Skip to main content

မြန်မာနိုင်ငံ စီးပွားရေးပညာ နှစ် (၁၀၀)

ဒေါက်တာဝါဝါမောင်

စီးပွားရေးပညာသည် ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ Department of Economics စတင်ဖွင့်လှစ်ချိန်၌ ရောက်ရှိလာခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့်ခဲ့ချေပြီ။ လွန်ခဲ့သည့် အတိတ်ကာလ ၁၉၂၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ စီးပွားရေးနှင့် ပြည်သူတို့၏ လူမှု-စီးပွားကဏ္ဍတို့တွင် စီးပွားရေးပညာက မည်သို့အကျိုးပြုခဲ့သည်ကို မကြာမီကာလတွင် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရင်းဂုဏ်ပြုမှတ်တမ်းတင်စရာက များပြားလှသည် ဆိုသော်လွန်အံ့မထင်။

ပထမဆုံး စီးပွားရေးတက္ကသိုလ်များ၏ ဆောင်ပုဒ်ကိုကြည့်ပါက “ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ”ဟူသည့် လေးနက်တည်ကြည်မြင့်မားသော ပညာ၏ဂုဏ်ပုဒ်ကို တွေ့ရှိနိုင်ပါသည်။ ယနေ့စီးပွားရေးပညာဖြင့် အခြားနိုင်ငံနှင့် ရင်ပေါင်တန်းပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြ မည်ဆိုပါက ယနေ့ စီးပွားရေးပညာရှင်များသည် ထိရောက်မှု (Effectiveness) နှင့် စွမ်းဆောင်ရည် (Efficiency) ဖန်တီးနိုင်စွမ်းရှိအောင် “ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ” ပြည့်စုံမှသာလျှင် အောင်မြင်နိုင်မည်ကို ဖော်ညွှန်းနေသကဲ့သို့ ဖြစ်ပေသည်။

နိုင်ငံနှင့် ပြည်သူများအကျိုး သယ်ပိုးပေးမည့်ပညာ

စီးပွားရေးပညာရပ်သည် နိုင်ငံနှင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် လူမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် နိုင်ငံတော်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် အကျိုးပြုခဲ့သည့် ဘာသာရပ်ကြီးဖြစ်ပါသည်။ စီးပွားရေးပညာ၏ အသုံးဝင်မှုလူမှုရေးသိပ္ပံပညာရှုထောင့်မှ သုံးသပ်လျှင် စီးပွားရေးပညာသည် လူ့အဖွဲ့အစည်းအတွင်း ရှားပါးသည့် သယံဇာတ (မြေယာ၊ လုပ်သား၊ အရင်းအနှီး၊ နည်းပညာစသည်) တို့ကို မည်သို့ခွဲဝေ၊ လဲလှယ်အသုံးပြုခြင်းကို နားလည်ရန်သိပ္ပံနည်းကျ နည်းစနစ်များကို အသုံးပြုသည်ဟု ဆိုသည်။

စီးပွားရေးပညာဆိုသည်မှာ

စီးပွားရေးပညာဘာသာရပ် “Economics” ဟူသည့် ဝေါဟာရအသုံးအနှုန်းသည် “Oikonomia” ဟူသည့် ဂရိစကားလုံး (Greek word)မှ ဆင်းသက်လာခဲ့ပါသည်။ ယင်း၏အဓိပ္ပာယ်မှာ အိမ်တွင်းစီမံခန့်ခွဲမှု (household management) ဖြစ်သည်။ “Oikonomia” တွင် စကားလုံး oikos (household) နှင့် nemein (management and dispensation) တို့ ပါဝင်ခြင်းကြောင့် ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle, the Greek Philosopher) က စီးပွားရေးပညာကို “အိမ်တွင်းစီမံခန့်ခွဲမှု” သိပ္ပံပညာရပ်အဖြစ် ခေါ်ဆိုခဲ့သည်။ ဆိုလိုသည်မှာ အိမ်ရှင်မတစ်ဦးသည်ပင်လျှင် ဝင်ငွေနှင့် ထွက်ငွေလုံလောက်စေရန်၊ အကြွေးမတင်စေရန် စီမံခန့်ခွဲရခြင်း၊ အကန့်အသတ်နှင့်ရရှိသော မိသားစုဝင်ငွေအား တစ်အိမ်သားလုံး စားဝတ်နေရေးအတွက် အလျဉ်မီစေခြင်း၊ လောက်ငမှုဖြစ်စေရန် စီမံခန့်ခွဲရခြင်းကြောင့် စီးပွားရေးပညာနှင့် ကင်းလွတ်၍ မရနိုင်ပေ။ ထို့ကြောင့် စီးပွားရေးပညာသည် လူပုဂ္ဂိုလ်၊ အိမ်ထောင်စုများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံအစိုးရများအားလုံးနှင့် သက်ဆိုင်ပါသည်။ လူတို့၏ အခြေခံစားဝတ်နေရေးသည် စီးပွားရေးနှင့် သက်ဆိုင်နေပေသည်။

