Skip to main content

မြတ်ဆရာ

ဒေါက်တာခင်မျိုးမြင့်ကြူ(ပညာရေး)

မြန်မာအဘိဓာန်တွင် ဆရာကို “ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဆရာတစ်ယောက်သည် တပည့်များအား စာပေပညာသင်ကြားပေးရုံမျှမက မိမိတပည့်များ၏ အနာဂတ်ဘဝလှပတင့်တယ်စေရန်အတွက် ဆုံးမသွန်သင်နည်းပေးလမ်းပြပြုလုပ်သူဖြစ်ရမည်။ တပည့်များက မိမိကို ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားလာစေရန် မိမိကိုယ်နှိုက်က တပည့်များ၏ စံနမူပြပုဂ္ဂိုလ်ဖြစ်ရန် အရေးကြီးပါသည်။

ဆရာဟူသည် ပါဠိစကားလုံး “ဆာယာ” မှ ဆင်းသက်လာသည့် စကားလုံးဖြစ်ပြီး အရိပ်ဟု အဓိပ္ပာယ်သက်ရောက်သည့်အတွက် ဆရာသည် တပည့်များအား အရိပ်သဖွယ် အကာအကွယ်ပေးသူ ဖြစ်ရပေမည်။

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လက်ခံထားသော ဆရာ့ကျင့်ဝတ်ငါးပါးတွင်လည်း “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးတား၊ သင့်ရာအပ်ပို့ ဆရာတို့” (သိင်္ဂါလသုတ်၊ သင်္ဂဇာဆရာတော်) ဟု ပါရှိပါသည်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက ဆရာများအပေါ် မည်မျှမျှော်မှန်းထားသည်ကို အထင်အရှားတွေ့မြင်နိုင်ပါသည်။ တပည့်များအား အသက်မွေးမှုလုံလောက်အောင် အတတ်သင်ပေးခြင်း၊ မကောင်းမှုဒုစရိုက်တို့ကို ရှောင်ကြဉ်နိုင်အောင် ဆုံးမပဲ့ပြင်ပေးခြင်း၊ အတတ်ပညာကို အကြွင်းမရှိ စေတနာထားသင်ကြားပေးခြင်း၊ ရောက်လတ္တံ့သော ဘေးရန်အန္တရာယ်တို့ကို ကာကွယ်ပေးခြင်း၊ ပိုမိုသင့်တော်ရာသို့ ညွှန်ပြအပ်ပို့ခြင်းတို့သည် ဆရာများ၏ကျင့်ဝတ်သာမက မလွဲမသွေထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်လည်းဖြစ်ပါသည်။

တစ်ဖန် မဃဒေဝလင်္ကာတွင်လည်း ဆရာတော်က “ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ ဆရာဟူလော့” ဟု ရေးဖွဲ့ထားပါသည်။ မေတ္တာစေတနာကြီးမားစွာဖြင့် တပည့်များ၏ အကျိုးအတွက် ဆိုဆုံးမတတ်သည့် ဆရာ့ဂုဏ်ကို ရေးဖွဲ့ထားခြင်းပင်။ အနန္တဂိုဏ်းဝင် ကျွန်မတို့ဆရာ ဆရာမများအနေဖြင့် ဆရာ့ကျင့်ဝတ်၊ ဆရာ့ဂုဏ်တို့နှင့်အညီ ကျင့်ကြံနေထိုင်ပြုမူပြောဆိုရန် လိုအပ်ပါသည်။

တပည့်များသည် ဆရာများအပေါ် ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးအနက် တစ်ပါးပါးဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ကျေပါစေကြောင်းနှင့် ဆရာ့ဂုဏ်ကျေးဇူးကို အထူးအောက်မေ့လျက် သီတင်းကျွတ်အခါသမယတွင် မိဘများနှင့် တစ်ဂိုဏ်းတည်းထားကာ ရှိခိုးကန်တော့ကြခြင်းသည် ကမ္ဘာ့နိုင်ငံများအတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ပါ သည်။

ပူဇော်ခံထိုက်သူဖြစ်ရန် လိုအပ်

သို့ဖြစ်၍ ကျွန်မတို့ဆရာများသည်လည်း ပူဇော်ခံထိုက်သူဖြစ်ရန်လိုအပ်ပါသည်။ ကျောင်းသားများ၏ အကန်တော့ခံချိန်တွင် ဆရာများအနေဖြင့် “ငါသည် အကန်တော့ခံထိုက်ရဲ့လား၊ ကျောင်းသားများအပေါ် မေတ္တာ၊ စေတနာအပြည့်အဝထားသူ ဖြစ်ခဲ့ရဲ့လား၊ ကျောင်းသားများကို သွန်သင်ဆုံးမပြီး ကျရောက်လာမည့် ဘေးရန်အပေါင်းမှ ကာကွယ်ပေးနိုင်ရဲ့လား” စသည်ဖြင့် သုံးသပ်ဆင်ခြင်သင့်ပါသည်။

အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ထား၍ မြန်မာတို့၏ သီတင်းကျွတ်ကာလနှင့် တိုက်ဆိုင်နေခြင်းသည် ထူးခြားသည့်တိုက်ဆိုင်မှုတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဤနေရာတွင် ကမ္ဘာ့ဆရာများနေ့ အစပြုဖြစ်ပေါ်လာပုံကို ပြန်လည်မျှဝေလိုပါသည်။ Dr. Sarvepalli Radhakrishnan သည် ၁၉၆၂ ခုနှစ် အိန္ဒိယနိုင်ငံ၌ ဒုတိယသမ္မတဖြစ်လာသောအခါ စက်တင်ဘာလ ၅ ရက်နေ့တွင် ၎င်း၏မွေးနေ့ကို ဂုဏ်ပြုရန် တောင်းဆိုမှုဖြင့် ကျောင်းသားအချို့ လာရောက်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် Dr. Sarvepalli Radhakrishnan က သူ့မွေးနေ့ကို ကျင်းပမည့်အစား လူ့အဖွဲ့အစည်းတွင် အဓိကကျသော ဆရာများအခန်းကဏ္ဍကို အသိအမှတ်ပြုရန် ဆရာများနေ့အဖြစ် ကျင်းပခြင်းသည် ပို၍သင့်လျော်မည်ဟု အကြံပြုခဲ့သည်။ ၁၉၆၆ ခုနှစ်  အောက်တိုဘာလ ၅ ရက်နေ့ ပါရီမြို့၌ UNESCO က ကျင်းပသော အထူးအစည်းအဝေးတွင် ILO/UNESCO က ဆရာများ၏ အဆင့်အတန်းနှင့်ပတ်သက်သော အကြံပြုချက်ကို တင်ပြခဲ့သည်။

ထိုအကြံပြုချက်တွင် ဆရာများအတွက် ကြီးမားသောခြေလှမ်းဖြစ်သည့် ဆရာများ၏ အခွင့်အရေးနှင့် တာဝန်များဆိုင်ရာ စံနှုန်းများ၊ ၎င်းတို့၏ ကနဦးပြင်ဆင်မှုနှင့် စဉ်ဆက်မပြတ် ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်နှင့် သင်ကြားသင်ယူမှုအခြေအနေများဆိုင်ရာ စံနှုန်းများကို ဖြည့်စွက်ပြီး ၁၉၉၇ ခုနှစ်တွင် အတည်ပြုခဲ့သည်။ 1966 ILO/ UNESCO ၏ အကြံပြုချက်ကို လက်ခံအတည်ပြုသည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် UNESCO က အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ကြေညာခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကာ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြု ကျင်းပခဲ့ကြသည်။

ဆရာ၏စကားသံများ တန်ဖိုးထား

၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “ဆရာ့စကားသံများကို တန်ဖိုးထားခြင်း - ပညာရေးအတွက် လူမှုရေးစာချုပ်အသစ်ဆီသို့” (Valuing teacher voices: Towards a new social contract for education) ဟူ၍ဖြစ်သည်။ ပညာရေးအတွက် လူ့ဘောင်လောကသစ်ဆီသို့ လျှောက်လှမ်းရာတွင် ဆရာ၏စကားသံများကို တန်ဖိုးထားရန်ဆိုလိုခြင်း ဖြစ်ဟန်တူသည်။ ပညာရေး၏အနာဂတ်ကို ပုံဖော်ရာတွင် ဆရာများအဓိကပါဝင်သည့် အခန်းကဏ္ဍနှင့် ၎င်းတို့၏အမြင်များကို ပညာရေးမူဝါဒနှင့် ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းစဉ်များတွင် ထည့်သွင်းရန် အရေးကြီးကြောင်း၊ လိုအပ်ကြောင်းကို အလေးပေးဖော်ပြထားခြင်းဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ဆရာများနေ့ ယူနက်စကို၏ သတင်းစကားတွင် “သင်ကြားမှုအား နေရာတိုင်းတွင် ပိုမိုဆွဲဆောင်မှုရှိပြီး တန်ဖိုးထားတတ်သည့် အသက်မွေးဝမ်းကျောင်းအဖြစ် အသွင်ပြောင်းရန် နိုင်ငံများအနေဖြင့် ဆရာများကို တန်ဖိုးထား၊ ယုံကြည်ပြီး လုံလောက်စွာ ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့ တောင်းဆိုအပ်ပါသည်”ဟု ပါရှိပါသည်။

