Skip to main content

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးမှသည် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အလေးထားဖော်ဆောင်ရေးသို့

ဧရာမောင်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်နေစိတ်ထားတို့ တိုက်ရိုက်အချိုးကျလျက်ရှိသည်ဟု မှတ်သားဖူးပါသည်။ သို့ဖြစ်၍လည်း အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ရေးမှသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးနှင့် လူငယ်လူရွယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဦးတည်ရည်မှန်းချက်များအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သော လူမှုရေးဦးတည်ချက် (၃) ရပ်၌ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ရည်မှန်းချက်များကို ချမှတ်ပေးခဲ့ပါသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အဓိကဦးစားပေးဖော်ဆောင်လျက်ရှိသည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဖော်ဆောင်နိုင်မည်ဆိုပါက ကျန်လုပ်ငန်းစဉ် (၂) ရပ်မှာလည်း ကျွဲကူးရေပါဆိုသကဲ့သို့ အောင်မြင်မှု ရရှိလာနိုင်မည်ဖြစ်ပါသည်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၁၉၆၄ ခုနှစ်မှစ၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်၍ ရပ်ကွက်၊ ကျေးရွာအဆင့်မှအစပြုကာ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှသည် ဗဟိုအဆင့်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပတ်စဉ်စနေနေ့တိုင်းတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ဆင်နွှဲခြင်း၊ စုပေါင်းလမ်း လျှောက်ပွဲများအပြီး ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်စေလျက်ရှိပါ သည်။ ထိုသို့ဆောင်ရွက်စေခြင်းမှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ပြည်သူတစ်ဦးချင်း လိုက်ပါဆောင်ရွက်ရန် အလွယ်ကူဆုံးနှင့် နေ့စဉ်ပုံမှန် လိုက်နာဆောင်ရွက်သင့်သည့် လမ်းလျှောက်ခြင်း အလေ့အကျင့်ကို ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အစပျိုးအကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ပြည်သူတစ်ဦး တစ်ယောက်ချင်းမှ အစပြု၍ ပြည်သူအားလုံးပင် ကိုယ်ကျန်းမာရေးအသိဖြင့် နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း တစ်ခုခုအား နေ့စဉ်ပုံမှန်ပြုလုပ်ခြင်း (သို့မဟုတ်) မိမိဝါသနာပါရာ အားကစားနည်းတစ်ခုခုကို ပုံမှန်လေ့ကျင့်ဆောင်ရွက်စေလိုသော အလေ့အကျင့်ကောင်းများ ရရှိစေလိုသည့် ရည်ရွယ်ချက်များဖြင့် ဖော်ဆောင်ပေးနေခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက် အောက်ပါတစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင် စေရေးလုပ်ငန်းစဉ်များကို ထပ်မံတိုးမြှင့်၊ ပြုပြင်ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုလိုပါသည်။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သင့်

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဖော်ဆောင်လျက်ရှိသည့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးလုပ်ငန်းများမှာ များပြားကျယ်ပြန့်လှသဖြင့် ထိထိရောက်ရောက် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများ အပါအဝင် အခြားပါဝင်သင့်သည့် ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်သင့်ပါသည်။ အဆိုပါ ကော်မတီကို ဖွဲ့စည်းပေးနိုင်ရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရသို့တင်ပြခြင်း၊ ကော်မတီကိုဖွဲ့စည်းခွင့်ပြုပါက ကော်မတီအနေဖြင့် နိုင်ငံတော် အစိုးရမှမူဝါဒချမှတ်ပေးရန် လိုအပ်သည့်အချက်များနှင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ ရေးဆွဲတင်ပြခြင်း၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက် သွားသင့်ပါသည်။

