ရာပြည့်သဘင် ဆင်ယင်ကျင်းပတော့မည့် မြန်မာ့အင်ဂျင်နီယာပညာရေး
ခန့်ဇော်(ကျေးလက်)
၁၉၂၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသည် မကြာမီရက်ပိုင်းအတွင်း နှစ်(၁၀၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး ရာပြည့်သဘင်ကျင်းပရန် အင်ဂျင်နီယာအသိုက်အဝန်းတစ်ခုလုံး တက်တက်ကြွကြွ လှုပ်ရှားလုပ်ကိုင်နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီတွင် စာရေးသူလည်းအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ပါဝင်ခွင့်ရလို့လည်း ပီတိဖြစ်မိသည်။ ဦးစီးကော်မတီမှဦးဆောင်ပြီး လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး ရာပြည့်သဘင်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းကြ၊ ဆွေးနွေးကြ၊ ဆောင်ရွက်ကြဖြင့် အားရဖွယ်တွေ့မြင်ခဲ့ရပါသည်။ ရာပြည့်သဘင်အခမ်းအနားတွင် အင်ဂျင်နီယာနည်းပညာနှင့် ပညာရေးဖိုရမ် (Engineering Technology and Education Forum)လည်း ကျင်းပမည်ဖြစ်ရာ ဖိုရမ်၏ Main Theme ဖြစ်သည့်ဆောင်ပုဒ်ကို တာဝန်ရှိသူများက ဦးစွာစဉ်းစားဆွေးနွေးဖြစ်ကြသည်။
ဖိုရမ်ဆောင်ပုဒ်
သက်ဆိုင်သူအစိုးရအဖွဲ့အစည်းများ၊ အသင်းအဖွဲ့၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှ အကြံပြုချက်များဖြင့် ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့သည့် ဆောင်ပုဒ်ကတော့…“အင်ဂျင်နီယာနှင့် နည်းပညာစွမ်းပကားများဖြင့် ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အတူတကွတည်ဆောက်ကြပါစို့” “Creating the Brighter Future of Myanmar together by the strength of Engineering & Technology” ဟူ၍ ဖြစ်ပါသည်။
ဆောင်ပုဒ်၏အဓိပ္ပာယ်မှာ အင်ဂျင်နီယာများအနေဖြင့် ပိုမိုတောက်ပကောင်းမွန်သည့် မြန်မာနိုင်ငံ၏ အနာဂတ်ကို အတူတကွတည်ထောင်ကြရန် ဖြစ်ပါသည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့်မရ၊ ပူးပေါင်းဆောင်ရွက်မှရနိုင်မည်ကို မီးမောင်းထိုးပြလိုသည့်အတွက် အတူတကွဟု ဆိုထားခြင်းဖြစ်ပါသည်။ အတူတကွကြိုးစားကြရပါမည်။ သေသေချာချာ လေ့လာကြည့်သည့်အခါ အင်ဂျင်နီယာပညာရပ်နှင့် ကင်းကွာသည့် နယ်ပယ်ဟူ၍မရှိသည်ကို အံ့ဩဖွယ်တွေ့ရှိရပါသည်။
အင်ဂျင်နီယာပညာရပ်များနှင့် ဆက်နွှယ်ရာနယ်ပယ်ကဏ္ဍများ
အမှတ်တမဲ့ကြည့်လျှင် တည်ဆောက်ရေး၊ ထုတ်လုပ်မှုနှင့် နည်းပညာကဏ္ဍများနှင့်သာ ဆက်စပ်မည်ဟု ထင်ဖွယ်ရာရှိသည်။ သို့သော်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှသည် စီမံခန့်ခွဲမှုနယ်ပယ်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာပညာ၊ စစ်ပညာတို့အပါအဝင် အထည်အလိပ်၊ သတ္တု၊ ဆေးဝါး၊ မြို့ပြ၊ လျှပ်စစ်၊ ရေကြောင်း၊ လေကြောင်းတို့အဆုံး လူမှုဘဝပတ်ဝန်းကျင်ရှိ ရှင်သန်ရပ်တည်မှုအရာရာသည် အင်ဂျင်နီယာပညာရပ်များနှင့် နှီးနွှယ်နေခဲ့သည့်အပြင် အင်ဂျင်နီယာဘာသာရပ်များအနေဖြင့်လည်း အမျိုးခွဲများစွာရှိနေသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာတစ်ဝန်းဘွဲ့၊ ဒီဂရီ(Degree)များ ပေးအပ်လျက်ရှိသည့် အင်ဂျင်နီယာပညာရပ်ပေါင်း ၅၀ ကျော်အထိရှိပြီး အဓိကအနေဖြင့်မူ မြို့ပြ၊ စက်မှု၊ လျှပ်စစ်စွမ်းအား၊ အီလက်ထရွန်နစ်၊ သဘာဝပတ်ဝန်းကျင် လေကြောင်း/ အာကာသပညာ၊ ကွန်ပျူတာ၊ ဓာတု၊ ချည်မျှင်နှင့် အထည်အလိပ်၊ သတင်းအချက်အလက်နည်းပညာ၊ စက်မှုလျှပ်စစ်၊ ဓာတ်သတ္တုတူးဖော်ရေး၊ ရေနံ၊ သတ္တုဗေဒ၊ ဇီဝနည်းပညာ၊ ဗိသုကာ၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ရေကြောင်းပညာ၊ စိုက်ပျိုးရေး စသည်ဖြင့် အမျိုး ၂၀ ကျော်ခန့်ရှိပါသည်။ ယင်းတို့အောက်တွင် ဘာသာရပ်ခွဲပေါင်းများစွာ ရှိသေးသည်ကို တွေ့ရသည်။
