Skip to main content

ဖြစ်သင့်တာတွေ ဖြစ်ကြစေဖို့

မောင်အောင်

“ကိုအောင်ရေ၊ ငါ့ညီကလည်းရုံးဆင်းတာ နောက်ကျလှပါလား။ ဘာတွေများ ဒီလောက် အရေးကြီး နေလို့လဲ။

ကျွန်တော် ရုံးကနေအိမ်ပြန်ရောက်တော့ ည ၇ နာရီခွဲနေပြီ။ အိမ်တံခါးဝတွင် ကျွန်တော့်အစ်ကိုကြီး စောင့်ကြိုနှုတ်ဆက်လိုက်သဖြင့် အံ့ဩမိသည်။ အစ်ကိုကြီးက နယ်မှာနေသူဖြစ်သည်။ ဘာကိစ္စကြောင့် ကျွန်တော့်အိမ်သို့ ရောက်လာသည်မသိ။

အရေးကြီးအစည်းအဝေးတစ်ခု တက်နေလို့ပါ အစ်ကိုကြီးရယ်။ အဲနောက်ပြီး နိုင်ငံတော်ရဲ့ လစာယူထားတော့ “သူ့ဆန်စားတော့ရဲရတာပေါ့။ နိုင်ငံတော်တာဝန် ကျေပွန်ရတာပေါ့။ အစ်ကိုကြီး ကရော ဘာကိစ္စနဲ့ရောက်လာတာလဲ။ အရေးကြီးသလား။

အေး အရေးကြီးတာပေါ့ကွ။ ဒါနဲ့မင်းအရေးကြီးတဲ့ အစည်းအဝေးဆိုတာ ဘာအစည်းအဝေးလဲ အစ်ကိုကြီးက စိတ်ဝင်တစားမေးလာသည်။

အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥကုန်ဈေးနှုန်းတက်နေတာနဲ့ ပတ်သက်ပြီး ကျဆင်းရေးအစည်းအဝေး ပါ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ လုပ်တာပါ။

ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင်ကွာ။ ငါကလည်း မင်းတို့နိုင်ငံတော်မှာ တာဝန်ရှိတဲ့လူကြီးတွေ တို့ပြည်သူတွေ နေ့စဉ်စားသောက်နေတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး ကုန်ဈေးနှုန်းရောသိရဲ့လား။ ဒီလိုပဲ လက်ပိုက်ကြည့်နေတော့ မှာလားလို့မေးချင်နေတာ။ မင်းကတော့ သိချင်မှသိမှာ။ မင်းအိမ်မှာ ကြက်တွေ၊ ဘဲတွေမွေးထားတော့ ကြက်ဥ၊ ဘဲဥ အလကားစားရတဲ့အပြင် သူများတွေကိုတောင်ပေးရတယ်လို့ မင်းတပည့်တွေပြော တယ်။ ကဲ... ဒီတော့ မင်းတို့ဒီနေ့ဘာတွေ ဆွေးနွေးတယ်၊ ပြောကြတယ်ဆိုတာ ပြောစမ်းပါဦး။

လာ အစ်ကိုကြီး၊ အိမ်ထဲဝင်ပြီး ဧည့်ခန်းမှာ ပြောကြရအောင်

အစ်ကိုကြီး လက်ကိုဆွဲပြီး ဧည့်ခန်းထဲဝင်ခဲ့ကြသည်။

အစ်ကိုကြီးရယ်၊ အစိုးရနဲ့ပြည်သူဆိုတာ မိဘနဲ့သားသမီးလိုပါပဲ။ ဘယ်မိဘမဆို၊ ကိုယ့်သားသမီး အတွက် ကောင်းရာကောင်းကြောင်း၊ ဘဝဖွံ့ဖြိုးတိုး တက်ဖို့ ရှာကြံပေးနေတာပါ။ မတတ်သာလို့ တချို့ကိစ္စတွေချက်ချင်းလုပ်မပေးနိုင်ပေမယ့် လုပ်ပေးရမယ်ဆိုတာ အမြဲတမ်းခံယူပြီးသားပါ။

