Skip to main content

မိုင်ပေါင်း ၄၀၀၀ ကျော်ခရီး

ထက်မြတ်

“ စာအုပ်ပေါင်း တစ်သောင်းဖတ်ခြင်းထက် ခရီးမိုင်တစ်သောင်းသွားခြင်းက ပို၍အမြင်ကျယ်၏” ဆိုတဲ့ တရုတ်ဆိုရိုးစကားရှိပါတယ်။ ခရီးသွားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး ပျော်ရွှင်စရာကောင်းသော်လည်း ပင်ပန်းသည်ကတော့ အမှန်ပင်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ပခရီးစဉ် ခြောက်ရက်တာအတွင်း မိုင်ပေါင်း ၄၀၀၀ ကျော်သွားခဲ့ရတဲ့ခရီးတစ်ခုဖြစ်ပြီး နေပြည်တော် - ကူမင်းအသွားအပြန်ခရီးမှာ မိုင် ၁၀၀၀ ကျော်ရှိတဲ့အတွက် တရုတ်နိုင်ငံအတွင်း မိုင်ပေါင်း ၃၀၀၀ ကျော် မနားတမ်းခရီးနှင်ခဲ့ရခြင်းဖြစ်ပါတယ်။ အစည်းအဝေးများ တက်ရောက်ခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်းနှင့် လှည့်လည်ကြည့်ရှုခြင်းများအပါအဝင် မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးမှာ တစ်ရက်ပျမ်းမျှ မိုင် ၅၀၀ ကျော် သွားလာခဲ့ခြင်းဖြစ်တဲ့အတွက် သာမန်လူငယ်များအတွက်ပင် ခက်ခဲ သောခရီးရှည်ဖြစ်၍ ပင်ပန်းလွန်းလှမည်မှာ အသေအချာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အားလပ်ချိန်အလွန်နည်းပါးခဲ့သော်လည်း နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းတဲ့ခရီးစဉ်ဖြစ်သဖြင့် ပင်ပန်းရကျိုးနပ်သည်ဟုဆိုရမှာ ဖြစ်ပါတယ်။

လူဆိုတာ အတ္တနဲ့ကင်းတဲ့သူကတော့ ခပ်ရှားရှားခင်ဗျ။ တချို့ကျတော့လည်း ကိုယ့်အတ္တကိုယ်ပဲ ရှေ့တန်းတင်လွန်းပြီး တခြားသူတွေအတွက် မစဉ်းစားနိုင်တော့ဘူးမဟုတ်လား။ နိုင်ငံတော်အတွက်ဆိုရင်တော့ ဝေလာဝေးပေါ့။ ဒါကြောင့်လည်း ပရဟိတဆိုတဲ့ အများကောင်းကျိုး ရွက်သယ်ပိုးခြင်းက အင်မတန်မှ လေးစားဂုဏ်ယူထိုက်တဲ့အလုပ်တစ်ခုလို့ ရှေးလူကြီးသူမတွေက ဆိုဆုံးမခဲ့ကြတာပါ။

ပြည်သူပြည်သားအပေါင်းတို့အတွက်

ပရဟိတဆိုတဲ့ အများကောင်းကျိုးရွက်သယ်ပိုးသူတွေထဲမှာ နိုင်ငံတော်ကို အုပ်ချုပ်နေရတဲ့ သူတွေလည်းမပါမဖြစ်ပါဝင်တယ်ခင်ဗျ။ နိုင်ငံတော်ကို အုပ်ချုပ်နေရသူတွေရဲ့ လုပ်ဆောင်မှုအကြောင်းတိုင်းဟာ နိုင်ငံမှာမှီတင်းနေထိုင်နေကြတဲ့ ပြည်သူပြည်သားအပေါင်းတို့အတွက် အကျိုးဆိုတဲ့ရလဒ်ကို ရရှိစေပါတယ်။ ဒီအတွက်ကြောင့်လည်း နိုင်ငံတော်အပေါ် စေတနာမှန်တဲ့ နိုင်ငံတော်အကြီးအကဲများဟာ ကုသိုလ်ရဲ့အကျိုးကိုရရှိ ကြတာမဟုတ်ပါလားခင်ဗျာ။

ကျွန်တော်တို့ လက်ရှိအချိန်မှာဆိုရင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လိုပုဂ္ဂိုလ်မျိုးကို နိုင်ငံတော်အကြီးအကဲအဖြစ် ရရှိထားတာဟာ ပြည်သူတွေအတွက်တော့ တော်တော်လေးကို အကျိုးများတယ်လို့ ပြောလို့ရတယ်ခင်ဗျ။ အနီးစပ်ဆုံးဥပမာပေးရရင် မကြာသေးခင်ကမှ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ခရီးစဉ်ကို လက်ညှိုးထိုးပြရပါလိမ့်မယ်။

အဲဒီခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့အတွက် ကိုယ်ပိုင်အချိန် အလွန်နည်းပါးပြီး နိုင်ငံတော်အကျိုးအတွက် ရလဒ်ထွက်ပေါ်စေမယ့် ဆွေးနွေးမှုများကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲအနေနဲ့ သူ့အတွက် ကိုယ်ပိုင်အချိန် ဘယ်လောက်အထိ နည်းပါးတယ်ဆိုတာ မပြောခင် သူ့ရဲ့ကြိုးပမ်းစွမ်းဆောင်မှုများကြောင့် နိုင်ငံတော်အတွက် ဘယ်လိုအကျိုးရလဒ်တွေ ထွက်ပေါ်ရရှိခဲ့တယ်ဆိုတာ ဦးစွာပြောချင်ပါတယ်။

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး

နိုင်ငံတော်အကြီးအကဲဟာ နိုဝင်ဘာ လ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့တာပါ။ တချို့တွေက ပြောကြတာတွေလည်း ရှိတယ်ခင်ဗျ။ ပြောကြတယ်ဆိုတာထက် တိုက်ခိုက်ကြတယ်လို့ပြောရင် ပိုမှန်မလားပဲ။ ဘာလဲဆိုတော့ ဒီခရီးစဉ်ဟာ နိုင်ငံတော်အဆင့်ခရီးစဉ်မဟုတ်ဘူးဆိုပြီး ပြောနေကြတာပါ။ ဒါကလည်း သူတို့အနေနဲ့ ဒီခရီးစဉ်အကြောင်းကို အသေးစိတ်မသိလို့ပဲလို့ ယူဆလိုက်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ကို အရင်ဦးဆုံးသွားတာပါ။ ကူမင်းမြို့ကိုရောက်တဲ့ အချိန်မှာ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်ကို ကြိုဆိုတာက ကော်ဇောနီ (Red Carpet) ခင်းပြီးတော့ ကြိုဆိုတာဖြစ်ပါတယ်။ ဒီလိုမျိုး ကော်ဇောနီခင်းပြီးကြိုဆိုတယ်ဆိုတဲ့အဓိပ္ပာယ်က ဒီခရီးစဉ်ကိုလာ သူဟာ နိုင်ငံတော်အဆင့်အကြီးအကဲဖြစ်တယ်ဆိုပြီး အသိအမှတ်ပြုခြင်းတစ်မျိုးဖြစ်ပါတယ်။

ဥပမာအားဖြင့် အိန္ဒိယဝန်ကြီးချုပ်တို့၊ ရုရှားသမ္မတတို့လိုမျိုး နိုင်ငံတော်အကြီးအကဲတွေဟာ တရုတ်နိုင်ငံကို သွားရောက်တိုင်း ကော်ဇောနီခင်းပြီး အကြိုဆိုခံရသူတွေချည်းပါပဲ။ ဝန်ကြီးအဆင့်လောက်ကိုတော့ ကော်ဇောနီ (Red Carpet) မခင်းပေးပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကိုတောင်မှ ကော်ဇောနီခင်းပြီး ကြိုဆိုတာမျိုးမလုပ်တာ တွေ့ရပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ သတ်မှတ်ပြီး ကော်ဇောနီ(Red Carpet) ခင်းကြိုဆိုတာ ဖြစ်တယ်လို့ ဦးစွာပြောပါရစေ။ ဒါ့အပြင် ယူနန်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး ၂၅ မျိုးခန့်ကို ကိုယ်စားပြုတဲ့ တိုင်းရင်းသားအကအဖွဲ့များကလည်း တိုင်းရင်းသားရိုးရာဝတ်စုံများကို ဝတ်ဆင်ပြီး လေဆိပ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ကို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြတာကို တွေ့မြင်ရတာဟာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အလွန်ပင်ဝမ်းသာဂုဏ်ယူဖွယ် ဖြစ်ရပါတယ်။

