ပန်းယွန်းလေးများ ပွင့်လန်းစေဖို့ ယွန်းပညာကောလိပ်သို့ တက်ရောက်ကြပါစို့
မောင်ကျော်မိုး (SSID)
(ယမန်နေ့မှအဆက်)
ယွန်းပညာကောလိပ်သို့ တက်ရောက်မည့် သင်တန်းသားများ ရရှိနိုင်သော အခွင့်အရေးများနှင့် အခွင့်အလမ်းများ
ယွန်းပညာကောလိပ်သို့ တက်ရောက်မည့် သင်တန်းသားများရရှိနိုင်သော အခွင့်အရေးများနှင့် အခွင့်အလမ်းများမှာ အဆောင်အခမဲ့နေထိုင်ခွင့်ရရှိခြင်း (ရေ၊ မီး အခမဲ့သုံးစွဲခွင့်)၊ ကျောင်းသားများအား လစဉ်ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ကျောင်းသားများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်း၊ သင်ကြားမှုအထောက်အကူဖြစ်စေရန် ကျောင်းဝင်းအတွင်း Fiber Internet နှင့် Multi-media Room တို့ကို အခမဲ့အသုံးပြုခွင့်ရရှိခြင်း၊ စားသောက်ရေးအတွက် စားရိပ်သာကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာ၊ ကြံ့ခိုင်ခြင်းအတွက် အားကစားပစ္စည်းများ ထားရှိပေးခြင်း၊ ပျော်ပွဲ၊ ရွှင်ပွဲ၊ အားကစားပွဲနှင့် ရာသီပွဲတော်များ ကျင်းပပြုလုပ်ပေးခြင်း၊ ပညာရေးဆုံးခန်းတိုင် သင်ကြားခြင်းမပြုနိုင်သော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ယူနိုင်သည့်အခွင့်အလမ်းများရရှိခြင်း၊ ပုဂ္ဂလိကယွန်းထည်အလုပ်ရုံများတွင် ကျွမ်းကျင်လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းငယ်များ ထူထောင်လာနိုင်ခြင်းနှင့် National Skills Standard Authority (NSSA) အသိအမှတ်ပြုကျွမ်းကျင်မှု (အဆင့်-၁) နှင့် (အဆင့်-၂) သို့ ဝင်ရောက်ဖြေဆိုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
ယွန်းပညာကောလိပ်သည် ယွန်းထည်ပညာရပ်အား ရိုးရာအမွေအနှစ် ထိန်းသိမ်းရုံမျှမကဘဲ ခေတ်မီနည်းပညာရပ်များဖြင့် ပေါင်းစပ်ဖန်တီးနိုင်ရန် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် သစ်စေးနှင့် ရောင်ခြယ်ဆေးမှုန့်များတွင် ပါဝင်သော ဓာတုဒြပ်ပေါင်းများ ရှာဖွေခြင်း၊ ရွေး (ဟင်္သပဒါး) ထုတ်လုပ်မှုနည်းစနစ် စမ်းသပ်ဖော်ထုတ်ခြင်း၊ ဂျပန်ဆိုးဆေးမှုန့်များဖြင့် အစားထိုးစမ်းသပ်ခြင်း၊ သစ်စေးခြောက်သွေ့မှုကို တိုင်းတာခြင်းနှင့် ရွှေဇဝါယွန်းထည်များတွင် ပွတ်တိုက်မှုဒဏ်ကို ခံနိုင်ရန်အတွက် စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယွန်းထည်ပစ္စည်းများ၌ အသုံးပြုသော မြန်မာဆိုးဆေးမှုန့်များနှင့် ဂျပန်ဆိုးဆေးမှုန့်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှု ပမာဏကို တိုင်းတာရှာဖွေခြင်း၊ ဒေသအလိုက်ထွက်ရှိသော သစ်စေးများ၏ လှိုင်းအလျား (Wavelength)ကို ရှာဖွေတိုင်းတာခြင်းနှင့် ဆေးဒါန်းထုတ်လုပ်သည့် နည်းစနစ်ကို ရှာဖွေစမ်းသပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ယွန်းထည်ပစ္စည်းများအတွင်း မာကျူရီ (Hg)နှင့် အာဆင်းနစ်(As) ဓာတုဒြပ်ပေါင်းများပါဝင်မှုကို စမ်းသပ်တိုင်းတာခြင်း၊ သစ်စေးများ၏ စေးပျစ်မှု (Viscosity)ကို စမ်းသပ်တိုင်းတာခြင်း၊ သစ်စေးများကို သန့်စင်မှုရှိစေရန် ချက်လုပ်ရာတွင် လိုအပ်သောအပူချိန် (Temperature)၊ ကြာမြင့်ချိန် (Time Hour) နှင့် ရေဓာတ် ပါဝင်မှုများကို