Skip to main content

ကိုဗစ်-၁၉ ကာလ စင်ကာပူရွေးကောက်ပွဲ

ကိုဗစ်-၁၉  ကာလ  ၂၀၂၀  ပြည့်နှစ်မှာ  ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ ရွေးကောက်ပွဲကာလနဲ့ တိုက်ဆိုင် နေပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲက နိုဝင်ဘာလ ၃ ရက်နေ့ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီမှ ဂျိုးဗစ်ဒင် (Joe Biden) နှင့်   ရီပတ်ဘလီကင်ပါတီမှ  လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့ အကြိတ်အနယ် တစ်ယောက် အားနည်းချက်ကို တစ်ယောက်ဖော်ထုတ်ထောက်ပြကာ မဲဆွယ်နေကြပြီဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ခုနစ်သန်းနီးပါး၊ သေဆုံးသူပေါင်း   နှစ်သိန်းကျော်ရှိနေတဲ့  အမေရိကန်နိုင်ငံဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးဦးစားပေး မူဝါဒကြောင့် ရောဂါကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတွေ အားနည်းခဲ့တယ်။ ကိုဗစ်-၁၉ ရဲ့ ရက်ရက်စက်စက် ထိုးနှက်မှုကို မရှုမလှခံနေရပါတယ်။ ဒါပေမဲ့လည်း အမတ်လောင်းတွေက သက်ဆိုင်ရာဒေသတွေမှာ လူစုလူဝေးနဲ့ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွနဲ့ မဲဆွယ်နေကြပြီ ဖြစ်ပါတယ်။

အလားတူပဲ အင်ဒိုနီးရှားနိုင်ငံက ဒီဇင်ဘာလ ၉ ရက် နေ့ကို လျာထားတယ်။ ဟောင်ကောင်က စက်တင်ဘာလ ၆   ရက်နေ့ကို    သတ်မှတ်ခဲ့ပေမယ့်   နောက်ဆုံးမှာ ရွေးကောက်ပွဲကို တစ်နှစ်တိတိ နောက်ဆုတ်လိုက်တယ်။  ကျွန်တော့်အနေနဲ့  မကြာသေးခင်က ကျင်းပသွားခဲ့တဲ့   စင်ကာပူနိုင်ငံ   ရွေးကောက်ပွဲအကြောင်းလေးကို တင်ပြချင်ပါတယ်။

စင်ကာပူနိုင်ငံက   မြန်မာနိုင်ငံထက်  အများကြီးနောက်ကျမှ  လွတ်လပ်ရေးရခဲ့တာပါ။  အင်္ဂလိပ်ကိုလိုနီ လက်အောက်လည်း ကျရောက်ခဲ့တယ်။ ဂျပန်ဖက်ဆစ် ဒဏ်ကိုလည်း ခံခဲ့ရတယ်။ ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက် နေ့မှာ လွတ်လပ်ရေးရတော့လည်း ရေချိုတောင် အလုံ အလောက်မရှိ၊ ပညာတတ်မရှိ၊ ရွှံ့ဗွက်နဲ့ ချုံပုတ်ပဲရှိတဲ့ ကျွန်းနဲ့စခဲ့ရတာပါ။  ခေါင်းဆောင်ကောင်းရသွားတော့ ယခုနှစ်စင်ကာပူရဲ့ ရွေးကောက်ပွဲက (၁၈)  ကြိမ်မြောက် ရွေးကောက်ပွဲဖြစ်သွားပါပြီ။ လွတ်လပ်ရေးရပြီးတဲ့နောက် (၁၃) ကြိမ်မြောက် ရွေးကောက်ပွဲလည်း ဖြစ်သွားပါပြီ။