နောက်တစ်ခုက နိုင်ငံတော်ဝန်ကြီးချုပ်ကို ကြိုဆိုပို့ဆောင်ပေးရာမှာ အသုံးပြုတဲ့ယာဉ်ကိုကြည့်ရင်လည်း ဒီခရီးစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်ဆိုတာ သိသာစေနိုင်ပါတယ်။ ဒီခရီးစဉ်မှာ တရုတ်ဘက်က အသုံးပြုပေးသွားတာက Hongqi L5 အမျိုးအစားကျည်ကာကား မော်တော်ယာဉ်များ ဖြစ်ပါတယ်။ ဒီလိုယာဉ်မျိုးကိုလည်း တရုတ်နိုင်ငံက နိုင်ငံတော်အဆင့်ခရီးစဉ်တွေမှာသာ အသုံးပြုတာပါ။ တရုတ်သမ္မတက အမေရိကန်နိုင်ငံကို သွားရောက်ပြီး သမ္မတဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံစဉ်မှာလည်း ဒီကားကိုပဲယူသွားပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အလုပ်သဘောခရီးစဉ်

အခုတင်ပြသွားတဲ့အရာတွေက ဒီခရီးစဉ်က နိုင်ငံတော်အဆင့်ခရီးစဉ်မဟုတ်ဘူးဆိုပြီး ပြောဆိုနေကြတဲ့၊ တိုက်ခိုက်နေကြတဲ့သူတွေ အမြင်ရှင်းလင်းသွားအောင် ရှာဖွေဖော်ထုတ်ရေးသားတင်ပြခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်ဟာ တချို့တွေလိုမျိုး မျက်နှာသွားပြတဲ့ နိုင်ငံတော်အဆင့်ခရီးစဉ်လိုမျိုးမဟုတ်ဘဲ တကယ်ကိုအလုပ်ဖြစ်တဲ့ နိုင်ငံတော်အဆင့်အလုပ်သဘောခရီးစဉ်ဖြစ်တယ်ဆိုတဲ့အကြောင်းကို အောက်မှာ ဆက်လက်တင်ပြသွားပါမယ်။

စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံ

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီကျန်းနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြားမှာ အပြုသဘောဆောင်တဲ့ သဘောတူညီချက်တွေ များစွာရရှိခဲ့တာကို တွေ့ရပါတယ်။ ဒီလိုမျိုးမတွေ့ဆုံမီမှာ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ် - မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဦးစွာတွေ့ဆုံပြီး တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်ကနေ ကူမင်းလေဆိပ်ကိုရောက်၊ ကူမင်းလေဆိပ်ကနေ တရုတ်အစိုးရက စီစဉ်ပေးထားတဲ့ အထူးတည်းခိုရာနေရာအရောက် ခရီးရောက်မဆိုက်မှာပဲ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံမှုဟာ နဂိုစီစဉ်ထားတာထက် တစ်နာရီကျော်လောက် ပိုကြာသွားပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားမှုမြင့်မားလှပါတယ်။ သိချင်တဲ့မေးခွန်းတွေ၊ အနာဂတ်အရေးတွေကလည်း များပြားလှပါတယ်။ သက်ဆိုင်ရာဝန်ကြီး တွေကလည်း စိတ်ရှည်လက်ရှည် ဖြေပြ၊ ရှင်းပြကြတယ်။ ဝန်ကြီးချုပ်က အမေးအဖြေတွေကို သေချာနားထောင်ပြီး လိုအပ်တာတွေ၊ အရေးကြီးတာတွေကို ကိုယ်တိုင်ဖြည့်စွက်ထပ်မံဖြေကြားပေးပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီလိုဖိတ်ခေါ်ရာမှာလည်း ကဏ္ဍတစ်ခုတည်းအတွက်သာ ရင်းနှီးမြှုပ်နှံ ဖို့ ဖိတ်ခေါ်တာမဟုတ်ပါဘူး။ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊

အခြေခံ စက်မှုကုန်ကြမ်းထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတ်မြေဩဇာလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ လျှပ်စစ်ကား လုပ်ငန်း၊ ဆေးဝါးနဲ့ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ရေးလုပ်ငန်း၊ စားသုံးဆီထုတ်လုပ်ရေးလုပ်ငန်းအစရှိတဲ့ နယ်ပယ်စုံကဏ္ဍစုံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့အတွက် ဖိတ်ခေါ်ခဲ့တာပါ။

နည်းပညာရရှိအောင် ကြိုးပမ်းနေ

ဒါ့အပြင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နည်းပညာတွေကိုလည်း လွှဲပြောင်းရရှိနိုင်အောင် ထည့်သွင်းပြောသွားတာကို တွေ့ရပါတယ်။ နည်းပညာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် သိပ်အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်လာပါပြီ။ ဒီအချိန်မှာ နည်းပညာတိုးတက်မှုရှိတဲ့ နိုင်ငံက ကမ္ဘာ့ထိပ်ဆုံးကို အချိန်တိုအတွင်း ရောက်ရှိသွားတာဖြစ်ပါတယ်။ ဒီအခြေအနေကို မြော်တွေးပြီးတော့လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမှုတွေကနေ နည်းပညာရရှိအောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