မီးရှူးတန်ဆောင်များဖြစ်

၂၁ ရာစု လူ့အဖွဲ့အစည်းတွင် လူသားတစ်ဦးအနေဖြင့် ရှင်သန်ရပ်တည်နေနိုင်ရန် ပညာရည်အားကောင်းခြင်း၊ ခံနိုင်ရည်အားကောင်းခြင်းနှင့် ရေရှည်တည်တံ့မှုကို တည်ဆောက်ခြင်းတို့သည် အရေးပါလှသည်။ ဤစိန်ခေါ်မှုအချိန်များတွင် ဆရာများသည် ကျောင်းသားများအတွက် ခံနိုင်ရည်ရှိမှု၊ လိုက်လျောညီထွေဖြစ်မှု၊ ဆန်းသစ်တီထွင်မှုများ၏ မီးရှူးတန်ဆောင်များဖြစ်သင့်ပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိရှိနားလည်မှု၊ လူမှုရေးအရတာဝန်ယူမှုနှင့် အနာဂတ်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်စွမ်းရှိသော မျိုးဆက်တစ်ခုအား ပြုစုပျိုးထောင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အသိပညာ၊ စိတ်ဓာတ်နှင့် ခွန်အားများပေးရန် ဆရာများသည် အရေးပါလှပါသည်။

ဆရာများ၏ ဉာဏ်ပညာနှင့် ကရုဏာသည် တပည့်များ လျှောက်ရမည့်လမ်းကို ရှာဖွေကူညီပေးပြီး လျှောက်လှမ်းသည့်လမ်းကြောင်းကို တောက်ပစေပါသည်။ ဆရာသည် တပည့်များ၏ဘဝတွင် အလင်းမီးရှူးတန်ဆောင်ဖြစ်ပါသည်။ ဆရာများသည် တပည့်တို့၏စိတ်များကို ပုံဖော်ကာ ၎င်းတို့၏ စရိုက်လက္ခဏာကို ပုံသွင်းပေးသည့် ဗိသုကာလည်းဖြစ်ပါသည်။ ဆရာများ၏ တပည့်အပေါ်ထားရှိသည့် မေတ္တာစေတနာသည် ယိမ်းယိုင်မှုမရှိ၊ အတိုင်းအဆမရှိ ကြီးမားလှပါသည်။

ဆရာများသည် တပည့်တို့၏ သင်ယူမှုခရီးတစ်လျှောက်တွင် တပည့်များအား စာပေသင်ကြားပို့ချရန်၊ သွန်သင်ဆုံးမရန်၊ လမ်းညွှန်ရန် ၎င်းတို့၏ အချိန်နှင့် ခွန်အားကို မြှုပ်နှံထားကြသည်။ ဆရာများသည် သင်ခန်းစာများပြင်ဆင်ခြင်း၊ အဆင့်သတ်မှတ်ခြင်းနှင့် တပည့်များကို လမ်းညွှန်ပေးခြင်းများ ပြုလုပ်ရန် နာရီပေါင်းများစွာ အချိန်ယူကြရသည်။ ဆရာတစ်ယောက်သည် သူ့တပည့်အတွက် သူ၏အချိန်အားလုံးကို စတေးခဲ့ပါသည်။ ဆရာများသည် တပည့်တို့၏စိတ်ကို အသိပညာဖြင့် ပွင့်စေ ပါသည်။

ကမ္ဘာ့ဆရာများနေ့သည် ဆရာများ၏ စေတနာနှင့် ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ ကျွန်မတို့အတွက် အမြဲရှိနေပေးသူဆရာများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲဖော်ပြသည့် နေ့ထူးနေ့မြတ်အခါသမယလည်းဖြစ်ပါသည်။

တစ်ကြိမ်တစ်ခါ ဆရာဖြစ်ခဲ့ဖူးသူသည် ကျွန်မတို့အတွက် ထာဝရဆရာဖြစ်ပါသည်။ ဆရာ၏ သွန်သင်ဆုံးမမှုမှန်သမျှသည် ကျွန်မတို့နှင့်အတူ အမြဲရှိနေပါသည်။ ကျွန်မဘဝ၏ခိုင်ခံ့သည့် မဏ္ဍိုင်ဖြစ်ခဲ့ပြီး ဘဝအဆင့်တိုင်းတွင် လမ်းညွှန်ပြသပေးခဲ့သူ ဆရာသခင်ကျေးဇူးရှင်များအားလုံးကို ကျေးဇူးတင်ရိုသေလေးမြတ်စွာ ဦးညွှတ်ကန်တော့ပါသည်။ ကျွန်မ၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအပြင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ ဆရာ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ။