အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်
ကိုချင်း
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေးသည် ၁၉၂၃ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ် အင်ဂျင်နီယာပညာမဟာဌာနမှ စတင်ပေါက်ဖွားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးမှာ နှစ် ၁၀၀ တိုင်ခဲ့ပြီဖြစ်ပါသည်။
“အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ်တို့ကို လေ့လာသင်ကြားလေ့ကျင့်မှုအတွေ့အကြုံများမှ ရရှိလာသော အသိပညာနှင့် အတတ်ပညာများကို အခြေခံကာ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံများ၊ စက်၊ ယာဉ်ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ် မှုနည်းစဉ်များကို ဒီဇိုင်းတွက်ချက် တည်ဆောက်၊ ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့် ယှဉ်ပြီးအသုံးချရသောပညာရပ်ဖြစ်ပါသည်” ဟူ၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေက ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။
အင်ဂျင်နီယာပညာရေးအား အဓိပ္ပာယ်ဖွင့်ဆိုလာခဲ့သည့် ရာစုနှစ်တစ်ခု
အင်ဂျင်နီယာများ၏ ပညာရေးနှင့် ပြည်သူလူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့နှင့် ကျယ်ကျယ်ပြန့်ပြန့်ဆက်နွှယ်မှုများကြားတွင် မည်ကဲ့သို့သော နည်းလမ်းများနှင့် ဆက်စပ်ပတ်သက် နေသည်ကို သိရှိရန်လိုအပ်ပါသည်။
ဆက်နွှယ်နေသည့်အရာများတွင် လူမှုရေး၊ မြင့်မားသောဉာဏ်ရည်၊ စီးပွားရေးလုပ်ငန်းများအပြင် အခြားအရာများလည်း ရှိနေပါလိမ့်မည်။ မြောက်မြားစွာသော ချဉ်းကပ်မှုများကြောင့် ပညာရပ်ဆိုင်ရာ ချဉ်းကပ် လေ့လာမှုများသည် ဤပညာရပ်၏ တန်ဖိုးထားစရာ အရည်အသွေး များပင် ဖြစ်ပါသည်။
လူ့ဘောင်ဘဝတွင် လူမှုရေး၊ စီးပွားရေးဆိုသည်မှာလည်း အချင်းချင်း အပြန်ပြန်အလှန်လှန်ဆက်နွှယ်မှုများရှိနေပါသည်။ အင်ဂျင်နီယာပညာရေးနှင့် လူ့ဘောင်ဘဝတို့ ဆက်နွှယ်မှုများကြားတွင် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေမှုများသည်လည်း လားရာ၊ ရှုထောင့်တစ်ခုတည်းကချည်း မဟုတ်သည်ကို တွေ့နေရပြန်ပါသည်။
သဘာဝပတ်ဝန်းကျင်၏ ဖြစ်ပျက်ပြောင်းလဲမှုကလည်း အင်ဂျင်နီယာများ၏ ပညာရေး၊ ကျင့်ဝတ်စည်းမျဉ်း၊ စံချိန်စံညွှန်းများအပေါ် သက်ရောက်မှု ရှိနေတတ်ပါသည်။ အလားတူပင် အင်ဂျင်နီယာများ၏ ပညာရပ်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကလည်း ပတ်ဝန်းကျင်အပေါ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိနေပြန်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ နည်းပညာရပ်ဆိုင်ရာများနှင့် အင်ဂျင်နီယာပညာရပ်များအကြားမှာရှိသည့် အချို့သောဆက်နွှယ်ပတ်သက်မှုများသည် လူမှုဘဝပြဿနာအခက်အခဲများကို တည်ငြိမ်အေးချမ်းမှုပေးနိုင်ပြီး အခက်အခဲများကို လျော့နည်းစေနိုင်ပါသည်။