ကွန်ပျူတာအင်ဂျင်နီယာဆိုပါလျှင် ကွန်ပျူတာသိပ္ပံအင်ဂျင်နီယာ၊ Hardware အင်ဂျင်နီယာ၊ Software အင်ဂျင်နီယာစသည်ဖြင့် အခွဲများစွာရှိသေးသည်။ ဇီဝနည်းပညာဆိုလျှင်လည်း ဇီဝဆေးပညာအင်ဂျင်နီယာ၊ ဇီဝဗေဒအင်ဂျင်နီယာ၊ ဇီဝဓာတုအင်ဂျင်နီယာ စသည်ဖြင့် ရှိသေးသည်။ အခြားဘာသာရပ်များဖြစ်သော ဆေးဝါးဗေဒဆိုင်ရာအင်ဂျင်နီယာ၊ စီမံခန့်ခွဲမှုအင်ဂျင်နီယာ၊ ထုတ်လုပ်မှုအင်ဂျင်နီယာစသည်… စသည်တို့ကလည်း မနည်းမနော။ ချုပ်၍ဆိုရလျှင်မူ အင်ဂျင်နီယာပညာရပ်အားလုံးသည် လူသားအကျိုးပြု၊ နိုင်ငံအကျိုးပြုပညာရပ်များချည်း ဖြစ်သည်ဟူသည့် အချက်ပင်တည်း။
အင်ဂျင်နီယာပညာရှင်များအနေဖြင့် လူသားများ လုံခြုံနွေးထွေးစွာနေထိုင်နိုင်ရန်၊ သဘာဝဘေးများမှ ကာကွယ်နိုင်ရန်အဆောက်အအုံများ တည်ဆောက်ပေးနိုင်သကဲ့သို့ တစ်နေရာမှတစ်နေရာ၊ ဒေသတစ်ခုမှတစ်ခုနှင့် ကမ္ဘာတစ်ဝန်းကို ဆက်သွယ်သွားလာနိုင်မည့်လမ်းများ၊ တံတားများ၊ ရထားလမ်းများ၊ ဖောက်လုပ်ပေးနိုင်သည်။ ထိုလမ်း၊ တံတားများပေါ် အသုံးပြုသွားလာမည့် ကား၊ ရထား၊ သင်္ဘော၊ လေယာဉ်များကို တီထွင်တည်ဆောက်ပေးနိုင်သည်။ ဆက်သွယ်ရေးနည်းပညာဖြင့် ဆက်သွယ်ပြောဆို၍ရအောင်၊ ရုပ်မြင်အသံကြားရအောင်၊ သတင်းအချက်အလက်များ ပေးပို့နိုင်အောင် ဖန်တီးပေးနိုင်သည်။
လူတို့၏ဝတ်စားဆင်ယင်မှုအတွက် အထည်အလိပ်များ တီထွင်ထုတ်လုပ်နိုင်သည့်အပြင် လူသားတို့ အဝတ်အထည်အစားအသောက် ဖူလုံစွာရရှိရေး၊ ဘေးကင်းစွာထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ၊ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းရေးအတွက် ထိရောက်မှုရှိသော အရည်အသွေးမြင့် စက်ကိရိယာများကိုလည်း ထုတ်လုပ်ပေးနိုင်သည်။ နယ်ပယ်စုံကဏ္ဍစုံအတွက် အရေးကြီးသည့် စက်ပစ္စည်းများထုတ်လုပ်ပြီး စွမ်းရည်မြင့်မားအောင် ဆောင်ရွက်ပေးနိုင်သည့်အပြင် ရေအရင်းအမြစ်သိုလှောင်သိမ်းဆည်းနိုင်ရန်၊ ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ရန်ဆည်များ၊ ရေကာတာများ တည်ဆောက်ပေးနိုင်သည်။ မြေပေါ်သာမက မြေအောက်ရှိ တွင်းထွက်သယံဇာတများကို လူသားတို့ အကျိုးရှိစွာအသုံးချနိုင်ရန် ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည်။
မြို့ပြများ၊ ကျေးရွာများတည်ဆောက်ရာတွင် လိုအပ်သည့်ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စက်ရုံအလုပ်ရုံများအတွက် လိုအပ်သည့်ရေနှင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း နည်းပညာပိုင်းမှ ပံ့ပိုးဆောင်ရွက်ပေးနိုင်ပြန်ပါသည်။ လူသားတို့အတွက် မရှိမဖြစ်သော သန့်စင်သည့်သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ပါသည်။ စက်ရုံအလုပ်ရုံများမှထွက်ရှိသည့် ရေဆိုးအညစ်အကြေးများကို သန့်စင်ပေးနိုင်သကဲ့သို့ လူမှုဝန်းကျင်အတွက် လူနေအိမ်များ၊ ကျောင်းများ၊ ဆေးပေးခန်းများ၊ ဆေးရုံများ တည်ဆောက်ပေးနိုင်ပြီး ယင်းတို့မှ ထွက်ရှိသည့် အညစ်အကြေးများကိုလည်း သန့်စင်ပေးနိုင်သည်ပင်။