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကော်မတီ အနေဖြင့်လည်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွင်း လက်လုပ်လက်စား အခြေခံလူတန်းစားများ ပါဝင်သည့်အုပ်စု၊ သက်ကြီးရွယ်အိုများအုပ်စု၊ ဉာဏ်ရည်မမီသူများအုပ်စုနှင့် မသန်စွမ်းသူများအုပ်စု၊ ဝန်ကြီးဌာနအသီးသီးရှိ ကာယ၊ ဉာဏ ဝန်ထမ်းများအုပ်စု၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများရှိ မျိုးဆက်သစ်လူငယ်လူရွယ်များအုပ်စု၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားဝန်ထမ်းများအုပ်စု၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်ယူထားရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအုပ်စု၊ အကျဉ်းထောင်၊ အကျဉ်း စခန်းများတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအုပ်စုနှင့် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်ရှိသည့် အမျိုးသမီးထုတစ်ရပ်လုံးအတွက် အသိပညာပေးရေး အစီအစဉ်များနှင့် လိုက်ပါလုပ်ဆောင် ရမည့်အုပ်စု တစ်ခုချင်းအလိုက် လေ့ကျင့်ခန်းများနှင့် လုပ်ငန်းစဉ်များ ချမှတ်ပေးပြီးလိုက်ပါဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်သွားသင့်ပါသည်။

ကော်မတီမှ ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သင့်သည့် အကြံပြုချက်များ

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကော်မတီ အနေဖြင့် ဝန်ကြီးဌာနအသီးသီးရှိ ကာယ၊ ဉာဏဝန်ထမ်းများ ကျန်းမာပျော်ရွှင်စွာဖြင့် နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်နိုင်စေရေးအတွက် နေ့စဉ်ရုံးဆင်းချိန်မတိုင်မီ နာရီဝက်ခန့်ကို စုပေါင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်နိုင်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးသည့် Physical Fitness Dance သင်တန်းသို့ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ စိတ်ပါဝင်စားစွာဖြင့် အင်ပြည့်အားပြည့် တက်ရောက်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် သင်တန်းတက်ရောက်ပြီးသူများမှ ဝန်ကြီးဌာနအလိုက် ဆင့်ပွားသင်တန်းများ ပြန်လည်ဖွင့်လှစ်ပို့ချစေရေးတို့ကို ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ဝန်ကြီးဌာနများအလိုက် ကိုယ်လက်လှုပ်ရှားမှုများကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းဟောပြောခြင်းများ ပြုလုပ်စေရေး ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ ထို့ပြင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာနပေါင်းစုံ Physical Fitness Dance ပြိုင်ပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့်ကျင်းပ၍ ထိုက်တန်သည့်ဆုများ ချီးမြှင့်ပေးအပ်ခြင်းဖြင့် ဝန်ကြီးဌာနအလိုက် ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲများဖြစ်လာစေရေး စည်းရုံးဆောင်ရွက်သင့်ပါသည်။ အထက်ပါ လုပ်ငန်းစဉ်များ ထိထိမိမိ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အကျိုးဆက်အနေဖြင့် ဝန်ကြီးဌာနအသီးသီးရှိ ကာယ၊ ဉာဏ ဝန်ထမ်းများ၏ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကို လွန်စွာအထောက် အကူပြုနိုင်မည်ဖြစ်ပါသည်။

ကော်မတီမှ ပညာရေးဝန်ကြီးဌာနအပါအဝင် တက္ကသိုလ်၊ ကောလိပ်ရှိသည့် ဝန်ကြီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သင့်သည့် အကြံပြုချက်များ