တိုင်းတာမှတ်သားခြင်းများ ဆောင်ရွက်ခြင်း၊ ယွန်းထည်ပစ္စည်းများအတွင်း ရေသန့်၊ မြစ်ရေ၊ တွင်းရေ များ ထည့်သွင်း၍ အာဆင်းနစ် (As)၊ ဆိုဒီယမ်(Na)၊ သံဓာတ်(Fe)၊ ခဲဓာတ်(Pb)ပါဝင်မှုပမာဏများကို တိုင်းတာခြင်း၊ ယွန်းထည်ပစ္စည်းများအတွင်း သစ်သီးဖျော်ရည် (Fruit Juice)များ ထည့်၍ သံဓာတ်(Fe)၊ ပိုတက်ဆီယမ်(K)၊ ဇင့်ဓာတ် (Zn) ပါဝင်မှုပမာဏများကို တိုင်းတာခြင်း၊ သစ်စေးများ၏ စေးပျစ်မှု (Visco-sity)နှင့် လှိုင်းအလျား (Wavelength) ရှာဖွေခြင်း၊ ဂျပန်ဆိုးဆေးမှုန့်များနှင့် မြန်မာဆိုးဆေးမှုန့်များတွင် ပါဝင်သော အာဆင်းနစ် (As) ပမာဏကို တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အစားအစာများတွင် ပါဝင်သည့် ခဲဓာတ် (Pb)၊ အာဆင်းနစ် (As)နှင့် မာကျူရီ(Hg) ပါဝင်မှုပမာဏတိုင်းတာခြင်းနှင့် အဆိုပါအစားအစာများကို ယွန်းထည်များတွင် ထည့်၍ ပါဝင်မှုပမာဏပြောင်းလဲမှုအားတိုင်းတာခြင်း၊ အလှကုန် (Cosmetics)များနှင့် လိမ်းဆေး (Liniment) များတွင် ပါဝင်သော ခဲဓာတ်(Pb)၊ အာဆင်းနစ်(As)နှင့် မာကျူရီ(Hg) ပါဝင်မှုပမာဏ တိုင်းတာခြင်း၊ အရောင်ခံခြင်းအဆင့်နှင့် ယွန်းထပ်ခြင်းအဆင့်များတွင် သစ်စေးခြောက်သွေ့မှုအား လေ့လာရန် အပူချိန် (Temperature)နှင့် စိုထိုင်းဆ (Humidity)အမျိုးမျိုးထား၍ တိုင်းတာမှတ်သားခြင်းတို့ကို စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ယွန်းထည်များအတွင်း အန္တရာယ်ရှိ ဓာတုဒြပ်ပေါင်းများ ပါဝင်မှုလျှော့ချရန် စမ်းသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ယွန်းထည် ပစ္စည်းများတွင် သစ်စေးအနံ့ ပျောက်စေရန်၊ သစ်စေးအခြောက်မြန်စေရန်အတွက် Humidifier နှင့် Heater များအား အသုံးပြု၍ စမ်းသပ်ဆောင်ရွက်ခြင်း၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် ပါဝင်သော ဓာတုဒြပ်စင်များ ပါဝင်မှုပမာဏကို တိုင်းတာခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် နွံအစား အခြားအစားထိုးပစ္စည်း စမ်းသပ်ဆောင်ရွက်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များမှ စမ်းသပ်တွေ့ရှိသည့် နည်းပညာသစ်များအား မြန်မာ့ယွန်းထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များသို့ ဖြန့်ဝေလွှဲပြောင်းပေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ
ယွန်းပညာကောလိပ် (ပုဂံ) သည် ယွန်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၅၃ ခုနှစ်ကတည်းက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပါသည်။ ၁၉၅၃ ခုနှစ် ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ယွန်းထည်ထုတ်လုပ်သည့်ဒေသများမှ ယွန်းပညာရှင်များအား ဂျပန်ယွန်းပညာရပ်များကို လာရောက်ပို့ချခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဂျပန်နိုင်ငံ Asian Lacquer Craft Exchange Research Project နှင့် ပူးပေါင်း၍ နိုင်ငံတကာ ယွန်းပြပွဲများကျင်းပခြင်းနှင့် နည်းပညာဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယွန်းပညာကောလိပ်နှင့် ဂျပန်နိုင်ငံ၊ Tokyo National Research Institute