ဗြဟ္မစိုရ်တရားထွန်းကားတဲ့နိုင်ငံ ထူထောင်

အစဉ်အဆက် ပါတီတည်ထောင်သူ မစ္စတာလီကွမ်ယု ကို ပြည်သူအများစု ယုံကြည်နှစ်သက်ကြတဲ့အလျောက် PAP (People’s Action Party) ကိုပဲ မဲပေးခဲ့ကြတယ်။ ဒီပါတီပဲ   နိုင်ငံကိုအုပ်ချုပ်ခဲ့တာ   အခြေခိုင်နေပါပြီ။ အရာရာလုပ်ငန်းဌာန အသီးသီးကို ပညာရေးကြည့်မလား၊ စီးပွားရေးကြည့်မလား၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပဲ ကြည့်မလား ကမ္ဘာက စံတင်ရအောင် လုပ်ပြထားတာပါ။ မျက်မမြင်သူ၊  ကိုယ်လက်အင်္ဂါ  မသန်စွမ်းသူများကို  ဘတ်စ်ကားစီးနိုင်အောင် စီစဉ်ပေးထားတယ်။ ကိုယ်အင်အား၊ စိတ်အင်အားငယ် တဲ့သူတွေကို  ပိုမိုစာနာရပ်တည် ပေးထားတဲ့ တကယ့်ဗြဟ္မစိုရ်တရားထွန်းကားတဲ့ နိုင်ငံကို ထူထောင်ထား နိုင်ခဲ့ပါတယ်။

အတိုက်အခံပါတီတွေ ရှိပေမယ့်လည်း အင်အားကြီးတဲ့ PAP ပါတီက ဖိနှိပ်အနိုင်ယူတယ်လို့ နာမည်ကြီးပါတယ်။ စင်ကာပူပြည်သူပြည်သားတချို့က အဲဒါကို ပြောလေ့ရှိကြတယ်။ PAP ပါတီဥက္ကဋ္ဌ မစ္စတာလီကွမ်ယု က အာဏာရှင်ဆန်ဆန်လူတွေရဲ့ ကြမ်းတမ်းတဲ့စိတ်တွေကို ထောင်ဒဏ်၊ ကြိမ်ဒဏ်၊ ဒဏ်ငွေတွေနဲ့ အစစအရာရာ ထိန်းချုပ်ခဲ့တဲ့အတွက် ကမ္ဘာ့အလုံခြုံဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၈ ရထားတာပေါ့။  ဒီလိုကောင်းအောင် လုပ်ပြထားတာတွေကြောင့် မကျေနပ်ချက်တချို့ ရှိသော်ငြားလည်း ဘယ်အတိုက်အခံ ပါတီကမှ မကျော်လွှားနိုင်ဘဲ PAP မှ PAP ဖြစ်နေခဲ့ပါတယ်။

ပါတီတစ်ခုတည်ထောင်ပြီး     ရွေးကောက်ပွဲဝင်ရ

တယ်ဆိုတာ  လွယ်တာမှမဟုတ်တာ။ ပြည်သူတွေကြိုက် လောက်တဲ့ အရည်အချင်းကောင်းတွေရှိနေမှ ရွေးကောက်ပွဲအတွက်   ရွေးကောက်ပွဲကော်မရှင်   (ELD – Elections Department Singapore) ကို  စရန်ငွေ စင်ကာပူဒေါ်လာ  ၁၃၅၀၀  တင်ရပါတယ်။    မဲဆွယ်တာ၊  ပိုစတာစိုက်ထူတာ  စသည်ဖြင့်  ရွေးကောက်ပွဲအတွက် ဘာပဲဖြစ်ဖြစ် ဒေါ်လာ တစ်သိန်းလောက်တော့ ကုန်ကျနိုင်ပါတယ်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် စင်ကာပူနိုင်ငံ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခဲ့တဲ့   ပါတီပေါင်း  ၁၉  ခု  ခန့်ရှိခဲ့ပြီး  တကယ် ဝင်ရောက် ယှဉ်ပြိုင်တဲ့ပါတီက  ၁၁ ခု ရှိခဲ့ပါတယ်။

