၈၀-၂၀ ဥပဒေသ အကြောင်းအကျိုး၊ အကောင်းအဆိုး
မောင်မောင်လင်း
ကျွန်တော်တို့အနေနဲ့ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ လူအင်အား များများသုံးရင် ပိုပြီး အလုပ်တွင်မယ်၊ ဖောက်သည်များများအားပေးရင် ရောင်းအားများလာတာနဲ့အမျှ အမြတ်အစွန်းများများ ရမယ်၊ အချိန်များများပေးလိုက်ရင် အကျိုးများများ ရရှိမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲဒီလိုမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ စိုက်ထုတ်လိုက်ရတာနဲ့ အချိုးမညီမျှတဲ့ တုံ့ပြန်မှုရလဒ်တွေ ထွက်ပေါ်လာတတ်တာနဲ့ သက်ဆိုင်တဲ့ Pareto Principle (80/20 Rule) ကို မိတ်ဆက်ပေးလိုပါတယ်။
၈၀-၂၀ ဥပဒေသ (80/20 Rule) ဆိုရာမှာ
ဒီဥပဒေသလေးကို ၁၈၉၆ ခုနှစ်ဝန်းကျင်မှာ အီတလီနိုင်ငံက စီးပွားရေးပညာရှင် Vilfredo Pareto ဆိုတဲ့သူ စတင်ဖော်ထုတ်ခဲ့တာဖြစ်လို့ Pareto Principle လို့လည်း အသိများကြပါတယ်။ ဒီဥပဒေသ ကတော့ ရလဒ်အကျိုးတရား စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာအကြောင်း တရား ၂၀ ရာခိုင်နှုန်းကနေ ရရှိလာတာဖြစ်ပြီး အဲဒါကလည်း အကြောင်းအရာ ကိစ္စတော်တော်များများမှာ မှန်ကန်နေတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်တုန်းက အီတလီနိုင်ငံမှာရှိတဲ့ မြေ ၈ဝ ရာခိုင်နှုန်းကို ၂ဝ ရာခိုင်နှုန်းသော သူဌေးတွေက ပိုင်ဆိုင်နေတာကို သတိထားမိခဲ့ရာက အစပြုခဲ့တာဖြစ်ပါတယ်။ နောက်ထပ်စူးစိုက်လေ့လာခဲ့ရာ ချမ်းသာကြွယ်ဝမှုမှာလည်း အီတလီနိုင်ငံဓနအင်အားရဲ့ ၈၀ ရာခိုင်နှုန်းကို လူချမ်းသာ ၂၀ ရာခိုင်နှုန်းကသာ ပိုင်ဆိုင်ထားတာကို တွေ့ရှိပြန်ပါတယ်။ အခြားဥရောပနိုင်ငံတွေမှာလည်း အဲဒီလိုမျိုး မညီမျှတဲ့ ခွဲဝေမှု ရှိနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါတင်မက သူ့ရဲ့ဥယျာဉ်ထဲက သစ်တော်သီး ၈၀ ရာခိုင်နှုန်းကို အပင် ၂၀ ရာခိုင်နှုန်းကသာ ထုတ်လုပ်နေတယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆင့်ကဲဖွံ့ဖြိုးတိုးတက်လာမှုနဲ့ လက်တွေ့နယ်ပယ်မှာ အသုံးချမှုများ
အဲဒီဥပဒေသရဲ့ Concept အရ အစိတ်အပိုင်းငယ်လေးရဲ့ အကျိုးပြုမှုဟာ အချိုးမညီမျှစွာနဲ့ ကြီးမားတဲ့ထိရောက်မှု ဖြစ်စေနိုင်တယ်ဆို တာကို မြင်သာစေချင်တာပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီတုန်းက လူတွေက ဒါကို ဒီလောက်ကြီးသတိမမူမိခဲ့သလို ဒီဥပဒေသ အသုံးဝင်တဲ့ အကြောင်းကိုလည်း မသိခဲ့ကြပါဘူး။ သူဖော်ထုတ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အကြာ ၂၀ ရာစုအလယ်ကာလသို့ ရောက်ရှိလာချိန်မှာတော့ Dr. Joseph M. Juran ဆိုတဲ့ ထင်ရှားတဲ့စီမံခန့်ခွဲမှုနဲ့ အရည်အသွေးထိန်းကျောင်းမှုပညာရှင်က ဒီဥပဒေသကို အသုံးပြုပြီး ကုမ္ပဏီတွေရဲ့ တိုးတက်မှုအတွက် အရေးပါတဲ့နယ်ပယ်တွေကို ဖော်ထုတ်ခဲ့ပါတယ်။