အထူးသဖြင့် အစ်ကိုကြီး အခုပြောတဲ့ အခြေခံ စားသောက်ကုန်တွေ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ ကိစ္စကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ လုံးဝတာဝန်ရှိပါတယ်။ ကျွန်တော်တို့ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာကအစ၊ ဝါ၊ ကော်ဖီ၊ ရော်ဘာ၊ ဆီအုန်းပါမကျန် စိုက်လို့ရတာမှန်သမျှ စိုက်ကြ၊ ပျိုးကြအောင် ပညာပေးစည်းရုံးဆောင်ရွက်တယ်။ တောင်သူတွေလိုအပ်တာ ကူညီဆောင်ရွက်ပေးနေပါတယ်။ အလားတူပဲ မွေးမြူရေးမှာလည်း ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ သိုး၊ ဆိတ်၊ ဘဲပါမကျန် မွေးမြူကြအောင် ကူညီဆောင်ရွက်ပေးတယ်။ နည်းပညာတွေပေးတယ်။ ရောဂါကာကွယ်ကုသရေးတွေ လုပ်ပေးပါတယ်။ များများစိုက်မှ၊ များများမွေးမှ၊ စားရေရိက္ခာဖူလုံကြွယ်ဝမှာဖြစ်လို့ “စားလို့ရတာ အကုန်စိုက်၊ စားလို့ရတာအကုန်မွေးဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်။

အေး... ကိုအောင်၊ ငါ့ကိုလာပြီး သီအိုရီတွေ လိုက်ပြီး တရားဟောမနေနဲ့။ ငါက လက်တွေ့သမား၊ မင်းတို့ဒီနေ့ အစည်းအဝေးမှာ ဘယ်သူတွေတက်ရောက်ကြပြီး တို့ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေ ကုန်ဈေးနှုန်းကြီးမြင့်နေတာ ကျဆင်းရေးအတွက် ဘာတွေဆွေးနွေးကြတယ် ဆိုတာငါသိချင်တယ်၊ ပြောလို့ရရင် ပြောစမ်းပါကွာအစ်ကိုကြီးက သူသိချင်တာကို ဒဲ့မေးလာသည်။

ဟုတ်ကဲ့၊ ဒီနေ့အစည်းအဝေးမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် နှစ်ဦးရယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီးနှစ်ဦးရယ်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိရစ္ဆာန်ဆေးဝါး အသင်းဥက္ကဋ္ဌ၊ ကြက်၊ ဝက်မွေးမြူတဲ့ ကုမ္ပဏီကြီးတာဝန်ခံနဲ့ ဟင်းသီးဟင်းရွက်နဲ့မီးဖိုချောင် သီးနှံများ တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌတို့ တက်ရောက်ကြပါတယ်။

အစည်းအဝေး စစချင်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်က ပြည်သူတွေ၊ အခြေခံ လူတန်းစားတွေအတွက် စားဝတ်နေရေးက အရေးကြီးတယ်။ ဒီကိစ္စကို နိုင်ငံတော်အနေနဲ့ အလေးထားဂရုစိုက်ဆောင်ရွက်နေတယ်။ အခြေခံစားကုန်ဈေးနှုန်းတွေဟာ ၂၀၂၁ ခုနှစ်ကနဲ့စာရင် နှစ်ဆခန့်မြင့်တက်နေတယ်။ အထူးသဖြင့်ကြက်ဥဈေးက ဒီနေ့အချိန်မှာ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်ဖြစ်နေတယ်။ ကျန်ပစ္စည်းတွေ ဈေးတက်တာက မထောင်းတာလှပေမယ့် အခြေခံစားကုန်မှာ ဈေးမတက်သင့်ဘူး။ ဒါကြောင့် စားသောက်ကုန်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို ခေါ်ယူဆွေးနွေးခြင်းဖြစ်တယ်တဲ့။ အားနာစရာမလို၊ ကွယ်ဝှက်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ထောက်ပြအကြံပြုစေလိုတယ်။ ပထမဆုံး ကြက်ဥ၊ ဘဲဥအသင်းဥက္ကဋ္ဌအနေနဲ့ ကြက်ဥဘာ့ကြောင့်ဈေးတက်ရသလဲ။ ပြည်သူအများ ဈေးသက်သက်သာသာနဲ့ စားနိုင်အောင်၊ ဈေးကျအောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုပါတယ်ဆိုပြီး ပြောကြားပါတယ်။

