Skip to main content

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးမှသည် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလေးထားဖော်ဆောင်ရေးသို့

ဧရာမောင်

(ယမန်နေ့မှအဆက်)

နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရန် အလားအလာရှိ အားကစားနည်းများ ဦးစားပေးအဆင့် သတ်မှတ်သင့်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေးအတွက် အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းများကို ပထမဦးစားပေးသတ်မှတ်၍လည်းကောင်း၊ အောင်မြင်ရန် အလားအလာရှိသော အားကစားနည်းများကို ဒုတိယဦးစားပေးအဆင့် သတ်မှတ်၍လည်းကောင်း၊ အောင်မြင်မှုအလားအလာ နည်းပါးသော်လည်း အိုလံပစ်အားကစားနည်းဖြစ်ခြင်း၊ ယှဉ်ပြိုင်မှုမှတစ်ဆင့် လူသားဆန်သောအတွေးအခေါ်အယူအဆ ပေါင်းသင်းဆက်ဆံမှု မြင့်မားစေပြီး ဗလငါးတန်ဖွံ့ဖြိုးစေသည့် အားကစားနည်းများကို တတိယဦးစားပေးသတ်မှတ်၍လည်းကောင်း၊ ရေတို၊ ရေရှည်စီမံကိန်းထားရှိဆောင်ရွက်သင့်ပါသည်။ အောင်မြင်မှုအစဉ်အလာရှိသော အားကစားနည်းများကို သက်ဆိုင်ရာအားကစားအဖွဲ့ချုပ် (သို့) နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်စေမည်ဆိုပါက အရည်အသွေးပြည့်မီသည့် နိုင်ငံခြားသားနည်းပြများနှင့် အတွေ့အကြုံရှိသည့် ပြည်တွင်းနည်းပြများ ပူးတွဲတာဝန်ပေးအပ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေသင့်ပါသည်။ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များ၏ တာဝန်ရှိသူများကိုလည်း မကြာခဏ စစ်ဆေးဆောင်ရွက်စေသင့်ပါသည်။

အားကစားသိပ္ပံများတွင် အစဉ်အလာရှိ အိုလံပစ်အားကစားနည်းများ ဦးစားပေးလေ့ကျင့်

အားကစားနည်းအလိုက် သတ်မှတ်ထားသော အရည်အသွေးနှင့် ကိုက်ညီသော မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်နေစေရေးအတွက်လည်း အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် အောင်မြင်မှုအစဉ်အလာရှိသော အိုလံပစ်အားကစားနည်းများကို ဦးစားပေး၍ သက်တမ်းလိုက် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများနှင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများမှ အရည်အသွေးပြည့်မီသည့် အားကစားသမားဦးရေကိုသာ ကျစ်ကျစ်လျစ်လျစ်ဖြင့် စုစည်းရွေးချယ်ပြီး အရည်အချင်းပြည့်မီသော နည်းပြများဖြင့် ကြပ်မတ်လေ့ကျင့်ဆောင်ရွက်စေသင့်ပါသည်။ ကျောင်းဖွင့်သက်တမ်း (၅၊ ၆)နှစ်အထက်ရှိသည့် အားကစားသိပ္ပံကျောင်းများမှ အားကစားနည်းအလိုက် နှစ်စဉ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များသို့ ပဏာမလက်ရွေးစင်များ စဉ်ဆက်မပြတ်ရွေးချယ်ပေးပို့နိုင်ရေးမှာ သက်ဆိုင်ရာကျောင်းများ၏ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များဖြစ်သဖြင့် အားကစားသိပ္ပံကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အမြဲမပြတ် သုံးသပ်အကဲဖြတ်၍ တွန်းအားပေး ဆောင်ရွက်သင့် ပါသည်။