သူက ဒီဥပဒေသကို Pareto Principle သို့မဟုတ် Law of the Vital Few လို့ အမည်တပ်ခဲ့ပြီး သေးငယ်သောအစိတ်အပိုင်းလေးတွေကနေပြီး ရလဒ်ကြီးတွေပေါ်ထွက်လာတာကို သက်သေပြဖို့ ကြိုးစားခဲ့ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ Total Quality Management(TQM) အပိုင်းမှာ ထိခိုက်ဆုံးရှုံးမှု များပြားနေတာမျိုး၊ ထိရောက်အကျိုးမရှိ ဖြစ်နေတာမျိုးတွေရဲ့ အကြောင်းရင်းခံကို ဒီဥပဒေသကို အသုံးပြုပြီး ရှာဖွေဖော်ထုတ်ဖို့ ရှေ့ဆောင်လမ်းပြခဲ့ပါတယ်။ ဥပမာအားဖြင့် ၁၉၄၀ နဲ့ ၅၀ ပြည့်နှစ်ကာလတွေမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့တဲ့ အရောင်း ပမာဏစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဖောက်သည် ၂၀ ရာခိုင်နှုန်းထံမှ သာ ရရှိတယ်ဆိုတဲ့ စည်းမျဉ်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း Gucci တို့၊ Louis Vuitton (LV) တို့က အထက်တန်းလွှာ ဖောက်သည်တွေအတွက် တန်ဖိုးမြင့်ထုတ်ကုန်တွေနဲ့ အရောင်းပမာဏ မြှင့်တင်နေကြတာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းကိုပဲ အချိန်စီမံခန့်ခွဲမှုမှာ အသုံးချလိုက်တဲ့အခါကြတော့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေရဲ့ ၂၀ ရာခိုင်နှုန်းကသာ ကုန်ထုတ် စွမ်းအားစုကြီးတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းအပေါ် အကျိုးပြုစေတယ် ဆိုတာမျိုး၊ ဆော့ဖ်ဝဲလ်တွေမှာ အဓိကပြဿနာပေးနေတဲ့ Bugs တွေ ကို ရှာဖွေတွေ့ရှိ ဖြေရှင်းပေးရမယ်ဆိုတာမျိုးတွေ တွေ့ရှိလာပါတယ်။ ဒါ့အပြင် သူက ၈၀-၂၀ ဆိုတဲ့ အချိုးဟာ တစ်သမတ်တည်း ဖြစ်နေတာမျိုးမဟုတ်ဘဲ အကြောင်းအရာနဲ့ အခြေအနေကိုလိုက်ပြီး ၉၀-၁၀၊ ၇၀-၃၀ စသည်ဖြင့် ပြောင်းလဲနိုင်တာကိုလည်း ဖော်ထုတ်ပေးခဲ့သလို သူ့ရဲ့ပုံစံကို ပြုပြင်ထားတဲ့ 64/4 ဆိုတဲ့စည်းမျဉ်းကို သင်္ချာပညာရှင်တွေက တီထွင်ခဲ့တာမျိုးလည်း ရှိပါတယ်။ အဲဒီနောက်ပိုင်း Pareto Principle ကို ကိုယ်ရည်ကိုယ်သွေး ကိုယ်တိုင်မြှင့်တင်မှုနဲ့ စီးပွားရေး ဆိုင်ရာ စာအုပ်တွေမှာ ၁၉၉၀ ပြည့်နှစ်မှစပြီး ယနေ့ကာလအထိ တွင်တွင်ကျယ်ကျယ် ထည့်သွင်းရေးသားလာခဲ့ကြပါတယ်။