ထို့ကြောင့် အင်ဂျင်နီယာပညာရေးဆိုသည်မှာ ကျယ်ပြောလှသည့် လူမှုသိပ္ပံ - နည်းပညာ - စီးပွားရေးပညာတို့၏အကြား အချင်းချင်း အပြန်အလှန်ချိတ်ဆက် အကျိုးပြုနေမှုများအပေါ် စူးစမ်းမွှေနှောက် လေ့လာထားသည့် ယထာဘူတကျသော အတွေးအခေါ်တစ်ခု ဖြစ်လာစေပါသည်။
အင်ဂျင်နီယာပညာရေး၏ အခန်းကဏ္ဍအပေါ် ပြည်သူလူထုအကြား အချီအချအပြန်အလှန် ဆွေးနွေးခြင်းများမှာ ပညာရပ်ဆိုင်ရာ သဘောထားအပေါ် အခြေခံသော ယထာဘူတကျကျ တွေးခေါ်မှုသည် ဘယ်လောက်အတိုင်းအတာအထိ ခရီးရောက်နေသည်ကို သိစေရန် အင်ဂျင်နီယာ ပညာရေး၏ လိုအပ်ချက်များကို မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်မည်ဆိုသည့် သတ်မှတ်ချက်များကို ပြဋ္ဌာန်းဆောင်ရွက်လာကြပါသည်။
အစဖြစ်တည်မှု၏ သဘာဝကို အဓိပ္ပာယ်ရှိရှိ လေ့လာသောအခါ အင်ဂျင်နီယာပညာရပ်၏ အခန်းကဏ္ဍမှာ မပါမဖြစ်ရှိနေပြန်ပါသည်။ ၁၉၁၈ ခုနှစ် Mann အစီရင်ခံစာတွင် “အင်ဂျင်နီယာပညာရေး” ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုခဲ့ကြပြီး ၂၀၀၄ ခုနှစ်မှာ “သက္ကရာဇ် ၂ဝ၂ဝ ၏ အင်ဂျင်နီယာ” (“The Engineer of 2020”) အထိ ရွေးချယ်ထားသော မူဝါဒစာတမ်းများက အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြပါသည်။
အင်ဂျင်နီယာပညာရေး၏ ပိုမိုကျယ်ပြန့်သော အခန်းကဏ္ဍဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း မူဝါဒရေးဆွဲဖန်တီးသူများက ထုတ်ပြန်ခဲ့ပါသည်။ အင်ဂျင်နီယာပညာရေး၏ ဦးတည်ချက်များကို သတ်မှတ်ပြဋ္ဌာန်းသောအခါမှာ ကြီးမားသောကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သော ကြောင့် မူဝါဒရေးရာ ဆွေးနွေးချက်များတွင် အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းလဲသွားနိုင်သည်ဆိုသည်ကို သိရှိနားလည်ထားရန် လိုအပ်ပါသည်။
ယင်းတို့တွင် အသေးစိတ်အဓိပ္ပာယ်နှင့် အကြွင်းမဲ့မှန်ကန်သော ဥပဒေသများကို ထည့်သွင်းရေးဆွဲခဲ့ကြပါသည်။ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များကို မည်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ကြမည်၊ ဘာကြောင့်ဆောင်ရွက်ကြရသည် ဆိုသည်များကအစ ဖော်ပြရေးသားထားကြပါသည်။ ဆောင်ရန်၊ ရှောင်ရန် အချက်များလည်း ပါဝင်ပါသည်။