ဤသို့နယ်ပယ်စုံ၊ ကဏ္ဍစုံကို အကျိုးပြုနိုင်သည့် အင်ဂျင်နီယာပညာရပ်များ၏အစ အင်ဂျင်နီယာပညာရေးသည် စာရေးသူတို့နိုင်ငံတွင် ၁၉၂၄ ခုနှစ် ၏ ရှေးဦးကပင်ရှိခဲ့ပြီဟု ဆိုရပါမည်။
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်း စတင်အခြေတည်ခြင်း
အင်းစိန်စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ လမ်းမတော် ဘူတာရုံအနောက်ဘက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် အဆိုပါနေရာမှ အင်းစိန်ဘူတာ အရှေ့ဘက်သို့ နေရာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ထိုစဉ်က Government School of Engineering ဟု ခေါ်ဆိုခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၁၉၀၈ ခုနှစ်တွင် အင်းစိန်ရွာမရှိယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School ဟု ခေါ်ဆိုခဲ့သည်။ ၁၉၁၂ ခုနှစ်မှစ၍ Government Technical Institute- GTI ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း သိရှိရသည်။
အင်ဂျင်နီယာပညာဌာနဟူ၍ တိတိပပပေါ်ပေါက်လာသည်ကတော့ ၁၉၂၄ ခုနှစ်မှဖြစ်သည်။ ၁၉၂၄-၁၉၂၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အင်ဂျင်နီယာပညာရေး၏အစတွင် အချို့သောလက်တွေ့သင်ကြားမှုများကို အင်းစိန်စက်မှုလက်မှုသိပ္ပံရှိ အလုပ်ရုံများတွင် သင်ကြားပြသခဲ့ကြောင်း သိရှိရပါသည်။
မြို့ပြအင်ဂျင်နီယာသင်တန်း
စတင်ဖွင့်လှစ်ခြင်းနှင့် နှစ်(၁၀၀)အတွင်း မြန်မာအင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့် ၁၉၂၃-၁၉၂၄ အထိ။ ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာဌာန Department of Engineering ဖွင့်လှစ်ခဲ့သည်။
၁၉၂၄-၁၉၂၅အထိ။ မြို့ပြင်အင်ဂျင်နီယာ သင်တန်း ကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။
၁၉၂၇ ခုနှစ်။ ရန်ကုန်တက္ကသိုလ်အတွင်း၌ပင် BoC College of Mining and Engineering အဆောက်အအုံအမည်ဖြင့် သီးခြားခွဲထွက်ခဲ့သည်။
၁၉၄၆ ခုနှစ်။ Department of Engineering အား Faculty of Engineering အဖြစ် အဆင့်တိုးမြှင့်ခဲ့ပါသည်။
၁၉၆၁ ခုနှစ်။ အင်းစိန်၊ ကြို့ကုန်းရှိ စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်)သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်။ လက်ရှိအချိန်တွင် နည်းပညာတက္ကသိုလ် ၂၇ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ် ၁၉ ကျောင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တစ်ကျောင်း၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် တစ်ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် Polytechnic University များကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် လျာထားကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနထံမှ သိရှိရပါသည်။