ကဏ္ဍစုံအသုံးချနိုင်မှုဆိုရာမှာ
ယခုဆိုရင် ဒီဥပဒေသကို စီးပွားရေး၊ လူမှုရေး၊ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု အပါအဝင်ကဏ္ဍအစုံမှာ ပေါင်းစည်းအသုံးချလာခဲ့ကြတာကို တွေ့ရှိနေရပါတယ်-
(က) အစိုးရကဏ္ဍ။ ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲနေမှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကဏ္ဍအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းပဲ ပါဝင်နေတာမျိုးနဲ့ နိုင်ငံအနည်း ငယ်ရဲ့ Greenhouse Gas Emissions ဟာ ကမ္ဘာကြီးတစ်ခုလုံး ထုတ်လွှတ်မှုပမာဏရဲ့ အများစု ဖြစ်နေတာမျိုး ဖြစ်ပါတယ်။
(ခ)လုပ်ငန်းစီမံခန့်ခွဲမှု။ လုပ်ငန်းနှောင့်နှေးမှု ၈၀ ရာခိုင်နှုန်းဟာ လုပ်ငန်းအမျိုးအစားအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းမှာ ဖြစ်ပေါ် လေ့ရှိတာမျိုးနဲ့ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းကသာ ကုမ္ပဏီရဲ့လုပ်အား ၈၀ ရာခိုင်နှုန်းကို လုပ်ဆောင်နေတာမျိုးတို့ပဲ ဖြစ်ပါတယ်။
(ဂ)ရောင်းအား။ အဲဒီလိုပဲ ကုမ္ပဏီတစ်ခုလုံးစုစုပေါင်း ရောင်းအားရဲ့ ၈၀ ရာခိုင်နှုန်းဟာ Marketing အဖွဲ့ ဆယ်ဖွဲ့ရှိတဲ့အထဲက နှစ်ဖွဲ့ပေါင်းရဲ့ရလဒ်သာဖြစ်နေတာမျိုးနဲ့ စားသုံးသူ ၈၀ ရာခိုင်နှုန်းဟာ ကုန်အမျိုးအမည်တွေထဲက ၂၀ ရာခိုင်နှုန်းကိုသာ ပိုမိုအားပေးနေတာမျိုးတို့ ဖြစ်ပါ တယ်။
(ဃ)နည်းပညာ။ တစ်ကမ္ဘာလုံးက အင်တာနက်အသုံးပြုချိန် အားလုံးရဲ့ ၈၀ ရာ ခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်းသော Website တွေမှာသာ သုံးစွဲနေတာမျိုးဖြစ်ပါတယ်။
(င)ကျန်းမာရေး။ ရောဂါဘယဖြစ်ပွားမှုအားလုံးရဲ့ ၈၀ ရာခိုင် နှုန်းဟာ ၂၀ ရာခိုင်နှုန်းသော အစားအသောက်၊ အနေအထိုင်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ဖိစီးမှုစတဲ့ Lifestyle ဆိုင်ရာ အကြောင်းရင်းခံတွေကြောင့် ဖြစ်ရတာဆိုတာမျိုးဖြစ်ပါတယ်။
(စ)လုံခြုံရေး။ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်တဲ့ မတော်တဆမှု ၈၀ ရာခိုင်နှုန်းခန့်ကလည်း အန္တရာယ်အမျိုးအစား ၂၀ ရာခိုင် နှုန်းထဲကမှ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလိုပဲ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ၂၀ ရာခိုင်နှုန်းသော ရာဇဝတ်သားတွေက ကျူးလွန်ကြသလို ယာဉ်မတော်တဆ ဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းကလည်း ၂၀ ရာခိုင်နှုန်းသော ယာဉ်မောင်းသူတွေကြောင့် ဖြစ်တယ်ဆိုတာကိုလည်း ယနေ့အချိန်မှာ ဖော်ထုတ်တွေ့ရှိထားပါတယ်။