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကော်မတီ အနေဖြင့် ပညာရေး ဝန်ကြီးဌာနအပါအဝင် တက္ကသိုလ်၊ ကောလိပ်ရှိသော ဝန်ကြီးဌာနများရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် သတ်မှတ်ထားသော ကာယအချိန်များကို သတ်မှတ်ကာယအချိန်အတိုင်း အားကစားလှုပ်ရှားဆောင်ရွက်ခွင့်များ ပြုလုပ်ခွင့်ရရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် မေဂျာအလိုက် အားကစားပြိုင်ပွဲများ၊ အခြေခံပညာကျောင်းများတွင် အားကစားနည်းအလိုက် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျောင်းများတွင် ကလေးသူငယ်များနှင့် လိုက်ဖက် သည့် Outdoor Fitness များ ပြုလုပ်တပ်ဆင်ပေးခြင်း၊ လူငယ်၊ လူရွယ်များ အများဆုံးရှိရာ အခြေခံပညာကျောင်းများတွင် ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များ ဖြစ်လာစေရန် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်မှု၏ အရေးပါမှုကို လူငယ်များ အားကျသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အားကစားလိုက်စားသည့် အနုပညာရှင်များဖြင့် အသိပညာပေးဟောပြောပို့ချမှုများ၊ အားကစားသရုပ်ပြမှုများ ဆောင်ရွက်ပေး နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ကျောင်းတိုင်းတွင် အားကစားကွင်း၊ အားကစားရုံနှင့် အားကစား အထောက်အကူပြုပစ္စည်းများ တတ်နိုင်သရွေ့ စီစဉ်ထားရှိပေးနိုင်ရေးနှင့် အတန်းချိန်ဇယားများတွင် ကာယချိန်ကို မဖြစ်မနေ ထည့်သွင်းပေးနိုင်ရေး၊ ကာယပညာသင်ကြားမည့် အရည်အချင်းရှိသည့် ဆရာ ဆရာမများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်ရေး ညှိနှိုင်းပေးခြင်း၊ စာသင်ခန်းများတွင် အားကစားလှုပ်ရှားဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးနှင့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများကို စာတန်းများဖြင့် ချိတ်ဆွဲထားရှိပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အဆင့်ဆင့်သော အားကစားနှင့်ကာယပညာဦးစီးဌာနများမှ အခြေခံပညာကျောင်းများနှင့် နှစ်စဉ်ချိတ်ဆက်၍ ဖွင့်လှစ်ပေးလျက်ရှိသော (နွေ၊ မိုး၊ ဆောင်း) အခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများသို့ ကျောင်းသား ကျောင်းသူများ အင်ပြည့်အားပြည့်တက်ရောက်စေရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အဆင့်ဆင့်သော အားကစားနှင့်ကာယပညာဦးစီးဌာနများမှ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် အားကစားသရုပ်ပြပွဲများနှင့် အားကစားအသိပညာပေးဟောပြောပွဲများပြုလုပ်နိုင်ရေး လာရောက်ဆက်သွယ်ပါက တာဝန်ရှိသူအဆင့်ဆင့်မှ အတတ်နိုင်ဆုံး ကျောင်းသား ကျောင်းသူများ အင်ပြည့်အားပြည့် တက်ရောက်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင်ရှိနေသော လူငယ်လူရွယ် အများစု၏ သက်ရှည်ကျန်းမာကြံ့ခိုင်ရေးကို များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ပါသည်။