အင်ဂျင်နီယာပညာရေးသည် ဘယ်လို၊ ဘာကြောင့် ဤနည်းနှင့် သွားမည်၊ မသွားဘူးစသည် ထိုးထွင်းသိမြင်ဖို့ရန် တိုက်ရိုက်သော်လည်းကောင်း၊ သဘောတရားမျှသော်လည်းကောင်း အတိအလင်း ဖွင့်ဆိုထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်မျိုးလုံး ပါဝင်နေသည်ကို တွေ့ရပါသည်။ ဤအဓိပ္ပာယ်သတ်မှတ်ချက်များကြောင့် တင်းမာမှုများပေါ်ပေါက်စေခဲ့ပါသည်။ ဥပမာ အင်ဂျင်နီယာဘာသာရပ်ကို ဘယ်လိုသင်ကြားပေးကြမလဲဆိုသော အကြောင်းအရာမျိုးများ၊ ဒါဟာ နည်းပညာဆိုင်ရာ ဘာသာရပ်လား၊ လူမှုရေးဆိုင်ရာ ဘာသာရပ်လား၊ နှစ်ခုလုံးနှင့် သက်ဆိုင်နေသော (ဒွိစုံ-ဒွိစုံ) နှစ်ခု-နှစ်မျိုး တွဲယှဉ်သော ဘာသာရပ်လားစသည်ဖြင့် ဖြစ်ပေါ်လာပါသည်။ ဤသို့သော အကြောင်းအချက်များကြောင့် နှစ်ပေါင်း ၈၄ နှစ်ကျော် သက်တမ်းကြာလေ့လာခဲ့ရသည်အထိ ဤကိစ္စသည် အရေးပါလာခဲ့ပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကြောင့် ပေါင်းစည်းမှုမရှိခြင်းနှင့် အားပြိုင်မှုဖြစ်နေသည်ကို စာတမ်းအသီးသီးက မီးမောင်းထိုးပြခဲ့ပါသည်။
အခြေခံသဘောတရားနှင့် ကန့်သတ်မူဘောင် (တက္ကဗေဒအခြေခံစနစ်)
အဆိုပါစာတမ်းများတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ထား သည်မှာ အင်ဂျင်နီယာပညာရေးနှင့် လူမှုအသိုက်အမြုံ၏ အကြောင်း ခြင်းရာများ တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိနေသည်ကိုပဲ ဖြစ်ပါသည်။ အထူးစိတ်ဝင်စားစရာကောင်းစေသည်မှာ အင်ဂျင်နီယာပညာရေးနှင့် အချိန်နှင့်အမျှ ပြောင်းလဲနေသော ယင်းနှင့်ဆက်နွှယ်နေသည့် အခြင်းအရာများအကြားက ရှုပ်ထွေးသည့် ဆက်စပ်မှုများသည် ဘယ်လိုတွေဖြစ်မလဲ ဆိုသည်ပင်ဖြစ်ပါသည်။
ဤအကြောင်းအရာနှင့် ဘာသာရပ်၏ ကျယ်ပြန့်မှုသည် ခဲယဉ်းသော ကိစ္စတစ်ခုဖြစ်လာစေသည် ဆိုသော်ငြားလည်း အင်ဂျင်နီယာပညာရေး၏ ရည်မှန်းချက်သည် လူမှုရေး၊ စီးပွားရေး၊ ဉာဏ်ပညာ ဆိုင်ရာများနှင့် အခြားသောဆက်နွှယ်နေသည့် အခြင်းအရာများပေါ် မူတည်နေသဖြင့် လျော်ကန်သင့်မြတ်သော ကိစ္စရပ်လည်းဖြစ်ပါသည်။ ဤဆက်နွှယ်မှုများနှင့် လူတစ်ဦးချင်းစီ၏ လူမှုပတ်ဝန်းကျင် အတိတ်နောက်ခံများသည် ကျွန်ုပ်တို့ ဘာတွေလေ့လာသင်ကြားရမည် ဆိုသည် နှင့် ဘယ်လိုလေ့လာဆည်းပူးကြရမလဲဆိုသောအပိုင်းကို ဖြစ်ပေါ်လာစေပါသည်။
ဤတွင် “စနစ်” ဆိုသော စကားလုံးသည် အင်ဂျင်နီယာဘာသာရပ်ကို သီးသန့်ကွဲထွက်စေသော သဘောမဟုတ်ဘဲ အပိုင်းကဏ္ဍများ အများကြီးပါဝင်နေသော စုပေါင်းထားသည့် သဘောပဲဖြစ်ပါသည်။ အင်ဂျင်နီယာပညာရေးနှင့် ပိုမိုကျယ်ပြန့်သော စနစ်အကြားက ဆက်နွှယ်မှုများသည် တစ်ဖက်သတ်တည်း ဦးတည်နေကြသည်မဟုတ်ပါ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုများသည် အင်ဂျင်နီယာပညာရေးအပေါ် အကျိုးသက်ရောက်မှုများရှိသလို အင်ဂျင်နီယာ ပညာရေးသည်လည်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများရှိ ပါသည်။
သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများသည် အင်ဂျင်နီယာပညာရပ်ကို သက်ရောက်မှုတစ်စုံတစ်ရာ ဖြစ်စေပါသည်။ အထက်မှာဖော်ပြခဲ့သည့်အတိုင်း အင်ဂျင်နီယာပညာရေးကလည်း ပိုမိုကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ကို အကျိုးသက်ရောက်မှု ရှိနေစေပြန်ပါသည်။ ဤသုံးသပ်ဆင်ခြင်ရန်အချက်သည် ရေရှည်အကျိုးစီးပွားတစ်ခုဖြစ်ပြီး အကျိုးဆက်အဖြစ်လိုက်ပါသော ထုတ်ပြန်မှုတစ်ခုဖြစ်လာစေပါသည်။ အင်ဂျင်နီယာပညာရေးမှာ ကျွန်ုပ်တို့ပြုလုပ်လိုက်သော ရွေးချယ်မှုများသည် ပိုမိုကြီးမားကျယ်ပြန့်သောစနစ်ကြီးကို ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေမှာလဲဆိုသည့်အချက်သည် ရေရှည်အကျိုးစီးပွားတွင် ဒုတိယမြောက်ကဏ္ဍဖြစ်လာပြီး နောက်ဆက်တွဲ လေ့လာထုတ်ပြန်မှုများလည်းရှိလာမည် ဖြစ်ပါသည်။
အနာဂတ်အင်ဂျင်နီယာများ၏ ကြိုတင်ပြင်ဆင်မှုအခန်းကဏ္ဍအတွက် အင်ဂျင်နီယာများ၏ အလေ့အကျင့်များကို အစီအစဉ်တကျ ကြိုတင်ရေးဆွဲရန် လိုပါသည်။ အင်ဂျင်နီယာပညာရပ်နှင့် အခြားအထွေထွေရှုထောင့်အသီးသီးတို့၏ ဆက်စပ်မှုကို လေ့လာသောအခါ တည်ငြိမ်သော ရှုထောင့်ကို ရွေးချယ်ရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်များ၊ အဓိပ္ပာယ်များ၊ ဩဇာလွှမ်းမိုးမှုများ အင်ဂျင်နီယာဘာသာရပ်၏ တန်ဖိုးများသည် ပိုမိုကြီးမားသော အခြား စနစ်များ၏ အစိတ်အပိုင်းများ၊ ချိတ်ဆက်မှုများ ဖြစ်နေပြီဖြစ်ပါသည်။ မတိကျမှုများ ဖြစ်နေနိုင်သည်ကို တွေ့မြင်နေရပါသည်။ ဤတွင် သုံးသပ်ရမည်ဆိုပါက အချင်းချင်းမျှဝေမှု နည်းပါးသဖြင့် တစ်ယောက် နှင့်တစ်ယောက် ကွဲလွဲအချင်းများစရာများ ဖြစ်လာပါသည်။ အဓိပ္ပာယ်ရှိရှိ တွေးခေါ်ရန်၊ ဘဝဖြစ်တည်မှု လေ့လာရန်ကို ဆွေးနွေးငြင်းခုံကြရင်း "talk around each other" (ဝိုင်းကြီးပတ်လည် စကားလက်ဆုံကျရင်း) နှင့် ကျွန်တော်တို့၏ ကြိုးစားမှုများကို အင်ဂျင်နီယာပညာရေးအတွက် (ပြန်ပြောင်းဆင်ခြင်ဖို့) ပြန်လည်စဉ်းစားရန် လိုအပ်လျက်ရှိပါသည်။ အတွေးအခေါ်များသည် အတူပူးပေါင်းရန် နည်းလမ်းဟူ၍ ဖော်ပြနေပါသည်။ ဤအတွေးအမြင်များကို “အဓိပ္ပာယ်ပြန်ဆို” ရန် တောင်းဆိုနေပါသည်။ ထို့နောက် ဤအဓိပ္ပာယ်ပြန်ဆိုရှင်းလင်းချက်များကို နားလည် အောင် ပြုလုပ်ကြရမည်ဖြစ်ပါသည်။
ဤကဲ့သို့ ပိုမိုကျယ်ပြန့်သောစနစ်နှင့် အင်ဂျင်နီယာပညာရေးတို့အကြားက ဆက်နွှယ်မှုကို ရှုထောင့်အမျိုးမျိုးက လေ့လာစူးစမ်းရမည်ဆို ပါက ဆောင်းပါးရှင်များအနေဖြင့် အတွေးအမြင်ဆိုင်ရာ ရှုထောင့်ကို ရွေးချယ်ကြပါသည်။ ထိုသို့ “အတွေးအမြင်ဆိုင်ရာရှုထောင့်” က ချဉ်းကပ်လေ့လာရသည့်အကြောင်းရင်းမှာ ဆွေးနွေးမှုများဖြစ်သည့် “ကျယ်ပြန့်သောစနစ်ကြီးနှင့် ချိတ်ဆက်မည့် ရည်ရွယ်ချက်၊ အနက်အဓိပ္ပာယ်၊ ဩဇာလွှမ်းမိုးမှုနှင့် အင်ဂျင်နီယာပညာရေး၏ တန်ဖိုး” စသည်များသည် အချိန်အခါအလိုက်၊ အယူအဆပိုင်းအရ မသေချာမှု များ ရှိနေ၍ ဖြစ်ပါသည်။ ဤအခြေအနေက အင်ဂျင်နီယာပညာရေး၏ ရည်ရွယ်ချက်ကို ဘယ်လိုသတ်မှတ်ရမည်ဆိုသည်ကို ဖော်ညွှန်းနေခြင်း ဖြစ်ပါသည်။