(ဆ)ပုဂ္ဂိုလ်ရေးထိရောက်မှု။ မိတ်ဆွေတွေနဲ့ ထိတွေ့ဆက်ဆံချိန် ၈၀ ရာခိုင်နှုန်းကို မိတ်ဆွေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနဲ့သာ အချိန်ဖြုန်းမိနေတာမျိုးနဲ့ ဘဝတစ်လျှောက်လုံး မှတ်သား မိတဲ့ ၈၀ ရာခိုင်နှုန်းဟာ သင်ယူလေ့လာခဲ့မှု အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းထဲကပဲ ရှိတာမျိုးတို့ပဲ ဖြစ်ပါတယ်။
(ဇ)ကုန်ပစ္စည်းသိုလှောင်ထိန်းသိမ်းမှု။ ကုန်လက်ကျန်တန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ကုန်အမျိုးအစား ၂၀ ရာခိုင်နှုန်းရဲ့ တန်ဖိုးနဲ့ ချိတ်ဆက်နေတာမျိုးကိုလည်း တွေ့နိုင်ပါတယ်။
(ဈ)အချိန်စီမံခန့်ခွဲမှု။ အစည်းအဝေးဆုံးဖြတ်ချက် ၈၀ ရာခိုင်နှုန်းဟာ အစည်းအဝေးကျင်းပတဲ့ကြာချိန် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းအတွင်းမှာသာ လုပ်ဆောင်နေတာမျိုး ဖြစ်ပါ တယ်။
ဒီဥပဒေသကို နေ့စဉ်ဘဝနဲ့ ကြည့်မယ်ဆိုရင်လည်း ဥပမာအားဖြင့် ကျွန်တော်တို့မှာ အင်္ကျီအထည် နှစ်ဆယ်ရှိတယ်ဆိုရင် လေးထည်လောက်ကိုပဲ ထပ်ခါတလဲလဲ ဝတ်ဖြစ်နေမိလိမ့်မယ်။ ကျန်တာတွေကို ဝတ်တာနည်းမယ်။ စာသင်သားတွေဟာ သင်ရိုးစာအုပ်ပါ အခန်းတွေထဲကမှ အရေးကြီးတဲ့ ၂ဝ ရာခိုင်နှုန်းကို အပိုင်ကျက်မယ်။ ဒါဆို အမှတ် ၈ဝ ရနိုင်သွားပေမယ့် အမှတ် ၁ဝဝ ရဖို့ကတော့ စာတွေအကုန် ကျက်ရမှာဖြစ်ပါတယ်။
အဲဒီလိုပဲ အိမ်ရှင်မတွေအနေနဲ့လည်း အိမ်အသုံးစရိတ်ရဲ့ ၈၀ ရာခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်းသော ပစ္စည်းတွေအတွက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိမ်သုံးစရိတ်ကို လျှော့ချင်တယ်ဆိုရင် ဘယ်နေရာ မှာ လျှော့ချသင့်လဲဆိုတာကို ဒီဥပဒေသနဲ့ ကြည့်လို့ရပါတယ်။ နောက် ဥပမာအနေနဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင်တစ်ဆိုင်မှာ တင်ထားတဲ့ ကုန်ပစ္စည်းအမျိုးပေါင်း ၁ဝဝ ရှိရင် အဲဒီဆိုင်ဝင်ငွေရဲ့ ၈ဝ ရာခိုင်နှုန်းဟာ အဲဒီ ၁ဝဝ ထဲက အမျိုး၂ဝ ကိုပဲ ရောင်းလို့ရတာမျိုး ဖြစ်နေတာကြောင့် ငွေအိပ်နေတဲ့ ကုန်ပစ္စည်းအမျိုးအစားကို သိနိုင်ပါတယ်။
အားသာချက်နဲ့ ကန့်သတ်ချက်များ
ဒီဥပဒေသရဲ့ အားသာချက်တွေကတော့-