အမျိုးသမီးများနှင့် အားကစားကဏ္ဍ ဆက်စပ်ဆောင်ရွက်ပေးသင့်သည့် အကြံပြုချက်များ

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်ကျော်သည် အမျိုးသမီးထုဖြစ်သည့် အတွက် ကျန်းမာပျော်ရွှင်သော မိသားစုဘဝ၊ လူနေမှုဘဝ ရရှိပိုင်ဆိုင်နိုင်စေရန် အမျိုးသမီးများ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခွင့် ရရှိ ရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍဖြစ်၍ တွန်းအားပေး ဆောင်ရွက်သင့်ပါသည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) မှလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် (NOC) များသို့ အမျိုးသမီး အားကစားသမားများ ပြိုင်ပွဲတိုင်း၌ တစ်နှစ်ထက်တစ်နှစ် ပိုမိုပါဝင်လာနိုင်စေရန်နှင့် အားကစားအဖွဲ့အစည်း၊ ဌာနများ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသော နေရာများတွင်လည်း အမျိုးသမီးများ ပါဝင်လာစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့် လည်း သက်ဆိုင်ရာ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်သို့ တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များအား ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့များနှင့် ချိတ်ဆက်၍ အမျိုးသမီးများ အားကစားအသိ ပညာပိုမိုတိုးတက်လာစေရန်နှင့် အားကစားပိုမို လိုက်စားလာစေရန်၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ညီလာခံများကျင်းပပေးရန်လိုအပ်ပြီး အမျိုးသမီးများ အားကစားကဏ္ဍ၌ ပါဝင်မှုပိုမိုမြှင့်တင်နိုင်ရေးအတွက် ကျောင်းနေအရွယ်မှစတင်၍ ပြုစုပျိုးထောင်ပေးမှသာလျှင် ထူးချွန် ထက်မြက်သော လူငယ်အမျိုးသမီးများ ပေါ်ထွက်လာနိုင်မည် ဖြစ်ပါသည်။ ယခင်ကဆောင်ရွက်ခဲ့သည့် အမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားဆပ်ကော်မတီများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် (Exercise Is Medicine) ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး အစီအစဉ်ကိုလည်း စဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအနေဖြင့်လည်း မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်အား အမျိုးသမီး အားကစားကော်မတီ (ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့်) တို့နှင့် ချိတ်ဆက်စေပြီး မိမိနိုင်ငံအတွင်းရှိ ဒေသအသီးသီး၌ အမျိုးသမီးများအား အားကစားအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ အားကစားသရုပ်ပြပွဲများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ပြည်ပသို့စေလွှတ်၍ Workshop, Seminar, Forum များ တက်ရောက်စေ ခြင်း စသည်တို့ကို ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် အတွေ့အကြုံ၊ ဗဟုသုတများရရှိပြီး အမျိုးသမီးများ အားကစားတွင် ပါဝင်လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားသင့်ပါသည်။ ခိုင်မာသည့် အားကစားမူဝါဒဖြင့် အမျိုးသမီးထုနှင့်တကွ ပြည်သူတစ်ရပ်လုံး အားကစားလေ့လာလိုက်စား၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်လာစေရန် တွန်းအားပေး ဆောင်ရွက်သင့်ပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးထုကြီး ဖြစ်သည့်အတွက် တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်မှုများတွင် ပါဝင်လာစေရေး ဦးစားပေး စည်းရုံးဆောင်ရွက်သင့်သည့် အဖွဲ့အစည်းဖြစ်သည်ကို အထူးဂရုပြုသင့်ပါသည်။