စားဝတ်နေရေး နေ့စဉ်ဘဝအတွက် အခြေခံသိရှိနားလည်အပ်သည့်ပညာ

အမေရိကန် စီးပွားရေးပညာရှင် သောမတ်စ်ဆိုဝဲလ် (Thomas Sowell)က စီးပွားရေးပညာသည် စီးပွားရေးအဆောက်အအုံတွင် အကြောင်းရင်း (Cause) နှင့် အကျိုးသက်ရောက်မှု (Effect) တို့၏ ဆက်နွှယ်မှုများကို လေ့လာခြင်းဖြစ်သည်ဟု ဆိုသည်။ (American economist Thomas Sowell provides another useful definition: Economics is the study of cause-and-effect relationships in the economy.)

သို့ဖြစ်ပါ၍ စီးပွားရေးပညာသည် လူပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများနှင့် အစိုးရများက ရှားပါးပြီး အမျိုးမျိုးအသုံးချ၍ ရရှိနိုင်သည့် အရင်းအမြစ်များကို မည်သို့ခွဲဝေသုံးစွဲ ဆောင်ရွက်ကြသည်ကို လေ့လာသည့်ဘာသာရပ်နယ်ပယ်တစ်ခုပင်ဖြစ်သည်။ ထို့ပြင် ဈေးကွက်စီးပွားရေးတစ်ခုတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုကို ထိုရွေးချယ်မှုများက မည်သို့သက်ရောက်မှုရှိကြောင်း နားလည်ခြင်းလည်း ဖြစ်ပါသည်။

လက်တွေ့ဘဝတွင် စီးပွားရေးပညာသည် လူတို့၏ နိစ္စဓူဝတွေ့ကြုံရသည့် စား၊ ဝတ်၊ နေရေးတို့နှင့် ဆက်စပ်နေပေသည်။ သို့ဖြစ်ပါ၍ စီးပွားရေးပညာကို စူးစိုက်ဇောက်ချလေ့လာမှုမပြုသည့်တိုင် လူတိုင်းလူတိုင်းစီးပွားရေးပညာအသိကို အခြေခံသဘောအားဖြင့် သိရှိရန်လိုအပ်မည်ဖြစ်ပေသည်။

စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်သောပညာ

ကမ္ဘာ့ပထဝီစီးပွားရေးသည် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့ကြောင့် ကုန်သွယ်ရေးထောက်ပံ့ရေးကွင်းဆက် (Supply Chain) ပြတ်တောက်ပြောင်းလဲမှု၊ ကုန်သွယ်ရေးစစ်ပွဲ (Trade War)၊ ငွေကြေးစစ်ပွဲ (Currency War, De-dollarization)၊ နည်းပညာစစ်ပွဲ (Techno War, Chips War) တို့အပြင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတို့ကြောင့် သဘာဝဘေးဒဏ် ထူပြောလာမှုအရ စီးပွားရေးထိခိုက်ကျဆင်းလာခဲ့ရာ နိုင်ငံအများ အပြားအတွက် ထိုသက်ရောက်မှုများကို ယနေ့ဖြေရှင်းဆောင်ရွက်နေကြရပါသည်။

ကမ္ဘာ့စီးပွားရေး ထိခိုက်ကျဆင်းမှုနှင့်ဆက်နွှယ်လျက် တစ်နိုင်ငံချင်း၏ စီးပွားရေးထိခိုက်ကျဆင်းမှု၊ နိုင်ငံသားပြည်သူတစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်းစီအထိ စီးပွားရေးမပြေလည်သည့် စိန်ခေါ်မှုများကို ပြန်လည်တုံ့ပြန်ရင်ဆိုင်ဖြေရှင်းနေကြရသည်။