(က)တိကျစွာမြှင့်တင်နိုင်မှု။ အကျိုးပြုထိရောက်မှုရှိတဲ့ လုပ်ငန်းနယ်ပယ်နဲ့ ဖောက်သည်တွေကိုဖော်ထုတ်ပြီး ဦးစားပေးမှုလုပ်ဆောင်နိုင်တာကြောင့် တစ်ဦးချင်း၊ ဒါမှမဟုတ် အသင်း အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့အချိန်နဲ့ လုပ်အားကို ပိုမိုအကျိုးရှိထိရောက်အောင် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အရောင်းမြှင့်တင်ရေးအဖွဲ့တွေဟာ ဝယ်လိုအားမြင့်မားတဲ့ ဖောက်သည်တွေကို ဦးစားပေးဆွဲဆောင် သိမ်းသွင်းတာမျိုး ဖြစ်ပါတယ်။
(ခ)အကျိုးရှိထိရောက်မှု။ တကယ်အရေးပါတဲ့ ထိပ်ဆုံး ၂၀ ရာခိုင်နှုန်းအပေါ်မှာ အာရုံစိုက်ပြီး အင်အားပုံအော လုပ်ဆောင်တာမျိုးကြောင့် အရင်းနည်းနည်းနဲ့ အမြတ် များများရယူနိုင်တာမျိုး ဖြစ်ပေါ်စေပါတယ်။ Amazon ဆိုရင် ဘယ်ကုန်ပစ္စည်းက ဝယ်ယူသူတွေ အကြိုက်ဆုံးဖြစ်မယ်ဆိုတာကို သုတေသနလုပ်ထားပြီး များများ သိုလှောင်ထားကာ များများရောင်းထွက်မယ့် ဈေးကွက် ဗျူဟာလည်း ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။
စာမျက်နှာ ၁၀ မှ
(ဂ)ကဏ္ဍစုံအသုံးတည့်မှု။ ရှေ့မှာဖော်ပြခဲ့တဲ့အတိုင်း အသုံးချလို့ရပါတယ်။
ကန့်သတ်ချက်နဲ့ အားနည်းချက်များ ဒီဥပဒေသရဲ့ ကန့်သတ်အားနည်းချက်တွေကတော့-
(က) တရားသေမှတ်ယူနိုင်မှုမရှိခြင်း။ ၈၀-၂၀ ဆိုတာ ယေဘုယျ Guide Line ပဲ ဖြစ်တာကြောင့် အမြဲတမ်း ပုံသေတစ်သမတ်တည်း မမှတ်ယူဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် အချို့သော နည်းပညာဆိုင်ရာ လုပ်ငန်းသစ်တွေအနေနဲ့ ၉၀-၁၀ အချိုး မျိုးနဲ့ ဖော်ဆောင်သင့်ပါတယ်။
(ခ)လေးနက်မှုမရှိခြင်း။ ရှုပ်ထွေးနက်နဲတဲ့ စနစ်တွေဟာ အဲဒီလိုမျိုး လွယ်ကူရိုးရှင်းလွန်းတဲ့ ဥပဒေသတွေနဲ့ အံဝင်ခွင်ကျမှုမရှိလှပါ။ ဆန်းသစ်တီထွင်မှုနဲ့ ဖန်တီးမှုပါရှိတဲ့ လုပ်ငန်းတွေမှာ အခုလိုမျိုး ကျဉ်းမြောင်းလှတဲ့အာရုံစိုက် လုပ်ဆောင်မှုမျိုးကြောင့် ကျယ်ပြောတဲ့ အောင်မြင်မှုအလား အလာအပေါ် ထိခိုက်စေမှာ ဖြစ်ပါတယ်။
(ဂ) အများစုအပေါ်မျက်ကွယ်ပြုခြင်း။ အနည်းစုအပေါ်မှာသာ အာရုံစိုက်ပြီး အများစုအပေါ် မျက်ကွယ်ပြုထားတာမျိုးဖြစ်နေပါတယ်။ ဥပမာအားဖြင့် အချို့သောရုပ်ရှင်ကားဟာ မြို့ကြီးတွေရှိ ရုပ်ရှင်ရုံမှာ လာရောက်ကြည့်ရှုသူ ပရိသတ်အကြိုက်လေးပဲရရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာထိ မပေါက်တာမျိုး ဖြစ်သွားတတ်ပါတယ်။