ကြက်ဥ၊ ဘဲဥရောင်းချသူများ အသင်းဥက္ကဋ္ဌက ကြက်ဥဈေးတက်ရခြင်း အကြောင်းရင်းအနေနဲ့ မွေးမြူတဲ့ကောင်ရေ လျော့နည်းသွားတဲ့အတွက် ကြက်ဥရရှိမှုနည်းသွားပြီး ဈေးတက်လာခြင်းဖြစ်တယ်။ မွေးမြူတဲ့ကြက်ကောင်ရေ လျော့နည်းရတာကလည်း သဘာဝမုန်တိုင်းဒဏ်ကြောင့် ဆုံးရှုံးပျက်စီးရခြင်းဖြစ်သလို နယ်မြေဒေသလုံခြုံအေးချမ်းမှုမရှိတဲ့အတွက် ဆက်လက်မမွေးမြူနိုင်တဲ့ နေရာတွေရှိတယ်။ ဒါ့အပြင် မျိုးကြက်တင်သွင်းမှု လျော့ကျရခြင်းကြောင့်လည်းဖြစ်တယ်။ ဘိုးဘွားမျိုးရိုး (Grand Parent Stock)၊ မိဘမျိုးရိုး (Parent Stock)၊ ကြက်ပေါက်တွေ ယခင်ကပုံမှန် တင်သွင်းလို့ရတယ်။ ပြီးခဲ့တဲ့ ခြောက်လလောက်က တင်သွင်းမှုကန့်သတ်လို့ ယခုအချိန်မှာ မျိုးကြက်မအင်အား တစ်ဝက်လောက် လျော့ကျလျက်ရှိတယ်။ အရင်ကရက်သား ကြက်ပေါင်ကောင်ရေ တစ်လသိန်း ၁၂၀၊ ၁၃၅ သိန်း ထုတ်လုပ်ခဲ့ပေမယ့် အခုအချိန်မှာ သိန်း ၇၀ လောက်သာ ထုတ်လုပ်နိုင်လို့ ကြက်ကောင်ရေလျော့ပြီး ကြက်ဥလည်း လျော့နည်းထွက်ရှိတာမို့ ဈေးနှုန်းတက်ရခြင်း ဖြစ်ပါတယ်ဆိုပြီး တင်ပြပါတယ်။

ဒီလိုကျတော့ မင်းတို့အစည်းအဝေးက တကယ့်ကို လက်တွေ့ကျတဲ့ အစည်းအဝေးပဲကွ။ အဲဒီတော့တက်ရောက်လာတဲ့ အကြီးအကဲတွေက ဘာပြောလဲ

အစ်ကိုကြီးက မှတ်ချက်ပြုလိုက်သည်။ တစ်ဆက်တည်းတွင်လည်း သူသိချင်တာကို မေးလာသည်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အကြီးအကဲတွေက စီးပွားကူးသန်း ဒုတိယဝန်ကြီးနဲ့ စိုက်မွေးဆည် ဒုတိယဝန်ကြီးကို အဲဒီလိုဖြစ်ခဲ့ရတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့သတိပြုမိသလား။ သတိပြုမိရင် ဘာလုပ်ပေးခဲ့သလဲ။ အခုလည်း ဘာလုပ်ကြမလဲဆိုတာကို မေးတယ်။

စီးပွားကူးသန်း ဒုတိယဝန်ကြီးကတော့ ဒီအခြေအနေတွေ ဖြစ်မယ်ဆိုတာသိရလို့ စိုက်မွေးဆည်မွေးမြူရေးဒုတိယဝန်ကြီးနဲ့ ညှိနှိုင်းပေါင်းစပ် ပြီး ဘိုးဘွားမျိုးရိုး ကြက်ပေါက်၊ ကြက်ရောဂါ ကာကွယ်ဆေးနဲ့၊ ကြက်စာမှာထည့်သွင်းရောစပ်တဲ့ ဆေးဝါးနဲ့ ဖြည့်စွက်စာတွေကို အတတ်နိုင်ဆုံး ဦးစားပေးပြီး တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ပေး နေတယ်လို့ ပြန်ပြီး ရှင်းလင်းဆွေးနွေးပါတယ်။ မွေးမြူရေးဒုတိယဝန်ကြီးကလည်း အခုလို ကြက်ဥကြက်သားကုန်ဈေးနှုန်းမတက်ခင် လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှာ မွေးမြူရေးသမား၊ မွေးမြူရေးအစာ၊ ထုတ်လုပ်တင်သွင်းရောင်းချသူတွေ၊ ကြက်ဥကြက်သား တင်သွင်းရောင်းချသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘိုးဘွားမျိုးရိုးကြက်ပေါက်တွေ အလှည့်ကျတင်သွင်းရေး၊ ကြက်စာထဲမှာရောစပ်ရတဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာတွေ တင်သွင်းခွင့်စနစ်တကျဖြစ်ရေး ဆွေးနွေးညှိနှိုင်းတဲ့အကြောင်း ရှင်းပြပါတယ်။