တစ်ဖက်ကလည်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု၊ လက်ရှိစတုတ္ထစက်မှုတော်လှန်ရေး (4IR) နှင့် ၎င်း၏ ပေါ်ထွန်းလာသောနည်းပညာများ၊ ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ မေခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းများ စသည်ဖြင့် စိန်ခေါ်မှုများလည်းရှိသကဲ့သို့ အခွင့်အလမ်းများနှင့်လည်း တွေ့ကြုံနိုင်ပေသည်။

စီးပွားရေးပညာကို လေ့လာခြင်းဖြင့် အစိုးရမူဝါဒနှင့် စည်းမျဉ်းများ၊ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အင်အားစုများနှင့် စီးပွားရေးအပေါ်မူဝါဒများ၏ အကျိုးသက်ရောက်မှုအပါအဝင် လူတို့၏ဘဝတွင် ကဏ္ဍအဖုံဖုံကို တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများ ပေးစွမ်းနိုင်ပါသည်။ စီးပွားရေးပညာသည် အလျင်အမြန် ခေတ်မီပြောင်းလဲနေသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဟာဗျူဟာကျကျ၊ ယထာဘူတကျကျ ကိုင်တွယ်ဖြေရှင်းရန် ချိန်ညှိဆောင်ရွက်ပြင်ဆင်နိုင်ရေးအတွက်လည်း ပံ့ပိုးပေးနိုင်ပါလိမ့်မည်။ လက်တွေ့ဘဝတွင် စီးပွားရေးပညာကို လေ့လာခြင်းအားဖြင့် သက်ဆိုင်ရာစီးပွားရေး ဝေါဟာရအသုံးအနှုန်းနှင့် စီးပွားရေးသီအိုရီများက တကယ့်ကမ္ဘာ့အခြေအနေများတွင် မည်သို့အသုံးပြုနိုင်သည်ကို သိရှိအသုံးချဖြေရှင်းပေးနိုင် သောပညာဖြစ်ပါသည်။ ထို့ပြင် စီးပွားရေးပညာသည် စီးပွားရေးပြဿနာများကို ဖြစ်ပေါ်မှသာ ဖြေရှင်းနိုင်သော ပညာရပ်သာမက မဖြစ်ပေါ်အောင်လည်း သုတေသနချဉ်းကပ်မှုများနှင့် ကြိုတင်တားဆီးနိုင်၊ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ပါသည်။

ဆက်စပ်စီးပွားရေးပညာ တိုးချဲ့လေ့လာစရာ

စီးပွားရေးပညာသည် မည်သည့်နယ်ပယ်နှင့် မဆိုပေါင်းစပ်အသုံးပြုနိုင်ပါသည်။ စီမံခန့်ခွဲမှု ပညာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ စာရင်းပညာ စသည်တို့သည် မည်သည့်နယ်ပယ်မဆို ပေါင်းစပ်အသုံးပြုနေရပြီး အင်ဂျင်နီယာနယ်ပယ်တွင် Engineering Economics၊ စက်မှုနယ်ပယ်တွင် Industrial Economics၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နယ်ပယ်တွင် Defense Economics ၊ ကျန်းမာရေးနယ်ပယ်တွင် Health Economics ၊ ပညာရေးနယ်ပယ်တွင် Educational Economics ၊ စိုက်ပျိုးရေးနယ်ပယ်တွင် Agriculture Economics ၊ သဘာဝပတ်ဝန်းကျင်နယ်ပယ်တွင် Environmental Economics ၊ စီးပွားရေးလုပ်ငန်းများ နယ်ပယ်တွင် Business Economics ၊ အဖွဲ့အစည်းများနယ်ပယ်တွင် Institutional Economics စသည်ဖြင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် စီးပွားရေးပညာသဘောတရားများကို ထည့်သွင်းပေါင်းစပ် အသုံးပြုနိုင်ပါသည်။ ယနေ့ခေတ်စားနေသည့် Big Data မှ အချက်အလက်များကို ဆန်းစစ်ခြင်း (Data Analysis)၊ အချက်အလက်များမှ စာရင်းအင်း၊ စာရင်းအင်းမှတစ်ဆင့် မူဝါဒဆုံးဖြတ်ချက်ချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ စိစစ်အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းတို့သည်လည်း စီးပွားရေးပညာအခြေခံများနှင့်ပင် အသုံးချဆောင်ရွက်ကြရပါသည်။

