Skip to main content

ရေကြီးရေလျှံသဘာဝဘေးနှင့်အတူ ကြုံတွေ့နိုင်သော မြွေအန္တရာယ်

ပေါက်ပေါက်

မြွေဆိပ်ဖြေဆေးရရှိရန် ခက်ခဲနေသော နိုင်ငံအချို့တွင် ရေကြီးနေသဖြင့် မြွေကိုက်ခံရသည့်အန္တရာယ် ပိုကြီးမားလာနေကြောင်း၊ ရေဘေးကြောင့် မြွေကိုက်ခံရမှု ပိုများလာသည်ကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တောင်ဆူဒန်နှင့် အခြားနိုင်ငံများတွင်တွေ့ရကြောင်းနှင့် မြွေကိုက်ခံရသူများအနက် နှစ်စဉ် လူပေါင်း ၂၄၀၀၀ ခန့် မသန်စွမ်းသူများအဖြစ် ကျန်ရစ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာလ ၁၇ ရက်နေ့တွင် သတိပေးထားသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူပေါင်း ၂၇၀၀၀၀၀ခန့် မြွေကိုက်ခံနေကြရပြီး ယင်းတို့အနက် ၁၃၈၀၀ ကျော် သေဆုံးနေရကြောင်း ခန့်မှန်းထားသဖြင့် ပျမ်းမျှ ၄ မိနစ်နှင့် ၆ မိနစ်တိုင်း မြွေကိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးနေရသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် မြွေကိုက်မှုအန္တရာယ် အကြီးမားဆုံးနိုင်ငံဖြစ်ပြီး မြွေကိုက်ခံရမှုကြောင့် နှစ်စဉ်လူပေါင်း ၅၈၀၀၀ ခန့် သေဆုံးနေရပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင်လည်း မြွေကိုက်ခံရမှုအန္တရာယ် မြင့်မားလျက်ရှိသည်။

ခြေထောက်မရှိသော တွားသွားသတ္တဝါများအနက် မြွေသည် လူသိအများဆုံးဖြစ်သကဲ့သို့ အန္တရာယ်ရှိသောသတ္တဝါလည်းဖြစ်သည်။ မျိုးစိတ်ပေါင်း ၂၃၀၀ ခန့်ရှိသော မြွေများကို ကျွန်းအချို့နှင့် အလွန်အေးသောဒေသများမှအပ ကျန်ဒေသများတွင် တွေ့နိုင်သည်။ အပူပိုင်းဒေသရှိ အလွန်ထူထပ်သော တောများမှအစ သဲကန္တာရများ၊ တောင်ထိပ်များနှင့် မြေအောက်ရှိတွင်းများ၌ တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင်လည်း အပူပိုင်းဒေသများ၌ ပို၍တွေ့ရှိရသည်။ နေထိုင်ကျက်စားလျက်ရှိသည့် မြွေမျိုးစိတ် ၂၀၀ နီးပါးတွင် ၁၅ ရာခိုင်နှုန်းခန့်မှာ အဆိပ်ရှိသည့် မြွေအမျိုးအစားများဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြွေအန္တရာယ်

မြန်မာနိုင်ငံတွင် ဇွန်လ (မိုးဦးကာလ) တွင်တစ်ကြိမ်၊ ဇူလိုင်လမှ သြဂုတ်လ (မိုးလယ်ကာလ)တွင် တစ်ကြိမ်နှင့် စက်တင်ဘာလမှ အောက်တိုဘာလ (မိုးနှောင်းနှင့် မိုးလွန်ကာလ) တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် နှစ်စဉ်ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိသည်။ ယေဘုယျအားဖြင့် ကျေးလက်ဒေသများတွင် စိုက်ပျိုးရိတ်သိမ်းပြီးချိန် အောက်တိုဘာလနှင့် ဒီဇင်ဘာလများ၌ မြွေကိုက်ခံရမှုအဖြစ်များပြီး မိုးဦးကျရာသီနှင့် ရေဘေးကျရောက်ချိန်တွင်လည်း မြွေကိုက်ခံရမှု ဖြစ်ပွားလေ့ရှိသည်။

