၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင် ဖြစ်လာတော့မည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်
ပျံချီ၊ Living Myanmar Media
၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောင်ခရမ်ဟူသည့် ရေကစားပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုလိုက်သဖြင့် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ ဆောင်ခရမ်ပွဲတော်အား ဝှဲချီးကျင်းပကာ နာမည်ကျော်အနုပညာရှင်များဖြင့် promotion ဆင်းကာ ခရီးသွားလုပ်ငန်းတိုးတက်စေရေး လုပ်ဆောင်ခဲ့ကြပါသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ထိုင်းတို့မှ ခိုးသွားသည်ဆိုသူဆို၊ အစိုးရ အလုပ်မလုပ်ဘူးဆိုသူဆို၊ ဒီတိုင်းကြည့်နေရမှာလားဆိုသူဆို စသဖြင့်ဝေဖန်သံများစွာ ထွက်ပေါ်လာခဲ့ပါ သည်။ ထိုင်းနိုင်ငံမှ ဆောင်ခရမ်အား ICH (Intangible Cultural Heritage) ဟူသည့် ဒြပ်မဲ့ယဉ်ကျေးမှု UNESCO သို့တင်ရာတွင် ထိုင်းနိုင်ငံသားတို့ နှစ်စဉ် နှစ်တိုင်းဆင်နွှဲသည့် ပွဲတော်တစ်ခုအနေဖြင့်သာတင်ခဲ့ပြီး မြန်မာ့ရိုးရာအတာသင်္ကြန်၏ မူရင်းပုံစံ ဖြင့် တင်ခွင့်မရရှိခဲ့သည်ကို သိရှိသူနည်းပါးလှသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ကိုလည်း ICH စာရင်းဝင်ရန်အတွက် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Myanmar Cultural Heritage Trust) ကဲ့သို့ NGO အဖွဲ့များ၊ Living Myanmar Media Group နှင့် Ko Hein’s Vlog ကဲ့သို့ မီဒီယာနှင့် ဆိုရှယ်မီဒီယာအဖွဲ့များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအား ချစ်မြတ်နိုးသည့် ပညာရှင်များနှင့် ပြည်သူများ ပူးပေါင်းကာ ၂၀၂၄ ခုနှစ်တွင် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း ကြားသိရပါသည်။
ICH ဟူသည့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အား ယူနက်စကိုအဖွဲ့မှ ၂၀၀၉ ခုနှစ်တွင် စတင်သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံများအသီးသီးရှိ လူမျိုးများ၏ ရိုးရာဓလေ့များ၊ အစဉ်အလာများ၊ ပွဲတော်များနှင့် ပစ္စည်းများအား ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ထားပါသည်။ ရှေးဟောင်း မြို့တော်များ၊ သမိုင်းဝင်နေရာများအား ဒြပ်ရှိယဉ်ကျေးမှုအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ လူမျိုးတစ်ခုစီ၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုတို့အား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အခန်းကဏ္ဍသစ်တစ်ရပ် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် Hard power နှင့် Soft power ကဲ့သို့ နိုင်ငံတစ်ခု၏ အင်အားကို ပြသရာတွင် ပုဂံ၊ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းနှင့် ညောင်ကန်ဒေသကဲ့သို့ အခိုင်အမာရှိပြီးဖြစ်သော မြန်မာတို့၏ သမိုင်းအမွေအနှစ်များနှင့် ၁၂ လရာသီပွဲတော်၊ ဒေသအလိုက်ပွဲတော်များ၊ ဓလေ့များသည် မြန်မာ့သမိုင်း၏ soft power များဖြစ်သည်။ ယူနက်စကိုမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ကိုက်ညီသော ဒြပ်ရှိ၊ဒြပ်မဲ့ယဉ်ကျေးမှုများအား နှစ်စဉ်ဒီဇင်ဘာလ အတွင်းပြုလုပ်သော ညီလာခံတွင် မဲခွဲဆုံးဖြတ်ကာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းအသိအမှတ်ပြုကြပါသည်။
ထိုကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွက် အဆိုပြုတင်သွင်းရာတွင် ယူနက်စကိုအနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံများ၏ တင်ပြချက်များကိုသာ အဆုံးအဖြတ်ပေးခြင်းဖြစ်ကာ နိုင်ငံများ၏ အစိုးရများအနေဖြင့် ထိုလုပ်ငန်းစဉ်အား ကိုယ်တိုင် First person အနေ ဖြင့် လုပ်ဆောင်၍မရနိုင်ချေ။ အစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား သံတမန်ရေးရာ အကူအညီနှင့် နောက်ကွယ်မှ ကူညီပံ့ပိုးပေးခြင်း၊ ရုံးလုပ်ငန်းဆိုင်ရာ တရားဝင်နည်းလမ်းများအား ကူညီဆောင်ရွက်ခြင်း စသည့်ကူညီ ထောက်ပံ့သည့်နေရာတွင်သာနေကာ ဆောင်ရွက်နိုင်ပါသည်။ ထိုအချက်အား မြန်မာနိုင်ငံသား အများစု သိရှိခြင်းမရှိသည်ကို လွန်ခဲ့သောနှစ်တွင် တွေ့ရှိခဲ့ရသည်။ ထိုင်းနိုင်ငံ၏ ဆောင်ခရမ်အား ICH တင်စဉ်ကပင် ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တင်ပြခြင်းမဟုတ်ဘဲ ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့များမှ ၂၀၂၂ ခုနှစ်တွင် တင်ပြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်တွင် MCHT အဖွဲ့သည် Living Myanmar Media Group ၊ Ko Hein’s Volg စသည့် မီဒီယာများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးရှိ မြန်မာ့ယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက် လိုသည့် ပညာရှင်များ၊ ဒေသခံများဆီမှ ရိုးရာအတာသင်္ကြန်သည် မြန်မာနိုင်ငံသားများအားလုံး ပူးပေါင်းဆင်နွှဲလျက်ရှိသော မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်ပါသည်ဟူသည့် အချက်အလက်များဖြင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုနိုင်ရေး ယူနက်စကိုသို့ တင်သွင်းခဲ့ကြပါသည်။ ထိုသို့တင်ပြရာတွင် မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးတွင် ရိုးရာအတာသင်္ကြန်အား ဆင်နွှဲနေကြသည့်ပုံရိပ်များ၊ ပညာရှင်များမှ မြန်မာ့ရိုးရာအတာသင်္ကြန်သည် မြန်မာတို့၏မူပိုင်ရိုးရာ အမွေအနှစ်ဖြစ်ကြောင်း ဟိန္ဒူအယူအဆမှမဟုတ်ဘဲ ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုအမွေအနှစ်အစစ်ဖြစ်ကြောင်း သမိုင်းဆိုင်ရာ သုတေသနပြုလုပ်ချက်များစသဖြင့် သက်သေအထောက်အထားများအား ဗီဒီယိုများပြုလုပ်ကာ Footage အဖြစ် စာတမ်းနှင့် တကွ တင်ပြခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ့ရိုးရာအတာသင်္ကြန်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုအဖြစ် စာရင်းသွင်း ရန် ဆန်ခါတင်အဆင့် သတ်မှတ်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ပါရာဂွေး နိုင်ငံတွင်ကျင်းပမည့် ယူနက်စကို၏ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ညီလာခံတွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုမဲခွဲဆုံးဖြတ်ရန် စီစဉ်ထားပါသည်။