၁၉၂၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံသို့ အခြေချရောက်ရှိလာခဲ့သည့် စီးပွားရေးပညာသည် မြန်မာနိုင်ငံ စီးပွားရေးပညာနှစ် (၁၀၀) အတွင်း စီးပွားရေးတက္ကသိုလ်မူလဘာသာရပ်ကြီးများဖြစ်သော ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီမံခန့်ခွဲမှုပညာမှစ၍ စီးပွားရေးအခြေခံဘာသာရပ် များကို Multi-disciplinary စနစ်ဖြင့် စာသင်ကြားလျက်ရှိသည့် Master of Public Administration (MPA), Master of Business Administration (MBA), Master of Development Studies (MDevS), Master of Banking and Finance (MBF), Master of Applied Statistics (MAS), Master of Marketing Management (MMM) စသည်ဖြင့် စီးပွားရေးပညာဘွဲ့ရများကို ကျောင်းအသီးသီးမှ မွေးထုတ်ကာ တပ်ဘက်၊ နယ်ဘက်ပြည်သူ့ရေးရာ၊ စာပေနှင့် အနုပညာနယ်ပယ် စသည့်ကဏ္ဍများတွင်သာမက ပုဂ္ဂလိကဏ္ဍနှင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များအထိ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။

စီးပွားရေးတက္ကသိုလ်များ၊ သမဝါယမတက္ကသိုလ်များ၊ ကောလိပ်များ၊ မဟာဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင်ပါ ကဏ္ဍစုံစီးပွားရေးပညာဌာနအသီးသီးမှ မွေးထုတ်ပေးလျက်ရှိသော ဘွဲ့ကြိုများ၊ ဘွဲ့လွန်ဒီပလိုမာများ၊ မဟာဘွဲ့များ၊ ပါရဂူဘွဲ့များအား နိုင်ငံ့အကျိုးပြုစေရန် စဉ်ဆက်မပြတ် မွေးထုတ်ဆောင်ရွက်လျက်ရှိကြ ပါသည်။

အနာဂတ်တွင် ရင်ဆိုင်ကျော်လွှား စွန့်စားရမှုအသစ်များ

တစ်ဖက်တွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ လက်ရှိစတုတ္ထစက်မှုတော်လှန်ရေး (4IR) နှင့် ၎င်း၏ ပေါ်ထွန်းလာသောနည်းပညာများ၊ ရာသီဥတုပြောင်းလဲမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ မေခရိုစီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းများ စသည်ဖြင့် စိန်ခေါ်မှုများလည်းရှိသကဲ့သို့ အခွင့်အလမ်းများ နှင့်လည်း တွေ့ကြုံနိုင်ပေသည်။

ပထဝီနိုင်ငံရေး (Geo Politics)၊ ပထဝီစီးပွားရေး (Geo-economy) တို့သည်လည်း နီးကပ်စွာ ဆက်စပ်လာခြင်းတို့ကြောင့် ထိုစွန့်စားရမှုအသစ်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးဘောဂဗေဒ (Political Economy) ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ (Development Strategies in a changing global political economy) ကို ပြင်ဆင်ချဉ်းကပ် ဆောင်ရွက်ရန်လိုအပ်ပါသည်။

စီးပွားရေးပညာကို လေ့လာခြင်းဖြင့် အစိုးရစည်းမျဉ်းများ၊ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အင်အားစုများနှင့် စီးပွားရေးအပေါ် မူဝါဒများ၏ အကျိုးသက်ရောက်မှုအပါအဝင် လူတို့၏ဘဝတွင် ကဏ္ဍအဖုံဖုံကို တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများပေးစွမ်းနိုင်ပါသည်။ စီးပွားရေးပညာသည် အလျင်အမြန် ခေတ်မီပြောင်းလဲနေသည့် ကမ္ဘာ့စိန်ခေါ်မှုများကို မဟာဗျူဟာကျကျ ကိုင်တွယ်ဖြေရှင်းရန် ကိုက်ညှိဆောင်ရွက်ပြင်ဆင်နိုင်ရေးအတွက်လည်း ပံ့ပိုးပေးနိုင်ပါလိမ့်မည်။