မြန်မာပြည်ရှိ အဆိပ်ပြင်းသော မြွေနှစ်မျိုးမှာ မြွေပွေးနှင့် မြွေဟောက်တို့ဖြစ်ကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ မြွေကိုက်ခံရသူများအနက် ၉၀ ရာခိုင်နှုန်းသည် မြွေပွေးအကိုက်ခံရသူများ ဖြစ်သည်။ မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ်သွေးခဲသောစနစ်ကို ထိခိုက်ပျက်စီးစေသည်။ ထို့ကြောင့် မြွေပွေးကိုက်ခံရပါက သွေးမတိတ်ဘဲ ဦးနှောက်နှင့် အစာခြေစနစ်လမ်းကြောင်းများတွင် သွေးယိုစိမ့်ခြင်းအပြင် ဆီးထဲသွေးပါပြီး ကျောက်ကပ်ပျက်စီးတတ်သည်။ မြွေဟောက်အဆိပ်က အာရုံကြောစနစ်ကို ထိခိုက်စေသဖြင့် လူနာက မှိန်းလာပြီး အာရုံခံစားမှုမရှိတော့ဘဲ ထုံကျင်လာသည်။ နောက်ဆုံးတွင် အာရုံကြောများ ပျက်စီးပြီး ကြွက်သားလှုပ်ရှားမှု အားပျော့သွားကာ အသက်ရှူခြင်းနှင့် အဆုတ်ကို ထိခိုက်လာသည်။

ရေကြီးရေလျှံခြင်းနှင့်အတူ မြွေအန္တရာယ်

မုတ်သုံရာသီအတွင်း မိုးသည်းထန်ခြင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်တို့ကို နှစ်စဉ်နှစ်တိုင်း အနည်းနှင့်အများဆိုသလို ခံစားရနိုင်သကဲ့သို့ ရေကြီးရေလျှံခြင်းနှင့်အတူ မြွေအန္တရာယ်ကိုလည်း ရင်ဆိုင်ကြရသော သာဓကများစွာ ရှိနေပါသည်။ မြွေများသည် မုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုများဖြစ်ပွားချိန်တွင် အခြားတိရစ္ဆာန်များကဲ့သို့ လုံခြုံသောနေရာများ၊ ရေဘေးလွတ်ကင်းသောနေရာများကို ရှာဖွေရာမှ သစ်ပင်များ၊ တံခါးဖွင့်ထား သော အိမ်များအတွင်းသို့ ဝင်ရောက်ခိုလှုံလေ့ရှိသည်။ ထို့ပြင် ရေဆိုး၊ ရေညစ်များနှင့်အတူ အဆိပ်ရှိမြွေများ၊ ကင်းများလည်း ရောနှောကာ မျောပါလာတတ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေချောင်းရေများ မြင့်တက်လာမှုနှင့်အတူ ရေနှင့်မျောပါလာသော မြွေများ အကိုက်ခံရမှုကြောင့်လည်း အသက်ဆုံးရှုံးနိုင်သည်။ သို့သော် ကျွမ်းကျင်သူများ၏အဆိုအရ မြွေများသည် လူများကို ပစ်မှတ်ထားကိုက်ခြင်းမဟုတ်ပေ။ ရေစီးနှင့်ပါလာသော သစ်တုံး၊ ထင်းတုံးများနှင့်အတူ မြွေများရောပါလာခြင်း၊ မြွေများ ညအချိန်အစာရှာထွက်စဉ် လူတို့သည် အမှောင်ထဲ ဖိနပ်မပါဘဲသွားရာက အကိုက်ခံရခြင်း၊ တစ်ခါတစ်ရံ လူနေအိမ်များသို့ ဝင်ရောက်၍ သတ္တဝါငယ်များကို ရှာဖွေစားသောက်ရာမှ လူနှင့်တိုးကာ ကိုက်မိခြင်းတို့ကြောင့်ဖြစ်သည်။