ဒီနေရာမှာ တစ်ခုအခက်အခဲ ဖြစ်သွားတာက ဘိုးဘွားမျိုးရိုးကြက်ပေါက်တွေ၊ ကြက် ဘဲ ရောဂါ ကာကွယ်ဆေးတွေနဲ့ ကြက်စာထဲမှာ ထည့်သွင်းရောစပ်ရတဲ့ ဆေးဝါးနဲ့ဖြည့်စွက်စာတွေက ပြည်ပကနိုင်ငံခြားငွေနဲ့တင်သွင်းရပြီး ပြည်တွင်းမှာကျတော့ ကိုယ်ပြည်တွင်းငွေနဲ့ ပြန်ပြီး ဖြန့်ရတာကြောင့် နိုင်ငံခြားငွေရရှိဖို့၊ ပြဖို့အခက်အခဲရှိခဲ့တာပဲ။ အဲဒီကိစ္စလည်း ရှင်းလင်းဆွေးနွေးတင်ပြတော့၊ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပြေလည်မှုတော့ရခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီကြားကာလမှာ နည်းနည်း အခက်အခဲရှိခဲ့တာပါ။

အေး မင်းပြောပြတာသိရတော့ အတော်လေး ကောင်းတယ်ကွာ။ တို့လူကြီးတွေကိုယ်တိုင် တို့ ပြည်သူတွေ၊ အခြေခံလူတန်းစားတွေရဲ့ အရေးကိစ္စ စိတ်ဝင်စားတယ်ဆိုတော့၊ ငါအတော်လေး ကျေနပ်တယ်။ ကျေးဇူးလည်းတင်တယ်။

အစ်ကိုကြီးက ဟန်ဆောင်တတ်သူမဟုတ်ပါ။ တောသားကြီးပီပီ သူကြိုက်လျှင် ကြိုက်သည်။ မကြိုက်လျှင်လည်း မကြိုက်ဘူးဆိုတာကိုတဲ့တိုး ပြောတတ်သူဖြစ်သည်။

အစ်ကိုကြီးရေ၊ ဒီထက်ကျေးဇူးတင်ဖို့ ကြိုက်ဖို့ ကောင်းတာက၊ ကျွန်တော်တို့နဲ့တွေ့တဲ့ လူကြီးပြောတဲ့စကားတစ်ခွန်းက တန်ဖိုးအရှိဆုံး မှတ်သားလောက်စရာ အကောင်းဆုံးပါပဲ။ ဘာစကားလဲဆိုတော့ စိုက်ပျိုးရေးပဲလုပ်လုပ်၊ မွေးမြူ ရေးပဲလုပ်လုပ် ကိုယ့်အသက်မွေးဝမ်းကျောင်း အတွက် အမြတ်ရဖို့ အကျိုးရှိဖို့လုပ်တာတော့ မှန်ပါတယ်။ အဲ... ဒါပေမယ့် သတိပြုဖို့က “ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ ဖြစ်ရမှာရယ် ကို တွက်ဖို့လိုပါတယ်။ အထူးသဖြင့် အများပြည်သူအတွက် အစားအစာထုတ်လုပ် ရောင်းချတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ဖြစ်ချင်တာဆိုတဲ့ အမြတ်များများရဖို့ကို မတွက်သင့်ဘူး။ အများပြည်သူ အဆင်ပြေမယ့်ဖြစ်သင့်တဲ့ အမြတ်နဲ့ မျှတတဲ့ဈေးနှုန်းဖြစ်ဖို့လိုတယ်။ အဲဒါမှအစားအစာ ထုတ်လုပ်ရောင်းချတဲ့အလုပ်ဟာ “ကုသိုလ်လည်းရဝမ်းလည်းဝတဲ့ အလုပ်ဖြစ်မှာပါတဲ့။

အေးကွာ။ အဲဒီစကားကတော့ တို့ပြည်သူတွေ အားလုံး တစ်သက်လုံး လိုက်နာကျင့်သုံးသင့်တဲ့ စကားပဲကွာ။

အစ်ကိုကြီးက တွေးတွေးဆဆ မှတ်ချက်ချလိုက်ခြင်း ဖြစ်ပါသည်။ ။