တွေ့ဆုံပွဲအပြီး နေ့လယ်စာစားရာမှာ အချိန်ကတော်တော်လေးလင့်နေပါပြီ။ ဒီနေရာမှာလည်း မြန်မာ့စီးပွားရေးအခွင့်အလမ်းတွေအပေါ် စိတ်ဝင်စားမှု မြင့်တက်နေတဲ့လုပ်ငန်းရှင်တွေက ဝန်ကြီးချုပ်ကို တစ်ဦးပြီး တစ်ဦး လာမိတ်ဆက်မေးမြန်းနေကြပြန်ပါတယ်။ အားလုံးကို စိတ်ရှည်လက်ရှည် ပြန်ရှင်းပြနေတဲ့ ဝန်ကြီးချုပ်ရဲ့ နိုင်ငံအပေါ်ထားတဲ့စေတနာဟာ လေးစားစရာပါ။ နေ့လယ်စာစားပြီးတာနဲ့ အနားမရဘဲ မွန်းလွဲပိုင်းမှာ ယူနန်အသက် မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှု နည်းပညာကောလိပ်နဲ့ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်တို့ကို သွားရောက် လေ့လာကြည့်ရှုပါတယ်။ ဒီလိုမျိုးသွားရောက်လေ့လာကြည့်ရှုမှုက နိုင်ငံ့အနာဂတ်လူငယ်များရဲ့ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ရမယ့်အရာတွေကို လေ့လာပြီး ကိုယ့်နိုင်ငံအတွင်းမှာ ပြန်လည်အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။

ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ညနေပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါတယ်။ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ဆိုတာ နယ်နိမိတ်ချင်းထိစပ်မှု အများဆုံးဖြစ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း အများဆုံးလုပ်ရပါတယ်။ နိုင်ငံရေး၊ စီးပွားရေးအစရှိတဲ့နယ်ပယ်အစုံမှာ ပူးပေါင်းဆောင်ရွက်ကြတာပါ။

ဒါကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က မစ္စတာဝမ်နင်းနဲ့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းပြီး အရှိန်မြှင့်တင်ဆောင်ရွက်သွားဖို့ လိုအပ်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ကြောင်းနဲ့ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုမျိုးဆွေးနွေးမှုတွေထဲမှာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာ ဦးစားပေးပြောဆို လုပ်ဆောင်ခဲ့တာပါ။ ဒီဆွေးနွေးမှုဟာ ညပိုင်း နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲအထိ ပွဲဆက်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ ညစာစားပွဲရဲ့အရသာကို ကျန်တဲ့သူတွေခံစားနိုင်ပေမယ့် နိုင်ငံအရေးကိုသာ အလေးထားနေတဲ့ဝန်ကြီးချုပ်ကတော့ ညနေပိုင်းတွေ့ဆုံပွဲရဲ့အဆက် အမြင်ချင်းဖလှယ်ဆွေးနွေးမှုတွေနဲ့ အချိန်ကုန်ခဲ့ရပါတယ်။

နောက်တစ်နေ့မနက်မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ကူမင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုတွေ၊ ပညာတော်သင် သင်တန်းသားတွေကိုတွေ့ဆုံပြီး အမှာစကားပြောကာ လိုအပ်တာများကို ဖြည့်ဆည်းပေးခဲ့ပြန်ပါတယ်။ တကယ်တမ်းဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဒီလိုမျိုးသွားရောက်တွေ့ဆုံမှုတွေ မလုပ်လည်းရပါတယ်။ ဒါပေမယ့် နိုင်ငံတော်အကြီးအကဲက ရေခြားမြေခြားမှာ နိုင်ငံ့တာဝန်ထမ်းဆောင်နေရသူတွေကို နွေးထွေးမှု ပေးတဲ့အနေနဲ့ သွားရောက်တွေ့ဆုံခဲ့တာလို့ မှတ်ယူရပါတယ်။

ပြီးတဲ့အခါမှာ နိုင်ငံတော်ဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်တွေနဲ့ သီးခြားစီတွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံရေးကိစ္စရပ်တွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ ယဉ်ကျေးမှုကဏ္ဍများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ အခြားကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။