ပြည်သူပြည်သားတွေက  PAP(People’s Action Party)၊   WP( Workers’ Party)  နဲ့  PSP (Progress Singapore Party)  တို့လောက်သာ လူသိပါတယ်။  WP ပါတီကတော့ ဖွဲ့စည်းခဲ့တာ ၆၂ နှစ်ကြာခဲ့ပြီဖြစ်လို့ လူသိများတဲ့အပြင် (၁၉၉၁-၁၉၉၇) မှာ ဟောင်ဂန်းမြို့နယ်မှာ အနိုင်ရခဲ့တယ်။  လူငယ်အများစုနေထိုင်တဲ့ ဟောင်ဂန်း၊ စိန်ဂန်း၊ ပွန်ဂိုစတဲ့မြို့နယ်တွေကတော့ ပါတီအသစ်တွေကို စွန့်စားပြီး  မဲပေးလိုကြပါတယ်။   တစ်ပါတီတည်းကနေ ထင်တိုင်းမကျဲနိုင်အောင် အတိုက်အခံ အားပြိုင်ပါတီရှိနေဖို့ လိုတယ်ဆိုတဲ့    စိတ်ကူး စိတ်သန်းတွေ  ရှိကြပါတယ်။  အတိုက်အခံပါတီတွေကလည်း    ဒီမိုကရေစီလိုလားတဲ့ တိုင်းပြည်နဲ့ လူမျိုး ကောင်းစားရေး လုပ်ဆောင်မယ့်ပါတီတွေ ဖြစ်တာတွေ့မြင်ရပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရွေးကောက်ပွဲ ၂၀၁၅ ကို အဲဒီနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တာမို့  ဒီနှစ် ၂၀၂၀ ရွေးကောက်ပွဲက စက်တင်ဘာလထဲမှာမှ ကျင်းပဖို့ဖြစ်သော်လည်း ဝန်ကြီးချုပ် လီရှန်လုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အရ မတ်လထဲမှာ ပါလီမန်ဖျက်သိမ်းဖို့ သမ္မတကို အကြံပြုခဲ့ပါတယ်။ ရွေးကောက်ပွဲ ရက်ကိုလည်း ဇူလိုင်လ ၁၀ ရက်နေ့ကို သတ်မှတ်လိုက်တဲ့အတွက် အတိုက်အခံပါတီတွေ မဲဆွယ်ချိန်မ ရအောင်လုပ်တာလို့ အစိုးရကို သိပ်မကြိုက် တဲ့ပြည်သူတွေက ပြောကြပါသေးတယ်။

မဲဆွယ်ဖို့ခက်ခဲ

ကိုဗစ်-၁၉ ကာလလည်းဖြစ်လို့ အတိုက်အခံပါတီတွေ အနေနဲ့တော့    လူသိအောင်တောင်   လူလုံးပြချိန် မရလိုက်ပါဘူး။  စင်ကာပူနိုင်ငံရဲ့ဥပဒေကလည်း စီတန်းလှည့်လည်တာ၊ လူငါးယောက်ထက် ပိုပြီးစုဝေးတာ ကန့်သတ်ထားတဲ့ တိုင်းပြည်ဖြစ်တော့  လူသစ်တန်း အတိုက်အခံပါတီတွေအဖို့ မဲဆွယ်ချိန်လည်း မလုံလောက်ခဲ့ပါ။  နှာခေါင်းစည်းများ ဝတ်ဆင်ထားရပြီး  လက်ဆွဲနှုတ်ဆက်ခွင့်နဲ့  အနီးကပ် ပြောဆိုခွင့် မရတဲ့အတွက် မဲဆွယ်ဖို့ အတော်ပင် အခက်အခဲ ရှိတာတွေ့ရပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အချိန်အကန့်အသတ်နဲ့ မဲဆွယ်ကြရပါတယ်။  မြန်မာနိုင်ငံလို ဆိုက်ကားတွေ လည်း မရှိတော့ အလံတွေနဲ့ အနှေးယာဉ်လုပ်သားတွေရဲ့ အင်အားလည်း မသုံးနိုင်။  ကားတွေရဲ့ကိုယ်ခန္ဓာမှာ  စတစ်ကာနဲ့ လှုံဆော်ခွင့်မပြုတဲ့အတွက် ပေတစ်ရာ ဟိုက်ဝေးလမ်းတွေ ပေါ်မှာလည်း  မမြင်ရ။    စင်ကာပူ နိုင်ငံရဲ့  မဲဆွယ်ရေး စစ်တလင်းက ရပ်ကွက်တိုင်းလိုလိုမှာရှိတဲ့ ဟော့ကာစင်တာ စားသောက်ဆိုင်တန်းပဲ  ဖြစ်ပါတယ်။  အဲဒီမှာ ဝန်ကြီးလောင်း၊ အမတ်လောင်း၊ သမ္မတလောင်းတွေက ခြေကျင်ခရီးနှင်ပြီး စာရွက်ဝေ စည်းရုံးရေးဆင်းကြရပါတယ်။