စာရေးသူသည် ၁၉၉၁ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်ဖြင့် တက်ရောက်ခဲ့သူဖြစ်ရာ ယခုအခါအခွင့်ကြုံ၍ အင်ဂျင်နီယာ ပညာရေးဖွံ့ဖြိုးလာမှုအဆင့်ဆင့်ကို ပြန်လှန်လေ့လာမိသည့်အခါ ဖြတ်သန်းခဲ့ဖူးသည့် အင်ဂျင်နီယာ ကျောင်းသားဘဝအမှတ်တရများကို တရိပ်ရိပ်ပြန်မြင်ယောင်လာမိရသည်။ သည်လိုဆိုပြန်တော့ ဩဘာလမ်းကလည်း လွမ်းစရာ၊ ပင်မဆောင်ကြီး ရှေ့အဝင်လမ်းက စွယ်တော်ပင်တန်းကလည်း မျက်စိထဲထင်ရှားလာရသလို အတန်းလစ်ပြီး မိန်း(ရန်ကုန်တက္ကသိုလ်)ထဲ ခြေဆန့်ခဲ့သည့်အချိန်များကိုလည်း လွမ်းမောစရာ ပြန်အမှတ်ရလာမိရသည်။ ဆရာကြီး ဆရာမကြီးများ၊ သူငယ်ချင်းများ၊ စီနီယာနောင်တော်များ၊ ဂျူနီယာညီငယ်များနှင့် ရင်းနှီးဖြတ်သန်းခဲ့ရသော အခိုက်အတန့်များကို လွမ်းမောစွာသတိရမိရသည်။
စာရေးသူတို့ခေတ်နှင့်နှိုင်းယှဉ်လျှင်မူ ကျောင်းတော်ကြီးကများစွာပို၍ ဖွံ့ဖြိုးလာခဲ့ပြီဖြစ်သကဲ့သို့ သင်ကြားမှုသင်ယူမှုစနစ်များလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ တိုးတက်လာမှုများရှိသည့်တိုင် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် တိုးမြှင့်ရန် လိုအပ်နေသည်များ များစွာရှိသေးသည်။ သို့တစေဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်းဆိတ်အထွာဆိုသကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပေတံဖြင့်မူ နှစ်(၁၀၀)အထိ အောင်အောင်မြင်မြင် လျှောက်လှမ်းရပ်တည်လာနိုင်ပြီး မြန်မာအင်ဂျင်နီယာများ ကမ္ဘာ့နေရာအနှံ့အပြားမှာ ရပ်တည်လုပ်ကိုင်နေနိုင်ကြသည်ကိုက ဂုဏ်ယူကျေနပ်ဖွယ်ရာပါပင်။ ထို့ကြောင့်လည်း အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန် ပြင်ဆင်စီစဉ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အင်ဂျင်နီယာပညာနှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များ
နိုင်ငံတော်နှင့် ပြည်သူအကျိုးပြုသုတေသနပြခန်းများ၊ နိုင်ငံတော်နှင့်ဒေသအကျိုးပြုပြခန်းများကို မျိုးဆက်သစ် ကျောင်းသားလူငယ်များ လေ့လာနိုင်အောင်ပြသသွားရန် စီစဉ်ထားရှိသည့်အပြင် အင်ဂျင်နီယာနည်းပညာနှင့် ပညာရေးဖိုရမ်ကို Parallel Session ငါးခုဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားရှိကြောင်း သိရှိရပါသည်။
Parallel Session များတွင် စာတမ်းများ ဖတ်ကြားနိုင်ရေး သက်ဆိုင်ရာဌာနအလိုက် စာတမ်းခေါင်းစဉ်များ တောင်းခံထားပြီး ပါဝင်ဖတ်ကြားနိုင်ရေး၊ မျိုးဆက်သစ်များကို မျှဝေနိုင်ရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။
နိုင်ငံဖွံ့ဖြိုးမှုအတွက် အရေးပါပြီး အင်ဂျင်နီယာကဏ္ဍမှ နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးချသုတေသန စာတမ်းများ၊ ဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုစာတမ်းများ ဖတ်ကြားကြမည်ဖြစ်ပါသည်။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ရေရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်တံတား လုပ်ငန်းဆိုင်ရာစာတမ်းများ ဖတ်ကြားသွားရန် စီစဉ်ထားရှိပါသည်။
ထို့အပြင် အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ဂုဏ်ပြုအစီအစဉ်များကိုလည်း ပြင်ဆင်ထားရှိကြောင်း သိရှိရပါသည်။