တစ်နည်းပြောရရင် နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်လာတဲ့ နိုင်ငံတွေမှ ခေါင်းဆောင်တွေအားလုံးနဲ့ တွေ့ဆုံခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးနိုင်တဲ့အပြင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ အားလုံးကိုလည်း အမှန်အတိုင်း အသိပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တချို့သောနိုင်ငံတွေရဲ့ သံတမန်ရေးအရ တောင်းဆိုမှုတွေကြောင့် သတင်းထုတ်ပြန်ချက်တွေမှာ ချန်လှပ်ထားခဲ့ရတာတွေ ရှိတယ်လို့လည်း ပြန်လည်ကြားသိရပါတယ်။ သေချာတဲ့တစ်ချက်က အဲဒီနိုင်ငံတွေမှ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကို သိရှိသွားကြတယ် ဆိုတဲ့အချက်ပါပဲ။

မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီကျန်းနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဒီလိုတွေ့ဆုံရာမှာ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ့် ကိစ္စရပ်များကိုသာမက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး စီမံဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတာကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါသေးတယ်။

ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးဖြေရှင်း

အဲဒီဆွေးနွေးမှုမှာတော့ တရုတ်နိုင်ငံဘက်ကနေ အသိအမှတ်ပြုမှုတွေနဲ့ ကတိပြုမှုတွေကို ရရှိခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး တည်ငြိမ်အေးချမ်းရေးကို အပြည့်အဝထောက်ခံအားပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်တဲ့နည်းလမ်းနဲ့ မတုံ့ပြန်ဘဲ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး ဖြေရှင်းနိုင်ရေးကြိုးပမ်းတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရုတ်ဝန်ကြီးချုပ်က ချီးကျူးကြောင်း ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေနဲ့ ချမှတ်အကောင်အထည်ဖော်နေတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီပေးမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်းနဲ့ တရုတ်နိုင်ငံအတွင်း အခြေပြုပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့အရေးကိစ္စက တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်တဲ့အတွက် နိုင်ငံတကာစာမျက်နှာမှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမယ့်အကြောင်းတို့ကို အလေးပေးပြီး ပြောခဲ့တာ တွေ့ရပါတယ်။

ဒီလိုမျိုး နှစ်နိုင်ငံကြား အပြန်အလှန်ကတိပြုမှုတွေသာမက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာနဲ့ သဘောတူစာချုပ် ခုနစ်ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါသေးတယ်။ အဲဒီလို သဘောတူညီချက်တွေထဲကမှ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာ လိုအပ်ချက်များနှင့် အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်၊ တိကျစွာတိုင်းတာခြင်း နည်းပညာပူးပေါင်းဆောင်ရွက်မှုနဲ့ အားကစားမြှင့်တင်ရေးနားလည်မှုသဘောတူညီချက်တွေဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှ အကျိုးကျေးဇူးများတဲ့ သဘောတူညီချက်တွေဖြစ်တာအမှန်ပါပဲ။

နောက်တစ်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်က အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်ပြီး နိုင်ငံများကြား အပြန်အလှန်အကျိုးရှိစေမယ့် အပြုသဘောဆောင်သောဆွေးနွေးမှုများကို ဆွေးနွေးခဲ့ပါတယ်။ ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်က ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။

လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ဖိတ်ခေါ်

အဲဒီနေ့ညမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ကူမင်းမြို့ကနေ လေယာဉ်နဲ့ ထွက်ခွာပြီး ချုံချင့်မြို့ကို သွားရောက်ပါတယ်။ ချုံချင့်ကိုရောက်တော့ ညမှောင်နေပါပြီ။ ချုံချင့်မြို့မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်ကို နိုင်ငံတော်အဆင့် ကော်ဇောနီ (Red Carpet) ခင်းပြီး ချုံချင့်မြို့ ဒုတိယမြို့တော်ဝန် ဦးစီးကြိုဆိုရေးအဖွဲ့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။ တည်းခိုရမယ့်နေရာဟာ ချုံချင့် နိုင်ငံတော်ဧည့်ဂေဟာ ဖြစ်ပါတယ်။ တရုတ်ဗဟိုအစိုးရ ခေါင်းဆောင်တွေတည်းခိုရာနေရာဖြစ်သလို နိုင်ငံတော်ဧည့်ဂေဟာဝန်းဟာ အဆောက်အဦ တစ်ခုနဲ့တစ်ခု မော်တော်ယာဉ်နဲ့သွားလာမှ အဆင်ပြေလောက်အောင် ကျယ်ဝန်းတာကိုလည်း သတိထားမိပါတယ်။ နိုဝင်ဘာလ ၈ ရက် နံနက်ပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်က ချုံချင့်မြို့မှာရှိတဲ့ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်း မိသားစုတွေကို သွားရောက်တွေ့ဆုံပါတယ်။ ပြီးတဲ့အခါ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဝင်တွေက ချုံချင့်မြို့ရှိ စက်ရုံ အလုပ်ရုံတွေကို သွားရောက်လေ့လာကာ သိရှိလိုတာတွေကို မေးမြန်းပါတယ်။ ဒါ့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်က ချုံချင့်မြို့ စီမံကိန်းရေးဆွဲရေးပြတိုက်ကို သွားရောက်လေ့လာပါတယ်။ ညပိုင်းမှာတော့ ယန်စီမြစ်အတွင်း သင်္ဘောစီးပြီးလေ့လာမှုတွေလုပ်ခဲ့တဲ့အပြင် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့နဲ့ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ဖိတ်ခေါ်မှုတို့ကို လုပ်ဆောင်ပါတယ်။

