင်းခြင်းကြောင့်လည်း ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။

သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိ

မြန်မာနိုင်ငံတွင် သတ္တုတရားမဝင်တင်ပို့မှုများကြောင့် ပြည်တွင်းတွင် တရားမဝင်သတ္တု တူးဖော်မှုများပြားခြင်းဖြစ်သည်။ တရားဝင်သတ္တု တူးဖော်လုပ်ကိုင်နေသူများအား ဥပဒေစည်းမျဉ်းများဖြင့် ထိန်းကျောင်းနိုင်သော်လည်း တရားမဝင် သတ္တုတူးဖော်နေသူများသည် နိုင်ငံတော်က ချမှတ်ထားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

တရားမဝင်သတ္တုတူးဖော်သည့် လုပ်ငန်းများတွင် သတ္တုသန့်စင်ခွဲထုတ်ရာ၌ နိုင်ငံတော်က ကန့်သတ်ထားသည့် အပြင်းစားဓာတုဆေးများကို အသုံးပြုခြင်း၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် ချမှတ်ထားသော နည်းလမ်းများကို လိုက်နာမှုမရှိခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် မြေသယံဇာတများကို ပျက်စီးစေပါသည်။ မိုးဥတုရောက်ရှိပါက စွန့်ပစ်ဓာတုရေများကို စုဆောင်းထားသော ကန်များတွင် ဓာတုရေများ ပြည့်လျှံကာ မြစ်ချောင်းများအတွင်း စီးဆင်းသောကြောင့် ရေသယံဇာတကိုလည်း ထိခိုက်စေပါသည်။ ထို့ပြင် တရားမဝင်သစ်များ ခိုးထုတ်မှုကြောင့် သစ်တောများ ပြုန်းတီးကာ ရာသီဥတုဖောက်ပြန်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်ကိုလည်း ခံစားရင်ဆိုင်ရမည် ဖြစ်ပါသည်။

တရားမဝင် တင်သွင်းလာသော သီးနှံနှင့် အသား၊ ငါးများတွင် ကူးစက်တတ်သော ရောဂါ ပိုးများ ပါဝင်လာပါက ပြည်တွင်းရှိ စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သော လုပ်ငန်းများကို ကူးစက်ပြီး ထိခိုက် ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်မည်ဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်း၌လည်း စားနပ်ရိက္ခာနှင့် စားသောက်ကုန် ထုတ်လုပ်မှုလျော့ကျလာကာ ပြည်သူများအတွက် အစားအသောက် ဖူလုံရေးကို ထိခိုက်စေပါသည်။

ဆေးယဉ်ပါးခြင်း၊ ရောဂါမပျောက်ခြင်းများ ဖြစ်ပေါ်နိုင်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ တင်သွင်းခွင့် ခွင့်ပြုလက်မှတ် ရယူထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာသည့် ဆေးဝါးများနှင့်အလှကုန်ပစ္စည်းများတွင် အန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နိုင်ပြီး ၎င်းကုန်ပစ္စည်းများကို သုံးစွဲသူများအနေဖြင့် ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်ပါသည်။ တရားမဝင် သယ်ဆောင်လာသော ထိုးဆေးများ၊ သောက်ဆေးများသည် သတ်မှတ်ထားသည့် သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် မသယ်ဆောင်နိုင်ပါက ဆေးအရည်အသွေးနိမ့်ကျခြင်းနှင့် ဆေးအာနိသင်လျော့ကျခြင်းတို့ကို ကြုံတွေ့ နိုင်ပါသည်။ ထိုကဲ့သို့ ဆေးအာနိသင်လျော့ပါးသော ကာကွယ်ဆေးနှင့် သောက်ဆေးများကို သုံးစွဲပါက ဆေးယဉ်ပါးခြင်း၊ ရောဂါမပျောက်ခြင်းနှင့် မကာကွယ်နိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