(က) အတွေ့အကြုံရှိဆရာကြီး၊ ဆရာမကြီးများ၏ အတွေ့အကြုံများကို အင်တာဗျူး၍ မီဒီယာများတွင် ထုတ်လွှင့်ပြသခြင်း၊
(ခ) Documentary များ ရိုက်ကူးပြသခြင်း၊ ၁၀ ရာစုအစောပိုင်း ပုဂံယဉ်ကျေးမှုနယ်မြေမှ ရှေးခေတ်ပုဂံဘုရားများ၏ အင်ဂျင်နီယာဗိသုကာပညာရပ်များ၊ ၁၁ ရာစု နှောင်းပိုင်းမန္တလေးနန်းတွင်း သမိုင်းမှတ်တမ်းများ၏ အင်ဂျင်နီယာဗိသုကာလက်ရာများ၊ ရန်ကုန်မြို့ ကိုလိုနီခေတ် အင်ဂျင်နီယာဗိသုကာလက်ရာများ စသည်တို့ကို ရိုက်ကူးပြသခြင်း၊
(ဂ) မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးသမိုင်းစာအုပ် (၂၀၁၃ မှ ၂၀၂၄)ထုတ်ဝေခြင်း (ရာပြည့် သဘင်အခမ်းအနားပြီးမှ ထုတ်ဝေပါမည်။)၊
(ဃ) ရာပြည့်ဂုဏ်ပြုဆောင်းပါးများ ရေးသားပြီး ရာပြည့်မဂ္ဂဇင်းထုတ်ဝေခြင်း (ရာပြည့်သဘင် အခမ်းအနားပြီးမှ ထုတ်ဝေပါမည်။)၊
(င) ရာပြည့်အထိမ်းအမှတ် ပစ္စည်းများထုတ်၍ ဖြန့်ဝေခြင်း၊
(စ) ရာပြည့်အကြို ဂုဏ်ပြုအင်ဂျင်နီယာပွဲတော်နှင့် အခမ်းအနားများ၊ ပရောဂျက်ပြပွဲများအား ရန်ကုန်နည်းပညာတက္ကသိုလ်အပါအဝင် ပြည်၊ မန္တလေး၊ ဘားအံနည်းပညာတက္ကသိုလ်များနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်များတွင် ကျင်းပပြုလုပ်ခြင်း။
အင်ဂျင်နီယာတစ်ယောက်အနေဖြင့် အင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို ကံကောင်းစွာဖြင့် တွေ့ကြုံခွင့်ရရှိသည့်အပြင် မိမိတို့တစ်ထောင့်တစ်နေရာမှ ပါဝင်ဆင်နွှဲခွင့်ရရှိသည့်အတွက် အမှန်ပင်ဂုဏ်ယူဝမ်းမြောက်မိရပါသည်။ အင်ဂျင်နီယာအားလုံးအတွက်လည်း ထပ်တူပင်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ ရာပြည့် သဘင်ဆင်ယင်ကျင်းပရေးဦးစီးကော်မတီတွင် ပါဝင်ခဲ့သည့်အတွက် စာရေးသူအနေဖြင့် အင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းကို ပြန်လေ့လာခွင့်ရခဲ့သည့်အပြင် အင်ဂျင်နီယာပညာရပ်များဖြင့် နိုင်ငံတော်တည်ဆောက်ရေးအပါအဝင် ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်နေမှုများကို သုတေသနစာတမ်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုစာတမ်းများဖတ်ခွင့်၊ လေ့လာခွင့်ရရှိမည့်အတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးများ ရရှိခဲ့ခြင်းဖြစ်ပါသည်။
မြန်မာအင်ဂျင်နီယာပညာရေးသမိုင်းကြောင်းကို လေ့လာနိုင်ရန်၊ စာတမ်းဖတ်ကြားမှုများနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများ၏ ပရောဂျက်ပြပွဲများမှတစ်ဆင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟုသုတများရယူနိုင်ရန်အတွက် မြန်မာအင်ဂျင်နီယာများအားလုံး၊ မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား လူငယ်များအားလုံး အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ပွဲကို အတူတကွပါဝင်ဆင်နွှဲကြရန် ဖိတ်ခေါ်ရင်း ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အင်ဂျင်နီယာနှင့် နည်းပညာစွမ်းပကားများဖြင့် အတူတကွတည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ရာပြည့်သဘင်ပွဲအား ဂုဏ်ပြုတင်ပြလိုက်ရပါသည်။
ရည်ညွှန်းကိုးကားချက်
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆွေးနွေးချက်များ။
http://www.gtiinsein.edu.mm/?page_id= 2010&lang=my