တောင်သူ့ရွှေခေတ်ရောက်စေဖို့ ရေတင်လုပ်ငန်းများဖြင့် ကူညီစို့
ရွှေယွန်းအိမ်
မြစ်ဧရာသည် တိုင်းဒေသကြီး၏ အလယ်ဗဟိုမှ ရစ်ခွေစီးဆင်းကာ ဒေသပြည်သူများကို အကျိုးပြုလျက်ရှိသည်။ အပူပိုင်းဒေသ မကွေးတိုင်းဒေသကြီးအတွက် ဧရာဝတီမြစ်ကြီးသည် တန်ဖိုးဖြတ်၍မရသည့် သဘာဝတရား၏ လက်ဆောင်တစ်ခုဖြစ်သည်။ ဧရာဝတီကိုမှီတည်၍ ကမ်းတစ်ဖက်စီတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ မြို့များစွာ၊ ကျေးရွာများစွာ တည်ရှိနေသည်။
မြင်ကွန်းကျေးရွာသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဘေးတွင် တည်ရှိသည့် တိုင်းဒေသကြီးအတွင်းမှ ကျေးရွာတစ်ခုဖြစ်သည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းတည်ရှိပြီး စပါးနှင့် ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။
“စပါးက ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိတယ်၊ ဆီထွက်သီးနှံကလည်း ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိတယ်။ ဒီလိုအထွက်နှုန်းကောင်းတော့ တောင်သူဝင်ငွေကောင်းတာပေါ့။ အရင်က ဧရာဝတီမြစ်ကြီးရှိပေမယ့် မြစ်ရေတင်မရှိတော့ မိုးမျှော်ပြီး စိုက်ပျိုးရတာပေါ့။ အခုက မြစ်ရေတင် ရှိပြီဖြစ်တဲ့အတွက် အထွက်နှုန်းရဖို့ပဲ ဂရုစိုက်ရတယ်၊ မိုးမျှော်ရတုန်းကလို မိုးမရွာလို့ သီးနှံမရတာ မျိုးမရှိတော့ဘူး” ဟု မြင်ကွန်းကျေးရွာမှ တောင်သူ ဦးကိုကိုမောင်က ပြောပြသည်။
၁၆၈ ကီလိုဝပ် တွဲဖက်တပ်ဆင်ထားသည့် ဆိုလာရေတင်လုပ်ငန်းသစ်တစ်ခု
မြင်ကွန်းကျေးရွာနှင့် ဆက်စပ်ကျေးရွာများရှိ စိုက်ပျိုးမြေဧက ၅၀၀ ကို မြင်ကွန်းဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ မြစ်ရေတင်လုပ်ငန်းများဖြင့် စိုက်ပျိုးရေ နှစ်စဉ်ပေးဝေရာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားယူနစ်နှင့် လျှပ်စစ်ဓာတ်အားခ ကုန်ကျ စရိတ်ကို လျှော့ချနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်မှရရှိသည့် ဆိုလာဓာတ်အားသုံးစနစ်ကို အသုံးပြု၍ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၁၆၈ ကီလိုဝပ် တွဲဖက်တပ်ဆင်ထားသည့် ဆိုလာရေတင်လုပ်ငန်းသစ်တစ်ခုအဖြစ် တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ တိုင်းဒေသကြီးက စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်တဲ့ တောင်သူတွေများတယ်။ တောင်သူတွေက ဆီထွက်သီးနှံကို အဓိကထားစိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးလို့တောင် တင်စားကြတယ်။ နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း စိုက်ပျိုးရေးမှာ ထိပ်တန်းတိုင်းဒေသကြီးဖြစ်အောင်၊ စိုက်ပျိုးရေးနဲ့ ဒေသတောင်သူ လူမှုစီးပွားတိုးတက်အောင် စီမံဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားတာရှိပါတယ်။ ဒါကြောင့် တောင်သူတွေ စိုက်ပျိုးရေးကို ဆပွားလုပ်နိုင်ဖို့ စိုက်ပျိုးရေရရှိရေးနည်းလမ်းအမျိုးမျိုးကို ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ အကောင်အထည်ဖော်ရပါတယ်။ ရေတင်စနစ်ကတော့ တည်ရှိနေတဲ့ ရေအရင်းအမြစ်ကို အသုံးချတဲ့နည်းလမ်းတစ်ခုပါ။ အသုံးချရာမှာလည်း လျှပ်စစ်ဓာတ်အားခလျော့ကျအောင် ဆိုလာစနစ်တွေနဲ့ ပြောင်းလဲအသုံးပြုပါတယ်။ ရေတင်လုပ်ငန်း ၃၂ ခုကနေ နွေ/မိုး သီးနှံဧကပေါင်း ၅၃၇၅၇ ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပြောကြားသည်။
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေရရှိရေးအတွက် လက်ရှိတွင် ရေတင်လုပ်ငန်း ၃၂ ခုကို ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ဆောင်ရွက်ပြီးစီးသည့် ရေတင်လုပ်ငန်းများတွင် မြင်ကွန်းဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကဲ့သို့ ဆိုလာစနစ်ဖြင့် ဆောင်ရွက်သည့် ရေတင်လုပ်ငန်း ၁၂ ခု ပါဝင်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“ကျွန်တော်တို့ဒေသမှာ အခုမြင်ကွန်းမြစ်ရေတင်ကြောင့် စိုက်ပျိုးရေရရှိလာတော့ တောင်သူတွေက အမြင်ကျယ်လာတယ်။ ယာထက် လယ်လုပ်ပြီး တစ်နှစ်ပတ်လုံး တစ်သီးပြီးတစ်သီး စိုက်ပျိုးချင်ကြတယ်။ လယ်လုပ်တဲ့သူကလည်း စပါး၊ နှမ်း၊ မြေပဲ ပန်းတိုင်အထွက်နှုန်းအတိုင်း ရရှိကြတယ်။ ဒါကြောင့် မြင်ကွန်းမြစ်ရေတင်ကနေ ရေပေးနိုင်တဲ့ ဧရိယာမှာရှိနေတဲ့ တောင်သူတိုင်းက ယာကနေ လယ်အဖြစ်ပြောင်းပြီး စိုက်ပျိုးရေးအတွက် အားထည့်လာကြတယ်။ မျိုး၊ မြေ၊ ရေ၊ နည်း ဟန်ချက်ညီအောင် အစိုးရအနေနဲ့ ကြိုးပမ်းဖြည့်ဆည်းပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့ တောင်သူတွေကို ရွှေခေတ်ရောက်အောင် ကူညီပေးစေချင်ပါတယ်”ဟု မြင်ကွန်း ကျေးရွာမှ တောင်သူ ဦးကိုကိုမောင်က ဆိုသည်။
စိုက်ပျိုးဧက ၁၇၅ ဧကတွင် ဆီထွက်သီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုး
လက်ရှိတွင် မြင်ကွန်းဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေပေးဝေသည့် ဧရိယာ ဧက ၅၀၀ တွင် စပါးစိုက်ဧက ၃၂၅ ဧကရှိပြီး ကျန်စိုက်ပျိုးဧက ၁၇၅ ဧကတွင် ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။
“မြင်ကွန်းရေတင်ကနေ စိုက်ပျိုးရေပေးဝေနေတဲ့ ဧက ၅၀၀ ဟာ မူလမြေမျိုးကြီးအရ မြေနီ သဲဝန်း ယာမြေအမျိုးအစားတွေသာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီယာမြေ ဧက ၅၀၀ ကနေ လယ်မြေအဖြစ် ပြောင်းလဲပြီး စပါးစိုက်ပျိုးလာတာဟာ ၃၂၅ ဧကအထိရှိလာပြီး ၁၂၅ ဧကသာ ယာမြေအဖြစ် ကျန်ရှိပြီး ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းတွေကို စိုက်ပျိုးကြပါတယ်။ ဧက ၅၀၀ အားလုံး ယာမြေကနေ လယ်မြေအဖြစ် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပြောင်းလဲဖို့က ခက်ပါတယ်။ အချိန်ယူပြီးလုပ်ရမှာပါ။ တောင်သူတွေအတွက် လယ်လုပ်မခက်၊ လယ်တည်ခက်ဆိုသလို ယာမြေကနေ လယ်မြေဖြစ်အောင်ကို ညီညာအောင် ပြုပြင်ရတာ ကုန်ကျစရိတ်များပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်ဦးက ရှင်းပြသည်။
မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို မြင်ကွန်းဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းအဖြစ် ကူးပြောင်းရာတွင် ဆိုလာစနစ်များ တပ်ဆင်ရန် မြေနေရာအခက်အခဲရှိသည့်အတွက် ရေပေးမြောင်းပေါ်တွင် Canal Top System အဖြစ် တပ်ဆင်ခဲ့ရသည်။ ထိုသို့တပ်ဆင်ခြင်းအားဖြင့် ဆိုလာစနစ်အတွက် အပူချိန်လျှော့ချနိုင်ခြင်း၊ စိုက်ပျိုးမြေဆုံးရှုံးမှုမဖြစ်ပေါ်စေခြင်းစသည့်အကျိုးရလဒ်ရှိသည့် နည်းပညာပိုင်းဆိုင်ရာ ဖော်ဆောင်နိုင်ခဲ့သည့် ထူးခြားသော ဆိုလာတပ်ဆင်ရေတင်တစ်ခုဖြစ် ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
“သဲဆန်တဲ့ ယာမြေဧက ၅၀၀ ကို လယ်မြေဖြစ်အောင် ဧရာဝတီမြစ်ရေကို အမြင့်ပေ ၈၂ ပေ အထိ ရေတင်စက်တွေနဲ့ တွန်းတင်ပြီး ရေပေးမြောင်းတွေနဲ့ စနစ်တကျ ဖြန့်ဝေပေးရပါတယ်။ တင်ပေးလိုက်တဲ့ရေတွေထဲမှာ မြေဆီဩဇာကောင်းမွန်တဲ့ နုန်းအနယ်အနှစ်တွေ ပါဝင်လာပါတယ်။ ပါဝင်လာတဲ့ နုန်းအနယ်အနှစ်တွေနဲ့ ယာမြေတွေဟာ အရင်က တစ်နှစ် နှစ်သီးသာ စိုက်ပျိုးနိုင်ပေမယ့် အခုတစ်နှစ် သုံးသီးစိုက်ပျိုးလာနိုင်တဲ့ လယ်မြေတွေဖြစ်လာပါပြီ။ အခုနှစ်မှာဆိုလာစနစ် တွဲဖက်တပ်ဆင်ပြီးလို့ မိုးစပါးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲ၊ နေကြာ စိုက်ပျိုးနေကြတဲ့အချိန်မှာ ရေလိုအပ်မှုနည်းပါတယ်။ ဒီအချိန်မှာ ဆိုလာကထွက်နေတဲ့ဓာတ်အားကို အလဟဿမဖြစ်အောင် ရေသောက်ဧရိယာထဲမှာရှိတဲ့ မြေသားရေလှောင်ကန် လေးကန်ကို ရေအမြဲမပြတ် အပြည့်ဖြည့်ထားနိုင်လာမှာပါ။ ဒီလိုရေဖြည့်ရေလှောင်ထားခြင်းအားဖြင့် စိုက်ပျိုးရေ၊ ကျွဲ/ နွားတိရစ္ဆာန် သောက်ရေ၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနဲ့ မြေအောက်ရေပြန်လည် ဖြည့်တင်းခြင်းကို အများကြီးအထောက်အကူဖြစ်စေပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက ရှင်းပြသည်။
မြင်ကွန်းဆိုလာလျှပ်စစ်ရေတင်လုပ်ငန်းသည် ဧရာဝတီမြစ်မှရေကို ၅၅ ကီလိုဝပ်မော်တာဖြင့် တွဲဖက်မောင်းနှင်သည့် ၅ ကျုဆက်ရေတင်ပန့် ခြောက်စုံတပ်ဆင်မောင်းနှင်ပြီး ပင်မရေပေးမြောင်း အလျား ၁ ဒသမ ၆၃ မိုင်၊ လက်တန်မြောင်း သုံးခု အလျားမိုင် စုစုပေါင်း ၃ ဒသမ ၄၁ မိုင်ဖြင့် ရေဖြန့်ဖြူးပေးဝေနေသည့် ရေတင်စီမံကိန်းတစ်ခု ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ရေသွင်းစိုက်ဧက များ တိုးတက်ရရှိစေရေးအတွက် ၂၀၂၁ ခုနှစ်မှ ယခုနှစ်ကာလအထိ ဧရာဝတီဆိုလာမြစ်ရေတင် စီမံကိန်းအသစ် နှစ်ခု အကျိုးပြုဧက ၅၃၀၊ ဆိုလာ ချောင်း ရေတင်စီမံကိန်းအသစ် နှစ်ခု အကျိုးပြု ဧက ၉၆၄ ဧက စုစုပေါင်း ဆိုလာရေတင်စီမံကိန်းအသစ် လေးခု စုစုပေါင်း အကျိုးပြုဧက ၁၄၉၄ ဧက ကို ဆောင်ရွက်နိုင်ခဲ့ပြီး နွေ၊ မိုး၊ ဆောင်း တစ်နှစ် သုံးသီး စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ဧက ၇၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်မည့် ဧရာဝတီဆိုလာမြစ်ရေတင်စီမံကိန်းသစ်တစ်ခု
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း အကျိုးပြုဧက ၇၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်မည့် ဧရာဝတီဆိုလာမြစ်ရေတင်စီမံကိန်းသစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဧရာဝတီမြစ်တွင် လုပ်ငန်း ၂၅ ခုမှ အကျိုးပြုဧက ၅၀၆၀၀၊ ချင်းတွင်းမြစ်တွင် လုပ်ငန်း သုံးခုမှ အကျိုးပြုဧက ၁၃၃၀၀၊ မန်းချောင်းတွင် ရေတင်တစ်ခုမှ အကျိုးပြုဧက ၂၅၀၊ ယင်းချောင်း တွင် လုပ်ငန်းနှစ်ခုမှ အကျိုးပြုဧက ၄၀၀၊ ရန်ပယ်ချောင်းတွင် ရေတင်နှစ်ခုမှ အကျိုးပြုဧက ၆၅၀၊ ကြီးနီးချောင်းတွင် လုပ်ငန်းတစ်ခုမှ အကျိုးပြုဧက ၃၀၀၊ ဗွက်ကြီးချောင်းတွင် လုပ်ငန်းတစ်ခုမှ အကျိုးပြုဧက ၂၅၀၊ မြောင်းမုန်းမြောင်းတွင် ရေတင် နှစ်ခုမှ အကျိုးပြုဧက ၅၇၀ ရှိသည့် ရေရရှိရေး လုပ်ငန်းသစ်များကိုလည်း အသေးစိတ်ထပ်မံစူးစမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ထို့အတူ ရေသောက်ဧရိယာအတွင်းရှိ ကုန်းမြင့်စိုက်ပျိုးဧရိယာများအတွက် ရေပေးမြောင်းအတွင်းမှ ရေကို Mobile Solar များဖြင့် ရေစုပ်တင်ပြီး စိုက်ပျိုးရေပေးဝေနိုင်ရန်၊ ပတ်လည်ရေဖျန်းစနစ်၊ ရေမှုန်ရေဖျန်းစနစ်များဖြင့် ရေသုံးစွဲနိုင်ရန်စသည့် ရေအသုံးချမှုနည်းလမ်းများကို တိုင်းဒေသကြီး၏ စိုက်ပျိုးဧရိယာများနှင့် ကိုက်ညီမှု ရှိ၊ မရှိ လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း တိုင်းဒေသ ကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
“ဒီလို ရေတင်တွေ တောင်သူတွေအတွက် အများကြီးလိုအပ်ပါတယ်။ ရေတင်မှ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဒေသလို မိုးနည်းဒေသအတွက် စိုက်ပျိုးရေရရှိဖို့ နည်းလမ်းအားလုံးကို နိုင်ငံတော်အစိုးရအနေနဲ့ ဖော်ဆောင်ပေးပါလို့ ပြောချင်ပါတယ်။ ဒါမှလည်း တောင်သူဝမ်းရေးလှမှာပါ”ဟု မြင်ကွန်းကျေးရွာမှ တောင်သူ ဦးတင်အောင်မိုးက ပြောသည်။
ရေတင်စီမံကိန်းများကြောင့် တောင်သူများအနေဖြင့် တစ်နှစ်သုံးသီး စိုက်ပျိုးလာနိုင်ခြင်းသည် နိုင်ငံတော်က ဖော်ဆောင်နေသည့် သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့ စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှုမြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးစသည့် ရည်မှန်းချက်များကို နည်းလမ်းတစ်ခုဖြင့် ပါဝင်ဖော်ဆောင်နေခြင်းဖြစ်သည်။
တောင်သူများအတွက် သမားရိုးကျစိုက်ပျိုးခြင်းနည်းလမ်းများနှင့် စိုက်ပျိုးရေအသုံးချမှုနည်းလမ်းများကို အသုံးပြုနေ၍မရဘဲ ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ ရေပေးဝေရေးစနစ်များဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဖော်ဆောင်လျက်ရှိရာ မြင်ကွန်းဆိုလာလျှပ်စစ် မြစ်ရေတင်လုပ်ငန်းသည် တောင်သူများကို အကျိုးပြုနေသည့် ရေတင်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။