ညပိုင်းမရောက်ခင် ညနေပိုင်းတုန်းက နိုင်ငံတော်ဝန်ကြီးချုပ်ဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြို့မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး မစ္စတာယွမ်ကျားကျွန်နဲ့တွေ့ဆုံပြီး သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ ပညာရေးကဏ္ဍနဲ့ ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြပါတယ်။

ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို ဖော်ပြနေ

သာမန်အားဖြင့်ဆိုရင်တော့ ဧည့်သည်တော်တွေကို လက်ခံတွေ့ဆုံရာမှာ ဧည့်ခန်းမဆောင်ဆီရောက်မှသာ လက်ဆွဲနှုတ်ဆက်ပြီး တွေ့ဆုံကြတာပါ။ ဒီနေရာမှာ သာမန်သံတမန်ဆက်ဆံရေး အခြေအနေကိုကျော်လွန်ကာ ချစ်ကြည်ရင်းနှီးကျွမ်းဝင်မှုကို ဖော်ပြတဲ့အနေနဲ့ မစ္စတာယွမ်ကျားကျွန်က နိုင်ငံတော်ဝန်ကြီးချုပ်ကို ဧည့်ခန်းမဆောင်ရဲ့ ကားရပ်နားရာ ဆင်ဝင်အထိကို ဆင်းလာပြီး လာရောက်ကြိုဆိုနှုတ်ဆက်တာဖြစ်ပါတယ်။ ဒီအခြေအနေကတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြားက ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးကို ဖော်ပြနေတာအမှန်ပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ ထပ်မံသိခွင့်ရခဲ့တာကတော့ ချုံချင့်မြို့ဟာ တရုတ်နိုင်ငံက ရည်မှန်းချက်ကြီးကြီးထားပြီး စီမံကိန်းတွေ တည်ဆောက်နေတဲ့ ကုန်းတွင်းပိုင်းလမ်းဆုံအချက်အချာမြို့ပဲဖြစ်ပါတယ်။ တရုတ်ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်နေတဲ့မြို့လည်း ဖြစ်ပါတယ်။ ချုံချင့်မြို့ကို တာဝန်ယူရတဲ့ ပါတီကော်မတီအတွင်းရေးမှူးဟာလည်း ဗဟိုကိုတိုက်ရိုက် တာဝန်ခံနေရသူလည်းဖြစ်ပါတယ်။ အနာဂတ်တရုတ်နိုင်ငံရဲ့ ဦးဆောင်သူ ခေါင်းဆောင်တွေထဲမှာ ပါဝင်လာနိုင်ဖို့ အလွန်အလားအလာကောင်းသူ တစ်ယောက်ဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။ မြန်မာခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီလိုသွားရောက်လည်ပတ်တာ၊ အချိန်ယူပြီး ဆွေးနွေးထားတာတွေဟာ တရုတ် - မြန်မာ ဆက်ဆံရေးမှာ ပစ္စုပ္ပန်မှာသာမက အနာဂတ်မှာပါ ရေရှည်ကောင်းကျိုးများ ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ချုံချင့်မြို့ကနေ ရှန်းကျန့်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ရှန်းကျန့်မှာလည်း ရှန်းကျန့်မြို့ ဒုတိယမြို့တော်ဝန် ဦးစီးကြိုဆိုရေးအဖွဲ့တွေက နိုင်ငံတော်အဆင့် ကော်ဇောနီ (Red Carpet) ခင်းပြီး ခမ်းခမ်းနားနား ကြိုဆို ခဲ့ပါတယ်။ ရောက်ရှိပြီး မကြာမီမှာပဲ စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီနေ့ တစ်နေကုန်အောင်ပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ ရှန်းကျန့်မြို့မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ များစွာဆီကို သွားရောက်လေ့လာခဲ့တာပါ။ နောက်တစ်နေ့နံနက်ပိုင်း မြန်မာနိုင်ငံကို ပြန်ခါနီးအချိန်အထိ နောက်ထပ်စက်ရုံတစ်ခုဆီကို သွားရောက်လေ့လာခဲ့ပါတယ်။ EV ကားတွေ၊ ရထားတွေ ထုတ်လုပ်နေတဲ့စက်ရုံကို သွားလေ့လာခဲ့တာပါ။

နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ရှန်းကျန့်မြို့ကနေ ထွက်ခွာလာပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။ လေယာဉ်က နေပြည်တော်လေဆိပ်လေယာဉ်ပြေးလမ်းမှာပဲ ရှိနေတုန်း လေယာဉ်ဆိုက်ကပ်မယ့်နေရာကို လှမ်းကြည့်လိုက်တော့ ရောင်စုံလူအုပ်ကြီးက မနည်းမနော။ လေယာဉ်ဆိုက်ပြီး လေယာဉ်ပေါ်က ဆင်းလိုက်တော့မှ အောင်မြင်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ လိုက်လျောညီထွေစွာ တရုတ်နဂါးအကအဖွဲ့၊ ခြင်္သေ့အကအဖွဲ့တွေ၊ တိုင်းရင်းသားရိုးရာအကတွေနဲ့ အဖွဲ့အစည်းပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေတာကို ကြက်သီးထဖွယ် တွေ့ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က အခုခရီးစဉ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တဲ့အဖွဲ့ဖြစ်သည်သာမက နောင်လာနောက်သားတွေအနေနဲ့ ဂုဏ်ယူနေရမယ့် နိုင်ငံ့အကြီးအကဲကောင်းတစ်ယောက်ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ညွှန်းပြသနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို့ပြောရင်လည်း မမှားပါဘူး။

ဒီခရီးစဉ် တစ်လျှောက်လုံးမှာ ဆွေးနွေးညှိနှိုင်းမှုတွေကနေ မြန်မာနိုင်ငံအတွက် ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေကို ဆက်လက်တင်ပြပါမယ်။ အရင်ဆုံး နိုင်ငံရေးအခြေအနေပေါ့။ မြန်မာနိုင်ငံဟာ အားလုံးသိတဲ့အတိုင်း အနောက်အုပ်စုများ၊ ပြည်တွင်းမှသစ္စာဖောက်များကြောင့် ကမ္ဘာ့နိုင်ငံအချို့ရဲ့ အမြင်မှား အထင်မှားခံနေရတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် ရောက်ရှိနေခဲ့ရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့စင်မြင့်မှာ ပွဲလယ်တင့်တဲ့နိုင်ငံ တစ်နိုင်ငံအဖြစ်ကို ပြန်လည်ရောက်ရှိလာတာကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အိမ်ရှင်တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့်ကြိုဆိုမှု၊ အလေးထားမှု၊ ရောက်ရာနေရာတိုင်းမှာ စနစ်တကျ စီစဉ်ထားမှု၊ တည်းခိုရာနေရာ၊ စီးနင်းတဲ့ နိုင်ငံတော်အဆင့် ကျည်ကာကား မော်တော်ယာဉ်များ၊ လုံခြုံရေးနဲ့ စားရေးသောက်ရေး၊ ဧည့်ခံမှုကအစ အသေးစိတ်အလေးထားပြီး ဆောင်ရွက်ခဲ့မှုတွေဟာ မမေ့နိုင်စရာတွေပဲဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု၊ အေးအတူပူအမျှ အသိုက်အဝန်းကို ဂုဏ်ပြုဖော်ဆောင်နိုင်ရုံသာမက မြန်မာ့ခေါင်းဆောင်အပေါ် တရုတ်နိုင်ငံရဲ့ တန်ဖိုးထားလေးစားမှု၊ မြန်မာပြည်သူတွေအပေါ် တရုတ်ပြည်သူတွေရဲ့ ချစ်ကြည်လေးစားမှုတွေကိုပါ ပြသနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို့ပဲ ဆိုပါရစေ။