for Cultural Properties (TNRICP) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ယွန်းပြတိုက်အတွင်းမှ ရှေးဟောင်း ယွန်းထည်ပစ္စည်းများ သုတေသနပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (UNIDO) နှင့် ပူးပေါင်း၍ အီတလီနိုင်ငံမှ ဒီဇိုင်းပညာရှင် Ms. Doniela Bulgarelli က ယွန်းဒီဇိုင်းနှင့်ထုတ်ကုန်ဖွံ့ဖြိုးမှုသင်တန်းကို ယွန်းပညာကောလိပ်မှ ဝန်ထမ်းများနှင့် ပုဂံဒေသမှ ယွန်းလုပ်ငန်းရှင်များအတွက် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ယွန်းပညာကောလိပ်(ပုဂံ)နှင့် အီတလီနိုင်ငံ Accademia of Fine Arts (Turin) အနုပညာတက္ကသိုလ်တို့သည် လက်မှုအနုပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ပါသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဂျပန် နိုင်ငံ တိုကျိုအနုပညာတက္ကသိုလ်နှင့် ပူးပေါင်း၍ နှစ်နိုင်ငံ ယွန်းအနုပညာ ဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။ ယနေ့အထိ ယွန်းပညာကောလိပ်မှ ဆရာ ဆရာမများအား နိုင်ငံတကာသို့ ယွန်းပညာရပ်ဆိုင်ရာ ပညာသင်များစေလွှတ်ခြင်း၊ လေ့လာရေးခရီး စေလွှတ်ခြင်းနှင့် နှစ်နိုင်ငံအလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
ပန်းယွန်းလေးများ ပွင့်လန်းစေဖို့ဆိုရာဝယ်
ယွန်းအတတ်ပညာရပ်များ မိမိတို့နိုင်ငံတွင် မတိမ်ကော မပပျောက်စေရန်ဆိုပါက အဆိုပါအတတ်ပညာရပ်အား လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ်လူငယ်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထိုသို့ဆိုပါက ယွန်းပညာရပ်များအား စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပေးလျက်ရှိသော ယွန်းပညာကောလိပ်သို့ လူငယ်မျိုးဆက်သစ်များ တက်ရောက်ပညာသင်ကြရန် များစွာလိုအပ်လျက်ရှိပါသည်။ ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှစ၍ လူငယ်များ၏ ပညာရည်မြင့်မားရေး ဆိုင်ရာကိစ္စရပ်များကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
“မိမိတို့နိုင်ငံတော်၏ အနာဂတ်အတွက် ပညာရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိသဖြင့် အနာဂတ်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးနိုင်ရေး ဆရာ ဆရာမများသာမက မိဘများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဩဂုတ်လ ၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏ ပုဂံ၊ ညောင်ဦးဒေသ ဖွံ့ဖြိုးရေးခရီးစဉ်တွင် ယွန်းပညာကောလိပ်သို့ ကိုယ်တိုင် ရောက်ရှိ၍ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအားပေး ခဲ့ပြီး ကျောင်း၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်က အားပေးမြှင့်တင်ပေးနေ သည့် ယခုလို အချိန်အခါသမယတွင် မြန်မာတို့၏ဂုဏ်ယူဖွယ် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သော ပန်းယွန်းအတတ်ပညာရပ်အား ပုဂံဘုရားများ ဖူးမြော်ရင်း “ပန်းယွန်းလေးများ ပွင့်လန်းစေဖို့ ယွန်းပညာကောလိပ်သို့ တက်ရောက်ကြပါစို့” လို့ အနာဂတ်လူငယ်မျိုးဆက်များဆီသို့ တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။ ။