Skip to main content

ကျွန်တော်နဲ့ အခက်အခဲကြားမှ ဦးဆောင်မှု

အခုအချိန်မှာ ကိုဗစ်- ၁၉ ရောဂါကြီးရဲ့ဒဏ်ကို အလူးအလဲ ခံနေရတယ်။ တစ်ကမ္ဘာလုံးမှာ ရောဂါကူးစက်တဲ့ လူနာပေါင်းသန်း ၃၀ ကျော်ရှိပြီး ဒီရောဂါနဲ့ သေဆုံးသွားသူ အရေ အတွက်ဟာ စုစုပေါင်း ၁ သန်းနီးပါးရှိပြီဖြစ်တယ်။ မြန်မာပြည်မှာ စောစောက အခြေအနေတွေ ကောင်းခဲ့ပေမယ့် အခုတော့ မထင်မှတ်ဘဲ ရောဂါကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းဟာ တရိပ်ရိပ်တက်လာတာ တွေ့ရတယ်။ ရန်ကုန်ရဲ့ အခြေအနေဟာ ဆိုးရွားလျက်ရှိပြီး မြို့နယ်အားလုံးမှာ အသွားအလာအကန့်အသတ်တွေ၊ တားမြစ်မှုတွေကို ဆောင်ရွက်ခဲ့တယ်။ သင်္ကြန်အပြီး ဩဂုတ်လအထိ ရောဂါကို ထိန်းနိုင်ခဲ့ပေမယ့် အခုတော့အခြေအနေတွေက စိုးရိမ်စရာ၊ စိတ်ပူစရာတွေ ဖြစ်နေတာ။

စိတ်ဖိစီးမှုများနှင့်အတူ

လူတွေဟာ စိတ်ပူနေကြတယ်။ စိုးရိမ်မှုတွေအပြည့်နဲ့ တစ်ဖက်က   ရောဂါကူးစက်မှာ ကြောက်နေရသလို တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် သောကတွေ မျိုးစုံ၊ နယ်ပယ်အသီးသီး ကဏ္ဍမျိုးစုံမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်။     နိုင်ငံခြား ခရီးသွား လုပ်ငန်းတွေ ရပ်တန့်သွားတဲ့အတွက်   ပြည်တွင်းခရီးသည်တွေနဲ့ အစားထိုးဖို့ ကြိုးစားနေတဲ့ အချိန်မှာ ပြည်တွင်း အသွား အလာတွေကို တားဆီးကန့်သတ်တာမို့ ပြန်လည်နိုးထဖို့ အခက်အခဲရှိမှာ။ တည်းခိုခန်းလုပ်ငန်းတွေ၊ ဟိုတယ်တွေ မှာလည်း ဧည့်သည်တွေ  မရှိတော့တာ  တွေ့ရတယ်။ အသွားအလာကန့်သတ်မှုတွေကြောင့် မကြာခင်ကာလက ဖွင့်လှစ်တဲ့ လက်ဖက်ရည်ဆိုင်တွေ၊  စားသောက်ဆိုင်တွေဟာလည်း ပြန်လည်ပြီးပိတ်ခဲ့ရတယ်။ ဆောက်လုပ် ရေးကဏ္ဍမှာလည်း    အခြေ အနေတွေက   ဆိုးရွားလျက် ရှိတယ်။ လုပ်ငန်းရှင်များဟာ လုပ်ငန်းတွေ ဆက်လုပ်ဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ စိတ်ဖိစီးမှုမျိုးစုံ ခံစားလျက်ရှိတယ်။ ဝန်ထမ်းတွေအနေနဲ့ အလုပ်အကိုင်အခွင့်အရေးတွေ   ဆုံးရှုံးရတဲ့အန္တရာယ်တွေနဲ့   ရင်ဆိုင် တွေ့ကြုံနေရတယ်။