မိမိရပ်ကွက်အတွက်၊ မြို့နယ်အတွက် အမတ်လောင်းတွေ ပီပြင်လာတဲ့အခါ  ရပ်ကွက် ဆက်သွယ်ရေးစင်တာ (Community Centre) က ဦးဆောင်ပြီး မဲပေးခွင့်ကတ်တွေကို စာတိုက်ကတစ်ဆင့် ပို့ပါတယ်။

စင်ကာပူ        အမျိုးသားမှတ်ပုံတင်ကတ်ပြားက ဘားကုတ်ပါဝင်ပြီး စကင်ဖတ်လိုက်တာနဲ့ သတင်းအချက် အလက် အကုန်ရတယ်။ ကတ်ပြားပေါ်မှာလည်း လိပ်စာပါတယ်။ နေတဲ့နေရာ အိမ်လိပ်စာပြောင်းတာနဲ့ နီးစပ်ရာရဲစခန်းကို အကြောင်းကြားရတယ်။ ရဲစခန်းက ချက်ချင်း စတစ်ကာထုတ်ပြီး မှတ်ပုံတင် ကတ်ပြားပေါ်မှာ ကပ်ပေးပါတယ်။  လိပ်စာအဟောင်းကို အသစ်ဖုံးပေးလိုက်တာနဲ့ တစ်ပြိုင်နက် လူဝင်မှု ကြီးကြပ်ရေး၊ အမြတ်ခွန်ဌာန၊ အိုနာစာ ရန်ပုံငွေရုံး  (CPF)၊  အလုပ်လုပ်ကိုင်နေတဲ့  လုပ်ငန်းဌာနစတဲ့  အရေးကြီးဆက်နွှယ်ရာ  သက်ဆိုင်ရာဌာနကြီး ၂၀ ခန့်ကို   လိပ်စာပြောင်းကြောင်း  အကြောင်းကြားပြီး ဖြစ်ပါတယ်။  ဒါကြောင့်  စင်ကာပူနိုင်ငံသားမှတ်ပုံတင်နဲ့  အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့၊ ကားစင်းလုံးငှားပြီးမောင်းဖို့ ၊ ငွေချေးဖို့ ခိုင်မာနေပြီဖြစ်ပါတယ်။

ခိုင်မာနေတဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ လိပ်စာများကြောင့် မဲပေးခွင့်ကတ်ပြားကို စာတိုက်ကနေ နှစ်ပတ်၊ သုံးပတ် ကြိုတင်ပို့ထားပါတယ်။ အဲဒီကတ် (Poll Card) မှာ မဲဆန္ဒရှင်ရဲ့ နာမည်၊ လိပ်စာ၊ မဲပေးခွင့်ရနံပါတ်၊ မဲရုံလိပ်စာ၊ ကောင်တာနံပါတ် အပြည့်အစုံပါတဲ့အပြင် မဲပေးရမယ့်အချိန် (နှစ်နာရီအကန့်) ပေးထားပါတယ်။  သက်ကြီး ရွယ်အိုများ၊ မသန်မစွမ်းသူများအတွက် မနက်ပိုင်း (၈ နာရီက  ၁၀ နာရီ) စသည်ဖြင့်ပါ။ သန်သန်စွမ်းစွမ်းလူငယ်များအတွက်  နေ့လယ်၊ ညနေခင်း စသည်ဖြင့်  ခွဲလိုက်တဲ့အတွက် လူတွေတထောကြီး ပြွတ်ညပ်စုထပ်သွားခြင်းကို ကာကွယ်ဖို့ ကြံစည်ပါတယ်။  သို့သော်လည်း နံနက် (၈နာရီက ၁၀ နာရီအတွင်း) လာဖို့အကြံပြုထားတဲ့ မိခင်က မမာမကျန်းမို့ နေ့ခင်းမှလာဖို့ အကြံပြုထားခံရတဲ့သားဖြစ်သူပါ အတူပါလာရင် လည်း မဲပေးခွင့်ပြုလိုက်တာပါပဲ။

၂၀၂၀ မဲဆန္ဒပေးပွဲမှာ ၃၀ ရာခိုင်နှုန်းက မကျေမနပ်ဖြစ်ကြောင်း ဆာဗေးစစ်တမ်း ကောက်ယူချက်အရ သိရပါတယ်။ လူတွေတန်းစီစောင့်ရတာ ကြာလွန်းလို့ပါ။ ဒါ့အပြင် လမ်းဘေးပလက်ဖောင်း နေပူပူမှာ နာရီဝက် /  ၄၅ မိနစ် တန်းစီရတာကို စိတ်ဆိုးကြပါတယ်။ စင်ကာပူဆိုတာ နေပူတယ်၊  အချိန်မရွေးမိုးရွာတယ်။ အဲဒီနေ့က မိုးမရွာလို့ တော်သေးတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းကတော့ ဒီ  Community Centre အမိုးအောက်မှာ ဝင်္ကပါလို သံတန်းတွေ ဖွဲ့ထားတဲ့ အထဲ သက်သောင့်သက်သာ တန်းစီကြရတယ်။ ရေလေး၊ အအေးလေးသောက်၊ မဲပြားယူ၊ ကြက်ခြေခတ်တံဆိပ်တုံး လေးနှိပ်။ စိတ်ကျေနပ်စရာ ဖြစ်ခဲ့တယ်။

အခုတော့ အရိပ်တစ်လှည့်၊  နေပူတစ်လှည့် နှာခေါင်းစည်းက တပ်ထားရသေးတော့ သက်သောင့်သက်သာမရှိ။ ကြာလိုက်တာ။ ကြာမှာပေါ့။ မဲရုံထဲအဝင် ကိုယ်အပူချိန်တိုင်းရသေး တယ်။   လက်ကို  (Hand Sanitizer)  ဖျန်းရသေးတယ်။ လက်အိတ်တစ်စုံပေးပြီး ဝတ်ခိုင်းသေးတယ်။ အဆင့်တွေများနေတော့ ပိတ်ကျပ်နေတဲ့အပြင် အဆောက်အအုံအတွင်း ရှိ လူဦးရေကိုလည်း ကန့်သတ်ထားတဲ့အတွက် ရှေ့လူက ပြန်မထွက်သေးရင်  နောက်လူမသွင်းသေးဘဲ  တောင့်ခံထားတဲ့အတွက် ဖြစ်ပါတယ်။

ကိုယ်နဲ့ပါလာတဲ့  Poll Card လေးကို ကိုယ်သွားရမယ့် ဆက်ရှင်မှာပြလိုက်တော့ မဲပြားထုတ်ပေးပါတယ်။  မဲပြားကိုယူပြီး အချင်းချင်းကြည့်လို့မရအောင် အကန့်လေးကန့် ကာရံထားတဲ့ စားပွဲပေါ်ကအကန့်လေးထဲမှာ ကြက်ခြေခတ် စည်းသွားနှိပ်လိုက်ကြရပါတယ်။ လက်သန်းမင်မစွန်းပါ။ နှစ်ခါပြန်လည်း  ထည့်မရပါ။  ဟိုတုန်းကလို လိုက်ကာ ကာထားတဲ့အခန်းလည်း မသုံးတော့ပါ။ သန့်ရှင်းရေးလုပ်ရတာ လွယ်ကူတဲ့ ခြေတံရှည်စားပွဲပေါ်မှာ လုံခြုံတဲ့အကန့်လေးဖြစ်အောင် ဖန်တီးထားတာပါ။

မဲပြားပေါ်မှာ ကိုယ်မဲပေးချင်တဲ့ပါတီကို ကြက်ခြေခတ် တံဆိပ်တုံးလေး နှိပ်ပြီးတဲ့နောက် မဲပုံးဆီသွားပြီး ထည့်လိုက်တာနဲ့ နိုင်ငံသားတာဝန်ကျေပွန်ပါပြီ။

စင်ကာပူ အထွေထွေရွေးကောက်ပွဲကို မဲလာမပေးရင် အရေးယူမတဲ့။  လက်တင်အမေရိကနိုင်ငံ ၁၀ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ  ၂၁ နိုင်ငံမှာ မဲပေးခြင်းဟာ မလုပ်မနေရ တာဝန်တစ်ရပ်ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့    မဲပေးဖို့ကန့်သတ်ချက်ကတော့ ၂၀၂၀ ပြည့်နှစ် မတ်လ ၁  ရက်နေ့မှာ ၂၁ နှစ်ပြည့်သူတိုင်း မဲဆန္ဒပေးဖို့ တာဝန်ရှိပါတယ်။ မဲရုံပေါင်း ၁၀၉၇ ရုံ စီစဉ် ထားပြီး မဲလာပေးသူ ၂၅၆၅၀၀၀ ရှိတဲ့အတွက် မဲပေးခွင့်ရှိသူရဲ့ ၉၆ ရာခိုင်နှုန်း မဲပေးတယ်လို့ ဆိုပါတယ်။ မဲပေး ချိန်က နံနက် ၈ နာရီကနေ ည ၈ နာရီပါ။ ကိုယ်အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ် အထက်ရှိသူကို ပြန်လွှတ်ပါတယ်။ Home Stay အိမ်မှာနေဖို့ ကန့်သတ်ထားသူတွေနဲ့ ဖျားနေ သူတွေကို ည ၇ နာရီကနေ ၈ နာရီအတွင်း မဲပေးခွင့် ပြုလိုက်ပါတယ်။   အကြောင်းမဲ့ မဲလာမပေးသူများကို မဲပေးပိုင်ခွင့်စာရင်းမှ ပယ်ဖျက်ခံရပါတယ်။  နောင်မဲပေးခွင့် အခွင့်အရေး ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

လက်ရှိအာဏာရ   အစိုးရဟာ   ရွေးကောက်ပွဲ ကော်မရှင်အတွက်တာဝန်ရှိတော့ ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့ဖို့   အားထုတ်တာတွေတွေ့ရပါတယ်။   မဲပေးပွဲ ကနေ မကူးစက်နိုင်ဖို့၊  လူတွေ သက်သောင့်သက်သာ အချိန်မကုန်ဘဲ မဲပေးနိုင်ဖို့၊ စိတ်ချရသော လူအကွာအဝေး၊ နှာခေါင်းစည်းတပ်ဆင်မှု၊ လက်ကိုဆေးဖျန်းမှု၊ လက်အိတ်  ဝတ်ဆင်မှု၊ ကိုယ်အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်အထက် ပိုသူတွေကို အဝင်မခံဘဲ သီးသန့် စီစဉ်ပေးမှုစတဲ့ လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွားတာတွေ့ရပါတယ်။

မိုဘိုင်းဖုန်းနဲ့ မဲဆန္ဒပေးနိုင်ဖို့ ကြိုးပမ်း

အမှားများကို စစ်တမ်းကောက်ပြီး အနာဂတ်ဒစ်ဂျစ် တယ်နိုင်ငံတော်မှာ မဲရုံလာစရာမလိုဘဲ  မိုဘိုင်းဖုန်းနဲ့ မဲဆန္ဒပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိနေကြပါတယ်။

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ သတိကြီးစွာ နဲ့  ဆောင်ရွက်ရင်းဖြင့်  အောင်မြင်မှုရလိမ့်မည်ဟု  ယုံကြည်ပါကြောင်း။      ။

ကောင်းမြတ်နွယ်(စင်ကာပူ)