ထို့ကြောင့် ရေများစီးဝင်ပြီးနောက် ရေပြန်ကျသွားပါက မိမိအိမ်ခြံဝင်းအတွင်း၊ အပြင် တင်ကျန်ရစ်သော မြွေများကို သတိထားသင့်သည်။ ထို့ပြင် အိမ်ထဲသို့ရေဝင်ပြီးနောက် အထဲတွင် ရေဆိုးရေညစ်များ၊ နုန်းမြေအနယ်အနှစ်များ တင်ကျန်နေသော အဆောက်အအုံအတွင်းသို့ သတိဖြင့် ဝင်ရောက်သင့်ပေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူတစ်သောင်းခန့် မြွေကိုက်ခံနေရပြီး ၎င်းတို့အနက် ၁၀ ရာခိုင်နှုန်းခန့် သေဆုံးနေရကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မြွေကိုက်ခံရခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ အရေးပေါ်ဆေးကုသမှုခံယူရခြင်းများကို ကျေးလက်ဒေသများတွင်သာမက လူစည်ကားရာမြို့ကြီးများရှိ ဆင်ခြေဖုံးဒေသများ၌လည်း တွေ့မြင်လာရသည်။

မြို့လယ်ကောင်တိုက်ခန်းများတွင် မြွေသတ္တဝါကိုမြင်တွေ့ရခဲသော်လည်း သစ်ပင်၊ လယ်မြေ၊ မြက်ချုံပေါများကာ ရေစပ်ရှိသော မြို့နယ်များတွင် မြွေကိုတွေ့ရတတ်သည်။ ထို့ကြောင့် ရေမြောင်း ရေကန်များ၊ ရေစပ်ရှိသော ခြံဝင်း ခြံပြင်၊ မှောင်၍ စိုစွတ်ထိုင်းမှိုင်းသော အိမ်အတွင်းပိုင်းများကို မြွေအန္တရာယ် သတိရှိစွာဖြင့် နေထိုင်သင့်သည်။

သဘောသဘာဝအရ မြွေဆိုသောသတ္တဝါသည် လူကိုမြင်တိုင်း လိုက်ကိုက်တတ်ကြသည်မဟုတ်ပေ။ ၎င်းတို့ကိုထိမိ၍ သို့မဟုတ် မလွှဲမရှောင်သာသောအချိန်ကျမှသာ သို့မဟုတ် ၎င်းတို့ကို တစ်စုံတစ်ခုက အန္တရာယ်ပြုမည်ဟု ထင်သောအခါမှသာ သူ့ကိုယ်သူကာကွယ်သည့်အနေဖြင့် လူကိုကိုက်ခြင်းသာဖြစ်သည်။ သို့သော် အဆိပ်ရှိသော မြွေဖြစ်စေ၊ အဆိပ်မရှိသည်ဖြစ်စေ မြွေကိုမြင်လျှင် လူတိုင်းနီးပါး ကြောက်လန့်လေ့ရှိပြီး မြွေအကိုက်ခံရသောဒဏ်ရာမှလည်း နာကျင်မှုဖြစ်စေသည်။ မြွေအစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး အဆင်မသင့်ပါက ၎င်းဒဏ်ရာပေါက်မှတစ်ဆင့် မေးခိုင်ပိုးဝင်နိုင်သည်။

အကယ်၍ အဆိပ်ပြင်းသောမြွေအကိုက်ခံရပါက ဒဏ်ရာပတ်ဝန်းကျင်မှာ ငါးမိနစ်အတွင်း ပြင်းထန်စွာ ရောင်ရမ်းနာကျင်မှုဖြစ်ကာ မီးလောင်ဒဏ်ရာကဲ့သို့ အရည်ကြည်ဖုများ ပေါ်ထွက်လာတတ်သည်။ ထို့ပြင် ကိုက်ခံရသောနေရာတစ်ဝိုက် ကြွက်သားနှင့် အရေပြားများ ပျက်စီးသွားပြီး နောက်ဆုံးတွင် ပုပ်သွားသည်အထိ အခြေအနေဆိုးရွားနိုင်သည်။ ကိုက်လိုက်သော မြွေစွယ်၏အနက်၊ သူထုတ်လိုက်သည့် အဆိပ်ပမာဏနှင့် အကိုက်ခံရသော နေရာပေါ်မူတည်ပြီး အဆိပ်ပျံ့နှံ့မှုဖြစ်စဉ်မှာလည်း အနှေး၊ အမြန်ကွာခြားသွားသည်။ ဥပမာ ဦးခေါင်းပိုင်း၊ မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန်ကြောနှင့် နီးစပ်သဖြင့် အဆိပ်ပျံ့မှုလည်း ပိုမြန်ဆန်သည်။

