MSME လုပ်ငန်းများ ဖွံ့ဖြိုးဖို့ တရားမဝင်တင်သွင်းမှုများ စုပေါင်းကာကွယ်စို့
ဝန်းရံခ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေးဦးတည်ချက် (၃) ရပ်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး” ဆိုသည့်အချက် ပါဝင်ပါသည်။
ပြည်တွင်းထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဓိက အတားအဆီးမှာ တရားမဝင်ကုန်သွယ်မှုများဖြစ်ပြီး ပြည်ပမှ တရားမဝင် တင်သွင်းမှုများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုမရှိတော့ဘဲ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း MSME များ၏ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာအဟန့်အတား ဖြစ်ပေါ်စေပါသည်။ တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်မှသာ ပြည်တွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်
မိမိတို့ နိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်တို့တွင် ပြည်ပမှတင်သွင်းမှုက ပိုမိုများပြားခဲ့ပါသည်။ ထိုသို့ ပြည်ပမှတင်သွင်းမှု ပိုမိုများပြားခဲ့သဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များစွာ ဖြစ်ပေါ်ခဲ့ပြီး ပြည်ပမှ နှစ်စဉ် ကုန်ပစ္စည်းများ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ ကုန်ကျလျက်ရှိသောကြောင့် အဓိကအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ပေးနိုင်ရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန်လိုအပ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိကအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာတွင် သဘာဝသယံဇာတ ထုတ်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များကို အဓိကထုတ်လုပ်တင်ပို့ပြီး နိုင်ငံ၏ စီးပွားရေးဦးတည်ချက်နှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကုန်သွယ်မှုများက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ်တွင် များစွာဆိုးကျိုးသက်ရောက်စေပါသည်။
ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေ
နိုင်ငံ့စီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် အဓိကအခြေခံလိုအပ် ချက်ဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့နှင့် တိရစ္ဆာန်အစားအစာကဲ့သို့ သွင်းအားစုများကို စိုက်ပျိုး၊ မွေးမြူတောင်သူများလက်ဝယ်သို့ အချိန်မီရောက်ရှိနိုင်ရေး တင်သွင်းဆောင်ရွက်ရာတွင် တရားမဝင်တင်သွင်းမှုများကြောင့် ပြည်ပနိုင်ငံမှတစ်ဆင့် ကူးစက်ရောဂါပိုးများပါ ဝင်လာပါက ပြည်တွင်း စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သည့် လုပ်ငန်းများကို ရောဂါကူးစက်ကာ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်မှုကို ဂရုပြုရမည်ဖြစ်ပါသည်။
တရားမဝင်ကုန်သွယ်မှုကို ဆောင်ရွက်သူများသည် နိုင်ငံ၏သယံဇာတများအား စနစ်တကျ ထုတ်ယူသုံးစွဲခြင်း မဟုတ်သည့်အတွက် သဘာဝသယံဇာတများ ဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကိုပါ ထိခိုက်စေခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများဆုံးရှုံးခြင်း၊ တရားမဝင်တင်သွင်းလာသည့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်းမှ စားသုံးသူ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ခြင်း စသည့်ပြဿနာများ ပေါ်ပေါက်လာနိုင်စေပါသည်။
တရားမဝင် ဝင်ရောက်နေသည့် ပစ္စည်းများသည် အမျိုးသားကျန်းမာရေး၊ စီးပွားရေးနှင့် လူငယ်များ၏ အနာဂတ်ရှင်သန်တိုးတက်ရေးကို ခြိမ်းခြောက် လျက်ရှိသည့်အပြင် ပြည်တွင်းတွင် တရားဝင်ခွင့်ပြုချက်များဖြင့် ထုတ်လုပ်ဖြန့်ချိရောင်းချနေသောလုပ်ငန်းများမှာလည်း အဆိုပါ တရားမဝင် တင်သွင်းလာသည့် ပစ္စည်းများကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းအားဖြင့် မယှဉ်နိုင်ခြင်း၊ ဈေးကွက်ဝေစုပေးလိုက်ရခြင်း၊ ဈေးကွက်ပျောက်ဆုံးခြင်းတို့ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ၏ ရှင်သန်ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါသည်။ ပြည်တွင်းလုပ်ငန်းများ ရှင်သန်နိုင်မှုမရှိလျှင် အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်းလာနိုင် ပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများအပေါ် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည်ကို အထူးဂရုပြုရန် လိုအပ်ပေမည်။
ဝိုင်းဝန်းကာကွယ်တားဆီး
ထို့ပြင် ဒေသဆိုင်ရာ အကောက်ခွန်သက်သာခွင့် အစီအစဉ်အရ အခြားနိုင်ငံများတွင် မရရှိနိုင်သည့် အကောက်ခွန်သက်သာခွင့်များကို မြန်မာနိုင်ငံအတွက် ခွင့်ပြုပေးထားရာတွင် နိုင်ငံ့ထွက်ကုန် ပစ္စည်းများကိုသာ သီးခြားသက်သာကင်းလွတ်ခွင့် ပေးထားသောကြောင့် နိုင်ငံတကာစည်းမျဉ်း၊ စည်းကမ်း၊ ကတိကဝတ်များကို လေးစားလိုက်နာမှု နှင့် မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံများ၏ ယုံကြည်မှုကိုပါ မထိခိုက်စေရေး ဆောင်ရွက်ရန်လိုအပ်ပါမည်။ တရားမဝင်ကုန်သွယ်မှုကို ပပျောက်သွားအောင် ဆောင်ရွက်ရာတွင် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အစွမ်းကုန်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ တရားမဝင်ကုန်စည်များ တားဆီးရေးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဓာတ်ဖြင့် သတင်းအချက် အလက်ပေးပို့ကြသော ပြည်သူများကို ထိုက်သင့်သည့် အသိအမှတ်ပြုမှုနှင့် ဆုချီးမြှင့်ငွေများ ခွဲဝေပေးလျက်ရှိပါသည်။
သို့ဖြစ်၍ ပြည်တွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ပနိုင်ငံများမှ တရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူလူထုများမှ ဝိုင်းဝန်း ကာကွယ်တားဆီးဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းရေးသားတင်ပြလိုက်ပါသည်။ ။