ပြိုင်ပွဲအဆင့်အတန်းမြင့်မားရန် ကြပ်မတ်ဆောင်ရွက်သင့်သည်များ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများကို ပြိုင်ပွဲအဆင့်အတန်းမြင့်မား၍ ပြိုင်ဆိုင်မှု ပြင်းထန်သည့် အားကစားပြိုင်ပွဲများ ဖြစ်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအဆင့်ပြိုင်ပွဲများမှသည် မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပြိုင်ပွဲများအထိ ပြိုင်ပွဲအဆင့်ဆင့် ပြုလုပ်ပြီးမှသာ စနစ်တကျ လူရွေးချယ်မှုကို ပြုလုပ်ခြင်း၊ အရည် အချင်းပြည့်မီသည့် နည်းပြများဖြင့် အချိန်ကာလ နှစ်လတန်သည် သုံးလတန်သည် ကြိုတင်စခန်းသွင်းလေ့ကျင့်မှုပြုလုပ်ပြီးမှ အဆင့်မီမီဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနများအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို စံချိန်စံညွှန်းနှင့် အရည်အသွေးမပြည့်မီသော အားကစားသမားများဖြင့် ပြိုင်ပွဲဝင်နိုင်ရုံသက်သက် အဖြစ်သဘောဝင်ရောက် ယှဉ်ပြိုင်နေကြသည်ကို တွေ့ရှိရသဖြင့် ထိရောက်စွာ တင်းကျပ်ဆောင်ရွက်သင့်ပါသည်။ ဝန်ကြီးဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ၌ သက်တမ်းလိုက်ပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးလျက်ရှိပြီး ထိုသို့ကျင်းပပေးရသည့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များအပေါ် အလေးမထားဘဲ မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီး အောင်နိုင်ရေးအတွက် အသက်လိမ်လည်စာရင်းသွင်းယှဉ်ပြိုင်နေခြင်းများကိုလည်း ဝန်ကြီးဌာနမှ ထိရောက်စွာ အပြစ်ပေးဟန့်တားခြင်းမပြုသမျှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပျောက်ဆုံးနေမည်ဖြစ်သဖြင့် ထိရောက်သည့် ကာကွယ်တားဆီးမှုများ ဆောင်ရွက်သွားသင့်ပါသည်။        

နည်းပြများ အရည်အချင်းမြှင့်တင်ရန် ဆောင်ရွက်ပေးသင့်သည့် အကြံပြုချက်များ

မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းနှင့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် အားကစားနည်းအလိုက် လေ့ကျင့်သင်ကြားပေးကြရသည့် နည်းပြများအနေဖြင့် လေ့ကျင့်ရေးသဘောတရားကို နားလည်ပြီး Effective Training Programme ရေးဆွဲနိုင်သူ၊ နည်းစနစ်၊ နည်းဗျူဟာများကို ခေတ်နှင့်အညီ အမြဲမပြတ်လေ့လာနိုင်စွမ်းရှိသူ၊ သက်ဆိုင်ရာ အားကစားနည်းတွင် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု နည်းပြသင်တန်းတစ်ခုခုကို တက်ရောက်အောင်မြင်ထားသူ၊ အားကစားသမားတစ်ဦးချင်းစီ၏ အားနည်းချက်၊ အားသာချက် များကို အကဲဖြတ်နိုင်ပြီး တစ်ဦးချင်းစွမ်းရည်တိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းရှိသူ၊ အားကစားသမားများ၏ အားကျအတုယူ လေးစားထိုက်သည့် အပြောအဆို၊ အပြုအမှု၊ အနေအထိုင်ရှိသူ၊ ပြိုင်ဘက် အသင်း၊ ပြိုင်ဘက်အားကစားသမားများ၏ သတင်းကို Youtube, Facebook, Google တို့မှ ရှာဖွေပြီး မိမိအသင်းအတွက် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်နိုင်သူ၊ မိမိအားကစားသမားနှင့် ကိုက်ညီသည့် နည်းဗျူဟာကို ရွေးချယ်တတ်သူများ ဖြစ်စေရေး အားကစားနည်းအလိုက် ပြည်တွင်းနည်းပြသင်တန်းများနှင့် အပြည်ပြည်ဆိုင်ရာမှ ဖွင့်လှစ်သည့် နည်းပြသင်တန်းများသို့ စေလွှတ် တက်ရောက်စေခြင်း၊ အားကစားနည်းအလိုက် ပြောင်းလဲကျင့်သုံးလာသည့် နည်းစနစ်၊ နည်းဥပဒေများ သိရှိစေရေးအတွက် နှစ်စဉ်အားကစားနည်းအလိုက် အားကစားနည်းစနစ်ပိုင်းဆိုင်ရာ Seminar, Workshop, Forum များ ကျင်းပပြုလုပ်ပေးခြင်း၊ အဆိုပါဆွေးနွေးပွဲများသို့ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ဖိတ်ကြား၍ တက်ရောက်ဆွေးနွေးပညာပေးဟောပြောစေခြင်းများကို ဆောင်ရွက်စေသင့်ပါသည်။ အရည်အချင်းပြည့်ဝသည့် နည်းပြများကသာ ထူးချွန်သည့် အားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်ကို ဂရုပြုသင့်ပါသည်။

တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများ အသိပညာပေးခြင်း ပုံမှန်ပြုလုပ်ပေးသင့်

လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ကြရမည့်သူများဖြစ်သဖြင့် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရေး၊ နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ချစ်ခင်မြတ်နိုးတတ်စေရေး၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရေးတို့အတွက် လူငယ်လူရွယ်အမြောက်အမြား တစုတဝေးတည်းရှိနေသည့် တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် အသိပညာပေးဟောပြောပွဲများကို တစ်ပတ်လျှင်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်ပြုလုပ်ဆောင်ရွက်စေသင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း လူငယ်များအသိ ပညာ တိုးပွားစေရေးအတွက် တစ်ကြိမ်နှင့် တစ်ကြိမ် မတူညီသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောစေသင့်ပါသည်။ ဥပမာအားဖြင့် လူငယ်နှင့် ကျန်းမာရေးကဏ္ဍ၊ လူငယ်နှင့်ပညာရေးကဏ္ဍ၊ လူငယ်နှင့် အားကစားကဏ္ဍ၊ လူငယ်နှင့် အလုပ်အကိုင်ကဏ္ဍ၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်၊ လူငယ်နှင့် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ လူငယ်နှင့် ရာဇဝတ်မှုကျူးလွန်ခြင်း အကြမ်းဖက်မှုကဏ္ဍ၊ လူငယ်နှင့်ပြည်သူ့နီတိကဏ္ဍ၊ လူငယ်နှင့် မျိုးချစ်စိတ်ကဏ္ဍ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လူငယ်နှင့်အားလပ်ချိန်အသုံးပြုမှုကဏ္ဍ၊ လူငယ်နှင့်ရပ်ရွာလူမှုရေးလုပ်ငန်းများကဏ္ဍစသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးခွဲခြား၍ အသိပညာပေးဟောပြောစေမည်ဆိုပါက လူငယ်လူရွယ်များ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်လာပြီး နိုင်ငံ့အကျိုးသယ်ပိုးနိုင်မည့် သားကောင်းသမီးကောင်းရတနာများ မလွဲမသွေ ဖြစ်လာနိုင်မည်ဖြစ်ပါသည်။

လူငယ်လူရွယ်များအား စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်

လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြရမည့်သူများဖြစ်သည့်အတွက် ငယ်စဉ်ဘဝကပင် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အခြေခံပညာကျောင်းအဆင့်မှစတင်၍ ကျောင်းသား ကျောင်းသူများအားလုံး ပါဝင်သည့် တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်ကဲ့သို့ အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းပြီး စုပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ပြန်လည်ပြုစုပျိုးထောင်ပေးသင့်ပါသည်။ ထို့ပြင် အခြေခံပညာကျောင်းအဆင့်နှင့် တက္ကသိုလ်ကောလိပ်များတွင် ကိုယ်ပိုင်စွမ်းဆောင်ရည်ရှိသည့် လူငယ်များဖြစ်လာစေရေးနှင့် အများအကျိုးသယ်ပိုးတတ်သည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ယခင်ကကဲ့သို့ ကင်းထောက်လူငယ်များ ဖွဲ့စည်းဆောင်ရွက်ပေးခြင်းများကိုလည်း ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။

နိုင်ငံတကာလူငယ်အဖွဲ့အစည်းများနှင့် မပြတ်ချိတ်ဆက်

လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာရေးမှအစ တက္ကသိုလ်သင်ရိုးညွှန်းတမ်းများအထိ ပြောင်းလဲဆောင်ရွက်နေသည့်နည်းတူ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအား နိုင်ငံတကာလူငယ်အဖွဲ့အစည်းများဖြင့် မပြတ်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတကာမှ လူငယ်များနှင့် ချစ်ကြည်ရင်းနှီးမှုရရှိလာမည့်အပြင် နိုင်ငံတကာမှဆောင်ရွက်ချက်များနှင့် အခြားအချက်အလက်များကိုပါ သိရှိလာခြင်းနှင့်အတူ လူငယ်လူရွယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလာ နိုင်မည် ဖြစ်ပါသည်။

အကြံပြုချက်များ အလေးထားဖော်ဆောင်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် (၃) ရပ် ပိုမိုထိရောက်အောင်မြင်ရေးအတွက် ဖြည့်စွက်ဆောင်ရွက်ရမည့် အထက်ဖော်ပြပါအကြံပြုချက်များအား ဆောင်ရွက်သွားနိုင်မည်ဆိုပါက တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးမှသည် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်ရေးအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။