အင်ဂျင်နီယာလုပ်ငန်း ဆိုတာဘာလဲ
ဤမေးခွန်းများအတွက် အဓိပ္ပာယ်သတ်မှတ်ချက်များကလည်း GDP (Gross Domestic Product ဂျီဒီပီ-ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ၏တန်ဖိုးကို တိုင်းတာသောညွှန်းကိန်း) ကို တိုက်ရိုက် အကျိုး မဖြစ်စေပြန်ပါ။ (အလုပ်အကိုင်အခွင့်အလမ်းပေါများမှု) အလုပ်ခန့်ထားမှုကိုလည်း အကျိုးတိုက်ရိုက်မဖြစ်စေပါဘူး။ ဤအခါမှာ အင်ဂျင်နီယာပညာရှင်များအနေဖြင့် “ဘာလုပ်သင့်သလဲ” ဆိုသည်က ထပ်မံမေးရမည့် မေးခွန်းတစ်ခုဖြစ်လာပြန်ပါသည်။
အဓိပ္ပာယ်သတ်မှတ်ချက်များ ကိုယ်တိုင်က မတိကျ၊ မသေချာခြင်း၊ ငုပ်လျှိုးပုန်းကွယ်နေသော “အမြင်” များကို မဖော်ထုတ်နိုင်ခြင်း စသည်များ ဖြစ်လာစေပါသည်။ ကျွန်တော်တို့က တစ်ပြေးညီ သတ်မှတ်ချက်များ ပြဋ္ဌာန်းပြီး မသတ်မှတ်ခဲ့ဘူးဆိုလျှင် နားလည်မှုအလွဲ၊ ဆက်သွယ်မှုအမှား၊ ဆက်နွှယ်မှုအမှားများကြောင့် နောက်ဆက်တွဲ စိတ်ကူး အကြံဉာဏ်များလည်း မတိကျမသေချာမှု ဖြစ်ပေါ်နိုင်ပါသည်။ ဒါကြောင့် အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မရှိမဖြစ် အရေးတကြီး လိုအပ်လာပါသည်။
ပညာရှင်တို့က ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အတိအလင်းဖော်ပြသည်ဖြစ်စေ၊ မဖော်ပြထားသည်ဖြစ်စေ အတွေးအခေါ်၊ အမြော်အမြင်များအတွက် အခြေခံအုတ်မြစ်များဖြစ်ပြီး ပညာရပ်များကို ကျွန်တော်တို့ ဘယ်လိုဆည်းပူးကြရမလဲဆိုသည်ကို သိရှိအောင် လုပ်ပေးသည် ဆိုသောအချက်ကို ထောက်ပြထားပါသည်။
အမှန်စင်စစ် အဓိပ္ပာယ်သတ်မှတ်ချက်များသည် ပညာရေး၏ အန္တိမရည်မှန်းချက်များကို ဖန်တီးရန် အထောက်အကူဖြစ်စေသော အရာများဖြစ်ပါသည်။ ဒါကြောင့် အဓိပ္ပာယ်သတ်မှတ်ချက်များသည် အင်ဂျင်နီယာပညာရေးကို “ဘယ်လိုပုံစံဖြစ်ရမည်၊ ဘာကြောင့်ဒါမျိုး မဖြစ်ရဘူး” စသည့် ထိုးထွင်းသိမြင်သော အသိကိုဖြစ်စေပြီး အင်ဂျင်နီယာပညာရေး၏ အခြေခံအတွေးအခေါ်ကို ပိုမိုတောက်ပထွန်းလင်းစေခဲ့ကာ ပိုပြီးမြင်သာစေခဲ့ပါသည်။ အချိန်နှင့်အမျှ ဘယ်လိုပြောင်းလဲနေသည် ဆိုသည်ကိုလည်း ရေးသားဖော်ပြခဲ့ပါသည်။
အင်ဂျင်နီယာလုပ်ငန်းနှင့် အတတ်ပညာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ ပညာသင်ကြားပို့ချနေသော အင်ဂျင်နီယာများ၏ အတွေးအခေါ်များကို မည်သို့အလင်းပြရန်နှင့် ဤအဓိပ္ပာယ်သတ်မှတ်ချက်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲသွားသည်ဆိုသည်ကို ပိုမိုနားလည်လာရန် အားထုတ်ရှာဖွေမှုပြုရန်လိုပါသည်။