အခုချိန်မှာ လူတိုင်းဟာ ပုံစံမျိုးစုံနဲ့ သောကတွေ၊ စိုးရိမ်စိတ်၊  ပူပန်စိတ်တွေနဲ့ ဖိနှိပ်ခြင်းခံနေ ကြရတယ်။ အခုလို    အခြေ အနေမှာ   လူတွေရဲ့   သောကကို သဘောပေါက်  နားလည်နိုင်ဖို့  စိတ်ပညာရဲ့အခြေခံတွေကို သိရမှာဖြစ်တယ်။   ကျွန်တော်ဟာ  စီမံခန့်ခွဲမှုပညာကို လေ့လာ ဆည်းပူးခွင့်ရခဲ့တယ်။   အခုလို လေ့လာရင်း စိတ်ပညာကိုလည်း အကျွမ်းတဝင်   ရှိခဲ့တယ်။ လူသား တွေရဲ့စိတ်ကို လေ့လာတဲ့ဘာသာရပ်ရဲ့ တန်ဖိုးကိုလည်း သိခွင့်ရခဲ့တယ်။ လူသားတွေဟာ ဆုံးရှုံးမှာကို ကြောက်ရွံ့ကြတယ်။ အနိုင်ရဖို့ထက်   ရှုံးမှာကို   ပိုပြီးကြောက်ရွံ့ကြတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ ပိုပြီးအခြေအနေမဆိုးအောင် စွန့်စားကြတယ်။   ကြောက်ရွံ့တဲ့    သူတွေဟာ ရင်ဆိုင်နေရတဲ့အန္တရာယ်က  လွတ်အောင်ရှောင်ပြေးရတယ်။ ခြေဦးတည့်ရာ    အန္တရာယ်နဲ့   ဝေးအောင် ရှောင်ကြတယ်။ အခုလိုရှောင်ရင်း အန္တရာယ်အသစ်တွေနဲ့ ရင်ဆိုင်ကြရတယ်။

မှန်ကန်သော ဦးဆောင်မှု

တချို့ကျတော့လည်း အန္တရာယ်ကို  ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး   လုပ်သင့်လုပ်ထိုက်တာတွေ မေ့လျော့ပြီး မလှုပ်နိုင်ဘဲ ပိတ်မိနေကြတယ်။ အခုလို အခက်အခဲတွေ၊ စိတ်ပူစရာတွေ ရင်ဆိုင်ရတဲ့အခါ ဖြစ်နေတာကို   ရင်မဆိုင်ရဲဘဲ   စိတ်ထဲက   အမှန်တရားကို လက်မခံကြဘူး။   သတင်းတွေကလည်း   ကြောက်စရာ၊ တထိတ်တလန့်  ဖြစ်စရာတွေမို့    အမှန်နဲ့အမှားကို လွယ်လွယ်ကူကူ   မခွဲခြားနိုင်ကြဘူး။  ဒါကြောင့်လည်း ကိုယ်လိုရာဆွဲတွေးလာတတ်ကြတယ်။ တစ်သက်လုံး မမျှော်လင့်တဲ့   အန္တရာယ်ကို    ရင်ဆိုင်ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ မတူကြဘူး။ တချို့က ဘာမှမဖြစ်သလို နေနိုင်ကြပြီး တချို့ကတော့ လိုတာထက်ပိုပြီး စိတ်ဖိစီးမှုတွေ ခံနေကြရတယ်။ မိမိခံစားနေရတာတွေကို အပြင်ထုတ်ပြပြီး ပြောဆိုကြသလို တချို့ကတော့ အရာရာကို မျိုသိပ်ထားတတ်ကြတယ်။ အခုလို အခြေအနေမျိုးမှာ မှန်ကန်တဲ့  ဦးဆောင်မှုပေးနိုင်ဖို့ အလွန်အရေးကြီးလှပါတယ်။ နိုင်ငံခေါင်းဆောင်တွေ၊ လုပ်ငန်းအဖွဲ့အစည်းတွေကို     စီမံအုပ်ချုပ်သူတွေဟာ ခေါင်းဆောင်နိုင်ဖို့ လိုအပ်လှပါတယ်။ အရေးကြုံတဲ့ အခြေအနေဖြစ်တာမို့ ထိရောက်တဲ့   ခေါင်းဆောင်မှုပေးနိုင်ဖို့ အရေးကြီးသလို တစ်ဖက်မှာလည်း တာဝန်ရှိသူတွေအတွက် အခွင့်အရေးတစ်ရပ်ပဲ      ဖြစ်ပါတယ်။      မိမိမှာရှိတဲ့ ခေါင်းဆောင်မှု  အရည်အသွေး တွေကို  ဖော်ထုတ်ခွင့်ရတာ ဖြစ်တယ်။ ဒါကြောင့်လည်း   အခုလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ   စိတ်ကူးအသစ်၊  အရည်အချင်း အသစ်တွေနဲ့ ပြည့်စုံတဲ့    ခေါင်းဆောင်မှုမျိုး   လိုအပ်တာဖြစ်တယ်။ သမားရိုးကျပုံစံနဲ့   ဦးဆောင်တာ   မဟုတ်ဘဲ မိမိရဲ့နောက်လိုက်တွေရဲ့ စိတ်ဖိစီးမှုတွေကို နားလည်တဲ့၊ စာနာတဲ့ ကရုဏာထားတဲ့သူမျိုး။ တစ်ဖက်မှာလည်း ကာလတို စိန်ခေါ်မှုတွေ  ရင်ဆိုင်ရပေမယ့်  ကာလရှည်အတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေကို ဖော်ဆောင်နိုင်သူ ဖြစ်ရမှာ။ ကိုယ်ချင်းစာနာမှုနဲ့ ဦးဆောင်တဲ့သူ လိုအပ်ပါတယ်။ လူတွေခံစားနေရတာတွေကို နားလည်သဘောပေါက်ပြီး နဂိုမဟုတ်တာကို နားလည်သူဖြစ်ဖို့ လိုအပ်တယ်။