မြွေကိုက်ခံရလျှင် ရှေးဦးသူနာပြုစုနည်း

မြွေကိုက်ခံရသောအခါ အလွန်တရာ စိတ်တုန်လှုပ်ခြောက်ခြားခြင်း ဖြစ်မသွားပါနှင့်။ အောက်ပါနည်းနာများအတိုင်း သတိဆောင်ထားပါ။

monovalent နှင့် polyvalent ဟူ၍ မြွေဆိပ်ဖြေဆေး နှစ်မျိုးရှိသည်။ monovalent က သတ်မှတ်ထားသော မြွေအမျိုးအစား တစ်မျိုးတည်းအတွက်သာ သုံးနိုင်ပြီး polyvalent က မြွေအမျိုးအစားတစ်မျိုးမကသော အဆိပ်များကို ပြေပျောက်စေသည်။ ထို့ကြောင့် သုံးစွဲရမည့်မြွေဆိပ်ဖြေဆေးသည်လည်း မတူနိုင်၍ မြွေကိုက်ခံရပါက (ဖြစ်နိုင်ပါက) ကိုက်သည့်မြွေကိုတစ်ပါတည်း ဆေးရုံယူသွားပြရန်လိုအပ်သည်။

မြွေဟူသောသတ္တဝါသည် လူကိုကိုက်ပြီးသည်နှင့် ၎င်းတို့မှာအပြေးမြန်ကြသည်။ ထို့ကြောင့် မိမိအကိုက်ခံရသည့် မြွေ၏အဆင်းသဏ္ဌာန်ကို မှတ်မိအောင်ကြည့်ထားပါ။ (မြွေဟောက်က ပါးပျဉ်းထောင်လေ့ရှိ၍ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး မြေပွေးက ခြေမျက်စိအောက်ကို ကိုက်လေ့ရှိသည်။ အဆိပ်ရှိမြွေ၏ဦးခေါင်းသည် များသောအားဖြင့် တြိဂံပုံသဏ္ဌာန်ဖြစ်သည်)

ဒုတိယအကြိမ် ထပ်မံ၍အကိုက်မခံရအောင် မြွေနှင့်ဝေးရာသို့ ရှောင်ထွက်သွားပါ။ ချုံပုတ်နှင့်ဝေးရာ သို့မဟုတ် ညီညာပြန့်ပြူးသောမြေက စိတ်ချရသည်။ သို့သော် ဟိုးအဝေးကြီးဆီသို့ တစ်ရှိန်ထိုး ထွက်ပြေးဖို့မလိုအပ်ပေ။ ပြေးလွှားခြင်းက နှလုံးခုန်မြန်ဆန်ကာ ခန္ဓာကိုယ်ထဲသို့ အဆိပ်ပျံ့လွယ်သည်။

စိတ်ချရသည့်နေရာဟု ယူဆပါက ငြိမ်ငြိမ်လေးလှဲချ၍ အသက်ကို မှန်မှန်ရှူပါ။ စိတ်ငြိမ်ငြိမ်ထားပါ။ စိုးရိမ်ထိတ်လန့်ခြင်းက နှလုံးခုန်မြန်ဆန်စေပြီး မြွေဆိပ်များ မိမိခန္ဓာကိုယ်အတွင်း မြန်မြန်ပျံ့ လာစေတတ်သည်။

အဆိပ်ပြင်းသောမြွေ အကိုက်ခံရပါက ချက်ချင်းဆိုသလို ရောင်ကိုင်းလာစေသည်။ ဥပမာ ခြေထောက်ကို ကိုက်ခံရပါက ဖိနပ်ချွတ်ပါ။ ဘောင်းဘီရှည်ဝတ်ထားပါက ခေါက်တင်လိုက်ပါ။ အကယ်၍ လက်ကိုအကိုက်ခံရပါက လက်စွပ်၊ လက်ပတ်နာရီချွတ်ပါ။ အင်္ကျီလက်ကို အပေါ်သို့ခေါက်တင်ပါ။