အင်ဂျင်နီယာပညာရေး၏ ရှေးရှုရာများအပေါ် မူဝါဒဖန်တီးသူတို့၏ ဩဇာလွှမ်းမိုးမှုများကို ထည့်သွင်းစဉ်းစားသောအခါ မူဝါဒဆိုင်ရာ စာတမ်းများထဲက အင်ဂျင်နီယာဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များကိုလည်း ဂရုပြုမိလာစေပါသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေးဆိုသည်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမှာပါလဲ၊ တစ်စုံတစ်ဦးက သူတို့သည် အင်ဂျင်နီယာများပါဆိုသောအပေါ် ဘယ်အချက်အလက်၊ ဘယ်အစဉ်အလာများနှင့် သဘောတူလက်ခံမည်ကို ဖော်ပြရန် လိုအပ်လာပါသည်။ အပြင်ပန်းအားဖြင့် ရိုးရှင်းလှသော အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်သတ်မှတ်ခြင်းကိစ္စသည် ပညာရေးနှင့်ဆက်နွှယ်နေပြီး သေချာစမ်းစစ်လေ့လာကြည့်သောအခါ အတော်လေး ရှုပ်ထွေးနက်နဲလာပါသည်။
အင်ဂျင်နီယာလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် အချိန်နှင့်အမျှ ပြောင်းနေပါသည်။ မသိမသာကွဲပြားနေသော ဓလေ့ထုံးစံများ၏ ယဉ်ကျေးမှုများ၊ အသိဉာဏ်ပညာအမျိုးမျိုးများအပေါ် မူတည်ပြီး အဓိပ္ပာယ်သတ်မှတ်နေကြရပါသည်။ သို့ပါ၍ အင်ဂျင်နီယာပညာရေး၏ အဓိပ္ပာယ်သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန်အတွက် မူဘောင်တစ်ခုချမှတ်ရန်မှာ နည်းပညာဆိုင်ရာကဏ္ဍက ယခင့်ယခင်ဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့ ပါသည်။ ထိုပြင်ဆင်ချက်ကို ပညာရှင်များက အဓိပ္ပာယ်သတ်မှတ်ချက် (၅)မျိုးကို မီးမောင်းထိုးပြခဲ့ပါသည်-
“ဖွင့်ဆိုချက် ငါးခု” (highlight five types of definitions)
(၁) Etymalogical (ရင်းမြစ်ဗေဒ)
(၂) Essential (အနှစ်သာရ)
(၃) Precriptive (ပြဋ္ဌာန်းချက်များ)
(၄) Linguistic (ဘာသာဗေဒ)
(၅) Pragmatic (လက်တွေ့သဘောတရား)။
ဤသည်တို့မှာ အင်ဂျင်နီယာလုပ်ငန်းနှင့် အင်ဂျင်နီယာပညာရေးကို အဓိပ္ပာယ်ဖွင့်ဆိုသော နည်းလမ်း (၅) ခုကို သတ်မှတ်ဖော်ပြခဲ့ခြင်းပင် ဖြစ်ပါသည်။
အသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက် အမျိုးအစား
အခြားအသုံးနည်းသော အဓိပ္ပာယ်သတ်မှတ်ချက်အမျိုးအစားမှာ အကျယ်ချဲ့ခြင်း (extensional) သို့မဟုတ် အပြည့်အစုံရှင်းလင်းပြခြင်း (denotive) တို့ ဖြစ်ပါသည်။ ၎င်းမှာ အမျိုးအစားတစ်ခု၌ ပါဝင်သော အကြောင်းအရာများကို အစီအစဉ်တကျ စာရင်းနှင့်သတ်မှတ်ခြင်းမျိုး တို့ ပါဝင်ပါသည်။ ၎င်းအား ဥပမာ၊ ဥပမေယျများနှင့် သိသာအောင် တိုက်ရိုက်ရှင်းလင်းဖော်ပြခြင်းမျိုးတို့ ပါဝင်ပါသည်။ “အင်ဂျင်နီယာ” ဆိုသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာသည် ဥပမာ၊ ဥပမေယျများ နှင့် ရှိနေပါသည်။ ဤသည်တို့သည် ယုတ္တိကျကျ မှားသွားခြင်းမျိုးများ၊ မပြီးနိုင်သော အဖန်ဖန် မေးခွန်းထုတ်စရာမျိုးများ ဖြစ်လာတတ်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)