မိမိရဲ့နောက်လိုက်တွေ တွေ့ကြုံခံစားနေရတဲ့ စိတ်သောကကို   အကာအကွယ်ပေးဖို့   လိုအပ်ပါတယ်။ ခေါင်းဆောင် လုပ်သူဟာ နမူနာပြပြီး တည်တည်ငြိမ်ငြိမ်နေထိုင်၊ ပြောဆို ဆက်ဆံဖို့ လိုအပ်ပါတယ်။ အခက်အခဲတွေ ကြုံတွေ့ရချိန်မှာ ဝန်ထမ်းတွေအနေနဲ့ အဓိပ္ပာယ်ရှိတဲ့   အကျိုးရှိမယ့် တာဝန်တွေကို ပေးအပ်ရမှာဖြစ်ပါတယ်။ အခုလို အလုပ်အပေါ်မှာ အာရုံစိုက်နေတာကြောင့်   စိတ်ခံစားမှုတွေ  သက်သာလာ နိုင်မှာဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦးအားပေးရင်း

ခေါင်းဆောင်လုပ်သူဟာ  နောက်လိုက်တွေ ခံစားနေရ တာတွေကိုသိအောင် ကြိုးစားရမှာဖြစ်တယ်။ သူတို့ရဲ့အမြင်တွေ၊   အတွေးတွေကို  သိအောင်ဖော်ထုတ်သွားဖို့ လိုအပ်တယ်။   မေးခွန်းတွေမေးပြီး    နားထောင်ရမှာ   ဖြစ်တယ်။ သူတို့ရဲ့ ခံစားမှုတွေကို လက်ခံပြီး ဖြေသိမ့်ဖို့လိုအပ်ပါတယ်။ အခုချိန်မှာ လူတွေဟာ စိုးရိမ်မှုတွေ မြင့်မားချိန်ဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး   ကူညီသွားဖို့   လိုအပ်ပါတယ်။  နဂိုမူလ အခြေအနေတွေ ပြန်မရောက်နိုင်ပေမယ့် တစ်ချိန်ကျရင် ပိုမိုကောင်းမွန် တဲ့  အနေအထားရောက်မယ်  ဆိုတာကို ဖော်ပြနိုင်ဖို့ လိုအပ်ပါတယ်။ အခုကာလမှာတော့ တစ်ဦးနဲ့ တစ်ဦး  ကူညီအားပေးကြပြီး  အန္တရာယ်ကို ပူးပေါင်းပြီး ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေဟာ  ပုံပြောကောင်းသူတွေ  ဖြစ်ရမှာဖြစ်တယ်၊   လက်ရှိပစ္စုပ္ပန်မှာ   ရင်ဆိုင်နေရတာတွေကို ဖြတ်သန်းခဲ့တဲ့  အတိတ်နဲ့   မျှော်လင့်ချက်အပြည့်ရှိတဲ့ အနာဂတ်နဲ့  ချိတ်ဆက်ပေးနိုင်တဲ့  ပုံပြင်တွေ ပြောပြနိုင်ရမယ်။ အနာဂတ်ကို မိမိကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိတာကို သတိပေးရမှာ  ဖြစ်တယ်။ အနာဂတ်ဆိုတာဟာ အခွင့်အရေး တစ်ရပ်ဖြစ်တယ်။   ဒီအခွင့်အရေးကို  ရအောင်ယူနိုင်မယ့် သတ္တိတွေ   မွေးရမှာဖြစ်တယ်။   ခေါင်းဆောင်ဟာ  မိမိ ကိုယ်တိုင်ခံစားနေရတဲ့    စိတ်သောကတွေ၊  ဖိစီးမှုတွေကို လည်း ပြောပြဖို့  ဝန်မလေးသင့်ပါဘူး။ ကိုယ်ကိုယ်တိုင် ရင်ဆိုင်နေရတဲ့   သောကတွေ၊   စိတ်ပူမှုတွေကိုလည်း နောက်လိုက်တွေသိအောင်   ပြောပြသင့်တယ်။    ရိုးရိုးသားသား ဖော်ထုတ်ရမှာဖြစ်တယ်။