အနာဂတ် အမိမြန်မာပြည်စီးပွားရေး နှစ် (၁၀၀) ပြည့်တွင် ဆင့်ပွားကြိုးစားရေး

လက်ရှိတွင် စီးပွားရေးပညာဆိုင်ရာ ဘွဲ့ရများသည် အသီးတစ်ရာအညှာတစ်ခုဆိုသကဲ့သို့ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် မိမိတို့သင်ယူတတ်မြောက်ထားသော စီးပွားရေးပညာရပ်များ ကို အသုံးချ၍ နယ်ပယ်အသီးသီး၊ ရာထူးတာဝန်အဆင့်ဆင့်တို့တွင် နိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှ အရေးကြီးသော တာဝန်များကို ထမ်းဆောင်လျက်ရှိကြပါသည်။

ထို့ကြောင့် ကြုံတောင့်ကြုံခဲ စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အခမ်းအနားကြီး ကို စီးပွားရေးပညာရပ်နယ်ပယ် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိလေ့လာသင်ယူအသုံးချနိုင်စေရေး၊ နိုင်ငံ့စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များ တိုးတက်အောင်မြင်စေရေး၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ဖော်ထုတ်နိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး နိုင်ငံအကျိုးပြု ဘာသာရပ်ကြီးဖြစ်သည့်အတွက် စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ် အခမ်းအနားကြီး ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် နေပြည်တော်၌ နယ်ပယ်နှင့် အလွှာအသီးသီးမှ စီးပွားရေးပညာဘွဲ့ရများက စုပေါင်းဆင်နွှဲရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အထိမ်းအမှတ်အခမ်းအနားတွင် ဖွင့်ပွဲ၊ ပြခန်းနှင့် ကုန်စည်ပြပွဲ၊ စာတမ်းဖတ်ပွဲနှင့် အထိမ်းအမှတ် ညစာစားပွဲတို့ ပါဝင်မည်ဖြစ်ပါသည်။

ကြုံတောင့်ကြုံခဲသည့် အခွင့်အခါသမယတွင် နယ်ပယ်အလွှာအသီးသီးက အင်အားများ စုစည်းကာ စီးပွားရေးပညာ နှစ် (၁၀၀) မှသည်နိုင်ငံ၏ အနာဂတ်၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်၍ စီးပွားပညာစွမ်းအားဖြင့် အလားအလာတို့ကို ဖော်ထုတ်နိုင်ပါရန်၊ စီးပွားပညာအနေဖြင့် နိုင်ငံ့အနာဂတ်အတွက် စွမ်းဆောင်နိုင်သည့် ပညာ့တန်ဆောင်အဖြစ် အသုံးချနိုင်စေရန်၊ စီးပွားပညာနှစ် ၁၀၀ နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်၊ ဖွံ့ဖြိုးမှုစိန်ခေါ်မှုများနှင့် လက်ရှိပစ္စုပ္ပန်မှသည် အနာဂတ်နိုင်ငံစီးပွား မြှင့်တင်နိုင်စေရေးအတွက် ရည်မှန်း၍ စာတမ်းဖတ်ပွဲ၏ Theme အား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အနာဂတ်အလားအလာ (Development Opportunities and Perspectives) သတ်မှတ်ကာ စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် စာတမ်းဖတ်ပွဲကို ဆောင်ရွက်မည်ဖြစ်ပါသည်။

စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ အသေးစိတ်ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) စီးပွားရေးပညာ နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန်၊

(ခ) ခေတ်ကာလအလိုက် ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေးအခြေအနေ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ ပိုမိုကျယ်ပြန့်ပြောင်းလဲလာသော စီးပွားရေးပညာရပ်များကို လေ့လာသုံးသပ်၍ ပိုမိုတိုးချဲ့ သင်ကြားပေးသွားနိုင်ရေးဆွေးနွေးဖော်ထုတ်ရန်၊