ဒါ့အပြင် ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် မြန်မာ့ပြည်တွင်းရေးမှာ တည်ငြိမ်မှုတွေ ရှိလာနိုင်တဲ့အပြင် မကြာခင်ကျင်းပဖို့ ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပသွားနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကလည်း လွတ်လပ်ပြီး မျှတတဲ့ရွေးကောက်ပွဲဖြစ်လာစေမှာ အမှန်ပဲဖြစ်တယ်လို့ အခိုင်အမာဆိုချင်ပါတယ်။

နောက်တစ်ချက်က စီးပွားရေးအမြင်နဲ့ ရရှိလာမယ့် အကျိုးစီးပွားတွေအကြောင်းကို ပြောချင်ပါသေးတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နိုင်ငံ ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင်အများအပြားနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ကို တိုက်တွန်းခဲ့တာတွေ့ရပါတယ်။ အဲဒီတိုက်တွန်းချက်ရဲ့နောက်မှာ မြန်မာနိုင်ငံဘက်က ဖြည့်ဆည်းပေးရမယ့်အရာတွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါဆိုရင် မြန်မာနိုင်ငံအတွင်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာဖို့ဆိုတာ သေချာသွားပါပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမောင်းနှင်အားဟာ ရင်းနှီးမြှုပ်နှံမှုအပေါ် တစ်စိတ်တစ်ပိုင်း မှီတည်နေပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုအားကောင်းလာတာနဲ့အမျှ နိုင်ငံရဲ့စီးပွားရေးကလည်း တိုးတက်လာမှာပါ။ စီးပွားရေးတိုးတက်လာတာနဲ့တစ်ပြိုင်နက် ရေမြင့်ရင်ကြာတင့်တယ်ဆိုတဲ့စကားအတိုင်း မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝဟာလည်း လိုက်ပါဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

နောက်ထပ်ပြောချင်တဲ့ အချက်တစ်ချက်က ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ ပတ်သက်နေပါတယ်။ ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေဟာ နှစ်နိုင်ငံကြားက နယ်စပ်စည်းမျဉ်းကို ခွထိုင်ပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားထိခိုက်အောင် လုပ်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်။ တကယ်လို့များ သူတို့အနေနဲ့ နယ်စပ်ဒေသကို အခြေမခံနိုင်တော့ဘူးဆိုရင် အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်းလုပ်နိုင်တော့မှာမဟုတ်ပါဘူး။

ဒီလိုမျိုး အကြမ်းဖက်သောင်းကျန်းသူတွေ အမြစ်ပြတ်ချုပ်ငြိမ်းတော့မယ့်အချိန်က သိပ်မကြာခင်မှာရောက်ရှိလာပါလိမ့်မယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးမှုတွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် လိုအပ်တာတွေကို လုပ်ဆောင်ပေးသွားမယ်လို့ တရုတ်အစိုးရက ကတိပြုထားတယ်မဟုတ်ပါလား။ ဒါ့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုမှာလည်း နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး အကြောင်းက အဓိကအကြောင်းအရာအဖြစ်ပါဝင်ခဲ့တာတွေ့ရပါတယ်။ ဒါတွေကို ပြန်ထောက်ချင့်ရင် နယ်စပ်ဒေသတွေမှာ တရားဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိလာမှာဖြစ်တာကြောင့် အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ဘဝ နိဂုံးချုပ်တော့မယ်လို့ ပြောရခြင်းဖြစ်ပါတယ်။

အခုလိုမျိုး ဆွေးနွေးမှုတွေ၊ သဘောတူညီချက်တွေရရှိဖို့ဆိုတာ တော်ရုံအားဖြင့် မလွယ်ကူလှပါဘူး။ နိုင်ငံတော်အကြီးအကဲတစ်ယောက်အနေနဲ့ အချိန်များစွာကို နိုင်ငံတော်အတွက် ပေးဆပ်ထားခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခြင်းတို့ ကြောင့်သာ အခုလိုမျိုး သဘောတူညီချက်တွေ ရရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်ဟာ ကိုယ်ကျိုးကို ငဲ့ကွက်ခြင်းမရှိဘဲ တိုင်းပြည်ကောင်းကျိုးကိုသာ ရှေးရှုရွက်သယ်ပိုးခြင်းကြောင့် ကောင်းကျိုးရလဒ်များလည်း မျက်ဝါးထင်ထင်ထွက်ပေါ်လာတဲ့အတွက် တကယ့်ကိုပဲအကျိုးရှိတဲ့ ခရီးစဉ်ကောင်းတစ်ခု ဧကန်မုချဖြစ်ပေါ်လာကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

ဆောင်းပါး

ဆောင်းပါး

ဆောင်းပါး