လူသုံးကုန်ပစ္စည်းများ တရားမဝင် တင်သွင်းမှုကြောင့်လည်း စျေးကွက်အတွင်း ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ဆင်တူယိုးမှား အတုအပများကို ခွဲခြားရန် အခက်အခဲများ ဖြစ်ပေါ်နိုင်ပါသည်။ တရားမဝင် ကုန်ပစ္စည်းများသည် အရည်အသွေးပိုင်းတွင် နိမ့်ကျပြီး အာမခံချက် မရှိသောကြောင့် စားသုံးသူများအတွက် ကုန်ကျစရိတ် ပိုမိုများပြားခြင်းအပြင် အခြားထိခိုက်မှုများပါ ကြုံတွေ့နိုင်ပါသည်။ အိမ်သုံး Electronic ပစ္စည်းအတုများသည် အရည်အသွေး မပြည့်မီသောကြောင့် ဝိုင်ယာရှော့ (ခ်) များ မကြာခဏ ဖြစ်ပေါ်ခြင်းနှင့် မီးဘေးအန္တရာယ်လည်း မကြာခဏ ကြုံတွေ့နေရခြင်းများဖြစ်စေပါသည်။

စားသုံးသူတို့၏ အကျိုးစီးပွားကို လွန်စွာ ဆုံးရှုံးထိခိုက်စေနိုင်

တရားမဝင်တင်သွင်းသော သီးနှံများ၊ အသား၊ ငါးများ၊ စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှကုန်များ၊ ဆေးဝါးများ စသည်တို့သည် စံသတ်မှတ်ချက် (Standardization) မရှိခြင်း၊ အတုအပနှင့် အရည်အသွေးဆိုင်ရာ အာမခံချက် မရှိခြင်းတို့ကြောင့် ရေရှည်တွင် သုံးစွဲသူများအပေါ် ကျန်းမာရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်နိုင်ပြီး စားသုံးသူတို့၏ ဘေးအန္တရာယ်လုံခြုံရေးနှင့် အခွင့်အရေးများ ဆုံးရှုံးစေလျက်ရှိပါသည်။ တရားမဝင်တင်သွင်းသည့် ကုန်ပစ္စည်း အများစုသည် အရည်အသွေး နိမ့်ကျမှုများနှင့် တိကျသော အာမခံချက်မရှိခြင်းများကြောင့် စားသုံးသူတို့၏ အကျိုးစီးပွားကို လွန်စွာဆုံးရှုံးထိခိုက်စေနိုင် ပါသည်။

ဝိသမလောဘစိတ်ဖြင့် တရားမဝင် ကုန်သွယ်သူများသည် အခွန်အခများ ပေးဆောင်ခြင်းမရှိဘဲ အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းခြင်းကြောင့် နိုင်ငံခြားသုံးငွေ မှောင်ခိုစျေးကွက်မှာ အားကောင်းလာပြီး ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်မှုအားနည်းကာ စားသုံးသူပြည်သူများအတွက် အကျပ်အတည်းများလည်း ဖြစ်လာနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းများ စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းမှုကြောင့် လုပ်ငန်းများ မတိုးချဲ့နိုင်ခြင်း၊ ရပ်ဆိုင်းရခြင်းတို့ကြောင့် အလုပ်လက်မဲ့ဦးရေလည်း မြင့်တက် လာပါသည်။

တရားမဝင် ကုန်သွယ်သူများသည် တရားဝင်ကုန်သွယ်မှုလုပ်ငန်းများတွင် ပေးဆောင်ရန် သတ်မှတ်ထားသော အခွန်အခများကို တရားမဝင် ကုန်သွယ်မှုနည်းလမ်းတို့ဖြင့် ရှောင်ရှားသောကြောင့် နိုင်ငံတော်အနေဖြင့် သတ်မှတ်ထားသော အခွန်အခများ၊ အထူးကုန်စည်ခွန်များ၊ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များ ဆုံးရှုံးရပါသည်။

တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်ခြင်းကြောင့်လည်း နိုင်ငံ့ဝန်ထမ်းများအား အကျင့်ပျက် ခြစားမှုကို ဖြစ်ပေါ်စေခြင်း၊ အကျင့်စာရိတ္တကို ထိခိုက်စေခြင်းနှင့် အုပ်ချုပ်ရေး ယန္တရားကိုလည်း ထိခိုက်စေပါသည်။ ထို့ပြင် တရားမဝင်ကုန်ပစ္စည်း ဝယ်ယူ၊ ရောင်းချသည့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်သည်များမှလည်း လိုသလိုစျေးကစားခွင့်ကို ရရှိနိုင်ပါသည်။

တရားမဝင် ကုန်သွယ်မှုများကြောင့် ပြည်တွင်းတွင် စျေးကွက်ကမောက်ကမ ဖြစ်ပေါ်ကာ စျေးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်း၊ တရားဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများကို ထိခိုက်နစ်နာခြင်းတို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းတားဆီးကာကွယ်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။ ။