(ဂ) နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးအတွက် မျက်မှောက် ကာလစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိမည့် လူ့အရင်းအမြစ်များကို ပိုမိုတိုးမြှင့်လေ့ကျင့်မွေးထုတ်နိုင်ရေး ဆွေးနွေးဖော်ထုတ်ရန်၊

(ဃ) အတိတ်နှင့် ပစ္စုပ္ပန်ကာလကမ္ဘာ့စီးပွားရေး ရိုက်ခတ်ပြောင်းလဲမှုများအလိုက် ကြုံတွေ့ခဲ့ကြရသော နိုင်ငံစီးပွားရေးစိန်ခေါ်မှု သင်ခန်းစာများအား ဖော်ထုတ်၍ အနာဂတ်နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှု-စီးပွားတိုးတက်စေရန် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သင့်သော အခြေအနေများကို Session များအတိုင်း ဖွဲ့စည်းဆွေးနွေးဖော်ထုတ်ဆောင်ရွက်ရန်၊

(င) ဆွေးနွေးဖော်ထုတ်ရရှိချက်များကို နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုတင်ပြရန်တို့ ဖြစ်ပါသည်။

စာတမ်းဖတ်ပွဲအား အောက်ဖော်ပြပါ ခေါင်းစဉ် (၆) ခုဖြင့် ချဉ်းကပ်ဆောင်ရွက်မည်ဖြစ်ပါသည်-

(က) စာတမ်းဖတ်ပွဲ (Session I) တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာ နှစ် (၁၀၀) ခရီး ယခင်၊ ယခုနှင့် အနာဂတ်စီးပွားရေးအလားအလာ (100 Years Journey of Economics in Myanmar: Past, Present and Future)ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(ခ) စာတမ်းဖတ်ပွဲ (Session II) တွင် မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေး၊ အလားအလာနှင့် စိန်ခေါ်မှုများ (World Economy, Megatrends and its challenges) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဂ) စာတမ်းဖတ်ပွဲ (Session III) တွင် နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံ၏ အခန်းကဏ္ဍ (The Role of Infrastructure in National Development) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဃ) စာတမ်းဖတ်ပွဲ (Session IV) တွင် လယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် စားရေရိက္ခာဖူလုံကြွယ်ဝမှု (Agriculture Production and Food Security) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(င) စာတမ်းဖတ်ပွဲ (Session V) တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု (The Role of MSMEs in National Development) ခေါင်းစဉ်ဖြင့်လည်းကောင်း၊

(စ) စာတမ်းဖတ်ပွဲ (Session VI) ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ (Sectoral Growth: Investment, Trade and Services) ခေါင်းစဉ်ဖြင့် လည်းကောင်း၊

(ဆ) Plenary Session အဖြစ် ဆောင်ရွက် ထားသည့် စာတမ်းဖတ်ပွဲများ၏ အနှစ်ချုပ်တင်ပြချက် (Summary of the Paper Reading Sessions and Discussions) နှင့် မူဝါဒဆိုင်ရာထောက်ခံတင်ပြချက်များ (Policy Recommen-dations) ကို ထုတ်နုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စီးပွားရေးပညာရပ်နယ်ပယ် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်မှုကို ထိုမှတစ်ဆင့် နိုင်ငံ့စီးပွားရေးနှင့် အထောက်အကူဖြစ်စေရန်၊ စီးပွားရေးပညာအား မျိုးဆက်သစ်လူငယ်များ ပိုမိုသင်ယူလေ့လာသိရှိ တန်ဖိုးထားအသုံးချနိုင်စေရန် စီးပွားရေးပညာဘွဲ့ရများက နိုင်ငံဖွံ့ဖြိုးမှုအတွက် ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်တို့ကို ရည်မှန်းချက်ထားရှိပြီး နိုင်ငံ အကျိုးပြုဘာသာရပ်ကြီးဖြစ်သည့်အတွက် “စီးပွား ပညာ နှစ် ၁၀၀ ပြည်သူ့အကျိုး တို့သယ်ပိုး” ဆောင်ပုဒ်ဖြင့် စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ်အား စည်းလုံးညီညွတ်ဂုဏ်ယူစွာဖြင့် စုစည်းပါဝင်ကျင်းပဆင်နွှဲကြပါစို့။ ။