အားကစားမီဒီယာ၏ အခန်းကဏ္ဍအား မြှင့်တင်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ကော်မတီအနေဖြင့် ကော်မတီ၏ ရည်ရွယ်ချက်ပါ လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက် မီဒီယာအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ မီဒီယာဆိုသည်မှာ လူထုနှင့်အစိုးရအား ကြားခံဆက်သွယ်ပေးသည့်အရာဖြစ်၍ လူထုအားကစားလှုပ်ရှားမှုတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ပတ်သက်လာစေရေးအတွက် လှုံ့ဆော်ရေးသားပေးရန်လိုအပ်ခြင်း၊ လူသားအားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်သောဘဝကို ရရှိပိုင်ဆိုင်လာစေရန်ကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်ခြင်းကသာ အထောက်အကူပေးနိုင်ကြောင်း ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက်သတင်းများ ထုတ်လွှင့်ပေးခြင်း၊ အားကစားလှုပ်ရှားဆောင်ရွက်ခြင်း အကျိုးကျေးဇူးဆောင်းပါးများကို သတင်းစာများတွင် ရေးသားဖော်ပြပေးခြင်း၊ အောင်မြင်နေသည့် (သို့) လူသိများအောင်မြင်ခဲ့သည့် အားကစားသမားများနှင့် တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ပါက အားကစားလှုပ်ရှား ဆောင်ရွက်မှု၏ အကျိုးကျေးဇူးကို မသိသေးသူများအတွက် ဗဟုသုတရစေပြီး အားကစားလေ့ကျင့် လိုက်စားလိုစိတ်များ ဖြစ်ပေါ်လာနိုင်ခြင်း၊ မြန်မာနိုင်ငံရှိ အားကစားသတင်းများနှင့်ပတ်သက်၍ အမျိုးသားဘောလုံးပွဲ၊ ရိုးရာလက်ဝှေ့နှင့်နိုင်ငံတကာ ဘောလုံးပြိုင်ပွဲအကြောင်းများကိုသာ ရုပ်သံသတင်းများနှင့် သတင်းစာ၊ ဂျာနယ်များတွင် ဦးစားပေး ထုတ်လွှင့်ဖော်ပြပေးနေသည်ကို တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ်အနေဖြင့်လည်း အစိုးရဝန်ကြီးဌာနနှင့် ပြင်ပရုပ်သံဌာနများ၊ အားကစားကလောင်ရှင်များနှင့် အမြဲမပြတ် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ခြင်း၊ ထို့ပြင် အားကစားစာနယ်ဇင်းကောင်းများ၊ အားကစားမီဒီယာကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားပြိုင်ပွဲများတွင် ထိရောက်အကျိုးရှိသည့် မေးခွန်းများမေးမြန်းပြီး သတင်းရယူနိုင်ရေးအတွက် ၎င်းတို့အား အားကစားသတင်းအချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲ (Sports Media Workshop) များကို အခါအားလျော်စွာ ပြုလုပ်ဆောင်ရွက်စေသင့်ပါသည်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်စေရေးအတွက် မြန်မာနိုင်ငံ အားကစား မီဒီယာအဖွဲ့ချုပ်၏ စွမ်းဆောင်မှုဖြင့် ကော်မတီ၏ဦးတည်ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ကို သတိပြုသင့်ပါသည်။

အခြားမဖြစ်မနေ ဆောင်ရွက်ပေးသင့်သည့် အကြံပြုချက်များ

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ကော်မတီအနေဖြင့် နိုင်ငံတော်၏ နေ့ထူး၊ နေ့မြတ်များတွင် လူငယ်လူရွယ်များ၊ ဝန်ထမ်းများအပါအဝင် ပြည်သူတစ်ရပ်လုံး ကျန်းမာပျော်ရွှင်စေရေးအတွက် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့ကဲ့သို့သော နေ့ရက်များတွင် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများနှင့် ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သင့်ခြင်း၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့်လည်း လူငယ်လူရွယ်များမှ အစပြု၍ ပြည်သူလူထုအတွင်း မိမိတို့အားကစားနည်းကိုသိရှိပြီး လေ့လာလိုက်စားလိုသူများ တိုးပွားလာရေးအတွက် ခေတ်ကာလအခြေအနေအရ ရုပ်မြင်သံကြားလိုင်းများမှ အားကစား နည်းအလိုက် ပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်သင့်ခြင်း၊ FM ရေဒီယိုလိုင်းပေါင်းစုံမှ အသိပညာပေးဟောပြောမှုများကို ထုတ်လွှင့်ပေးသင့်ခြင်း၊ အားလုံးကိုခြုံ၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် လက်ရှိဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများကို ဒီဇင်ဘာလတစ်လတည်း ဆောင်ရွက်နေရုံမျှဖြင့် မလုံလောက်၊ မထိရောက်နိုင်ဟု ယူဆမိပါသဖြင့် လက်ရှိဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် တစ်နှစ်တာကာလပတ်လုံး (မိုးတွင်းကာလမှလွဲ၍) လတစ်လ၏ ပထမပတ် စနေနေ့တိုင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်း လမ်းလျှောက်ပွဲများ ဆင်နွှဲနိုင်ရေးကို နိုင်ငံတော် အစိုးရထံ မူဝါဒနှင့် ခွင့်ပြုချက်ရယူ ဆောင်ရွက်သင့်ပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး လုပ်ငန်းများသည် များပြားကျယ်ပြန့်လှသည့်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ အပါအဝင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းစုပေါင်းအားဖြင့် ဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)