မြွေကိုက်ဒဏ်ရာ၏ အထက်နားမှ ကြိုးဖြင့် ကြပ်ကြပ်စည်းနှောင်ပါ။ မြွေကိုက်ခံရသောအခါ (က) သွေးနှင့် အဆိပ်ရည်များကို ကုန်စင်အောင်ညှစ်ပါ။ (ခ) အဆိပ်မပျံ့စေရန်အတွက် ဒဏ်ရာ၏ နှစ်လက်မ၊ သုံးလက်မအထက် အပေါ်နားကနေ၍ အဝတ်ပတ်တီးကို ခပ်တင်းတင်းစည်းနှောင်ပါ (နိုင်လွန်ဆွဲသား အဝတ်စတွေကို မသုံးပါနှင့်၊ သွေးတိတ်ပတ်တီးမစည်းပါနှင့်)။ (ဂ) ပြင်ပကူးစက်ပိုးမဝင်စေရန် မြွေကိုက်ခံရသောနေရာကို ဆပ်ပြာ၊ ရေသန့်တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ ကာဘော်လိပ်ဆပ်ပြာ သို့မဟုတ် ဒတ်တောလ်ပိုးသတ်ဆပ်ပြာရနိုင်လျှင် ပိုကောင်းပါသည်။ (ဃ) ဒဏ်ရာပေါ် ရေခဲမအုံပါနှင့်။ (င) အထက်ဖော်ပြပါ ရှေးဦးသူနာပြုစုပြီးပါက အဆိပ်များမပျံ့အောင် ငြိမ်ငြိမ်လေးနေပါ။ ဆေးရုံ၊ ဆေးခန်းသို့ သွားသောအခါတွင်လည်း ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးထားပြီးနေပါ။

အချုပ်ဆိုသော် ရေလွှမ်းမိုးခြင်းသည် မြွေများကို နေရာရွှေ့ပြောင်းစေပြီး လူနှင့် ပိုမိုနီးကပ်စေသဖြင့် မြွေကိုက်ခံရနိုင်ခြေကို တိုးမြင့်စေပါသည်။ ထို့ကြောင့် မြွေအန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် ချုံထူထပ်သည့်နေရာ၊ အုတ်ပုံအပျက်အစီးများ၊ တွင်းများစသည့်နေရာများ၌ အဆိပ်ရှိသတ္တဝါများ ခိုအောင်းနေနိုင်သဖြင့် သတိထားရန်၊ မြွေခိုအောင်းနိုင်သည့်နေရာများကို ရှင်းလင်းထားရန်၊ ရှင်းလင်းသည့်အခါတွင်လည်း ရော်ဘာလက်အိတ်များ ဝတ်ဆင်ရန်၊ မြက်များ ရွှံ့နွံထူထပ် သောနေရာများတွင် ဘောင်းဘီရှည်နှင့် လည်ရှည်ဖိနပ်အမာများကို ဝတ်ဆင်ထားရပါမည်။ အရေးကြီးဆုံးအချက်မှာ အကြောင်းအမျိုးမျိုးကြောင့် မြွေကိုက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ ဆေးကုသမှုခံယူရမည်ဖြစ်သည်။

မြွေအကိုက်မခံရအောင် မြက်ဖုတ်များ၊ မြေတွင်းများနှင့် သစ်ခေါင်း ပေါက်များကိုဝေးဝေးရှောင်ပြီး သွားလာပါ။ အိမ်မွေးခွေးများက မြွေအန္တရာယ်ကို ကြိုသိမြင်တတ်သဖြင့် ခွေးများဟောင်လျှင် ဂရုတစိုက်စစ်ဆေးပါ။ ညဘက်အပြင်ထွက်သည့်အခါ လက်နှိပ်ဓာတ်မီးဆောင်ထားပါ။ ထို့ပြင် မြွေကိုအသံဖြင့်ခြောက်လှန့်သည့်အနေဖြင့် တုတ်ရှည်ရှည်ဆောင်သွားပါ။ ရေမြောင်းများ ဆည်၍၊ ခြံအစပ်များကို ခုတ်ထွင်ရှင်းလင်းပါ။ မြွေရှိတတ်သည့် တချို့မြို့နယ်တို့တွင် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်ကို သန့်ရှင်းရေးဂရုစိုက်ကြပါရန်နှင့် မိမိအိပ်ရာ ခုတင်အပေါ်၊ အောက်တို့ကို သတိနှင့်ဆင်ခြင်၍ မြွေအန္တရာယ်မှ ကာကွယ်ကြပါရန် သတိပေးနှိုးဆော်လိုက်ရပါသည်။ ။