မသန်စွမ်းသူဝိုင်းလို့ကူ
စိန်ဌေးလှိုင်(ဟိုပုံးမြေ)
မသန်သော်လည်း စွမ်းရမည်ဆိုသော ဆောင်ပုဒ်ကို တော်တော်များများ သိရှိကြသည်။ ကျန်းမာသန်စွမ်းမှုမရှိသော လူတစ်ဦးသည် လုပ်ဆောင်နိုင်မှု စွမ်းရည်ရှိရမည်ဟုဆိုလိုခြင်း ဖြစ်သည်။ မသန်စွမ်းသူများ၏ လုပ်ရည်ကိုင်ရည်များ တိုးတက်မြင့်မားလာစေရန် ၎င်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးရပိုင်ခွင့်များ အပြည့်အဝရရှိရေး ဆောင်ရွက်ပေးရန်မှာ လူသားတိုင်း၏ တာဝန်ဖြစ်သည်။
“မသန်စွမ်းသူ”ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူကို ခေါ်ဆိုသည်။ ကုလသမဂ္ဂမှ မသန်စွမ်းသူများ၏အခွင့်အရေးသဘောတူစာချုပ်တွင် “မသန်စွမ်းသူဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ အပြည့်အဝထိရောက်စွာ ပါဝင်ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူများ”ဟု အတိအလင်းဖော်ပြထားသည်။ ဥပမာအနေဖြင့် စစ်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ လည်း ပါဝင်သည်။ အဆိုပါ ချို့ယွင်းချက်များသည် လူသားများ မွေးကင်းစအရွယ်သို့မဟုတ် လူတစ်ဦး၏ နေထိုင်ရှင်သန်ရာ တစ်သက်တာကာလအတွင်း ဖြစ်ပေါ်ခံစားရတတ်သည်။ ၎င်းအပြင် သာမန်အားဖြင့်မမြင်နိုင်၊ မသိနိုင်သောဉာဏ်ရည်မမီခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် စကားမပြောတတ်ခြင်းများကိုလည်း မသန်စွမ်းဟု ခေါ်ဆိုနိုင်သည်။
မသန်စွမ်းသူတို့မှာ အခြားသူများ၏ အထင်အမြင်သေးခံရပြီး နှိမ့်ချဆက်ဆံမှုနှင့်လည်း ကြုံတွေ့ရတတ်ပြီး လူသားဆိုင်ရာ အခွင့်အရေးလျော့ပါးတတ်၏။ သာမန်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးများ ပြုလုပ်မပေးနိုင်လျှင် သို့မဟုတ် စောင့်ရှောက်မှုလျော့နည်းမည်ဆိုလျှင် မသန်စွမ်းသူများ၏ ဘဝအခြေအနေများသည် ပိုမို၍ နိမ့်ကျပါမည်။ မသန်စွမ်းသူများမှာ လူ့အဖွဲ့အစည်းအတွင်း အရေးပါအရာရောက်စေရပါမည်။ ထို့ကြောင့် မသန်စွမ်းသူများတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ တန်းတူညီမျှရပိုင်ခွင့်များ၊ ပူးပေါင်းလုပ်ဆောင်နိုင်မှုများကို ကမ္ဘာ့လူသားများက ထိရောက်စွာ ဖြေရှင်းပေးရမည်ဖြစ်ပေသည်။
နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုး
ကုလသမဂ္ဂသည် မသန်စွမ်းသူများအတွက် ကြိုတင်ကာကွယ်မှု၊ ပြန်လည်ထူထောင်မှု၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့်များ တိုးမြှင့်ရန်ပထမဦးဆုံး “မသန်စွမ်းရပိုင်ခွင့်နည်းဗျူဟာ”ကို ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ချမှတ်ခဲ့သည်။ ဆက်လက်၍ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင်ကျင်းပသည့် (၄၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏ ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃)အရ အဆိုပါဗျူဟာချမှတ်ခဲ့သော ဒီဇင်ဘာလ ၃ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့(International Day of Persons with Disabilities)”အဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ “လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုတွင် မသန်စွမ်းသူများအတွက် လူမှုအခွင့်အရေးများမြှင့်တင်ပေးရန်” ဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း(United Nations Convention on The Right of Persons with Disabilities - UNCRPD)ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို ၁၉၉၂ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Amplifyimg the leadership of person with disabilities for an inclusive and sustainable future” (အနာဂတ်မှာ အားလုံး ရေရှည်တည်တံ့ရေးမသန်စွမ်းသူများ ခေါင်းဆောင်မှု မြှင့်တင်ပေး) ဖြစ်သည်။ မသန်စွမ်းသူများသည် လူ့လောကတွင် ဆက်လက်နေထိုင်ရှင်သန်ရပါဦးမည်။ ၎င်းတို့တွင် ထိုက်သင့်သောကိုယ်စွမ်း၊ ဉာဏ်စွမ်းများရှိပါသေးသည်။ သို့သော် ၎င်းတို့မှာ နောက်လိုက်အဖြစ်သာ နေထိုင်ရမြဲဖြစ်သည်။ ထို့ကြောင့် မသန်စွမ်းသူများကို ဖေးမလက်တွဲကာ ခေါင်းဆောင်မှုတာဝန် ပေးအပ်ရမည်ဖြစ်ပေသည်။