(ဃ) အစဉ်ပြောင်းလဲနေခြင်း။ အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်းဆိုတာကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေမှာဖြစ်တာကြောင့် ခေတ်ကာလရေစီးကြောင်းအပေါ် မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ် အကဲဖြတ်နေရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Social Media အပေါ် ဩဇာလွှမ်းမိုးသူတွေကြောင့် စိတ်ခံစားမှုနဲ့ အကြိုက်တွေ ပြောင်းလဲလိုက်ပါစီးမျောနေ တာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် ဒီဥပဒေသကို ထိရောက်မှုနဲ့ လုပ်အားစိုက်ထုတ်မှုတို့မှာ အသုံးဝင်တယ် ဆိုပေမယ့်လည်း ကန့်သတ်အားနည်းချက်အပေါ် သတိမူမိစေဖို့အတွက် Model တစ်ခုနဲ့ ရှင်းပြလိုပါတယ်။
အမြီးရှည်စံနမူနာ (The Long Tail Model) ဆိုရာဝယ်
ဒါကတော့ ၂၀၀၄ ခုနှစ်တုန်းက Chris Anderson ရေးသားတဲ့ "The Long Tail" စာအုပ်မှာ မိတ်ဆက်ပေးခဲ့တဲ့ စီးပွားရေးအယူအဆ ဖြစ်ပါတယ်။ အင်တာနက်ကနေတစ်ဆင့် လုပ်ငန်းတွေ၊ ဈေးကွက်တွေကို အဆင်ပြေသွားအောင်၊ အကျိုးအမြတ်ဖြစ်သွားအောင် စီမံခန့်ခွဲနိုင်တယ်ဆိုတာကို ဖော်ထုတ်ပေးခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ ရောင်းချဖို့ ကမ်းလှမ်းထားတဲ့ အရာအားလုံးနီးပါးကို အမှန်တကယ် ရောင်းချနိုင်စွမ်းရှိတယ်ဆိုတဲ့ ဒီအယူအဆဟာ ဆန်းသစ်မှုများစွာဖြစ်ပေါ်ခဲ့တာကြောင့် “ထုတ်ကုန်များရဲ့ ၂၀ ရာခိုင်နှုန်းကသာ ဈေးကွက်မှာလည်ပတ်နေတဲ့ စုစုပေါင်းအရောင်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ အမြတ်အစွန်းရရှိနိုင်တဲ့ ထုတ်ကုန်အနည်းငယ်အပေါ်မှာသာ အာရုံစိုက်ပြီး လုပ်ဆောင်ရမယ်” ဆိုတဲ့ Pareto Principle ကဲ့သို့သော စီးပွားရေးစံနှုန်းတွေကို ပြောင်းလဲပစ်လိုက်ပါတယ်။
အင်တာနက်ပေါ်ထွန်းလာမှုကနေတစ်ဆင့် ကိုယ့်ရဲ့ထုတ်ကုန်တွေကို စျေးကွက်ဝင်ရောက်နိုင်မှုဟာ စီးပွားရေးစံနှုန်းတွေကို အဓိက အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ဒီ Model က အင်တာနက်ပေါ်ကနေ ထုတ်ကုန်အမျိုးမျိုးကို အရောင်းအဝယ်ပြုလုပ်နိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ဖန်တီးရယူနိုင်တယ်လို့ ဆိုပါတယ်။ Chris Anderson ဆိုထားတဲ့အတိုင်း အင်တာနက်ပေါ်မှာရောင်းချဖို့ ကမ်းလှမ်းထားတဲ့အရာအားလုံးနီးပါးဟာ အတိုင်းအတာတစ်ရပ်အထိ အလုပ်ဖြစ်ခဲ့တာကို လက်တွေ့တွေ့ရှိနိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အကောင်းဆုံးပြသနိုင်တဲ့ ဥပမာကတော့ Amazon ပဲဖြစ်ပါတယ်။ အွန်လိုင်းစာအုပ်ဆိုင်အနေနဲ့ စတင်မိတ်ဆက်ခဲ့တဲ့ Amazon ဟာ ထုတ်ကုန်အမျိုးမျိုးကိုရောင်းချဖို့ အင်တာနက်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီလိုနည်းလမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ထူးခြားတဲ့ဈေးကွက်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ပုံမှန်ရောင်းချလေ့ရှိတဲ့ ကုန်ပစ္စည်းကိုသာ မဟုတ်တော့ဘဲ အထူးထုတ်ကုန်တွေကိုလည်း ရောင်းချတာမျိုးနဲ့ Amazon ဟာ စျေးဝယ်သူ အမြောက်အမြား ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုပဲ Netflix ဆိုရင်လည်း လူနည်းစုအကြိုက်သာဖြစ်မယ့် ရုပ်ရှင်ဇာတ်ကားတွေကို အွန်လိုင်းပေါ်ကနေ ကြည့်ရှုနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ Etsy အွန်လိုင်းပလက်ဖောင်း ပေါ်ကနေ လူနည်းစုသာ နှစ်ခြိုက်ဝယ်ယူလိုတဲ့ Handmade ပစ္စည်းလေးတွေကိုလည်း လူအများကြိုက်၊ အသုံးများပစ္စည်းတွေနဲ့အတူ ရောင်းချပေးလာနိုင်ပါတယ်။
The Long Tail Model ကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ဖို့ရှေးရှုလာစေပါတယ်။ အရောင်းရ ဆုံး ထုတ်ကုန်တွေအပေါ်မှာပဲ အာရုံစိုက်မှာ မဟုတ်တော့ဘဲ အထူး ဈေးကွက်တွေဆီကိုလည်း ခြေလှမ်းပြင်လာစေပါတယ်။ ဒါကြောင့် စားသုံးသူတွေအနေနဲ့ ရွေးချယ်စရာ ကုန်ပစ္စည်းအမျိုးမျိုးရှိလာသလို စျေးဝယ်သူတွေရဲ့ စိတ်ကျေနပ်မှုကိုလည်း မြင့်မားလာစေပါတယ်။ ဒီပြောင်းလဲမှုကြောင့် ထုတ်ကုန်အသစ်အဆန်းတွေကို တီထွင်ထုတ်လုပ်လာနိုင်သလိုပဲ ဝင်ငွေလမ်းကြောင်းအသစ်တွေကိုလည်း ဖွင့်လှစ်လာနိုင်မှာ ဖြစ်ပါတယ်။
စျေးဝယ်သူတွေအနေနဲ့လည်း The Long Tail Model ရဲ့ အကျိုးရလဒ်အနေနဲ့ အင်တာနက်ကနေတစ်ဆင့် ထုတ်ကုန်အမျိုးမျိုးကို ရှာဖွေဝယ်ယူနိုင်စေပါတယ်။ ဒီလိုမျိုးစျေးကွက်ခွဲခြားမှုက သုံးစွဲသူတွေရဲ့ နှစ်ခြိုက်မှုအပေါ်မူတည်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက် စျေးကွက်ကို ပိုမိုကျယ်ပြန့်စေမှာ ဖြစ်ပါတယ်။ အင်တာနက်အပိုင်းကလည်း ဆက်လက်တိုးတက်နေမှာဖြစ်တာကြောင့် ဒီ Model ဟာ လာမယ့်အနာဂတ်စီးပွားရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဟာ ၈ဝ-၂ဝ ဥပဒေသ၊ သူ့ရဲ့အားသာချက်၊ ကန့်သတ်ချက်တွေကိုသိရှိထားပြီး လုပ်ငန်းနဲ့ ဘဝနေထိုင်လုပ်ဆောင်မှုမှာ အခြေခံလမ်းညွှန်အဖြစ်ထား၊ အချိုးကိုတော့ အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲအသုံးချသွားနိုင်မယ်ဆိုရင် ဘဝအောင်မြင်မှုတွေရဖို့ အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်…။ ။
ရည်ညွှန်း
၁။ "The Decision Book; Fifty models for strategic thinking", Mikael Krogerus and Roman Tschäppeler
၂။ ၈၀-၂၀ ဥပဒေသ၊ “စဉ်းစားမိသော အတွေးများ”၊ ကျော်ကျော်လှိုင်