လူ့အသိုင်းအဝိုင်းမှာ ခေါင်းဆောင်လုပ်တဲ့သူတွေကို VIP လို့ သတ်မှတ်ကြတယ်။ တစ်နည်းပြောရရင် (Very Important Person) အလွန်အရေးကြီးတဲ့   ပုဂ္ဂိုလ်တွေ ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ကျွန်တော်က VIP ကို အဓိပ္ပာယ်တစ်မျိုးနဲ့  ဖော်ထုတ်ချင်ပါတယ်။ V က Vision လို့ ခေါ်တဲ့ အမြင်- ရူပါရုံဖြစ်ပြီးI  က Identity ရပ်တည်မှုနဲ့ P ကတော့ Passion ဖြစ်တဲ့ စိတ်ပါမှုဖြစ်တယ်။ အခုလို VIP  ကို အဓိပ္ပာယ်ဖွင့်ရင် ခေါင်းဆောင်တစ်ဦးမှာ ရည်မှန်းချက်နဲ့ပြည့်စုံပြီး   မှန်ကန်တဲ့   ရပ်တည်မှုနဲ့   စိတ်ဝင်စားမှုအပြည့်နဲ့ ဦးဆောင်ရမှာဖြစ်ပါတယ်။

အကောင်းတွေကို မြင်အောင်ဖော်ထုတ်

အခုလို သတင်းမျိုးစုံကြားရ၊  ဖတ်နေကြတဲ့ကာလမှာ ခေါင်းဆောင်လုပ်သူတွေဟာ     နဂိုထက်ပိုပြီး   ပြောဆို ဆက်သွယ် နေရမှာဖြစ်တယ်။  အခုဆောင်ရွက်ရာမှာလည်း တစ်ဦးချင်းတစ်ယောက်ချင်းကို အာရုံပြုဖို့ လိုအပ် ပါတယ်။ အားပေးရာမှာ သူတို့ရဲ့ စိတ်ခွန်အားတွေကို မြှင့်တင်ပေးရမှာဖြစ်တယ်။ အနာဂတ်ကို ကြည်ကြည် လင်လင်ပြတ်သားစွာ     ဖော်ထုတ်ပြီး၊    လက်တွဲပြီး ဦးဆောင်သွားရမှာ  ဖြစ်တယ်။ နဂိုထက်ပိုပြီး ဂရုစိုက်ရမှာ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ထောက်ခံအားပေးသွားရမှာ ဖြစ်တယ်။  တစ်လှေတည်း သွားကြရမှာ  ဖြစ်ပါတယ်။ မိမိရဲ့   နောက်လိုက်တွေကို  အားပေးရမှာ  ဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း    ဂရုစိုက်ဖို့     လိုအပ်ပါတယ်။ နမူနာပုဂ္ဂိုလ်ဖြစ်အောင်   နေထိုင်လှုပ်ရှားသွားဖို့   လိုအပ်တယ်။  ခေါင်းဆောင်တွေကို နောက်လိုက်တွေက အမြဲ ကြည့်နေတာမို့ မိမိရဲ့အတွေး၊ အပြောနဲ့အလုပ်တွေဟာ   နမူနာပြရမှာ   ဖြစ်ပါတယ်။ ခေါင်းဆောင်လုပ်သူတွေက အဆိုးထဲက အကောင်းတွေကို ဖော်ထုတ်ဖို့ လိုအပ်တယ်။ အခုချိန်မှာ အမေရိကန် ပြည်ထောင်စု မှာ      တောမီးတွေ       အကြီးအကျယ် တောက်လောင်နေလျက်ရှိတဲ့     အခြေ အနေတွေဟာ အလွန်ဆိုးရွား လှတယ်။     ဒါပေမယ့်   အခုလို တောမီးတွေ လောင်ပြီးချိန်မှာ အရာရာပြာတွေ ကျသွားပေမယ့်   ဒီပြာတွေကြားက   အပင်အသစ် တွေ ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ဒါကြောင့်လည်း အဆိုးကို ရင်ဆိုင်နေရချိန်မှာ အကောင်းတွေကို     မြင်အောင်   ဖော်ထုတ်ရမှာက ခေါင်းဆောင်ရဲ့တာဝန်သာ   ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်သူတွေဟာ အကောင်းမြင်ဝါဒကို လက်ကိုင်ထားဖို့ လိုအပ်ပါတယ်။     အနာဂတ် အတွက် မျှော်လင့်ချက် အပြည့်နဲ့ ရင်ဆိုင်နိုင်အောင် အားပေးရမှာ ဖြစ်တယ်။ ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်ဆိုတာ  သတိပေးရမှာ  ဖြစ်တယ်။ မကောင်းမြင်တဲ့သူဟာ အခွင့်အရေးတွေကြားက အခက်အခဲတွေ သာမြင်တတ်ပြီး   အကောင်းမြင်တတ်တဲ့သူက တော့ အခက်အခဲတွေကြား အခွင့်အရေးတွေ မြင်တတ်သူ ဖြစ်ပါတယ်။    ကိုယ်ကိုယ်တိုင်   စိတ်ဖိစီးမှုတွေ ခံစားနေရပေမယ့်   ကိုယ့်အကြောင်း ခေတ္တမေ့ပြီး နောက်လိုက် တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အားပေးရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေမှာ အာရုံစိုက်မှုဟာ အရေးကြီးလှတယ်။ လုပ်နိုင်သမျှကို အာရုံစိုက်ပြီး မိမိရဲ့နောက်လိုက်တွေကို လည်း ကိုယ်လုပ်နိုင်တာကိုသာ အာရုံစိုက်ကြဖို့ သတိပေး သင့်ပါတယ်။   ကိုယ်တတ်နိုင်တာကိုပဲ    စဉ်းစားပြီး ကြိုးစားဆောင်ရွက် သင့်တယ်။ အခုချိန်မှာ ခေါင်းဆောင်၊ နောက်လိုက်ဆိုတဲ့ အတွေးတွေမရှိသင့်တော့ဘဲ အားလုံးလက်တွဲပြီး ကပ်ရောဂါကြီး ကို ရင်ဆိုင်ကြရမှာ ဖြစ်တယ်။ အရေးကြုံလာတဲ့အချိန်မှာ     အရည်အချင်းပြည့်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာတာကို ခေတ်အဆက်ဆက်မှာ တွေ့မြင်ရပါတယ်။

တည်တည်ငြိမ်ငြိမ်နဲ့‌ရှေ့ဆက်

အခုချိန်မှာ    လုပ်ငန်းတွေ၊   အဖွဲ့အစည်းတွေမှာ တာဝန်ယူနေကြသူတွေရဲ့   အခန်းကဏ္ဍဟာ   အလွန် အရေးကြီးလှပါတယ်။ ဦး‌ဆောင်သူဟာ အခက်အခဲကြားက တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းသွားရမှာ ဖြစ်တယ်။ အနာဂတ်ဟာ   ပစ္စုပ္ပန်ထက်   ကောင်းမွန်မယ့် အနေ အထားဖြစ်မယ်ဆိုတာကိုလည်း အားပေးရမှာဖြစ်တယ်။ တစ်ဖက်ကလည်း   အရှိကို  အရှိအတိုင်း ဖော်ထုတ်ရမှာ ဖြစ်တယ်။ သကာရည်လောင်းပြီး အားလုံးအဆင်ပြေ လိမ့်မယ်လို့ပြောလို့ မဖြစ်ပါဘူး။

ခေါင်းဆောင်မှုအရည်အချင်းတွေဟာ ပုံမှန်အခြေအနေမှာ မတွေ့ရပေမယ့် အခုလို အခက်အခဲနဲ့ရင်ဆိုင်တဲ့အခါမှာ   ပိုပြီးထင်သာမြင်သာ    ဖြစ်လာပါတယ်။ ခေါင်းဆောင်တွေဟာ နေရာအသီးသီးမှာ နေရာယူကြပြီး တာဝန်ကျေပွန်နေတာကို လည်း တွေ့မြင်ရတယ်။ အဆိုးထဲက အကောင်းသာ ဖြစ်ပါတယ်။    ။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်