မသန်စွမ်းသူများ၏အရေး ကြိုးပမ်းအကောင်အထည်ဖော်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ အစီရင်ခံစာတွင် ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော်မှာ မသန်စွမ်းမှုတစ်မျိုးမျိုးခံစားနေရကြောင်း လေ့လာသိရှိရသည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများသည် ၎င်းပမာဏကို သိမြင်လာကြရာ မသန်စွမ်းသူအရေးကို သတိပြုမိလာပြီး မသန်စွမ်းသူများ၏အရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြသည်။ အစိုးရအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ကျန်းမာရေးအတတ်ပညာရှင်များသည် မသန်စွမ်းသူများ၏ အတွေ့အကြုံများကိုလေ့လာကာ လူမှုစီးပွားတည်ဆောက်ရေးတို့ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေမှုကြောင့် မသန်စွမ်းသူများ၏ အခက်အခဲများမှာ လျော့ကျလျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ၁၉၉၄ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ အရှေ့တောင်အာရှတွင် အခမ်းနားဆုံးဖြစ်သော မသန်စွမ်းသူများ ညီလာခံကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ရာ မသန်စွမ်းကိုယ်စားလှယ် ၅၅၀ တက်ရောက်ခဲ့ရာ ယနေ့တိုင်ဆက်လက်ကျင်းပမြဲဖြစ်သည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏အရေးကို ခေတ်အဆက်ဆက်မှ ယနေ့တိုင်ဆောင်ရွက်နေဆဲဖြစ်သည်။ “မသန်မစွမ်း” ဆိုသော အသုံးအနှုန်းသည် သန်မာမှုမရှိ၊ စွမ်းဆောင်နိုင်မှုလည်းမရှိဟု အဓိပ္ပာယ်သက်ရောက်နေ၏။ ထို့ကြောင့် “မသန်မစွမ်း” အစား“မသန်စွမ်း”ဆိုသည့် စကားကို ပြောင်းလဲခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ လူမှုဝန်ထမ်းဝန်ကြီးဌာနက ၁၉၉၄ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှ စတင်ပြီး “မသန်စွမ်း”ဟု တရားဝင်သတ်မှတ်ခဲ့သည်။ ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။
“မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ”ကို ၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေတွင် “မသန်စွမ်းသူများကို ပိုမိုကြည့်ရှု စောင့်ရှောက်နိုင်ရန်၊ ကုလသမဂ္ဂ၏ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံးက တန်းတူညီမျှ အပြည့်အဝရရှိစေရန်၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့်နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ ပေါင်းစည်းပါဝင်နိုင်ရန်” ဆိုသည့် ရည်ရွယ်ချက် (၉)ရပ်ကို ချမှတ်ထားသည်။
ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ ၂၀၁၆-၂၀၂၅ ကိုရေးဆွဲကာ ပြန်လည်ထူထောင်ရေး၊ မသန်စွမ်းအဆင့်သတ်မှတ်ရေး၊ မှတ်ပုံတင်ရေးနှင့် ရန်ပုံငွေတစ်ရပ် ထူထောင်ရေးများဆောင်ရွက် လျက်ရှိသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရန်ကုန်မြို့နှင့် စစ်ကိုင်းမြို့တို့တွင် မျက်မမြင်သင်တန်းကျောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် နားမကြားကလေးများသင်တန်းကျောင်း၊ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန်မြို့တွင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာတို့ ဖွင့်လှစ်ထားသည်။ ထို့ပြင် မျက်မမြင်အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ သတင်းအချက်အလက်များ လက်လှမ်းမီရရှိနိုင်ရေးစီမံကိန်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်လေးခု၌ ဆောင်ရွက်ခဲ့သည်။
အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများ
မြန်မာ့အားကစားတွင် မသန်စွမ်းသူများအနက်မှ စွမ်းရည်ရှိသူများ ပေါ်ထွန်းလာစေရန် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ကို ဖွဲ့စည်းထားသည်။ ၎င်းအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီလက်အောက်တွင်ရှိပြီး ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်၏ အားကစားဝန်ကြီးဌာနအောက်၌ ထားရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံမသန်စွမ်း သူများ အားကစားအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်ပြီး အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် မသန်စွမ်းသူများအားကစားစခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုရလျှင် မသန်စွမ်းမှုဆိုသည်မှာ မွေးရာပါကြောင့်လည်းကောင်း၊ နေထိုင်မှုပတ်ဝန်းကျင်ကြောင့်လည်းကောင်း၊ ရောဂါဘယကြောင့် လည်းကောင်းဖြစ်ပေါ်ရသည်။ ဘဝကံအကျိုးပေးအရ မသန်စွမ်းဖြစ်ကြရကာ လူ့အသိုင်းအဝိုင်း၏ လျစ်လျူရှုမှုကို ခံရတတ်သည်။ ကမ္ဘာပေါ်ရှိ မသန်စွမ်းသူများမှာ လောကအကျိုး၊ နိုင်ငံအကျိုးကို ဆက်လက်ဆောင်ရွက်နိုင်သူများဖြစ်ရာ ကမ္ဘာ့လူသားတို့က “မသန်စွမ်းသူဝိုင်းလို့ကူ” ရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ လက်စွဲအညွှန်းစာအုပ်။