ဤကဲ့သို့သော အောင်မြင်မှု၏ နောက်ကွယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီမှုများ၊ မြန်မာနိုင်ငံသားများ၏ ဝိုင်းဝန်းကူညီအားပေးမှု ရှိနေခဲ့ပါသည်။ အစိုးရမှ မည်မျှထောက်ပံ့စေကာမူ ဒေသခံပြည်သူများ၏ အားပေးမှုမရလျှင်သော် လည်းကောင်း၊ ပြည်သူတို့မှ မည်မျှအားပေးကူညီစေကာမူ သံတမန်ရေးရာနယ်ပယ်နှင့် ရုံးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် အစိုးရ၏ ကူညီထောက်ပံ့မှုမရလျှင်သော်လည်းကောင်း မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အောင်မြင်မှုရရှိမည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရနှင့် ပြည်သူနှစ်ဦးနှစ်ဖက် ညီညွတ်စွာဝိုင်းဝန်းလုပ်ဆောင်သည့် စည်းလုံးခြင်း၏ ရလဒ်အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသားများသည် ရိုးရာအတာ သင်္ကြန်ပွဲတော်အား ကမ္ဘာမှ အသိအမှတ်ပြုသည့် ကိုယ်ပိုင်ရိုးရာပွဲတော်အဖြစ်ဂုဏ်ယူကာ ကျင်းပနိုင်တော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အမွေအနှစ်စာရင်းဝင်ရန် ၁၂ လရာသီပွဲတော်များ ဖြစ်သည့် သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်ကဲ့သို့ ပွဲတော်များ၊ ပုန်းမကြည်ပွဲကဲ့သို့ ကျေးလက်ရိုးရာပွဲများ၊ မနောပွဲ၊ ဒုံးယိမ်းပွဲနှင့် ကောက်သစ်စားပွဲကဲ့သို့ တိုင်းရင်းသားအသီးသီး၏ ပွဲတော်များ၊ တောင်ပြုန်းနှင့် ပခန်းရှိ ရိုးရာနတ်ပွဲများအပြင် မြန်မာ့သနပ်ခါး၊ ချိတ်လုံချည်၊ ငှက်ကြီးတောင် ဓား၊ ရုပ်သေးပညာ၊ ယွန်းပညာ၊ ဆိုင်းဝိုင်း၊ မြန်မာ့လက်ဝှေ့၊ ဗန်တိုဗန်ရှည် စသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် သတ်မှတ်နိုင်သော အမျိုးအစားပေါင်း ၂၀၀၀ ကျော် ပိုင်ဆိုင်ထားရှိပါသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များသည် မိမိတို့အား ဘိုးဘေးတို့မှ အမွေပေးခဲ့ခြင်းဖြစ်ရာ နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ရိုးရာအမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းနိုင်သည်အထိ လက်ဆင့်ကမ်းပေးနိုင်ရန် လိုအပ်လှပါသည်။ ယနေ့ခေတ်တွင် ကမ္ဘာ၌ Multicultural အဖြစ် ယဉ်ကျေးမှုများ ရောနှောဆက်သွယ်ရာတွင် နိုင်ငံအသီးသီးသည် မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုအား နည်းလမ်းအမျိုးမျိုးဖြင့် ထိုးဖောက်လွှမ်းမိုးနိုင်ရန် ကြိုးစားလျက်ရှိသည်။ မိမိတို့သည် နဂိုယဉ်ကျေးမှု ကိုယ်ခံအားနည်းပါးပါက အခြားသောယဉ်ကျေးမှုများ အလွယ်တကူလွှမ်းမိုးခံရကာ ကိုယ်ပိုင်ပုံရိပ်နှင့် အနှစ်သာရရှိသည့် ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်သွားနိုင်မည့် အန္တရာယ်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ရိုးရာအတာသင်္ကြန်ပွဲ တော်ကဲ့သို့ပင် အခြားသောမိမိတို့၏ကိုယ်ပိုင်ရိုးရာဓလေ့များ၊ ပွဲတော်များနှင့် အခြားအမွေအနှစ်များအား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်သည်အထိ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် NGO အဖွဲ့အစည်းများ၊ မီဒီယာများ၊ ဒေသခံများပူးပေါင်းကာ ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၅ ခုနှစ်တွင် မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအဖြစ် ကမ္ဘာကအသိအမှတ်ပြုခံရတော့မည်ဖြစ်သည့် ရိုးရာအတာသင်္ကြန်ပွဲတော်အား စည်ကားပျော်ရွှင်စွာ ဆင်နွှဲကျင်းပနိုင်ရန် သတင်းစကား ပါးလိုက်ပါသည်။ ။